အခန်းထဲက မီးရောင်ပြာလဲ့လဲ့နဲ့ ခန်းဆီးစလေးတွေက လေတိုက်လို့ တလှုပ်လှုပ်... ၀ိုင်းစုခိုင်သိန်းရဲ့  ချစ်ခဲ့တာလား ရူးခဲ့တာလား သီချင်းလေးက တိုးတိုးလေး ပျံ့ လွင့် နေတယ်…သီချင်းလေးကို ခံစားပြီး ကျွန်မအတွေး ဟိုဟိုဒီဒီ ပြေးလွှားလို့ ပေါ့…ဘ၀တွေမှာ တွေ့  ဆုံကြုံကွဲ ဓမ္မတာ ဆိုတာကို ဆရာဝန်တစ်ယောက်ဖြစ်တဲ့ ကျွန်မကောင်းကောင်း သိပါတယ်…… ဒါပေမဲ့ ကျွန်မလည်း လောကကြီးမှာ နားမလည်တာတွေများစွာနဲ့ ဘ၀ကို ရိုးရိုး ရှင်းရှင်းလေးပဲ ဖြတ်သန်းဖို့ ကျွန်မ ကြိုးစားခဲ့ပါတယ်…မထင်မှတ်တဲ့ နေရာတွေမှာ မထင်မှတ်ထားတာ မျှော်လင့်မထားတွေက အတားအဆီးမဲ့ ၀င်လာတတ်တာ ကျွန်မ သတိလက်လွတ် ဖြစ်သွားပြီး ကြိုတင်ကာကွယ်ချိန် မရလိုက်မိတဲ့အထိပေါ့… ဒါကလည်း တစ်ခါဖူးမှ ရင်မခုန်ဖူးတဲ့ ကျွန်မ အချစ်ဆိုတာကို သိရှိခံစားလိုက်မိတဲ့ အချိန်မှာပါပဲ… ကံဇာတ်ဆရာရဲ့ ရိုက်ချက်ဆိုပြီး ကံကို ပုံမလား…ဒါမှမဟုတ် ၀ဋ်ကြွေးတစ်ခုလို့  ခံစားနေရမလား…သီချင်းလေးအတိုင်းပါပဲ ကျွန်မ ရူးခဲ့တာလား..ဟုတ်မှာပါ..ကျွန်မ ရူးခဲ့တာပါလေ…
အချစ်ဆိုတဲ့ အရာက “မောင့်” ကိုစတွေ့ တုန်းကတော့ လှပခြင်းတွေ သယ်ဆောင်လာတဲ့ ပန်းခြင်းလေး တစ်ခုလို.. စိတ်ဝင်စားခြင်းများစွာပါတဲ့ လက်ဆောင်လှလှလေးတွေလို့ ကျွန်မ တွေးမိတယ်…ယုံလည်း ယုံကြည်မိတယ်… မောင့်ဆီက ကျွန်မလိုချင်တာတွေ အားလုံးလိုလို ရခဲ့တယ်…ငယ်ငယ်ကတည်းက သာမန်မိသားစုက ပေါက်ဖွားလာတဲ့ ကျွန်မကို မိဘတွေက အထူးတလည် ဂရုစိုက်ဖို့ အချိန် မပေးအားပါဘူး… အရာရာ စရိတ်တွေ မြင့်မားနေတဲ့ ခေတ်ကြီးမှာ စီးပွားရေးအတွက် မိဘတွေ ခေါင်းနစ်နေတာ ကျွန်မ နားလည်ခဲ့ပါတယ်… တစ်ခါတစ်ခါတော့လည်း ကျွန်မရဲ့ မသိစိတ်ကရော အသိစိတ်မှာပါ ဂရုစိုက်ခံချင်တဲ့…အလိုလိုက်ခံချင်တဲ့ ဆန္ဒလေးက ကိန်းအောင်းနေတတ်တယ်.....
မမျှော်လင့်ပဲ ကျွန်မတာဝန်နဲ့ နယ်စပ်မြို့ လေးတစ်ခုကို တာဝန်ထမ်းဆောင် ဖို့ ရောက်ခဲ့တယ်… အရင်ကလည်း မိဘတွေနဲ့ မကြာခဏ ခွဲဖူးတော့ ကျွန်မအတွက် မိသားစုနဲ့ ခွဲနေဖို့ ကို သိပ်ပြီး ထွေထွေထူးထူး မခံစားရပါဘူး… မောင်နဲ့ စဆုံစည်းရာ…အချစ်ကို တွေ့ ရှိရာ နယ်မြေသစ်ကလေးပါ…ကျွန်မအတွက်ကတော့ အမှတ်ရစရာတွေ အများဆုံး ရှိတဲ့ အတိတ်မြို့ လေးပါ့….
မောင်ကတော့ အဲ့ဒီနေရာမှာ ကျွန်မထက် အရင် တာဝန်ထမ်းဆောင်နေတဲ့သူပေါ့… နယ်မြေသစ်ဆိုတော့ ကျွန်မအတွက် အရာရာက စိမ်းနေသေးတယ်လေ… ဒါပေမဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ဂရုစိုက်မှုနဲ့ ရက်အနည်းငယ်မှာပဲ ကျွန်မတော်တော်လေး အသားကျသွားပါတယ်…. လုပ်ဖော်ကိုင်ဖက်ထဲမှာ ကိုဟန်သစ်ထူးကတော့ ကျွန်မအတွက် တော်တော်လေးကို အပင်ပန်းခံရှာတယ်… အစစသူပဲ ကူညီပေးတယ်…အားလုံးထဲမှာ မောင်တစ်ယောက်သာ ကျွန်မကို မခေါ်မပြောပဲ သူစိမ်းလိုလို နေတတ်တာပါ… ကျွန်မကလည်း ရောက်ခါစလည်းဖြစ် ကိုယ်ကစပြီးခေါ်ရမှာကို အင်မတန် ၀န်လေးတတ်တော့ မောင့်ကိုလည်း စပြီး မခေါ်ခဲ့ပါဘူး… ဒီလိုနဲ့ ကျွန်မက တစ်ခုခုဆို ကိုဟန်သစ်ထူးကိုပဲ အကူအညီတောင်းရတာပေါ့… ကိုဟန်သစ်ထူးက ကျွန်မအပေါ်မှာ တစ်မျိုး ဆက်ဆံတတ်ပေမဲ့ ကျွန်မမှာ တခြား ရင်းနှီးသူကလည်း မရှိ တခြားတာဝန်ကျ ဆရာမတစ်ယောက်ကလည်း မီးဖွားခွင့် ယူထားတော့ သူ့ ကိုပဲ အားကိုးနေရတယ်… သူနာပြုဆရာမလေးတွေက မြို့ ပေါ်ကဆိုတော့ သူတို့ က အဆောင်မှာ မနေကြဘူး..ကျွန်မကလည်း တစ်ယောက်တည်းပဲ နေချင်တော့ အဖော်ခေါ်မထားဘူး…သူတို့ ကတော့ မေးရှာပါတယ်…အစ်မဖြစ်ရဲ့ လားတဲ့..ကျွန်မက တစ်ယောက်ထဲ နေရတာကို သဘောကျတယ်လေ…အချစ်ကို မသိခင် အချိန်ထိပေါ့…
ဒီနေ့ ဂျူတီ Off မို့ ကျွန်မလည်း အိမ်ကို လွမ်းတာနဲ့  စာလေးရေးပြီး စာသွားထည့် ဖို့  ညကတည်းက ကိုဟန်သစ်ထူးကို ပြောထားတာ… မနက်ကျတော့ ရှိုးအပြည့်နဲ ကိုဟန်သစ်ထူးကို အခန့် သားတွေ့  လိုက်တယ်ဆိုရင်ပဲ သူက “ မမေ..ကျွန်တော် အစ်မကို သူငယ်ချင်းတွေနဲ့ လည်း မိတ်ဆက်ပေးမလို့  မြို့  ထဲမှာ ချိန်းထားတယ်..အဲ့ဒါ စာထည့် ပြီးရင် ကျွန်တော်နဲ့ ခဏလိုက်ခဲ့ပါ”လို့  ဇွတ်အတင်းခေါ်တော့တာပဲ… ကျွန်မလည်း သူစိမ်းယောကျာ်းတွေနဲ့ မတွေ့ ချင်တာရော ကိုဟန်သစ်ထူးကိုလည်း သိပ် ဘ၀င်ကမကျတာနဲ “ ဟင့်အင်း မလိုက်တော့ဘူး…မိတ်လည်း မဆက်ပေးပါနဲ့ ..စာထည့်ပြီး ပြန်ချင်တယ်..”လို့ ပြောတော့ “ ဟာ…ကျွန်တော်ကတော့ သူငယ်ချင်းတွေနဲ့ ချိန်းပြီးသားမို့  ပြန်မလိုက်တော့ဘူး…ပြန်ချင် ကိုယ့်ဘာသာပြန်နှင့်..”တဲ့..ကဲ ကိုဟန်သစ်ထူးကတော့ ညစ်တွန်းတွန်းပြီ… ရှားရှားပါးပါးနားရက်ကလေးရတုန်း အိမ်ကို အလွမ်းတွေ အပြည့်နဲ့ ရေထားတဲ့ စာကလည်းထည့်ချင် စာတိုက်ကိုလည်း ရောက်ဖူးချင်နဲ့ ချီတုံချတုံ ဖြစ်နေတုန်း…မောင်က ထုံးစံအတိုင်း ခပ်တည်တည် မျက်နှာနဲ့ ဘယ်အချိန်ထဲက ကျွန်မတို့ ပြောနေတာကို ကြားနေလဲ မသိဘူး..” စာထည့်မလို့  လား…စာသွားထည့်မလို့ လိုက်ချင်လိုက်ခဲ့”…တဲ့..ပြောပုံက ဘယ်လောက် ဂွကျလိုက်ပါသလဲ…တုံးတိတိနဲ့  ကဗျာ မဆန်လိုက်ပုံများ… ဒါတွေကပဲ မောင့်ကို သတိပြုချင်စရာ ကောင်းနေသလား မသိပါ….
ကျွန်မလည်း ကိုဟန်သစ်ထူးကို အားမနာနိုင်တော့ဘူး..မလိုက်တော့ဘူး မောင်နဲ့ ပဲ သွားမယ်လို့ ပြောလိုက်တယ်…ခဏနေတော့ မောင် အ၀တ်အစားလဲပြီး ထွက်လာတယ်…အ၀တ်အစားလဲတယ်သာ ပြောတာပါ…မောင့် ပုံစံက ဒီအတိုင်းပါပဲ… အ၀တ်အစားဆိုလို့ ကျွန်မ မြင်ဖူးတာ ၁၀စုံတောင် ပြည့်မယ် မထင်ပါ…မောင်က ကိုယ့်ကိုကိုယ်လည်း မပြင်မဆင်နဲ့ …လောကကြီးကို ဘာတွေ မကျေမနပ် ဖြစ်နေမှန်း မသိတဲ့ မျက်နှာနဲ့ …ဘာမှ မပြောပဲ ရှေ့က ဦးဆောင်သွားတော့ ကျွန်မလည်း နောက်က ကုတ်ကုတ်လေးလိုက်သွားခဲ့တယ်…
ဘယ်အချိန်ကတည်းက မောင့်အပေါ်ကို အလိုလို ယုံကြည်မိရက်သား ဖြစ်သွားလဲ ကိုယ့်ကိုကိုယ်တောင် မစမ်းစစ်ကြည့်မိဘူး… မောင်ခေါ်ရာနောက်ကို စိတ်ချလက်ချ လိုက်သွားခဲ့တယ်…မောင်က တစ်လမ်းလုံး စကားလည်း မပြောဘူး…မျက်နှာကလည်း ခပ်တည်တည်…ကျွန်မကလည်း စကားစမပြောချင်တော့ မြို့ ထဲကို သွားတဲ့လမ်းက မောင်နဲ့ ကျွန်မကြား နံရံတွေ ခြားနေသလိုပါပဲ… သြော်…မောင်ရယ် မောင်နဲ့ ကျွန်မ ကြားမှာ နံရံတွေက စကတည်းက ခြားထားတာ မောင့်ကို ချစ်စိတ်ကြောင့် မမြင်နိုင်ခဲ့တာလား မောင်ရယ်….
ဟိုရောက်တော့ ကျွန်မ စာထည့်နေတဲ့အချိန် မောင်က စာတိုက်ထဲ လှည့်ပတ်ကြည့်နေသေးတယ်... ကျွန်မလည်း မောင်စာထည့်မယ်ထင်ပြီး ရပ်စောင့်နေတော့ မောင်က “ပြီးပြီလား သွားမယ်”ဆိုတော့… ကျွန်မလည်း စာမထည့်ဘူးလား မေးချင်ပေမဲ့ မောင့်ကို နည်းနည်း ရှိန်တာနဲ့ ဒီအတိုင်း ပြန်လာကြတယ်…မောင်က စာမထည့်ပဲ ကျွန်မကို တကူးတက လိုက်ပို့ ရလောက်အောင်မှ မရင်းနှီးတာ…မောင် ဘာဖြစ်လို့ များ ကျွန်မကို လိုက်ပို့ တာလဲ…အိမ်အပြန်လမ်းမှာ လူနာဖြစ်ဖူးတဲ့ ဦးလေးမောင်ရဲ့ ကားနဲ့ တိုးတော့..ကျွန်မတို့ ကို လမ်းကြုံခေါ်လာပေးတယ်…ကားပေါ်မှာလည်း သူ့ အမျိုးသမီးပါတော့ ကျွန်မတို့ နှစ်ယောက် နောက်ခန်းမှာ ထိုင်ကြတယ်… ကျွန်မ လဲပေါင်းများစွာတွေးနေရင်း မောင့်ကို ငဲ့ကြည့်တော့ မောင်က ငိုက်နေလေရဲ့ …ဟန်တောင် မဆောင်နိုင်ဘူး…အေးလေ..သူက နိုက်ဂျူတီကျထားတော့ အိပ်ချင်မှာပေါ့..ဒါနဲ့ များတောင် ကျွန်မကို လိုက်ပို့ နိုင်သေးတယ်…..ဘာပဲဖြစ်ဖြစ် ကျွန်မ တိတ်တခိုးလေး ကျေနပ်နေမိပါတယ်….ကျွန်မ ပခုံးပေါ်ကို အိကျလာတဲ့ မောင့်ခေါင်းကိုလည်း တွန်းမဖယ်ရက်…မောင့်ကိုလည်း နှိုးဖို့ ခက်နဲ့ …ဦးလေးမောင်တို့ ဇနီးမောင်နှံကလဲ အလိုက်တသိ နှုတ်ဆိတ်နေလို့ သာပေါ့….ခဏနေ ကားဆောင့်တော့မှ မောင်က နိုးလာပြီး “ဆောရီး”..လို့  တစ်ခွန်းဆိုတယ်…ဦးလေးမောင်ရဲ့ ဇနီးက “ ဆရာလေး ညက ပင်ပန်းသွားတယ်ထင်တယ်..”လို့ အပြုံးနှင့်ဆိုတယ်…ရှားရှားပါးပါး မောင့်မျက်နှာက ရှက်ကိုး ရှက်ကန်းလေး ဖြစ်လို့ နေတယ်...
အိမ်ရောက်တော ဦးလေးမောင်တို့ ကို ကျေးဇူးတင် စကားဆိုပြီး အလှည့် မောင့်ကို ကျေးဇူးတင် စကားတောင် မဆိုခင် မောင်က ဦးလေးမောင်တို့ ကို တစ်ချက်ပြုံးပြပြီး သူ့ အခန်းသူ ပြန်သွားနှင့်ပြီ… ဘယ်လို အမြင်ကတ်စရာ ကောင်းတဲ့လူပါလိမ့်လို့ တွေးရင်း ကျွန်မလည်း ကိုယ့်အခန်းကိုယ် ပြန်လိုက်တယ်…
အခန်းရောက်ကတည်းက လှဲလိုက်တာ ဘယ်လိုအိပ်ပျော်သွားမှန်း မသိလိုက်ဘူး…နိုးလာလို့ နာရီ ကြည့်လိုက်တော့ ည ၉နာရီပင်ထိုးနေပြီ….လူက နုံးချိချိ ဖြစ်နေတာနဲ့  ရေကို စိမ် ပြီး ခေါင်းလောင်းချိုးလိုက်တယ်…၄၅မိနစ်လောက် ကြာသွားမယ်ထင်တယ်…ဗိုက်ကလည်း မဆာတာနဲ့ အခန်းထဲမှာပဲ ခွေနေလိုက်တယ်…ည ၁၂နာရီလောက်ကျတော့မှ တစ်ကိုယ်လုံး တုန်နေအောင် ချမ်းပြီး အဖျားတွေ တက်လာတယ်….ကျွန်မက နဂိုကတည်းက အအေးကြိုက်သူဆိုတော့ အနွေးထည်ရယ်လို့ အိမ်ကနေ သတ်သတ်မှတ်မှတ် ယူမလာမိဘူး…လူးလိမ့်နေအောင် အချမ်းတက်လာတာ…မောင့်ကိုလည်း သွားပြောရမှာ မ၀ံ့မရဲ… ယုံကြည်ရလောက်ပါတယ်လို့ ကိုယ့်ကို အားတင်းပြီးနေပေမဲ့…မိဝေးဖဝေးမှာ တစ်ယောက်ထဲဆိုတော့ အားငယ်စိတ်တွေကလည်း ရင်ထဲ တလိမ့်လိမ့်ပေါ့…ကြိုးစား အားတင်းပေမဲ့  ဘယ်လိုမှ နေလို့ မရတော့တာနဲ့ …မောင့်အခန်းကို သွားခေါက်တော့ မောင်က မအိပ်သေးလို့ တော်ပါသေးရဲ့ …မောင်က ကျွန်မ မျက်နှာကိုကြည့်ပြီး “ ဘာဖြစ်တာလဲ…ဘာဖြစ်လို့ လဲ..”…“ ညနေကတည်းက ပြန်လာပြီး ရေချိုးလိုက်တာ အပူရှပ်ပြီး ဖျားတာထင်တယ်…ချမ်းလိုက်တာလည်း အရမ်းပဲ..” တုန်တုန်ရီရီနဲ့ ကျွန်မဆိုတော့ မောင်က ချက်ချင်း အခန်းထဲ ၀င်သွားပြီး သူဟိုတစ်နေ့ ကမှ လက်ဆောင်ရထားတဲ့..အနွေးထည် အသစ်ကြီးကို ထုတ်ပေးတယ်…ကျွန်မက ဆရာဝန်ပေမဲ့ ဆေးသောက်ရမှာ အင်မတန်ပျင်းသူပါ.. ဖြစ်လာရင် ဒီအတိုင်းပဲ ပေနေလိုက်တာများတယ်… ဘာဆေးမှလည်း ဆောင်မထားတတ်ဘူး… “ဆေးမသောက်ရသေးဘူးလား…” “ဟင့်အင်း..”…မောင်က ဘယ်လို ဆရာဝန်ပါလိမ့် မျက်နှာပေးနဲ့ … သောက်ရမဲ့ဆေးတွေ ပေးတယ်…“အဲ့ဒီဆေးတွေ အခန်းမှာ ရှိတယ်” ညာပြောပြီး ကျွန်မက ဆေးမသောက်ချင်တဲ့ ကလေးလိုလုပ်တော့ “ယူသွား…သောက်လိုက်..ပြီးရင် အခန်း တံခါးကို Lock မချထားနဲ့ …”တစ်ခုခုဆို လှမ်းအော်လိုက်တဲ့…သူ့ ကို ယုံလား မယုံလားလဲ တစ်ခွန်းမမေးပဲ သူ ပြောချင်ရာပြောရင်း ကျွန်မကို အခန်း ပြန်လိုက်ပို့ ပေးတယ်…မောင်က ပြန်ခါနီး ကျွန်မကို တစ်ချက်ကြည့်သေးတယ်…မောင့်မျက်ဝန်းမှာ စိုးရိမ်စိတ်ကလေး ရေးရေးလေး ကျွန်မ နေမကောင်းတဲ့ ကြားက တွေ့ လိုက်သလိုပဲ…
မနက်မိုးလင်းတော့ ဘယ်အချိန်ကတည်းက မောင် နိုးနေလဲ မသိဘူး.. ကျွန်မအတွက် ကော်ဖီနဲ့ မုန့်  တောင် အဆင်သင့် ဖြစ်နေပြီ… သူဂျူတီသွားခါနီး လုပ်ပေးထားတာနေမှာ… ကျွန်မလည်း သက်သာသွားပေမဲ့… ဂျူတီဝင်ဖို့ မဖြစ်နိုင်သေးလို့ခွင့်ယူထားလိုက်တယ်…. နေ့ ခင်းကျတော့ ကျွန်မ နည်းနည်း ထူထူထောင်ထောင် ဖြစ်လာလို့  အလုပ်တစ်ခုပြီးအောင် အ၀တ်လျှော်မယ် စိတ်ကူးတုန်း…ဖုန်းဝင်လာတယ်… ကျွန်မလည်း ဘယ်သူဆီကပါလိမ့်လို့ ကိုင်လိုက်တော့ “ဆေးသောက်ပြီးပြီလားတဲ့..”.. ဒါမောင့်အသံ… ဖုန်းထဲမှာ တစ်ခါမှ မကြားဖူးပေမဲ့….မောင်ပဲဆိုတာ သေချာနေတယ်…“ဟုတ် သောက်ပြီးပြီ…ထမင်းစားပြီးပြီလား..” “အင်း အခုပဲ စားမလို့ စိတ်ပူလို့ ဆက်လိုက်တာ ဘာလုပ်နေလဲ..”…“ ဟို အ၀တ်လျှော်မလို့ …”…“ ဟာ…နေမကောင်းတဲ့ဟာကို…မလျှော်နဲ့ ထားလိုက်..လုံးဝ မလျှော်နဲ့ နော်…”…“ အင်း..ဟုတ်..ဟုတ်ကဲ့..”…“သက်သာအောင် နေနော်…ဒါပဲနော်”… မောင့်အသံတွေ တုန်နေတာလား...မောင့် အသံက တိုးတိုးလေးရယ် ...သြော်..မောင်က ဒီလိုဆိုတော့လည်း စိတ်ရင်းကောင်းသားပဲ..စိတ်ပူတတ်သားပဲ. . ဘာရယ်မဟုတ် တစ်ယောက်ထဲ ကြိတ်ပြုံးနေလိုက်တယ်…
ညနေရောက်တော့ မသိစိတ်က နှိုးဆော်လို့ လား မသိ…မောင်ပေးတဲ့ အနွေးထည်လေး ၀တ်ပြီး အဆောင်ရှေ့  မသိမသာ ရပ်ရင်း တစ်စုံတစ်ယောက်ကို မျှော်နေမိတယ်…အဲ့ဒီတစ်ယောက်က ဘယ်သူ ဖြစ်မယ်ထင်လည်း မောင်ပဲပေါ့…ဒါပေမဲ့ လမ်းကလေးကို မျှော်ရင်းကြည့်လိုက်တော့ ကျွန်မ အရင်ဆုံး မြင်လိုက်ရတာက ကိုဟန်သစ်ထူး..သူက ဟိုတစ်ခေါက်ကတည်းက ကျွန်မကို မကျေနပ်ဘူး ထင်ပါတယ်…စကားမပြောပဲနေတာ ကြာပြီ… ကျွန်မကလည်း အရင်က ဘယ်လိုပဲ ကူညီခဲ့ ကူညီခဲ့ သူကူညီခဲ့လို့  ကျွန်မ အဆင်ပြေခဲ့တာမို့  နှုတ်ဆက်ပြုံးလေးပြုံးပြတာတောင် သူက မသိသလို ဟန်ဆောင် သွားတယ်…
စိတ်ထဲမှာ ဘာမှ မရှိတာမို့  မောင့်ကိုပဲ ဆက်မျှော်နေလိုက်မိတယ်…ဟော…တွေ့ ပါပြီ…ဟို ခပ်လှမ်းလှမ်းမှာ.. မောင်က ဆေးလိပ်သောက်ရင်း…လျှောက်လာတယ်…ကျွန်မကိုလည်း မြင်ရော ဆေးလိပ်ကို ကမန်းကတန်း လွှင့်ပစ်လိုက်တယ်…ကျွန်မ မသိဟန်ဆောင်ပြီး အခန်းထဲမှာ ပြန်နေလိုက်တယ်…ထင်တဲ့အတိုင်း တံခါးလာခေါက်တယ်…ရင်ထဲမှာ လှိုက်ကနဲ ခုန်ပြီး ဖွင့်ကြည့်လိုက်တော့ ..မောင်မဟုတ်ဘူး…မောင့်တပည့် ကိုမောင်ကျော်..“ ဆရာမလေး နေမကောင်းဘူးဆိုလို့  ၀ယ်လာတာ…ပူတုန်းသောက်လိုက်နော်…” “ အော်..ဟုတ်ကဲ့…ကျေးဇူးပဲနော်..” ကိုမောင်ကျော်က ဘာမှ ပြန်မပြောဘူး…ပြုံးပြီးထွက်သွားတယ်…ကျွန်မလည်း ဗိုက်ဆာတာရော ဘာကို မကျေနပ်မှန်းမသိ မကျေနပ်တာရော ပေါင်းပြီ…ယိုးဒယားစတိုင် ညှပ်ခေါက်ဆွဲပြုတ် ပူပူလေးကို ငုံ့  သောက်လိုက်တယ်…စိတ်ထဲမှာတော့ မတင်မကျနဲ့ ပေါ့…
ကျွန်မနေပြန်ကောင်းလာလို့ ဂျူတီ ပြန်ဝင်နိုင်တော့လည်း မောင်နဲ့ ဆက်ဆံရေးက အရင်အတိုင်းပါပဲ… ဒါပေမဲ့ မောင့်ဆီက တစ်ချက်တစ်ချက် ခိုးကြည့်တာလေးတွေကိုတော့ ရှိလာတတ်တာပေါ့.. ကျွန်မကလည်း စကားနည်းသူဆိုတော့ မေးထူးခေါ်ပြောလောက်သာ မောင်နဲ့ နှုတ်ဆက်ဖြစ်ပါတယ်…. တစတစ အချိန်ကြာလာတော့လည်း မောင်နဲ့ ကျွန်မကြားမှာ နားလည်မှုအလိုလို ရှိလာသလို မောင်ပေးတဲ့ အမိန့် တွေကို အလိုလို နာခံတတ်လာတယ်…..ဥပမာ ကျွန်မဆေးကုပေးတဲ့ သူဌေးမကြီးရဲ့ သားက ကျွန်မဆီ လက်ဆောင်တွေ လာပို့ တာတို့ ...ကျွန်မဆီကို မုန့် င်္တေ လာပေးတာတို့  ပြီးတော့ လူနာလိုက်ကြည့်ရင်း လမ်းက ဘုရားကို ၀င်ပို့ ပေးတာတို့ မောင်က နည်းနည်းမှ မကြိုက်ဘူးတဲ့လေ...အဲ့လိုနေ့ မျိုးဆိုရင် မောင်က မျက်နှာကြီးပုပ်သိုးနေတာ ရယ်ချင်စရာကြီး..မောင်က ကျွန်မ မမြင်အောင် ဟန်ဆောင်နေပမဲ့ မောင့်ကို အရိပ်လို ကြည့်နေတဲ့ ကျွန်မကတော့ သိတာပေါ့..ဘာပဲဖြစ်ဖြစ်ပါ..အဲ့ဒီအချိန်တွေတုန်းက အထိတော့ မောင်က ကျွန်မအတွက် မိတ်ဆွေကောင်း တစ်ယာက်ပါပဲ......
နောက်ပိုင်း သူနာပြုဆရာမလေးတွေဆီက တဆင့် သိရတာက မောင်က ဘယ်သူ့ ကိုမှ ဟက်ဟက်ပက်ပက် စကားမပြောတတ်ဘူး…ပြောရင်လည်း ပြတ်ပြတ်သားသား ပြောတတ်တယ်.. ပြီးတော့ မောင်က ဟင်းချက်ကောင်းတယ်တဲ့…အိုး မထင်ရဘူးနော်..ဒီလိုပုံစံက…ကျွန်မ ကြားဖူးတာ ဟင်းချက်တယ်ဆိုတာ စိတ်ခံစားမှုနဲ့ ပတ်သက်နေတယ်လို့ ကြားဖူးတာ…ပြီးတော့ စိတ်လည်း ရှည်ရတယ်တဲ့…မောင့်လို ပုံစံက ဟုတ်ပါ့မလားလို့ တောင် ထင်စရာ….အခွင့်လေးများ ရရင် မောင် ချက်တာလေးကို မြည်းချင်စိတ်ကတော့ တဖွားဖွားပေါ့…မောင်က ဆရာဝန်ပေမဲ့ ဆေးလိပ်နဲ့ အရက်ကိုလဲ တစ်ခါတစ်ခါ သောက်တတ်သေးတယ်တဲ့… ဒါပေမဲ့ ဘယ်သူကမှ မောင့် အကြောင်းကို ဂဃနဏ မသိကြဘူး… မောင်စိတ်ရင်းကောင်းတယ်လို့ တော့ အားလုံးက လက်ခံကြတယ်…မောင့်ရဲ့ အားနည်းချက်က အရမ်းကို အားနာတတ်တာပါပဲ…. ပြီးတော့ မောင့်မှာ မိသားစု ရှိတယ် မထင်ရလောက်အောင် မောင်က ဘယ်ကိုမှ ဆက်သွယ်တာ ဘယ်သူ့ ဆီကမှ ဆက်သွယ်တာ မကြားဖူးကြဘူးတဲ့လေ….အော် မောင်က တော်တော် လျှို့ ဝှက်နိုင်တာပဲနော်… ဒါကြောင့်လည်း ကျွန်မ အချစ်တွေ မောင့်ဆီ ကျွံခဲ့တာပေါ့…….မောင်ရယ် ရက်စက်လိုက်တာ…..ဒါပေမဲ့ ကျွန်မ မောင့်ကို မမုန်းပါဘူး…မုန်းဖို့ ခွန်အား ဘယ်သူက မျှမျှ ကျွန်မ လက်မခံခဲ့ပါဘူး…အဲ့ဒီလောက်ထိ စူးစူးစိုက်စိုက် မောင့် အပေါ် သက်ဝင် ချစ်ခင်တာပါမောင်ရယ်……..
7 comments:
ဇာတ်လမ်းလေးကို ကိုယ့်ဘာသာတွေးပြီး ရေးထားတာမို့ နာမည်တူများ..ဒါမှမဟုတ် တစ်စုံတစ်ယောက်ကို ထိခိုက်မှုများရှိရင် ခွင့်လွှတ်ပါလို့... တောင်းပန်ပါတယ်..အဲ...ဆက်ရန်လို့ ရေးဖို့ မေ့သွားလို့ ...ဆက်ရန်ကျန်သေးတယ်နော်...
ညီမလေးရေ တကယ်ကောင်းတယ်။ အရေးအသားရော။ဇာတ်အိမ်ရော။
အသေအချာပေါ့ ... စောင့်ဖတ်နေမယ် သိလား။
မကာရံရေ... ဖတ်လို့တကယ်ကောင်းတယ်ဗျာ.. မျှော်နေမယ်..ဆက်ရန်ကို..
yu ya
အော် ဒွက်ခ ဆက်ရန်နဲ့တိုးနေပါရောလား နော် ကဲ ညန် ညန်လေးဗျိုးးးး ဒီက စိတ်သိပ်မရှည်ဘူးနော် ဟွန်းးးးးးးးးးးးးးးးးးးး
ဆက်ရန်လားဗျိုးးးးးးနေမကောင်းတာ အလိုက်တသိ ဆေးတိုက်ဖေါ်လေးရတဲ့
စိုးရိမ်ဖေါ်လေးရတဲ့ စိတ်ရင်းလည်းကောင်း
ဟင်းချက်လဲတော်တယ်ဆိုတဲ့ လျှို့ဝှက်တတ်တဲ့
“မောင်”ဆိုတဲ့ လူကိုတော့ စိတ်ဝင်စားသွားပြီ
တမျိုးမထင်နဲ့နော် ဇာတ်လမ်းကိုပြောတာ ဟီးးးး
အာ မကာရံ လုပ်ပြီ ဖတ်ကောင်းတုန်းကြီး ဒီမှာ အပီဖတ်နေတာ ကဲ နံကြားထောက်ပြီး မှန်းလိုက်မယ် အဲဒီဆရာဝန်မလေးကြောင့် နှလုံးသားကို ပြတိုက်လှူထားတဲ့ ဆရာဝန် ရယ်တတ် သွားမယ် ပြုံးတတ်သွားမယ်ထင်တယ်ဗျို့  .. (ကိုယ် ဖြစ်စေချင်တာ ပြောပါတယ် ) ခုတလော ကိုယ်တိုင်လည်း ကွဲတာတွေတွေး မောင်နှမတွေရဲ့  ကွဲတာတွေ ဖတ်နဲ့  ခုတော့ ပေါင်းတာတွေပဲ တွေးပြီး ပျော်စရာတွေပဲ မြင်ချင် တော့တယ်
“ကျွန်မ အချစ်တွေ မောင့်ဆီ ကျွံခဲ့တာပေါ့” သုံးသွားတာလေး အတော် သဘော ကျ တယ်
အေးမြသာယာပါစေ
ရန်ကုန်သား
:D
ကျွန်တော်နာမည်နှစ်လုံးပါတဲ့အမျိုးသမီးဇာတ်ကောင် အကြောင်းတော့သိသွားပြီ....။
မျက်နာတည်တည်နဲ့ ဇာတ်ကောင်ကို ဆက်ဖတ်လိုက်အုံးမယ်ဗျာ...။
(စကားချပ်။ကာရံဆူးသည် စာရေးကောင်းသူဖြစ်၏)
Post a Comment