Thursday, June 3, 2010

HAPPY BIRTHDAY!!!!

ဒီကနေ့ က သက်ဆိုင်သူကြီးရဲ့ မွေးနေ့ မင်္ဂလာ အခါသမယပါ...ပိတ်ရက် မဟုတ်လို့ သူလဲ ကိုယ့်ဆီမလာနိုင်သလို ကိုယ်လဲ သူ့ ဆီ မသွားနိုင်လေတော့...မွေးနေ့ ပွဲကို ခမ်းခမ်းနားနား ကြီးကြီးကျယ်ကျယ် မလုပ်ပေးနိုင်တော့လေ...ဖြစ်ချင်တော့ မနက်ကတောင် ထူးဆန်းစွာ အိပ်ရာထ နောက်ကျလိုက်သေးတယ်...တကယ်က မနက်စောစောမှာ wish လုပ်မယ်လို့ မှန်းထားတာလေ...၈နာရီ ၂၀မှ နိုးလေတော့ ငါးမိနစ်အတွင်း ရေချိုး သွားတိုက် သနပ်ခါးလူးတာကို ဟိုက်စပိနဲ့ လုပ်ပြီး ကမန်းကတန်း ဖုန်းထဲကနေ birthday wish လှမ်းလုပ်ရသေးတာ...ဖုန်းကို ကြည့်လိုက်တော့ missed call က ၂ ကောတောင်...ကိုယ်လည်း အိပ်ပျော်သွားလို့ စိတ်ဆိုးလားမေးတော့ ဆိုးပါဘူးတဲ့...အိပ်ပျော်နေတယ်ထင်လို့ ထပ် မခေါ်တော့တာတဲ့...အဲ့ဂလို သဘောကောင်းတာ... ကဲ အကျွေးအမွေး စရအောင်...လာလည်တဲ့ မောင်နှမတွေကို ကျွေးချင် မွေးချင်တဲ့ စေတနာက တားမရ ဆီးမရ ဖြစ်နေလေတော့ မမောမပန်း ရှာဖွေ အဲ့...ချက်ပြုတ်ထားတာလေးနဲ့ တည်ခင်း ဧည့်ခံပါရစေနော်...

ကဲ ၀ိုင်သောက်ကြရအောင်


ဒါကတော့ ကြက်ဆင်


ဝက်သားစားတဲ့ သူတွေအတွက် သုံးထပ်သား ကျွတ်ကျွတ်လေးနော်..


ဟော..ဒါက ဘဲ


အော် အပေါ်က ဟာတွေ မကြိုက်ဘူးလား..ဒါလေး စားကြည့်နော်...ကျောက်ပုဇွန် ရဲရဲလေး...


မကြိုက်သေးဘူးလား...ဒီမှာ ငါး...


အသီးအရွက်သုပ်လေးလဲ ပါသေးတယ်..


ကိတ်မုန့် နဲ့ ရေခဲမုန့် ကတော့ နောက်ဆုံး အစီအစဉ်ပေါ့နော်...အ၀စား အားမနာနဲ့ နော်...



ဘာပဲစားစား သယ်ရင်းတို့ ရေငတ်မယ်ဆိုတာ သိနေတယ်လေ...အဆင်သင့်ပဲ...ရော့


အော်...အိမ်အပြန်လက်ဆောင် ဒါလေးလဲ ဆောင်သွားနော်...


ကဲ အားလုံး ဗိုက်မ၀သေးရင် ကာရံမွေးနေ့ ကြမှသာ လာစားကြတော့နော်...
ခုတော့ ရှာဖွေစုဆောင်းရတာ ညောင်းသွားပြီ...ဟီးဟီး

ချစ်ရပါသော သက်ဆိုင်သူကြီးလဲ ချစ်သောသူနဲ့ ပေါင်းဆုံရပြီး ပျော်ရွှင် အေးချမ်းသာယာပါစေ...ကျန်းကျန်းမာမာနဲ့ လိုအင်တွေ ပြည့်လို့ လိုရာပန်းတိုင် အရောက်လှမ်းနိုင်ပါစေလို့ ဒီလို အကျယ်ကြီး ဆုတောင်းပေးလိုက်ပါတယ်...


ယနေ့ ကြွလာမိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ...

ကာရံဆူး

images source : google

Tuesday, June 1, 2010

တို့ များငယ်ငယ်တုန်းက



မိုးဖြောက်ဖြောက်ရွာလို့ ပြတင်းကနေ အပြင်ကို လှမ်းကြည့်ရင်း ဇွန်လရဲ့ ပထမ မနက်ခင်းကို နှုတ်ဆက်ဖြစ်တယ်…ဇွန်ဆိုတာ မိုးရာသီရဲ့ အဦးအဖျားဖြစ်သလို ကျွန်မ အတွက် တစ်သက်တာ မေ့လို့ မရတဲ့ လ တစ်လလဲ ဖြစ်ပါတယ်…ဇွန်လမှာ မွေးဖွား ကြီးပြင်းခဲ့သလို ကကြီး ခခွေးဆိုတတ်စလဲ ဒီဇွန်ပါပဲလေ… အင်း ဘာလိုလိုနဲ့ မွေးနေ့ တောင် ရောက်တော့မယ်... အသက်တစ်နှစ် ကြီးပြန်ပြီပေါ့...(ကြော်ငြာဝင်သည်..)

ကျောင်းတက်စ အဖြူအစိမ်းလေးနဲ့ အရမ်းကို ချစ်စရာကောင်းတဲ့ ကလေးငယ်တွေရဲ့ သွင်ပြင်ကိုတွေ့ တိုင်း ငယ်ဘ၀ကို တမ်းတမ်းတတ လွမ်းမိပါတယ်… ဒီအချိန်ဆို ကျောင်းနားက စိန်ပန်းပင်ကြီးလဲ ရဲရဲတောက် လှနေရောပေါ့…. အဖြူအစိမ်း တူညီဝတ်စုံလေးတွေနဲ့ ပါးကွက်ကြားလေးတွေပါးမှာ ဆင်လို့ ကြက်တောင် စည်းလေး ခေါင်းပေါ်တင်ထားတဲ့ ပိဘိ ချစ်စရာ့ကလေးငယ်တွေရဲ့  တီတီတာတာ စာအံသံလေးတွေ မကြာခင် လွင့်ပျံတော့မယ်…. အော် “ ကျောင်း” တွေတောင် ပြန်ဖွင့်တော့မယ်နော်…



ငယ်ငယ်က ကျောင်းတက်ရတော့မယ်ဆိုရင် ပျော်မြူးနေတာပါပဲ…...အဖိုးအဖွားတွေ ဦးလေးတွေ အဒေါ်တွေအိမ်သွားရင် ကျောင်းတက်ခါနီးမို့ မုန့် ဖိုးတွေ ပေးကြတာကိုး…. ကျောင်း တစ်နှစ်တက်တိုင်း အရမ်းမက်မောဖြစ်ခဲ့တာက အမြဲ ပိုင်ဆိုင် ခွင့်ရခဲ့တဲ့ ကျောင်းအဖြူအစိမ်း အသစ်ရယ် လွယ်အိတ်အသစ်ကလေးရယ် ကော်ပါဘူး ထမင်းဘူး ရေဘူး ခဲတံ အားလုံး အသစ်ကလေးတွေပါပဲ…ကျောင်းအဖြူ အစိမ်းလို့ ပြောရတာက ခုချိန်မှာ ကျောင်းမဟုတ်တဲ့ အဖြူအစိမ်းတွေ များနေလို့ ပါ… :P (ဘေးမချော်နဲ့ ကာရံ စိတ်ထိန်း စိတ်ထိန်း..)

ကျောင်းစတက်ရမဲ့ အချိန်ကတည်းက ငိုရကောင်းမှန်း မသိခဲ့ပါဘူး..သူများတွေ ငိုတာကိုသာ မျက်လုံး ကလည်ကလည်နဲ့ ငေးကြည့်တတ်တဲ့ ကျွန်မပါ… ဆရာမတွေက ကျောင်းစတက်ကတည်းက နေရာချ ပေးတတ်တာကတော့ အရှေ့ ဆုံးက ခုံကိုပါပဲ….အရှေ့ ဆုံး ဖြစ်ရခြင်းကလဲ အကြောင်းရှိပါတယ်… ကျွန်မ စာရေးတဲ့အခါ မတ်တတ်ရပ်ရေးရင်တောင် မေးစေ့နဲ့ ခုံနဲ့ က တတိုင်းတည်း ဖြစ်နေလို့ ပါပဲ…:)

“ ၀ ” လုံးလေး ၀ိုင်းအောင် ရေးတတ်ဖို့ ကကြီးခခွေး ၊ အေဘီစီဒီ ပီပြင်စေဖို့ အသပြာ အဓိက မထားတဲ့ စေတနာ ဆရာမကြီးတွေကိုလဲ အောင်းမေ့မိသေးတယ်… ဆင်းရဲ ချမ်းသာ ဘာပဲ ဖြစ်ဖြစ် အားလုံးကို စေတနာ တူတူထား ကျောသား ရင်သား မခွဲခြားပဲ မြှောက်စားစရာရှိ မြှောက်စားခဲ့သလို ဒဏ်ပေးစရာရှိရင်လဲ ဘယ်သူ့ မျက်နှာမှ မထောက်အောင် ဒဏ်ပေး တတ်ကြသေးတယ်လေ… ကျွန်မ ငယ်ငယ်က သိပ်စွာတယ်လို့ မေမေက ပြောဖူးတယ်… မှတ်မိပါသေးသည်…ကျွန်မကို လာစတဲ့ သူတွေကို ခဲတံနဲ့ ထိုးလိုက်လို့ သူ့ လက်ဖ၀ါးထဲ ခဲဆံဝင်သွားခဲ့တယ်…ဒါကို သူ့ အမေက မကျေနပ်လို့ ဆရာမကို လာတိုင်တော့ ကျွန်မ ခုံတန်းပေါ် မတ်တတ်ရပ်ခဲ့ရဖူးပါတယ်… :( လာစတဲ့သူတွေကို တစ်ခုမဟုတ် တစ်ခု ပြန်ပြန်လုပ်ခဲ့မိလို့ ဒဏ်ပေးခံရပေါင်း မနည်းပါဘူး…ကျွန်မ ပေတံနဲ့ ခေါက်လိုက်လို့ နဖူးပေါက်သွားတာလဲ ခုထိ မြင်ယောင်ရင် ရယ်ချင်နေမိသေးတယ်…

မုန့် စားဆင်းချိန်ဆိုရင် ကျောင်းမှာ ကပ်စေးနဲ ရောင်းတဲ့ အဒေါ်ကြီးကိုလဲ ခုထိမှတ်မိနေတယ်… သူ့ ကပ်စေးနဲ ကို ကျွန်မအရမ်းကြိုက်တာ…နောက်ပိုင်းတော့ မေမေက ကျွန်မကို မတည့်တာတွေ စားမှာစိုးလို့ ဆိုပြီး မုန့် ဖိုး မပေးတော့ပါဘူး…လွန်ခဲ့တဲ့ သုံးနှစ်လောက်က မြန်မာပြည်ကို ခဏပြန်တုန်း ကျွန်မ စာသင်ခဲ့တဲ့ မူလတန်းကျောင်းနားလေးက ဖြတ်တော့ သူတို့ မိသားစုတွေ ခုချိန်ထိ ကျောင်းမှာ မုန့် ရောင်းနေဆဲပါ…အော် ခေတ် စနစ်တွေ ဘယ်လောက်ပင်ပြောင်းပြောင်း တချို့ တချို့ သော ဘ၀တွေက မပြောင်းလဲနိုင်သေးပါလားလို့ စိတ်မကောင်း ဖြစ်မိတယ်…

ကျွန်မ လေးတန်းအောင်တဲ့ နှစ်ကဆိုရင် ကျောင်းလုံးကျွတ်အောင်မြင်ခဲ့တယ်လေ… ဆရာမတွေ ဆရာတွေ ရဲ့ မျက်နှာဟာ တကယ့်ကို ထိန်ထိန်သာတဲ့ လပြည့်ဝန်းကြီးလိုပါပဲ…တပည့်တပန်းတွေ အောင်မြင်မှုတွေနဲ့ ဘ၀ကို အဆင့်ဆင့် ဆက်လှမ်းနေကြပေမဲ့ ဆရာ ဆရာမများကတော့ နောင်အနာဂတ်အတွက် ကျောက်ရိုင်းလေးတွေကို သွေးနေရင်း ထိုကျောင်းလေးမှာ ကျန်ရစ်ခဲ့ကြတယ်… ခုတော့ ဆရာ ဆရာမတွေလဲ ကွယ်လွန်သွားကြပြီ… သူတို့ ရဲ့ နောက်ဆုံး ခရီးမှာ သူတို့ သွေးခဲ့တဲ့ ကျောက်ပွင့်လေးတွေ အားလုံး စုံစုံ ညီညီ မပို့ ဆောင်နိုင်ခဲ့ပါဘူး… ဒါပေမဲ့ ကျွန်မရဲ့ ဆရာ ဆရာမတွေကတော့ တကယ့်ကို ပီတိစားခဲ့ကြသူတွေဆိုတာ မယုံနိုင်စရာ မရှိခဲ့ပါဘူး…

ကျောင်းတက်တုန်းက သူငယ်ချင်းတွေလဲ ခုဆို ကမ္ဘာမြေကြီးရဲ့ တစ်နေရာဆီမှာ ကိုယ်ပိုင် ဘ၀လေးတွေနဲ့ ဘ၀ခရီးကို ဆုံးခန်းတိုင်အောင် ရှေ့ ဆက်လျှောက်နေကြတဲ့သူတွေ ရှိသလို ဘ၀နိဂုံးချုပ်သွားတဲ့ သူတွေအကြောင်း ကိုလဲ ကြားမိပါသေးတယ်… ကျွန်မတို့ တွေ အသက်တွေသာ ကြီးပြင်းလာပေမဲ့ ကျွန်မတို့ စာသင်ခဲ့တဲ့ ကျောင်းလေးကတော့ အရင်အတိုင်းပဲ တည်ရှိနေဆဲပါ… စာအတူသင်ခဲ့တဲ့ ကျောင်းတုန်းက သူငယ်ချင်းတွေ အားလုံးလဲ ပျော်ရွှင်မှုတွေ အောင်မြင်မှုတွေနဲ့ ပန်းတိုင်ကို လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပါတယ်…

“ငယ်ငယ်တုန်းက သူငယ်ချင်း အရမ်းချစ်ဖို့ ကောင်းတယ်...အိမ်အပြန် ကျောင်းအဆင်းမှာ သီချင်းကလေးဆို...”

ဇွန်လမိုးစက်တွေနဲ့ အတူ ကျောင်းအဖြူအစိမ်း ၀တ်စုံလေးကို လွမ်းနေမိသေးတယ်…နောက်ထပ် ၀တ်ချင်လို့ လဲ မ၀တ်ရတော့ စိတ်ထဲမှာ နှမြောတသနေမိတာတော့ အမှန်ပါပဲ…


အားလုံးကျန်းမာချမ်းသာကြပါစေ..

ကာရံဆူး
မှတ်ချက် - ပုံတွေကို google က ယူပါသည်။