Wednesday, October 21, 2009
၁၀နှစ်တာ တမ်းချင်း...
မြကမ္ဗလာ မြက်ခင်းစိမ်းပေါ်မှာ ဆောင်းကတ္တီပါ နှင်းဝတ်လွှာက ပါးပါးလေး လွှမ်းခြုံကျနေတယ်… နေခြည်နုနု ထိုးဖောက်လာတော့ သစ်ရွက်ထိပ်မှာ တွဲလွဲခိုနေကြတဲ့ ကိုင်းဖျားနှင်းလေးတွေက စိန်ပွင့်လေးသဖွယ်… တလက်လက်နဲ့ … ဒီလို လှပတဲ့ မနက်ခင်းမျိုးမှာ..အလွမ်းတွေနဲ့ နိုးထလာခဲ့တဲ့ ကျွန်မ သူ့ ကို သတိရမိလိမ့်မယ်လို့ မျှော်လင့်မထားပါဘူး… ဒါပေမဲ့ တိုက်ဆိုင်လိုက်တိုင်း သတိရမိတဲ့ လူတစ်ယောက်ကို ဒီလို တိုက်ဆိုင်မှုတွေကြောင့်ပဲ သတိရလိုက်မိတယ်… ဒီနေ့ ဆိုရင် ၁၀နှစ်ပြည့်ပြီပေါ့… ကျွန်မအတွက်တော့ အမှတ်ရနေရမယ့် နေ့ ကလေးပါပဲ ကိုကိုရယ်…
~~~~~~~~~~~~~~~
အလုပ်အတွက် အင်တာဗျူးဖြေဖို့ စိတ်စောပြီး ခပ်သွက်သွက် လျှောက်လာတဲ့ ကျွန်မ ဘေးဘီကို ဂရုမစိုက်အားပါ… နေပူကျဲထဲမှာ လျှောက်လာရလို့ လည်း လူက ချွေးတစို့ စို့ … ချိန်းဆိုထားတဲ့ နေရာရောက်လို့ ကြည့်လိုက်တော့ အင်တာဗျူး ဖြေရမှာက ငါးထပ်မှာ..ဓါတ်လှေကားက မရှိ ခြေလျင် တက်ရမှာ..မောလိုက်တဲ့ ဖြစ်ချင်း..ပထမဆုံး အလုပ်ခွင်ဝင်ဖို့ ဖြေဆိုရမဲ့ အင်တာဗျူးမို့ တက်ကြွနေလို့ သာ မမောမပန်း တက်လာနိုင်သည်… အခန်းဝ ရောက်လို့ ကြည့်လိုက်တော့ ဖြေဆိုမဲ့သူတွေ နည်းမှ မနည်းပဲ… အပြင်မှာ ယောကျာ်းလေးတွေက ပြူတစ် ပြူတစ်… အထဲလှမ်းကြည့်လိုက်တော့လဲ ထိုင်စောင့်နေကြတဲ့ မိန်းကလေးတွေက အပြည့်… ကိုယ်လည်း နေရာ ရလို ရငြား အထဲ လှမ်းကြည့်လိုက်တော့ အထဲက ယူနီဖောင်းဝတ်ထားတဲ့ အစ်မတစ်ယောက် လှမ်းခေါ်တယ်… “ အင်တာဗျူး ဖြေဖို့ လား…” “ ဟုတ်ကဲ့..” “ ဒါဆို လာ” ဆိုပြီး ကျွန်မကို နေရာချပေးတယ်… ကျွန်မလည်း နေရာရတော့မှသာ အမောဖြေနိုင်တယ်… အဲ့ဒီတော့မှ ပတ်ဝန်းကျင်ကို အကဲခတ်မိတယ်… ကိုယ့်အသိများ ပါလို ပါငြားပေါ့…
ထိုအခိုက် မျက်ဝန်း တစ်စုံက သိသိသာသာ ကျွန်မကို ပြုံးလို့ ကြည့်နေလေရဲ့ … ဘယ်အချိန်ကတည်းက ကျွန်မကို အကဲခတ်နေသည် မသိ… လည်ကတုံး ရှပ်အဖြူနဲ့ ကချင်ပုဆိုးကို သေသပ်စွာ ၀တ်ဆင်ထားပြီး မျက်လုံး နဲ့  နှုတ်ခမ်းတွေက ပြုံးနေတဲ့ သူ့ ကို တွေ့ လိုက်ရတယ်…ကျွန်မ စိတ်ထဲ ခိုးလို့ ခုလုနဲ့ ပေါ့…. နဂိုကတည်းက အလုပ်အတွက် ရင်ခုန်နေရတာ… သူက ကျွန်မကို ကလေးတစ်ယောက်ကို ကြည့်သလို ရွှန်းရွှန်းစားစားကြီး ကြည့်နေတော့ အနေရခက်ပြန်ပြီပေါ့… ဒါပေမဲ့ အလုပ်အတွက်သာ အာရုံကများနေတော့ သူ ကြည့်တာ မကြည့်တာလည်း မဆိုင်သလို နေပြီး ဘုရားစာသာ စိတ်ထဲ ရွတ်နေလိုက်တယ်… ဒီလိုနဲ့ ကျွန်မ ဖြေရမဲ့ အလှည့်ရောက်လာလို့ မေးခွန်းတွေကို လွယ်လွယ်ကူကူပဲ ကျွန်မ ဖြေခဲ့လိုက်တယ်… ပြန်ထွက်လာတော့လည်း သူက ကြည့်နေတုန်းပဲ… ကျွန်မလည်း ပေါ့ပေါ့ပါးပါး အိမ်ပြန်လာခဲ့လိုက်တယ်…
~~~~~~~~~~~~~~~
နောက်တစ်ပတ်နေရင် အဖြေတွေကို အလုပ်မှာ ကပ်ထားမယ်ဆိုလို့  ကျွန်မရယ် အမေရယ် စောစီးစွာ ထွက်လာခဲ့လိုက်တယ်…ဆယ်တန်းအောင်ခါစ သင်တန်းပြီးကာစ အလုပ်အရမ်း လုပ်ချင်လို့ တက်ကြွနေတဲ့ သမီးတစ်ယောက်ကို မရင့်ကျက်မှာ စိတ်ပူတဲ့ အမေက “ သမီး မကြည့်ရဲရင် အမေသွားကြည့်ပေးမယ်” လို့ တော့ ပြောတယ်.. ကျွန်မက ကိုယ့်ကို ကိုယ်လည်း ယုံကြည်တဲ့ အပြင် အကောင်းတွေကိုချည်း မျှော်လင့်မထားတဲ့အတွက် အမေနဲ့ တူတူသွားကြည့်မယ်လို့ ပြောလိုက်တယ်… ကျွန်မ လျှောက်တဲ့ အလုပ်က ကုမ္ပဏီကြီးလည်း ဖြစ်ပြန် ပြီးတော့ ရန်ကုန်မြို့ အနှံ့ မှာ ဆိုင်ခွဲတွေလည်း အများကြီး ဖွင့်ထားတဲ့ နာမည်ကြီး အ၀တ်အစား ရောင်းတဲ့ ဆိုင်.. အလုပ်လာလျှောက်တဲ့သူတွေကလည်း အယောက် နှစ်ရာကျော်ဆိုတော့ နည်းနည်းတော့ စိတ်ထဲ ပူမိတာပေါ့…. စောနေသေးတော့ လာကြည့်တဲ့သူ လေးငါးယောက်ပဲ ရှိသေးတယ်… ဒါနဲ့ ကျွန်မလည်း အဖြေစာရွက်ကို ကြည့်လိုက်တော့ ရွေးတဲ့သူ ၁၁ယောက်မှာ ကျွန်မနာမည်က ၄ နေရာမှာ…အိုး ပျော်လိုက်တဲ့ ဖြစ်ချင်း... အမေကလည်း သူ့ သမီးလေး အလုပ်ကောင်း ရလို့ ဝမ်းသာလို့ မဆုံးဘူး…
အဲ့ဒီနေ့ က စလို့ သူ ကျွန်မ လုပ်တဲ့ ဆိုင်ရှေ့ မှာ ညညဆို လာစောင့်နေတတ်တယ်… ကျွန်မတို့ အတူတူ ပြန်တော့ သူလည်း လိုက်လာတတ်တယ်…သူလည်း ကျွန်မတို့ နဲ့ တစ်မြို့ နယ်ထဲကပါ… တိုက်ဆိုင်လိုက်တာများနော်… သူနဲ့ ကျွန်မက အိမ်က နီးလို့ လည်း နေပြန်ပါတယ်… ဒီလိုနဲ့ သူလည်း ကျွန်မ အပေါင်းအသင်းထဲ စာရင်းဝင် တစ်ယောက်လို ဖြစ်ပြီး ကျန်တဲ့ သူငယ်ချင်းတွေကပါ သူနဲ့ ခင်သွားကြတယ်… ကျွန်မတို့  သူငယ်ချင်းတွေ ဘယ်လောက်တောင် ချစ်သလဲဆိုရင် အလုပ်ပြီးတာက ညကိုးနာရီ..အိမ် ပြန်ရောက်တော့ ကိုးနာရီခွဲကျော်ပေါ့... ကားမှတ်တိုင်မှာ လူစု ခွဲပြီး ပြန်ဆုံဖို့ အချိန်နဲ့ နေရာကို ချိန်းပြီး ထပ်တွေ့ ကြပြန်တယ်…
ရေမိုးချိုး အ၀တ်အစားလဲ ပြီးတာနဲ့ ကျွန်မ အိမ်က ပြန်ထွက်ခဲ့တယ်…ငယ်ငယ်ကတည်းက မိဘတွေက ချုပ်ချယ်မှု မရှိခဲ့ဘူး..လွပ်လပ်စွာနေထိုင်ခွင့် ပေးထားတယ်… ထိုက်သင့်တဲ့ ပညာနဲ့ အသိဥာဏ်ပေးထားတော့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ဆိုတာ ကျွန်မတို့ မောင်နှမတွေ ပိုင်ဆိုင်ထားတဲ့ အရာပါ…အဖေက ကျွန်မတို့ ကို သိတတ်စကတည်းက မှာထားတယ်…ကိုယ့်လမ်းကို ကိုယ်လျှောက် လဲရင် ကိုယ့်ဟာကိုယ် ပြန်ထပါတဲ့…မိဘဆိုတာ ဘယ်လမ်းကောင်းတယ် ဆိုးတယ်ဆိုတာသာ ညွှန်ပြလို့ ရတာ..လျှောက်တာကတော့ ကိုယ်တိုင် လျှောက်ရမယ်တဲ့…ဒီလိုနဲ့ ကျွန်မ ကြီးပြင်း အရွယ်ရောက်လာတော့လည်း ကိုယ့်ကိုကိုယ် ထိန်းသိမ်းပြီး မိဘတွေရဲ့ ယုံကြည်ရတဲ့ သမီးတစ်ယောက်အဖြစ်နဲ့ ပဲ နေထိုင်လာခဲ့တာ…ခုချိန်ထိပေါ့…
သူငယ်ချင်းတွေ ဆုံကြတော့… သူက ပါပါလာပြန်တယ်… သူ့ ကို ကြည့်လိုက်ရင် အမြဲတမ်း လူကြီး စတိုင်… ပလေကတ် ပုဆိုးနဲ့  စပို့ ရှပ်ကို ၀တ်ဆင်တတ်တယ်… ကျွန်မတို့ တွေ လက်ဘက်ရည်ဆိုင်ထိုင်ပြီး အတွေ့ အကြုံတွေ ဖလှယ်..ဟို အကြောင်း ဒီအကြောင်း ပြောကြရင်း လမ်းခွဲခဲ့ကြတယ်… ဒီလိုနဲ့ ရက်တွေများလာတော့ သူက တစ်စ တစ်စ ကျွန်မ အိမ်ကို ကျွန်မရဲ့  အခြားသူငယ်ချင်းတွေလို ၀င်ထွက်လာတယ်… မိဘတွေနဲ့ ရင်းနှီးလာတယ်… သူက လူကြီးတွေနဲ့ ပိုပြီး ပနာသင့်ပါတယ်… စကား အပြောအဆို ယဉ်ကျေးတယ်…သူက ကျွန်မ နဲ့ နှစ်ယောက်ထဲ ဆုံရင် အဖိုးကြီး တစ်ယောက်လို ဆုံးမတတ်တယ်လေ…ဆရာကြီးလေသံနဲ့ (ထိုအချိန်က) မိန်းကလေးဆိုတာ အစချီလို့ ပေါ့…သူ စကားတွေ ကြားရဖန်များလာတော့ သူ့ ကို အမြင်ကတ်လာတယ်… လက်ဘက်ရည်ဆိုင်တွေကို ချိန်းရင် သူ မသိအောင် ချိန်းဖြစ်ခဲ့တယ်…
ကျွန်မ အစာအိမ်ရောဂါဖြစ်ပြီး နေထိုင်မကောင်းပြန်တော့ ကျွန်မဆီကို သူ ရောက်ရောက် လာတတ်တယ်… သူ ပြောတဲ့ ဆုံးမ စကားတွေကို နားငြီးတယ်လို့ ပြောပြီး ကျွန်မ စိတ်ဆိုးတုန်းက ကျွန်မ အိမ်ပေါ်ကို မတက်တော့ပဲ ကျွန်မတို့ နေတဲ့ လေးထပ်ကို ခေါင်းလောင်းကြိုးလေးဆွဲပြီး နေကောင်းသွားပြီလားလို့ လာ လာမေးတတ်သေးတယ်… ရန်ကုန်မြို့ ကန်ထရိုက်တိုက်တွေမှာ ကြိုးချပြီး ခြင်းလေးတွေ ချိတ်ထားတတ်လေတော့ ကျွန်မနဲ့ တည့်မယ့် မုန့် လေးတွေကို ခြင်းတောင်းလေးမှာ လာလာချိတ်တတ်သေးတယ်… ဒါနဲ့ ကျွန်မလည်း စိတ်ပြန်လျှော့ပြီး သူ့ ကို အရင်လို ပြန်ခေါ် ပြန်ပြောဖြစ်တယ်…ကျွန်မ နာလန်ထခါစ နွားနို့ သောက်ချင်တယ်ဆိုတော့ အချိန်က ညဉ့် နက်နေပြီ… ဒါပေမဲ့ ကျွန်မသောက်ချင်လှချည်ရဲ့ ဆိုလို့  သူက ကျွန်မကို စက်ဘီးပေါ်တင်ပြီး နာရီဝက်လောက် နင်းရတဲ့ ဆိုင်ကို ပြုံးရွှင် ရယ်မောလို့ ပို့ နိုင်သေးတယ်လေ…
ဒါပေမဲ့ သူ့ ကို ကျွန်မ စိတ်မှာ သူငယ်ချင်းလို အစ်ကို တစ်ယောက်လို သံယောဇဉ်က လွဲလို့  ဘာမှ မရှိခဲ့ဘူး… သူကတော့ ပိုချင်ပိုမှာပေါ့… သူငယ်ချင်းတွေက ပြောကြတယ်…သူ မရိုးသားဘူးတဲ့… ဒါပေမဲ့ ကျွန်မ ရိုးသားပါတယ်… သူ့ ဘက်က ဘာမှ မပြောသေးသရွေ့ ကျွန်မ ဘက်က ဘာမှ ငြင်းဆို လက်ခံ ပိုင်ခွင့်  မရှိဘူးလေ…. ကျွန်မ သူ့ အပေါ်မှာ အစ်ကို တစ်ယောက်လို ဆိုးနွဲ့ သမျှ သူ ကလည်း ပြုံးပြုံးလေး သည်းခံရှာတယ်…ခုချိန်မှာ ကျွန်မ သူ့ အပေါ်မှာ ဆိုးတာတွေက ပြောပြလို့ တောင် ကုန်မယ် မထင်ပါဘူး… ဒါပေမဲ့ ကျွန်မ အနိုင်မကျင့်ခဲ့ပါဘူး ညီမတစ်ယောက်လိုမျိုး ဆိုးနွဲ့ ခဲ့ခြင်းမျိုးရယ်ပါ…
~~~~~~~~~~~~~~~
ရာသီတွေပြောင်းလို့ အချိန်တွေ အခါတွေ ဟောင်းသွားခဲ့တယ်…သူ့ ဘက်က ကျွန်မကို ချစ်ပါတယ်ဆိုတဲ့ အဓိပ္ပါယ်ပါတဲ့ စကားမျိုးတွေ ဖွင့်ဟမလာခင် ကျွန်မမှာ ချစ်သူ ရှိသွားခဲ့တယ်…သူ ဘယ်လို ခံစားရမလဲ.. ကျွန်မ မသိဘူး…. ကိုယ်ချင်းလဲ မစာတတ်ခဲ့ပါဘူး… ချစ်သူနဲ့ အဆင်မပြေ ဖြစ်တဲ့ အခါမျိုးတွေမှာသာ အစ်ကို တစ်ယောက်လို တိုင်ပင်ခဲ့တယ်…. အားကိုးခဲ့တယ်.. ဒါပေမဲ့ ထုံးစံအတိုင်း သူ့ ရဲ့ ဆုံးမစကားတွေကိုတော့ ခေါင်းမာတဲ့ ကျွန်မ လက်မခံချင်ခဲ့ပြန်ဘူးလေ… ကျွန်မ မတရားဘူးတဲ့လား… သူငယ်ချင်းတွေက ၀ိုင်းသနားနေကြတဲ့ သူ့ ကို ကျွန်မ ပိုအမြင်ကတ်တယ်…
နောက်ပိုင်း ကျွန်မ ချစ်သူနဲ့ အဆင်ပြေလာတဲ့ အခါတွေမှာ သူ့ ကို မေ့လာတတ်တယ်… သူ့ ကို တမင်တကာ ရည်ရွယ်တာမဟုတ်ပေမဲ့ ရှောင်သလို ဖြစ်လာတတ်တယ်…သူလည်း ကျွန်မ ချစ်သူနဲ့ အဆင်မပြေ ဖြစ်မှာ စိုးလို့  ထင်ပါတယ်…ကျွန်မတို့ အိမ်ဘက် ဆိုင်ဘက် အလာကျဲသွားခဲ့တယ်…. အင်း..မှတ်မှတ်ရရ သုံးလလောက် ရှိမလားပဲ… ဒီသုံးလ အတွင်း သူ့ ကို သိပ်မတွေ့ ခဲ့ဘူး… ကျွန်မလည်း ရာထူးတိုးပြီး ရုံးခန်းကို ရောက်ခဲ့တယ်… ကြီးမားတဲ့ ပြောင်းလဲမှုတစ်ခုကလွဲလို့  အရာရာကတော့ ပုံမှန် လည်ပတ်နေခဲ့ပါတယ်…
~~~~~~~~~~~~~~~
ဒီနေ့ ရာသီဥတုက အုံ့ ဆိုင်းနေတယ်...မဆုံတာ သုံးလေးရက်လောက် ကြာနေပြီမို့ ညနေ သူငယ်ချင်းတွေ ဆုံဖို့ သျှားသျှားဆီ ဖုန်းဆက်တော့ သူမလာဘူးတဲ့…အင်း..ဒီကောင်ဘာလို့ ခွင့်ယူထားပါလိမ့်လို့ စိတ်ထဲတွေးမိတယ်… ခဏနေတော့ ရုံးက ဖုန်းမြည်လာတယ်… အစ်မ တစ်ယောက် ကိုင်တော့ မဇင်ဖုန်းတဲ့.. မဇင်ဆိုတာ သူ့ ရဲ့  အရမ်းကို ခင်ရတဲ့သူငယ်ချင်းပါ..ကျွန်မတို့ ရုံးကို ရောက်တာ မကြာသေးဘူး… သူနဲ့ ပတ်သက်ပြီး မဇင်နဲ့ ကျွန်မတို့ ညီအစ်မတွေလို ခင်သွားကြတယ်လေ… ဖုန်းပြောပြီး ပြန်လာတဲ့ မဇင် မျက်နှာကို ကြည့်လိုက်တော့ ကျွန်မပင် ရင်ထိတ်သွားသည်… “ မဇင် ဘာဖြစ်လို့ လဲ…” ကျွန်မမေးတော့ မဇင် မျက်ဝန်းက မျက်ရည်တွေနဲ့  အသံက အက်ကွဲနေတယ်….ပြီးတော့ ကျွန်မကို သေချာ စိုက်ကြည့်ပြီး “ ခိုင်မြဲ ဆုံးပြီ” ဆိုပြီး ချုံးပွဲချ ငိုချလေရဲ့ …ဘုရားရေ.. ကျွန်မ နားပင် မယုံချင်… ပြောစရာ မေးစရာမရှိလောက်အောင် ကျွန်မ ဆွံ့ အသွားခဲ့တယ်… ကျွန်မနားလည်လိုက်တယ်… သျှားသျှား ဒီနေ့  ဘာကြောင့် အလုပ်မလာတာလဲဆိုတာကို… သျှားသျှား ဘာလို့  ကျွန်မကို မပြောတာလဲ… အရင်ကဆို သျှားသျှားဆီက သူ ကျွန်မကို ဘယ်လိုစိတ်ဝင်စားနေကြောင်း စတွေ့ ကတည်းက စွဲလန်းနေတဲ့ အကြောင်း ကျွန်မကို လွပ်လပ်စွာ ပိုးပန်းနိုင်ဖို့ အတွက်ပဲ သူအဲ့ဒီနေ့ က အင်တာဗျူးတောင် မဖြေတော့တဲ့ အကြောင်း အမြဲ ကြားနေကြပါ....အခုကိစ္စကျတော့ သျှားသျှား သူမကို ဘာလို့ မပြောတာလဲ…သူနဲ့ သျှားသျှားနဲ့ ကလည်း အရမ်းကို ခင်တဲ့ သူငယ်ချင်းတွေပါ…
ကျွန်မလည်း အလိုလို မျက်ရည်တွေ ကျလာတယ်…. မဇင်က ဆက်ပြီးတော့ “ ဂျူလိုင်ကို ခိုင်မြဲက မပြောပါနဲ့ ဆိုလို့ …ခိုင်မြဲ ညကတည်းက ဆေးရုံတင်ထားရတယ်… ဆေးမူးနေတဲ့ လူတွေက လူမှားပြီး ဓါးနဲ့ ထိုးလိုက်တာ… ညက operation လုပ်တယ်…ခုမနက်ကမှ ဆုံးသွားတာ…ခုဏက သျှားသျှား ဆက်တာ..” ဟင်… သူ ကျွန်မကို စိတ်နာ သွားတာလား… မတွေ့ ချင်တော့တာလား… ကျွန်မ တကယ့်ကို ၀မ်းနည်းကြေကွဲမိပါတယ်….
ကျွန်မအိမ် ပြန်ရောက်တော့ အမေ့ကို ပြောပြတော့ အမေက မယုံဘူး…ကျွန်မတို့ အိမ်မှာ ၀င်ထွက်သွားလာနေတာ ကြာမှ မကြာခဲ့တာ…ကျွန်မကို စေတနာ ဘလဗွနဲ့ သွန်သင် ဆုံးမခဲ့ ဂရုတစိုက် ရှိခဲ့တဲ့သူ… လောကကြီးကို ကျောခိုင်းသွားခဲ့ပြီတဲ့… ကျွန်မ တွေဝေ ငေးငိုင်မိတယ်… လူ့ ဘ၀ ဆိုတာကို လည်း တုန်လှုပ်မိတယ်… ခုချိန်ထိ ကျွန်မရဲ့ မိတ်ဆွေ အပေါင်းအသင်းတွေထဲက ကျွန်မကို ခွဲသွားခဲ့တာ သူ ပထမဆုံးပါပဲ… ရင်ထဲမှာ အလိုလို ငိုချင်နေမိတယ်… အနားမှာ သူရှိခဲ့တဲ့ အချိန်.. သူ ပြောခဲ့တဲ့ စကားတွေကို သူသာ ဒီလိုဖြစ်မယ်မှန်းသိရင် ကျွန်မ တန်ဖိုးထား နားထောင်ခဲ့မိမှာပါ… နောင်တဆိုတာ ဒါမျိုးများလား…
သူ ကျွန်မအပေါ် ထိန်ဝှက်ထားခဲ့တဲ့ သူ့ ရင်ထဲက စကားတွေ အတွက်…ပြီးတော့ သူ့ ရဲ့ ကြေကွဲမှုတွေကို ကျွန်မ ဝေမျှယူခဲ့မိဖို့ ကောင်းပါတယ်… သူကရော ဘာကြောင့် အချိန်တွေယူနေရတာလဲ… ဒါပေမဲ့ သေချာတာကတော့ သူ့ အတွက် ကျွန်မရင်ထဲမှာ အချစ်ဆိုတာ ယနေ့ အချိန်ထိ မရှိခဲ့ပါဘူး… သူသာ ကျွန်မရဲ့ အစ်ကိုဖြစ်ရင် သိပ်ကောင်းမှာပဲဆိုတဲ့ စိတ်ကူး အတ္တလေး တစ်ခုသာ သူနဲ့ ပတ်သက်ပြီး ကျွန်မ လိုချင်ခဲ့တာပါ….ကျွန်မ သူရဲ့ နာရေးကို သွားသင့် မသွားသင့် ချင့်ချိန်နေမိတယ်… သူကျွန်မကို မမြင် မတွေ့ ချင်တော့လို့ ဒီလိုမျိုး ရုတ်တရက် ထားသွားခဲ့တာလား… ကျွန်မ တော်တော်ကို စိတ်ထိခိုက်မိပါတယ်… သူ့ ကို စကား မပြောဖြစ်ခဲ့တဲ့ ရက်တွေ အတွက်လည်း နှမြောမိသလိုပါပဲ… ကြေကွဲဆိုနင့်မှုက ကျွန်မရဲ့ တကယ့် မောင်နှမ တစ်ယောက် ဆုံးရှုံးသွားသလိုမျိုး….ရင်တစ်ခုလုံး တဆစ်ဆစ်နဲ့ နာကျင်ကိုက်ခဲနေတယ်… မနက်ဖြန်ဆိုရင် သူ့ ရဲ့ ခန္ဓာကိုယ်ကို မီးရှို့ ကြတော့မယ်… သူ ဆိုတဲ့ ရုပ်အလောင်းက လောကကြီးထဲက ကွယ်ပျောက်တော့မယ်.. ကျွန်မ ဝေခွဲလို့ မရသေးဘူး…
~~~~~~~~~~~~~~~
စားပွဲပေါ်က နာရီသံ တစ်ချက်ချက်နဲ့ မနက်ဖြန်ကို ဦးတည်သွားနေတယ်… အချိန်က ညကိုးနာရီခွဲ ကျော်ကျော်… အခန်းထဲက ၀ါကျင့်ကျင့် မီးရောင်အောက်မှာ ကျွန်မ သူ့ အကြောင်း စဉ်းစားနေမိတယ်.. မနက်ဖြန်အတွက် ဇဝေဇ၀ါ ဖြစ်နေတယ်…. မသွားတော့ဘူးလို့ စဉ်းစားလိုက်တဲ့ အချိန်မှာပဲ ခေါင်းရင်းဘက် ဖွင့်ထားတဲ့ ပြတင်းပေါက်ဆီက လေကလေး တစ်ချက်ဝေ့လာတယ်… ကျွန်မ စိတ်ထဲ တစ်မျိုး ဖြစ်သွားတယ်…နှာခေါင်းထဲမှာလည်း အနံ့ တစ်နံ့ … ညှီစို့ စို့ ပုပ်အက်အက် အနံ့ တစ်နံ့ ..ကျွန်မ ကြက်သီးတွေ ဖြန်းကနဲ ထသွားတယ်…အိမ်ရှေ့ ကို အမြန်ပြေးပြီး အမေတို့ တီဗီ ကြည့်နေတဲ့ နားသွားထိုင်မိတော့ အမေက “ ဘာဖြစ်တာလဲ သမီး” “ ဟို နှာခေါင်းထဲမှာ အနံ့ တစ်မျိုးကြီးရလို့ ..” ကျွန်မ မျက်နှာ ဖြူဆုတ်နေပြီ…အမေက နားလည်သလို မျက်နှာနဲ့ “ မနက်ဖြန် သွားလိုက်ပါ သမီးရယ်..သူ့ ကို နှုတ်ဆက်လိုက်ပါ” တဲ့.. အဖေကလည်း ခေါင်းညိတ်ပြတယ်… နှုတ်ဆက်ခြင်းတဲ့လား…ကိုကိုရယ်..ကျွန်မ ပါးပြင်ပေါ်မှာ မျက်ရည်တွေ ပူကနဲ စီးဆင်းသွားတယ်…
ခဏနေတော့ ကျွန်မသူငယ်ချင်းတွေ ရောက်လာတယ်… ကျွန်မကိုလည်းသွားဖို့ တိုက်တွန်းကြတယ်… အမေက နောက်ဖေးကနေ လက်ဖက်သုပ် ပန်းကန်ကိုင်ရင်း ထွက်လာပြီး ခုဏက အဖြစ်အပျက်ကို သူတို့ ကို ပြန်ပြောပြတော့ ကျွန်မ သူငယ်ချင်းတွေ မျက်နှာတစ်ချက် ပျက်သွားတာ သိလိုက်တယ်… သူတို့ ကြောက်တတ်တာကို ကျွန်မ သိတာပေါ့… သူတို့ လည်း လက်ဖက်သုပ်တောင် ကုန်အောင် မစားတော့ပဲ ပြန်တော့မယ်လို့ ကျွန်မကို နှုတ်ဆက်တယ်… ပြန်ခါနီး အိမ်အ၀ထိ လိုက်ပို့ တဲ့ ကျွန်မကို သူငယ်ချင်း “အိ” က “သူ နင့်အနားမှာ ရှိနေလိမ့်မယ်” လို့ ကျွန်မကို ပြောသွားသေးတယ်… တကယ်ပဲ ကျွန်မ အနားမှာ သူ ရှိနေမှာတဲ့လား….
~~~~~~~~~~~~~~~
သူ့ အိမ်ရောက်သွားတော့ သူ့ ကို လိုက်ပါ နှုတ်ဆက်မဲ့သူတွေက အိမ်အောက်က မဏ္ဍပ်အပြည့်ပါပဲ… ကျွန်မလည်း သျှားသျှား ခေါ်ဆောင်ရာ သူ့ အိမ်ပေါ်ကို လိုက်တက်လိုက်တယ်…အိမ်ထဲကို လှမ်းဝင်လိုက်တယ် ဆိုရင်ပဲ ကျွန်မ စတင်တွေ့ လိုက်ရတာကတော့ 1’ x 2’ ဘောင်ထဲက သူ့ အပြုံးကိုပါ… အရှေ့ မှာ ဖယောင်းတိုင် ထွန်းထားတဲ့ သူ့ ဓါတ်ပုံရှေ့ ကို ရောက်တော့ ကျွန်မ ဟန်မဆောင်နိုင်စွာပဲ ငိုချမိပါတယ်… ကျွန်မကို ပြုံးကြည့်နေသယောင်… ဒီအပြုံးတွေနဲ့ ကျွန်မတို့ စတင်သိခဲ့ရတယ်…အခုတော့ မမျှော်လင့်ပဲ ကျွန်မကို ရုတ်တရက် ခွဲသွားပြီပေါ့…
ကျွန်မ အိမ်ကို သူမကြာခဏ ၀င်ထွက်နေပေမဲ့ သူ့ အိမ်ကိုတော့ ကျွန်မ အခုမှ ရောက်ဖူးတာပါ… သူ့ အမေဆိုသူကို ကြည့်တော့လည်း ရင်ကွဲ ပက်လက် ဖြစ်နေတဲ့ပုံ … ဖြစ်ရင်လည်း ဖြစ်သင့်ပါတယ်…သူက သူ့ အိမ်မှာ သားအကြီးဆုံး..အဖေရဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ အားကိုးလောက်တဲ့သူ… မြေးတွေထဲမှာ မြေးဦး….သူ့ ကို ဆုံးရှုံးသွားတဲ့ သူ့ မိသားစု မဆိုထားနှင့် တွေ့ ဖြစ်တာ မကြာသေးတဲ့ ကျွန်မတောင်မှ တော်တော်လေးကို ခံစားနေရတာ…သူနှင့် အသက် ၁၇နှစ်လောက်ကွာတဲ့ သူ့ ရဲ့ ညီအငယ်ဆုံးလေးကဆို အငို မတိတ်တော့ဘူး… သူက သူ့ ညီလေးကို သိပ်ချစ်တာလေ…ကျွန်မနဲ့ တွေ့ ရင်တောင်မှ သူ့ ညီလေးကို တစ်ခါတစ်လေ ခေါ်လာတတ်တယ်….
ကျွန်မလည်း သူ့ ညီမတွေနဲ့ အားပေးစကား ပြောနေတုန်း သူ့ အဖွားက “ သမီးလေးက ဒီဓါတ်ပုံ ပိုင်ရှင်လား..” ….ဟင်… ကျွန်မ အံ့သြသွားသည်… ကျွန်မရဲ့  တစ်လက်မခွဲသာသာရှိတဲ့ ဓါတ်ပုံ ပါတဲ့ stand အသေးလေး အိမ်ရှေ့ မှာ ထောင်ထားတာ သူ ဘယ်အချိန်က ယူသွားတာလဲ… အိမ်မှာ ကျွန်မက ဓါတ်ပုံရိုက်ခံရတာ အရမ်းကို ၀ါသနာကြီးသူပါ…ဧည့်ခန်းမှာလဲ ကျွန်မ ဓါတ်ပုံတွေက နေရာမလပ် ထားထားတာပါ… ဒီ ဓါတ်ပုံ လျော့နေတာတောင် သတိမထားမိခဲ့ဘူး… အဖွားကပဲ ဆက်ပြီးတော့ “မြေးလေး ယူထားတာသိလို့ သမီးလေးကို ပြန်ပေးတာပါ”တဲ့…. သူ့ အဖွားက သူ့ ကို သိပ်ချစ်တာလေ… အဖွားကိုရော သူဘာတွေ ပြောသွားသေးလဲ…. ကျွန်မ သိချင်ပေမဲ့ ကြေကွဲ ၀မ်းနည်းနေတဲ့ အဖွားရဲ့ မျက်ဝန်းတွေကြောင့် ကျွန်မ ဘာမှ မမေးဖြစ်ခဲ့ပါဘူး… အော် ခုတော့ ဒီဓါတ်ပုံလေးကို သိမ်းထားပေးမဲ့သူက ကျွန်မကို ကျောခိုင်းသွားခဲ့ပြီ… ကျွန်မရင်ထဲ နင့်နင့်နဲနဲ ခံစားလိုက်ရတယ်… သူ့ ကို လှမ်းကြည့်တော့လဲ ပြုံးနေဆဲပါပဲ…
~~~~~~~~~~~~~~~
ကျွန်မတို့ အားလုံး အချိန်ကျတော့ သူရှိရာဆီကို ကားအသီးသီး နဲ့ ရောက်ခဲ့ကြတယ်… ဟို ရောက်လို့  ကျွန်မ တွေ့ လိုက်ပြန်တာက သူ့ အပြုံးပါပဲ… အသက်ငယ်ငယ်နဲ့ သေဆုံးသွားတဲ့ သူ့ ကို လာကြည့်ကြတဲ့ လူအုပ်ကြီးက ခန်းမ တစ်ခုလုံး အပြည့်ပါပဲ…. သူ့ ဆီကို ရောက်ဖို သျှားသျှား မဇင်နဲ့ကျွန်မတို့ တွေ မနည်းအားတင်းပြီး လူအုပ်ကြီးကို ကျော်ဖြတ်လာခဲ့ရတယ်… အသုဘရှင်တွေပါလို့ မနည်းတောင်းပန်တော့မှ လူအုပ်ကြီးက ၀ိုင်းပြီး လမ်းဖယ်ပေးကြတယ်…. သူ့ ဓါတ်ပုံထဲက သူ့ အပြုံး..ဖယောင်းတိုင် ထွန်းထားတဲ့ ရှေ့ မှာ ဇာအဖြူလေး လွှားထားတဲ့ သူ… မျက်နှာမှာ ရေခဲမှုန်လေးတွေက အငွေ့ ပျံ သီးနေတာကလွဲလို့  အိပ်နေသလိုပါပဲ… ကျွန်မ သူ့ ကို အိပ်နေတယ်လို့ ပဲ ပြောပါရစေ… ကျွန်မ လက်မခံနိုင်လွန်းလို့ ပါ… သူ အိပ်နေတဲ့ စင်လေးရဲ့ ဘေးမှာ သူ့ အတွက် သေတ္တာ ဖြူဖြူလေး တစ်လုံး “ ခိုင်မြဲ (၂၁နှစ်)တဲ့”..ကျွန်မ ငိုနေရင်းက အသံတောင် မထွက်တော့ပါ… မြင်နေရတဲ့ သူ့ မျက်နှာဟာ ပြုံးနေသေးသလိုပါပဲ… သူ့ ကိုတစ်လှည့် သေတ္တာဖြူဖြူလေးကို တစ်လှည့်ကြည့်ကာ ကျွန်မ ရှိုက်ရင်း ရှိုက်ရင်း ထို မြင်ကွင်းတွေရဲ့ တခဏမှာပဲ ကျွန်မ သတိမေ့သွားခဲ့တယ်… သျှားသျှား ဖေးမလိုက်လို့ သာ ကျွန်မ ကြမ်းပြင်ပေါ်ကို ပြိုလဲကျ မသွားတာတဲ့…ကျွန်မ သတိယလို့ ကြည့်လိုက်တော့ သူ့ ရဲ့ အငွေ့ တွေကိုပဲ မြင်လိုက်ရပါတော့တယ်… ထို မီးခိုးအငွေ့ တန်းလေးတွေက ကျွန်မကို လက်ပြ နှုတ်ဆက်နေသလိုပါပဲ…
ထိုည ကျွန်မ တစ်ယောက်တည်း ဧည့်ခန်းမှာထိုင်နေတုန်း လေအေးလေး တစ်ချက်အဝေ့မှာ စံပယ်ပန်းနံ့ တွေ လှိုင်ထသွားတယ်… ကျွန်မတို့ နေတဲ့ လေးထပ်တိုက်မှာ ဘယ်ကမှ စံပယ်ပန်းနံ့ လာစရာ အကြောင်းမရှိပါဘူး… ကျွန်မ မျက်စိထဲ မြင်လိုက်တာက ဇာအဖြူလေးပေါ်က စံပယ်ပန်းတွေ….အော် သူ ကျွန်မကို အပြီးအပိုင် လာနှုတ်ဆက်သွားပြန်ပြီ…. ကျွန်မ အခုတစ်ခါမှာတော့ မကြောက်တော့ပါဘူး… စိတ်ထဲကနေလဲ ဆုတောင်းလိုက်ပါတယ်…သူ ကောင်းရာ သုဂတိရောက်ပါစေလို့ …. အဲ့ဒီနေ့ ကစလို့ ဒီနေ့ ဒီအချိန်ထိ သူ ကျွန်မနားမှာ မရှိတော့ပါဘူး..ဘယ်လို အရိပ်အယောင်မျိုးကိုမှလဲ ကျွန်မ မမြင်ခဲ့ရပါဘူး… ဒါပေမဲ့ ကျွန်မ သူငယ်ချင်းတွေကတော့ ညဘက်တွေမှာ ကျွန်မဆီကို မလာကြတော့ပါဘူး…
သူ့ ကိုမှားသတ်မိတဲ့ သူတွေလည်း တရားဥပဒေရဲ့ အဆုံးအမနဲ့  ထောင်ဒဏ် ၁၀နှစ် ကျခံသွားကြပါပြီ… ဒါပေမဲ့ အခုဆိုရင် ဒီလူတွေက လောကကြီးထဲ ပြန်လည် ၀င်ရောက်ခွင့်ရပေမဲ့ သူကတော့ ကျွန်မတို့ ကို အပြီးအပိုင် နှုတ်ဆက် ထွက်ခွာသွားခဲ့ပါပြီ…. လောကကြီးထဲမှာ သူ နောက်တစ်ဖန် ရောက်လာဦးမှာလား… ရောက်လာပါစေလို့ ကျွန်မ မျှော်လင့်နေပါတယ်…. သူ တကယ်လို့ များ ရောက်လာခဲ့ရင် သူ့ စကားတွေကို ကျွန်မ နားထောင်ခွင့် ရချင်လိုက်တာ…
~~~~~~~~~~~~~~~
ထိုအချိန်ကတည်းက ကျွန်မ နားလည်လိုက်တာက ကိုယ့်ကို ချစ်ခင်တဲ့ သူတွေကို ကိုယ့်အနားမှာ ရှိနေတုန်း တန်ဖိုး ထားဖို့ ပါပဲ… သူမရှိတော့ရင်ဆိုတဲ့ အတွေးမျိုး ကျွန်မ ခဏလေးဖြစ်ဖြစ် တွေးကြည့်လိုက်ရင် ကျွန်မ အရမ်းကို ကြောက်သွားမိပါတယ်… ကိုယ့်ကို မုန်းတဲ့သူ တစ်ယောက်တိုးလာမဲ့ အစား ကိုယ့်ကိုချစ်တဲ့သူ တစ်ယောက် လျော့မသွားဖို့ ကို ကျွန်မ အလေးထားတတ်နေပါပြီ… လူ့ ဘ၀ရခိုက် ခဏလေးမှာ သာယာချမ်းမြေ့ မှုနဲ့ ပျော်ရွှင်စွာပဲ ကျွန်မ နေသွားချင်ပါတော့တယ်… လောကကြီးထဲက ကျွန်မ ထွက်သွားရမဲ့ နေ့ ရောက်ခဲ့ရင်လည်း ကျွန်မရဲ့ အမှတ်တရများနဲ့ အတူ ကျွန်မကို အမှတ်ရနေမဲ့ သူတစ်ယောက်တော့ ရှိနေမယ်လို့  မျှော်လင့်ပါတယ်….
(၀န်ခံချက်။ ။ နာမည်များမှလွဲ၍ ကျန်တာ အားလုံးသည် ဖြစ်ရပ်မှန်များ ဖြစ်ပါသည်။ ကျွန်မ ဘ၀ထဲမှ အမှတ်တရရှိခဲ့သူ တစ်ယောက်ကို ၁၀နှစ်ပြည့် အမှတ်တရ အဖြစ် ဒီဇာတ်လမ်းလေးကို ရေးသားပါသည်။ ကျွန်မ ကိုကိုလို့ ခေါ်တာကို သူ မကြားနိုင်တော့ပါဘူး။ ကျွန်မရဲ့ အစ်ကို တစ်ယောက်အဖြစ် အမြဲ အမှတ်တရ ဖြစ်နေမှာပါ။ ကိုကိုတစ်ယောက် ကောင်းရာ မွန်ရာမှာ ပျော်နေပါစေလို့ ဆန္ဒပြုရင်း….)
Tuesday, October 13, 2009
ဝက်ဝံလေးရဲ့ တဂ် “ က ” for “ ကာရံဆူး”..
1.What is your name : ကာရံဆူး
2.က four Letter Word : ကုက္ကိုက်ကိုင်းကြီး
3.A boy's Name : ကရင်လေး (နင့်နာမည် ငါသုံးလိုက်တယ်..ခွေးလွှတ်..)
4. A girl's Name : ကြည်ဖြူသျှင် (ကိုယ်ကြိုက်တာကိုရေးတာ)
5. an occupation : ကြက်ကြော်ရောင်းတယ် (KFC ကိုအားကျလို့ ..)
6. color : ကြည်ပြာရောင်
7. Something you'll wear : ကုတ်အကျီ င်္
8. food: ကတက်ချဉ် (အရမ်းကြိုက်..)
9. place : ကမ်းခြေ (သူနဲ့ သာဆိုရင်…)
10.movie title : ကိုကိုဘာလို့ မုန်းတာလဲ
11. Something you drink : ကြံရည်
12. A musical group : ကာတွန်း
13. animal : ကျား
14. street name :ကင်းဝန်မင်းကြီးလမ်း (တို့ အဘိုးတော့ မဟုတ်ဘူး..ဟိဟိ)
15. type of car : ကက (သိတယ်မှတ်လား တက္ကဆီလေ.. ကိုယ်ပိုင်မှ မရှိတာ..)
16. The title of a song: ကိုယ့်အနားရှိစေချင်
17.verb : ကဲသည် (ဟိုကောင်မလေးကို ပြောတာနော်..ဟွန်း)
ကဲ…၀က်ဝံလေးက မြန်မြန် တဂ်ပါဆိုလို့ လေ….“ က ” for ကာရံဆူးဆိုလို့ ..မြန်မာလိုပဲ တဂ်လိုက်ပါတယ်…ဟဲဟဲ..ရတယ်ဟုတ်..ဒီလောက်နဲ့ ကျေနပ်နိုင်ပါစေ… မဆိုင်းမတွ အမြန်ဆုံး ကြိုးစား ပမ်းစား တင်လိုက်ပါတယ်…
Friday, October 9, 2009
စွဲလန်းမှု ပြဿနာ
လောကတွင် လူအပါအ၀င် သတ္တ၀ါအပေါင်းတို့ သည် မသိခြင်းငါးမျိုးဖြင့် ရှင်သန်နေထိုင်ကြသည်။ ထို မသိခြင်းများမှာ-
၁။ မည်သည့်အရွယ်တွင် သေမည် မသိခြင်း
၂။ မည့်သည့်ကာလ (နံနက် ၊ နေ့ လည် ၊ ည) အခါ၌ သေမည် မသိခြင်း
၃။ မည်သည့်ရောဂါဘယ နှင့်သေမည် မသိခြင်း
၎။ မည်သည့်ဒေသ၌ သေမည် မသိခြင်း
၅။ သေပြီးနောက် မည်သည့်ဘုံရောက်မည် မသိခြင်း တို့ ဖြစ်ပါသည်။
ထိုသို့ ရေရေရာရာ မသိသော ဘ၀၌ ကျင်လည် နေကြသော လူ ၊ သတ္တ၀ါများ အဖို့ တွင် ဘ၀ အာမခံချက်ဟူသည် အဘယ်နည်း ။ မိမိ ဘ၀သည်ပင် သေချာရေရာမှု မရှိပါက ဘယ်အရာသည် သေချာမှုရှိမည်နည်း ။ ဤကဲ့သို့ မသေချာ မရေရာမှုများကို မသိသော အချို့ သော လူများသည် အရာရာကို မှန်းကာ ရမ်းကာဖြင့် “မျက်ကန်းတစ္ဆမကြောက်” လျှောက်နေကြပေသည်။ တချို့ က ပိုင်ဆိုင်သည့် ပစ္စည်း ဥစ္စာ ရာထူး ပညာ ပေါ်၌ တပ်မက်ခြင်း တချို့ သည် ဆန္ဒများ၌ ပျော်မွေ့ ၍ တချို့ ကတော့ သံယောဇဉ် အပူမီးများနှင့် ပျော်မဆုံး မော်မဆုံး ရှိနေကြသည်။ ယင်းသို့ တပ်မက်ကာ အပျော်ကြီးပျော်နေသော ပုထုဇဉ်အရေအတွက်မှာ များပြားလွန်းသောကြောင့် သေသည့် အခါတွင် ငရဲသို့ လားသော ဦးရေမှာ မည်မျှများပြားကြောင်း ဘုရားရှင်က အောက်ပါအတိုင်း မိန့် တော်မူသည်။
မြတ်စွာဘုရားရှင်က “ ချစ်သား ချစ်သမီးတို့ ငါဘုရား လက်သည်းပေါ်က မြေမှုန်လေးနှင့် မဟာ ပထ၀ီမြေကြီး ဘယ်အရာက များသလဲ” လို့ မေးမြန်းသည့် အခါ မဟာ ပထ၀ီ မြေကြီးက များသည်ဟု ဖြေဆိုကြရာ ဗုဒ္ဓဘုရားရှင်က “ ချစ်သား ချစ်သမီးတို့ ဒီ ဥပမာ အတိုင်းပဲ လူ့ ဘ၀ကနေ သေပြီးတော့ သုဂတိလို့ ခေါ်တဲ့ လူ့ ဘုံ နတ်ဘုံ ဗြဟ္မာဘုံ ရောက်တဲ့ လူသားတွေဟာ ငါဘုရား လက်သည်းပေါ်က မြေမှုန့် လောက်ရှိပြီး ငရဲ ၊ တိရစ္ဆာန် ၊ ပြိတ္တာ ၊ အသူရကယ် ဆိုတဲ့ အပါယ်လေးဘုံကိုကျတဲ့ လူသားတွေကတော့ ဟောဒီအောက်က မဟာပထ၀ီ မြေကြီးပေါ်က မြေမှုန်လောက် ရှိတယ်လို့ ” ဟောကြားတော်မူခဲ့ပါတယ်။
ပုထုဇဉ် လူသားများအဖို့ တွင် ကောင်းမှုထက် မကောင်းမှု၌ မွေ့ ပျော်လွယ်ကြပေသည် ။ ရရှိပိုင်ဆိုင်ထားသည့် အရာများပေါ်၌ တပ်မက်လွန်းကြသည် ။ သံယောဇဉ် ကြီးလွန်းကြသည် ။ “ငါ” ဟူသော အတ္တကို မြဲမြံစွာ ဆုပ်ကိုင်ထားကြသည် ။ ပုထုဇဉ် လူသားများကို မဆိုထားနှင့် ရဟန်းသံဃာများပင် အယူမှား အစွဲမှား၍ ငရဲသို့ လားရပေသည် ။ ပုံပြင်လေးတစ်ခုနဲ့ ဥပမာပေးပါမည်။
ဗုဒ္ဓလက်ထက်တွင် တိဿအမည်ရှိ ရဟန်းတစ်ပါးသည် ရဟန်းကျင့်ဝတ်နှင့် ညီသော ရဟန်းမြတ် တစ်ပါး ဖြစ်ပေသည်။ တစ်နေ့ သောအခါ သူ၏ တူမက လှူတဲ့ သင်္ကန်းသည် အင်မတန်မှ နူးညံ့ ပျော့ပျောင်းသော သင်္ကန်းဖြစ်သည့်အတွက် ရဟန်းသည်ပင် ပုထုဇဉ် ဖြစ်သောကြောင့် တပ်မက် စွဲလန်းမိရှာသည်။ သင်္ကန်းလေးအား စွဲလန်းရှာလွန်းတော့ ကျိန်းရင်တောင်မှ ခေါင်းအုံးအောက်တွင် ထား၍ ကျိန်းပါသည်။ ညသန်းခေါင်အခါ၌ ပုထုဇဉ် ဆိုသည့်အတိုင်း မည်သည့်အရွယ်တွင် သေမည်ကို ကြိုတင် မသိနိုင်ရကား ရောဂါတစ်ခုဖြင့် ပျံလွန်တော်မူလေသည် ။ ရဟန်းသံဃာများ အပ်နှံမထားခဲ့လျှင် ကျန်ရှိသော ပစ္စည်းသည် “ မတသန္တက” မည်၏ ။ ထို့ ကြောင့် ကျန်သော သံဃာတွေက ဝေခြမ်းယူမည် လုပ်တော့ သင်္ကန်းခေါက်ထဲမှ အသံကြီး တစ်သံ ထွက်ပေါ် လာပါသည်။
“ ငါ့သင်္ကန်းကို မယူကြနဲ့  ငါ့သင်္ကန်းကို မယူကြနဲ့ ” သို့ သော် ရဟန်း သံဃာများက မကြားဘူး ဘုရားရှင်က ကြားတော့ သူတို့ ရဲ့ ဝေခြမ်းမှုကို ခေတ္တ ဆိုင်းငံ့ခိုင်းတယ် ။ “ ချစ်သားတို့ မဝေခြမ်းကြနဲ့ ဦး ။ တိဿ ရဟန်းကြီးဟာ သင်္ကန်းကို စွဲလန်းတဲ့ လောဘကြောင့် သင်္ကန်းခေါက်ထဲမှာ သန်းပြိတ္တာကြီး ဖြစ်နေတယ် ။ မကျွတ်သေးဘူး ၇ ရက်စေ့မှကျွတ်ပြီး နတ်ပြည်ရောက်မှာ ဖြစ်လို့ ၇ရက်ပြည့်မှ ဝေခြမ်းကြပါ” လို့မိန့် တော်မူတယ် ။ ထို့ နောက် ၇ရက် ပြည့်မှ သန်းပြိတ္တာ ဘ၀မှ လွတ်ပြီး နတ်ရွာသုဂတိကို လားပါတယ် ။ ရဟန်းသံဃာများသည်ပင် အပါယ်လေးဘုံသို့ ကျရောက်တတ်လျှင် စာရေးသူ အပါအ၀င် ပုထုဇဉ်များအဖို့ ကား ဆိုဖွယ်ရာ မရှိချေ။
ထို့ ကြောင့် စာဖတ် ပရိသတ်ကြီးလဲ စွဲလန်းမှုများကို တတ်နိုင်သလောက် ဖြည်းဖြည်းချင်း လျှော့ကာ စွဲလန်းမှု လောဘကို အပြီးတိုင် ပယ်သတ်နိုင်ကြပါစေ ။ မသိခြင်းများနှင့် အသက်ဆက်နေရသော လူ့ ဘ၀ကလေး ရခိုက်၌ ကောင်းမှုနှင့်သာ ပျော်မွေ့ ကာ ကုသိုလ် သဒ္ဒါစိတ်များ ပွားများနိုင်ရန် ရည်ရွယ်၍ ဆရာတော် အရှင်ဇ၀န (မေတ္တာရှင် - ရွှေပြည်သာ) ရေးသားသော မိရိုးဖလာ ဗုဒ္ဓဘာသာနှင့် တကယ့်ဗုဒ္ဓဘာသာ တရားတော် စာအုပ်မှ အကြောင်းအရာတို့ အား ကိုးကား ရေးသားလိုက်ရပါသည်။ နောက်လည်း အလျဉ်းသင့်သလို ဖော်ပြပေးသွားပါမည်။ ဆရာတော်၏ မူရင်း ရေးသားမှုအား ဖတ်ရှုလိုပါက ဒီမှာ သွားရောက် ဖတ်ရှုနိုင်ပါသည် ။
Saturday, October 3, 2009
သီတင်းကျွတ်ချိန်ခါ...
ဆီမီး ထွန်းညှိ မီးပုံးပျံလွှတ်
သီတင်းကျွတ်ကာ ဤချိန်ခါဝယ်
အမိအဖ ၊ ဘိုးဘွား ၊ ဆရာ ကျေးဇူးဖြာကို
ကိုယ် နှုတ် ၀စီ ထိုသုံးမည်နှင့်
ကျူးလွန် မှောက်မှား အမိုက်များအား
စိတ်မှာမေ့ဖျောက် အပြစ်မရောက်ရန်
ဆယ်ဖြာရှိခိုး လက်စုံမိုး၍
ညွှတ်တွားခယ ဦးချပါသည်
ဤ မင်္ဂလာ အခါသမယတည်း..
အဝေးရောက်သား သမီးများမှာ
ရေမြေတွေခြား မိဘများနှင့်
မနီး ဝေးကွာ ထိုနေရာများ
မမြင်နိုင်ကား စိတ်မှာထား၍
ကျေးဇူးကိုဆပ် မမေ့အပ်သည့်
မျက်လုံးစုံမှိတ် အရိပ်တို့ အား မြင်ယောင်မှန်းထင်
ကန်တော့ပန်းဆင်လို့ ဦးထိပ်တွင်ထား
ပြားပြားဝပ်ဆင်း ဘုရား ခြေရင်း၌
ယုံကြည်မြတ်နိုး ရှိခိုးပါသည်…
ဤ မင်္ဂလာ အခါသမယတည်း….
Friday, October 2, 2009
သက်မင်းမောင်နှင့် မေသက်ပိုင်ညို (ဇာတ်သိမ်းပိုင်း)
အညို မျက်လုံးတွေ ကျိန်းစပ်နေသည်..တနေ့ ကရော မနေ့ ကပါ ငိုနေခဲ့တဲ့ အချိန်တွေ နည်းမှ မနည်းပဲ… အညို နောင်တ ရနေတာလား သူမကိုယ်တိုင်ပင် မသိ.. မောင့်ရဲ့ စာအိတ်လေးကို သူမ ဖွင့်မကြည့်မိလျှင် ကောင်းမှာ..ဒါမှ မောင်လျှို့ ဝှက်ထားလည်း အညို ဘာမှ မသိပဲ ဆက်ချစ်နေနိုင်မှာ… တစ်ကိုယ်ကောင်းဆန်တယ် ပြောပြော အတ္တကြီးတယ်ဆိုဆို..ဒီလို အတွေးမျိုး ခဏတော့ ၀င်ခဲ့မိတယ်… ဓါတ်ပုံထဲက အမျိုးသမီး နဲ့ ကလေးလေး နဲ့ တွဲရိုက်ထားတာ မောင် မဟုတ်နိုင်ဘူးလို့ အကြိမ်ကြိမ် ငြင်းဆန်ခဲ့ပေမဲ့ ကိုယ့်မျက်စေ့နဲ့ ကြည့်နေတာကို ကိုယ်ကိုတိုင် လက်မခံချင်လို့ မှ မရတာ… မောင်ရေ ရက်စက်တယ်ဆိုတဲ့ စကားထက် ပြင်းထန်တာ ရှိနေသေးရင် အဲ့ဒီ စကားတွေ အားလုံးဟာ မောင် အညို့ အပေါ် လုပ်ရက်ခဲ့တဲ့ လုပ်ရပ်တွေပါ… ဒါပေမဲ့ မောင့်ကို အညို မုန်းလို့ မရတာ ကိုယ့်ကိုကိုယ် ခံပြင်းတယ်.. တနေ့ က သူ ရောက်ပြီဆိုတဲ့ အကြောင်း မောင် အညိုဆီကို ဖုန်းဆက် အကြောင်းကြားတုန်းက အညို ဘာလို့  မမေးခဲ့လဲ..ဘာလို့ ဘာမှ မပြောခဲ့ရတာလဲ… ရင်ထဲမှာ ၀မ်းနည်းတာတွေ ဆို့ နင့်နေတာနဲ့ ဘာစကားမှ မဖွင့်ဟနိုင်ခဲ့ဘူး… မောင့်အသံကြားရတဲ့ ခဏ အညို အရာရာကို မေ့ထားလိုက်တာလား… ၀မ်းနည်းမှုတွေက လှိုက်ခနဲ ခုန်နေတဲ့ နှလုံးသား အစုံကို ဆွဲခါ ဖျစ်ညှစ်နေသလို နာကျင်လွန်းလှပါတယ်… ဒီအချိန်မှာ လေပြည်နုလေး ဖြတ်ပြေးသွားရင်တောင် လဲပြိုကျသွားနိုင်တယ်…အညိုရဲ့ ကြေကွဲမှုတွေက ရုပ်ပျက်ဆင်းပျက်ပါပဲ…အညိုရဲ့ ဂုဏ် မိဘအသိုင်းအ၀ိုင်းဂုဏ် သိက္ခာ တခုမှ မရှိတော့ပါလား…
ပတ်ဝန်းကျင်က အညို့ ကို ဘယ်လိုတွေ ကြည့်နေ မြင်နေ ဝေဖန်နေကြမှာလဲ…ဘယ်သူတွေ ဘယ်လောက်သိပြီး အညို့ ကွယ်ရာမှာ ဟားတိုက် ရယ်မောပြီးပြီလဲ…အရင်က ရိုးရိုးသားသား ကြည့်တဲ့ အကြည့်တွေကိုတောင် အခုဆိုရင် အညို ကြောက်လာတယ်.. လူတွေကို အညို ရဲရဲ မကြည့်ရဲတော့ဘူး… အမှားလုပ်ထားတဲ့ တရားခံ တစ်ယောက်ရဲ့ ခံစားချက်မျိုးလား… အညိုမှာ ရင်ဆိုင်ဖို့ ခွန်အားတွေ ပျောက်ဆုံးကုန်ပြီ…ဒါကြောင့် အညို မောင်နဲ့ ပတ်သက်ခဲ့တဲ့ ဒီပတ်ဝန်းကျင်ကို ကျောခိုင်းပြီး ဒီခရီးကို ထွက်လာခဲ့တာ..
မနေ့ က အညို ထွက်စာတင်တော့ မသီတာက အရမ်းကို အံ့သြ သွားပုံရတယ်.. စကားတွေတောင် မထွက်တော့ဘူး….အညိုကတော့ ကျန်းမာရေးကြောင့်လို့ ပဲ ပြောခဲ့တယ်…မသီတာ ယုံယုံ မယုံယုံ ဒီပတ်ဝန်းကျင်က ထွက်ပြေးသွားချင်ဖို့ သာ အဓိကပါ….မောင့်ကို အကြောင်းကြားပြီးပြီလို့  လည်း လိမ်ခဲ့လိုက်တယ်…. တကယ်လည်း အညို့အခြေနေက ခပ်ယဲ့ယဲ့…စိတ်က ခံစားချက်ဟာ လူကို ဆွဲချလိုက်သလိုပါပဲ… တကယ့်ကို ရောဂါသည်ပုံ ဖြစ်သွားတယ်… ဒီအကြောင်းတွေ ဘယ်သူကိုမှ ထပ်မသိစေချင်ဘူး… နောက်ရင်ဆိုင်ရမှာကို တွေးပြီး အညို ကြောက်ကြောက်လာတယ်… သူများရဲ့  အငယ်အနှောင်း ဘ၀မျိုး သူများ အသိုက်အမြုံကို ခွဲတဲ့ ဘ၀မျိုး သူမ မရချင်… သူမ အတွက်ဘယ် ဘ၀က ၀ဋ်ကြွေးတွေမို့ ဒီလောက် အထိ ရုပ်ဆိုး အကျည်းတန်ခဲ့ရတာလဲ… ဒီလို ဘ၀မျိုးထဲမှာ သိသိကြီးနဲ့ ဆက်လက်ပြီးတော့ မမိုက်ချင်တော့ပါ… အမေ့အိမ်ကို လွမ်းပေမဲ့ သမီးမိုက်တစ်ယောက်ကြောင့် မိဘတွေကို မပူလောင်စေချင်တော့ပါဘူး… သမီးကို ခွင့်မလွှတ်ပါနဲ့ အဖေနဲ့ အမေရယ်…စိတ်ထဲကသာ အကြိမ်ကြိမ် ကန်တော့ တောင်းပန်နေမိတယ်…
“ လက်တွေ့ မှာ ခဏခဏ ခြေချော်လဲတာကို ပြန်ထနိုင်ပေမဲ့ ဘ၀ရဲ့ လှည့်ကွက်တွေထဲ ချော်လဲခဲ့တဲ့ သူမအတွက်တော့ ပြန်ထဖို့ နေနေသာသာ နလန်မထူနိုင်လောက်အောင် လဲပြို ကျခဲ့ပြီလား…”
ရထားကြီးက မမြန်ပေမဲ့ ခပ်မှန်မှန် ခုတ်မောင်းနေတယ်… ရထားပေါ်ပါတဲ့ လူတွေထဲမှာ ကိုယ့်ကို သိတဲ့သူများပါလာမလား..ကိုယ့်အကြောင်းကို သိတဲ့သူတွေ ရှိမလားလို့  တွေးပူမိပြန်တော့ ရထားပေါ် တက်တာတောင်မှ သူများတွေလို ရဲရဲဝံ့ဝံ့ မတက်ရဲတဲ့ ဘ၀…အညို့ ဘ၀အကြောင်းတွေက ဘယ်လိုမှ မလှမပ… ကံကြမ္မာ ငြိုးချက်က ပြင်းထန်လွန်းတယ်… ရထားပေါ် လူတွေ အိပ်ချိန်မှာ အညိုက လူမမြင်အောင် တိတ်တဆိတ် ရှိုက်နေရတယ်…စည်းချက်မမှန်တဲ့ အသက်ရှုသံတွေနဲ့ မောလွန်းလို့  လူကလည်း မျော့မျော့သာ ကျန်တော့သည်… အစာကိုတော့ ဗိုက်ထဲက ကလေးအတွက် စားတယ်ဆိုရုံ စားနေရပေမဲ့ သိပ်အားမပါလှဘူး… အစ်ကိုကြီးဆီ မြန်မြန်ရောက်ပါစေလို့ သာ..ဆုတောင်းနေရသည်…
ညို့ အစ်ကိုကြီးက တစ်နယ်သူနဲ့ အိမ်ထောင်ကျလို့ မိဘတွေနဲ့ ခွဲနေတာ တော်တော်ကြာပြီ…ဖုန်းအဆက်အသွယ် တစ်ခါတစ်လေ ရှိတာကလွဲလို့ မောင်နှမချင်း သိပ်မတွေ့ ဖြစ်… အစ်ကိုကြီးက အညို့ ကို ချစ်သည်…ညီမနှစ်ယောက်ထဲမှာ အညို့ ကို ပိုချစ်သည်..အညို့ ရဲ့ ညီမလေးကတော့ အမေတို့ နှင့် နေကာ ရန်ကုန်မှာပဲ စာပေးစာယူတက်နေသည်… အစ်ကိုကြီး အိမ်ထောင်ကျတုန်းက အညို ဖြင့် ၀မ်းနည်းလိုက်ရတာ..ငိုလွန်းအားကြီးလို့ တစ်ပတ်လောက် အိပ်ယာထဲ နေခဲ့ရတာ..အဲ့ဒီတုန်းက အစ်ကိုကြီးတို့  အညိုနေကောင်းသည် အထိ ရန်ကုန်မှာ နေပေးရသည်.. အိမ်ထောင်ကျကာစမို့ ပျော်ပျော်ရွှင်ရွှင် နေသင့်ပေမဲ့ အညို့ အတွက် အစ်ကိုကြီး ပူပန်နေရသည်.. ယောက်မ ဖြစ်သူက နားလည်မှု ရှိလို့ သာ တော်တော့သည်…
အခုလို အညို့ ရဲ့ အဖြစ်ကို အစ်ကိုကြီးသိရင် ဘယ်လိုနေမလဲ… အညို အစ်ကိုကြီးကို သိပ်တွေ့ ချင်လာသည်… ရထားပေါ်က ဆင်းတော့ အညို အားအင် မရှိတော့ လူက ယိုင်သွားသည်…ဘေးက ထိန်းမတ်ပေးသူကို မော့ကြည့်မိသည်… “ အဆင်ပြေရဲ့ လား..ဘယ်သွားမလို့ လဲ..” အညို မျက်ဝန်းတွေက အရောင်မရှိ ဖျော့တော့နေသည်… အညို စကားမပြန်ဖြစ်..လက်ထဲမှာ လိပ်စာရေးထားသော စာရွက်ကလေးကိုသာ ထုတ်ပြမိသည်…
“ အော် ဒီလိပ်စာသွားမှာလား ကျွန်တော်နဲ့ လိုက်ခဲ့ပါ..ကျွန်တော်လည်း အဲ့ဒီကို သွားမှာ.. ” အညို အင်းမလှုပ် အဲမလှုပ်… စိတ်ကို တင်းကာ သူ့ နောက် လိုက်သွားမိသည်…“ ဟိုရှေ့ မှာ မြင်နေရတဲ့ အိမ်က ညီမသွားမဲ့နေရာပဲ..” အညို အားယူလှမ်းရင်း အိမ်ရှေ့ ရောက်တော့ အစ်ကိုကြီး မျက်နှာကို ၀ိုးတိုးဝါးတာမျှ မြင်လိုက်ရပြီး အညို လောကကြီးကို ခေတ္တမေ့သွားခဲ့သည်…
နိုးလာတော့ အစ်ကိုကြီးနဲ့ အတူ ယောက်မရော အညို့ ကို ကူညီခဲ့တဲ့သူပါ…ပူပန်နေတဲ့ မျက်နှာများနဲ့ ဝိုင်းကြည့်နေကြသည်…“ ညီမလေး အညို သတိယပြီလား..စိတ်ပူလိုက်ရတာ ညီမလေးရယ်… ဘယ်လိုများ ဖြစ်ရတာလဲ..အစ်ကိုကြီးကို ပြောပါဦး..” အညို အင့်ခနဲ့ ရှိုက်ကာ ငိုချလိုက်ပါတော့သည်… “ ညီမလေးရယ် ..ဘာပဲဖြစ်ဖြစ် ညီမလေးနားမှာ အစ်ကိုကြီး ရှိတာပဲ…ပြောစရာရှိတာ ပွင့်ပွင့်လင်းလင်း ပြောမှ အစ်ကိုကြီးတို့ ဘယ်လို လုပ်ရမယ်ဆိုတာ စဉ်းစားလို့ ရမှာပေါ့..ခုနက ဆရာဝန်ကြီး ပြောလို့ ညီမလေးရဲ့ အခြေနေကို အစ်ကိုကြီး သိသင့်သလောက် သိပြီးပါပြီ…” အစ်ကိုကြီးက အညို နဖူးက ဆံပင်လေးတွေ သပ်တင်ပေးရင်း ကြေကွဲနေပုံရသည်… အညို တော်တော်နှင့် အငို မတိတ်… ယောက်းမနှင့် ဟိုလူလည်း အပြင်ရှောင်ထွက် ပေးကြသည်…
အညို့ ဘ၀အကြောင်းကြားပြီး ပိုင်ညိုဦး တစ်ယောက် ယောက်ယက်ခပ်နေသည်…ဒေါသတွေလည်း ပွက်ပွက်ဆူနေသည်… သက်မင်းမောင် ဆိုတဲ့ ကောင်ကို အနားမှာ ရှိလျှင် အသေရိုက်သတ် လိုက်ချင်သည် အထိ… ညီမလေး အညို ရုတ်တရက် သူငယ်ချင်း ထွန်းလတ်နှင့် အတူရောက်လာပြီး အိမ်ရှေ့မှာ မေ့လဲ သွားတော့ ထွန်းလတ်ကိုပင် သူ အထင်လွဲလိုက်သေးသည်.. အညို သတိလစ်နေတုန်း ထွန်းလတ် သေချာ ရှင်းပြမှ အညိုနဲ ဒီကောင် သတ်သတ်ဆီလာတာကို သိရသည်… သူငယ်ချင်းထွန်းလတ်က သူ့ အတွက် ယုံကြည်ရသော ညီအစ်ကိုလိုနေတဲ့ သူငယ်ချင်းမို ညီမဖြစ်သူရဲ့ အဖြစ်ကို ရှက်ရှက်နှင့် ဖွင့်ဟတိုင်ပင်မိသည်…
“ ငါဘာလုပ်ရမလဲကွာ..ငါ့ညီမလေး ကံဆိုးလိုက်တာ…သူ့ မှာ ဘာလို့ ဒီအဖြစ်မျိုးနဲ့ ကြုံရပါလိမ့်.. ငါ့ညီမလေးက သိပ်အပြစ်ကင်းတာကွ… သူ့ ရဲ့ အပြစ်ကင်းစင်တဲ့ မျက်နှာလေးက အခုတော့….” ပိုင်ညိုဦး ၀မ်းနည်းစွာ စကားကိုပင် မဆက်နိုင်တော့ ထွန်းလတ် မနေနိုင်..“ သူငယ်ချင်း မင်းဒီလို ခံစားနေရလို့ ရော ပြဿနာရဲ့ အဖြေက ထွက်မှာလား…ငါတို့ ခေါင်းအေးအေး နဲ့ ဘာလုပ်သင့်တယ်ဆိုတာကို စဉ်းစားရအောင်လား..” ..“ အေးကွာ..ငါလည်း ပူထူပြီး ဘာမှ မလုပ်တတ်တော့ဘူး…မင်းတတ်နိုင်ရင် ကူညီပါဦးကွာ..” ထွန်းလတ်က ခေတ္တမျှ စဉ်းစားဟန်ပြုပြီး တွေးတွေးဆဆနှင့် “ မင်းမိန်းမ မမော်က ကလေးမရနိုင်ဘူးနော်…အဲ့ဒါ ပတ်ဝန်းကျင်က သိလား..” ထွန်းလတ် စကားကြောင့် ပိုင်ညိုဦး နားမလည်သလို ကြည့်သည်.. “ ဒီလိုလေကွာ… မင်း မိန်းမနဲ့ အညို့ ကို ကိုယ်ဝန် ပြိုင်ရှိခိုင်းလိုက်..” ..သူ အံ့သြတကြီး ပြန်ကြည့်တော့..“ မကြည့်နဲ့ ဟေ့ကောင်..ငါပြောတာ ဆုံးအောင် နားထောင်ဦး..ဒီလိုလေကွာ..မင်းမိန်းမ နဲ့ မင်းညီမကို ကိုယ်ဝန်တူတူ ရှိတဲ့ သဘောဖြစ်အောင် လုပ်…လတ်တလော ငါက မင်းညီမ ယောကျာ်း ယောင်ဆောင် ပေးမယ်..ပြီးရင် ငါတို ရော မင်းတို့ လင်မယားပါ မြို့ ကြီးကို တက်မွေးမယ်ဆိုပြီး သတင်းလွှင့်… ပြီးရင် ငါ့နယ်ကို သွားကြမယ်… မင်းသိတဲ့အတိုင်းပဲ..ငါက တစ်ကောင်ကြွက်… မိဘတွေ ရှိတုန်းကသာ ဘွဲ့ လေးတစ်ခုလောက်တော့ ရအောင်ယူပါသားရယ်လို့ ပြောလွန်းလို့ ..ဘွဲ့ တစ်ခုရထားတာ… အခုမိဘတွေလည်း ဆုံးရော…ကြုံရာမှာ စီးပွားရေး လုပ်တဲ့ကောင်လေကွာ..”.. ထွန်းလတ် စကားကို ပိုင်ညိုဦး လေးလေးနက်နက် စဉ်းစားမိသည်.. ထွန်းလတ်က မိဘတွေ ထားခဲ့တဲ့ လက်ငုတ်လက်ရင်း လယ်တွေကို စာရင်းငှား ထားပြီး နယ်စုံလှည့်ကာ ကုန်ရောင်းကုန်ဝယ် လုပ်နေသည်..
ဟိုတစ်ခါ ပိုင်ညိုဦးတို့ လင်မယား မြို့ တက်တုန်း အိမ်ထောင်သက် ကြာပေမဲ့ ယနေ့ ထိ ကလေးမရတာကြောင့် သူ့ မိန်းမ ကိုယ်ဝန်ဆောင်လို့ ရမရ ၀င်စစ်ခဲ့ရာမှ..မ၀င်းဝင်းမော်ရဲ့ ချွတ်ယွင်းချက်ကြောင့် ကလေး မရနိုင်ဆိုတာ သိတော့ သူတို့ လင်မယား စိတ်မကောင်းစွာ ပြန်လာခဲ့ကြသည်… ထို အကြောင်းအား မမော်က ရှက်လှသည်ဆို၍ မည်သူ့ ကို မျှ မပြောဖြစ်..ထွန်းလတ် တစ်ယောက်သာ သူ ပြောဖြစ်သည်.. “ မင်းညီမ မီးဖွားပြီးမှ မင်းမိန်းမမွေးတယ်ဆိုပြီး ကလေးခေါ်ပြီး ပြန်လာပေါ့ကွာ.. ဒီကြားထဲ မင်းကတော့ ပြန်လိုက် သွားလိုက် လုပ်ပေါ့..” ..“ အေးကွာ..ညီမလေးကို တိုင်ပင်ကြည့်တာပေါ့..”..ပိုင်ညိုဦး သက်ပြင်းကိုသာ လေးတွဲ့ စွာ ချလိုက်မိတော့သည်…
“ ဘယ်လို အစ်ကို.. အစ်ကို သူ ငယ်ချင်းကို အညိုက..ပြီးတော့ ကလေးကို ညိုက ဘာလုပ်ရမယ်…” အညို မောင်ကလွဲပြီး ဘယ်ယောကျာ်းကိုမှ သူ့ ဘ၀ထဲ ဆွဲမသွင်းချင်…“ ညီမလေး…ဒီအတိုင်းနေလို ညီမလေးပဲ အရှက်တကွဲ ဖြစ်မှာလေ.. ထွန်းလတ်ကလည်း ယုံကြည်ရတဲ့သူ တစ်ယောက်ပါ..လူတွေကို လက်ဆုပ်လက်ကိုင် ပြစရာ အစ်ကိုကြီးတို့ မိသားစု ဂုဏ်သိက္ခာအတွက် ဒီတစ်နည်းပဲ ရှိတော့တယ်… နာမည်ခံရုံ သက်သက် ထွန်းလတ်က ကူညီတာပါ…ပြီးတော့ ညီမလေးက ဒီကလေးကို မွေးဖြစ်အောင် မွေးချင်တာလေ..အစ်ကိုကြီးတို့ က ညီမလေးရဲ့ ကျန်းမာရေးကို သိပ်အားရတာ မဟုတ်ဘူး… ဒါပေမဲ့ ညီမလေး ဆန္ဒ ဖြစ်မြောက်အောင် အစ်ကိုကြီးတို့ က အဖက်ဖက်က စဉ်းစားပြီးမှ စီစဉ်ရတာပါ.. ပြီးတော့ အစ်ကိုကြီးတို့ ဒီကလေးကို ဆက်မွေးမယ်…ညီမလေးက ညီမလေး စိတ်ကြိုက် ဘ၀သစ်ထူထောင်ပေါ့…” အစ်ကိုကြီးက သူမအတွက် စဉ်းစားတာ သူမသိသည်.. အညို ကိုယ်တိုင်ကလည်း ကိုယ့်ကိုကိုယ် သိပ် အားမရ… ဘာပဲဖြစ်ဖြစ် အညို ဒီကလေးကိုတော့ ဖြစ်အောင်မွေးမည်…အညို အသက်နဲ့ လဲ ရင် လဲရပါစေ..ဖြစ်အောင်မွေးမည်… ဘာကြောင့် အညို ဒီလောက် စိတ်ထက်သန်နေသည်ကိုတော့ သူမ မစဉ်းစားချင်တော့… မောင့်ကို သူမ ချစ်ခဲ့တာက အဆုံးထိ ရည်ရွယ် ချစ်ခဲ့တာလေ… မောင် အညို့ နားမှာ မရှိပေမဲ့ မောင်ကိုယ်ပွားလေးကို အညို လိုချင်သည်… မြင်ချင်သည်… အစ်ကိုကြီး စကားကို သူမ ခေါင်းညိတ်လက်ခံလိုက်သည်…
“ ကဲ သူငယ်ချင်း ကိုယ့်အိမ် ကိုယ့်ယာလို သဘောထား..ဘာမှ အားမနာနဲ့ ..ညီမလေးလည်း ကိုယ့် အစ်ကိုလို သဘောထား..အားမငယ်နဲ့ နော်..” ..သူတို့ တွေ ထွန်းလတ်အိမ်ရောက်တော့မှ အနားယူကြရသည်…တစ်လမ်းလုံး အတွေး ကိုယ်စီမို့  ဘာစကားမှ မယ်မယ်ရရ မပြောဖြစ်.. အိမ်ရှင် ထွန်းလတ်ကတော့..နေရာ ထိုင်ခင်း ပြင်ဆင်နေသည်..မမော်ကတော့ ပိုင်ညိုဦး စကားကို အမိန့် တစ်ခုသဖွယ် ဘာမှ မငြင်းဆန်ခဲ့ အမြဲ နာခံမြဲ… ခုလည်း ပိုင်ညိုဦး စီစဉ်တာကို ဘာစောဒက မှ မတက်..သူမကလဲ ကလေး ရူး ရူးနေတာဆိုတော့..ကလေးတစ်ယောက် ရမည့်အရေးမို့ သူမလည်း ပျော်ရွှင်နေသည်… ပိုင်ညိုဦးနှင့် အညိုတို့ မောင်နှမ နှစ်ယောက်ကသာ..ဆို့ နင့် ခံစားနေရသည်.. ဒီဒုက္ခတွေ အခက်ခဲတွေကို ညီမလေး အောင်အောင် မြင်မြင် ဖြတ်သန်းသွားနိုင်ပါစေလို့ အစ်ကိုကြီး ဆုတောင်းနေပါတယ် ညီမလေးရယ်…
“ ခုတစ်လော အညို ကြည့်ရတာ သိပ်အားမရဘူး ခဏခဏလည်း မောနေတယ် အစ်ကို… အစားလည်း သိပ်မစားဘူး.. ကိုယ်ဝန်က လရင့်နေပြီဆိုတော့ စိတ်ပူတယ် အစ်ကိုရယ်..အော် သူမှာတဲ့ဆေးတွေရော ပါခဲ့ရဲ့ လား…” ပိုင်ညိုဦး ခရီးရောက်မဆိုက် ညီမဖြစ်သူ အခြေနေကို မမော်က ဆီးပြောသည်… သူနှင့် ထွန်းလတ်က အလုပ်ကိစ္စနှင့်မို့ မကြာခဏ ခရီးထွက်ရသည်… အညို ကို မမော်နှင့်သာ ထားခဲ့ရသည်…“ ဟင်း..ဆေးတွေက ပါပါတယ်.. ညီမလေး ကြည့်ရတာ တအား ပိန်လာတယ်…အစ်ကိုလည်း သိပ်အားမရဘူးကွာ…ခက်တာက သူ ကဆေးရုံ မသွားချင်ဘူးတဲ့… သူကိုယ်တိုင် ဆရာဝန် ဖြစ်နေတော့ အစ်ကိုတို့ လည်း ပြောရခက်တယ်ကွာ..ဒီတစ်ခေါက် အစ်ကို ရန်ကုန်ပါ ရောက်ခဲ့တယ်…အမေတို့ ဆီ ရောက်တော့..အဖေက အခြေနေ သိပ်မကောင်းဘူး..အညို့ ကို အရမ်းတွေ့ ချင်နေတယ်…”…
အဖေ့တွင် သွေးတိုးရော နှလုံးရော ဆီးချိုပါဆိုတော့ အဖေ့ အခြေနေက သိပ်မကောင်း… အဖေက သမီးလို့ တိုးတိုး တစ်ခွန်းပြောတော့ အမေနဲ့ အငယ်မလေးက မျက်ရည်ကျသည်… အမေက သူ့ ကို ခေါ်ကာ တိုးတိုးစကားဆိုသည်..“ မင်း အဖေကို ဆေးရုံမတင်ခင်တစ်ညက သူ အမေ့ကို စကားတွေ ပြောတယ် သားရယ်…သမီးညို ကို သူအိပ်မက် မက်တယ်တဲ့… အိပ်မက်ထဲမှာ သမီးက မျက်နှာ မကောင်းဘူး..အရမ်းကို အားငယ်နေတယ်တဲ့..အဲ့ဒီ စကားတွေကို သူ ဒီလောက်မောနေတဲ့ ကြားက မနည်း အားယူပြီး အမေ့ကို ပြောတယ် သားရယ်..” အမေ သူ့ ရင်ခွင်ထဲ ရှိုက်ကြီးတငင် ငိုချတော့သည်..အဖေ့ရှေ့ တွင် ဟန်ဆောင်နေသော အမေ သားတစ်ယောက်ရှေ့ ကျတော့ ကလေးတစ်ယောက်ပမာ အားကိုးတကြီး ဖက်ကာ ငိုရှာသည်ပေါ့… ပထမတော့ သူ အမေ့ကို အညို အကြောင်း ပြောမလို့ ပါ…အဖေ့ရဲ့ အပူနဲ့ တင် အမေ့ မျက်နှာက ရုပ်သိပ်မပေါ်… အညို့ အကြောင်းပါကြားရင် အမေ ခံနိုင်ရည် ရှိမည်မထင်..ဒါကြောင့် သူ အငယ်မလေးကိုသာ အကျိုးအကြောင်းရှင်းပြခဲ့ရသည်… မိဘတွေ အနားတွင် အကြီး ဖြစ်သော သူရော အညိုပါ တာဝန် မကျေခဲ့…အငယ်မလေးကိုသာ အဖေနဲ့ အမေ့ကို ဂရုစိုက်ဖို့ မှာကာ သူ ပြန်လာခဲ့ရသည်…
“ ညီမလေး နေသာရဲ့ လားကွယ်..” သူ ၀ယ်လာသော ဆေးတွေကို အညို့ ကို သွားပေးပြီး အခြေနေကို မေးမိသည်.. “ ညီမလေး နေကောင်းပါတယ် အစ်ကိုကြီး… ဒီဆေးတွေ သောက်နေတာပဲလေ..ညီမလေး အတွက် မပူပါနဲ့ … ဒီကလေးကို ညီမလေး ရအောင် မွေးမှာပါ…” အညို ကြည့်ရတာ စိတ်တော့မလျှော့..
ဒါပေမဲ့ အတွင်းမှာ ခံစားနေရတာကို ညီမလေး မျက်ဝန်းတွေက တဆင့် အစ်ကိုကြီး ရိပ်မိပါတယ်ကွာ… ထွန်းလတ်ပင် အညို အပေါ် သံယောဇဉ်တွယ်နေမိသည်… ဆရာဝန်မလေး တစ်ယောက်ရဲ့ အဖြစ်က ဆိုးလွန်းသလို အညို့ အတွက် သူလည်း ပိုင်ညိုဦးနှင့် ထပ်တူ ခံစားမိသည်… သူတို့ နှစ်ယောက် သက်ပြင်း ကိုယ်စီ ချလိုက်ကြသည်…
အချိန်တွေ တရွေ့ ရွေ့ ကုန်ဆုံးကာ အညို့ မီးဖွားရက်ပင် ရောက်လာခဲ့သည်… ဧည့်ခန်းတွင် ပိုင်ညိုဦးနှင့် ထွန်းလတ် ယောက်ယက် ခတ်နေသည်… အိပ်ခန်းထဲတွင်တော့ အညို့ ရဲ့ ညီးငြူ စုပ်သပ်သံတွေက ဆက်တိုက် ကြားနေသည်… တစ်ခါတစ်ခါ အသက်ရှုသံ ပြင်းပြင်းတွေပါ ပါလာသည်… သူနာပြု ဆရာမလေးနှင့် အတူ လက်သည်ရော မမော်ပါ အခန်းထဲတွင် အောင်အောင်မြင်မြင် မွေးဖွားနိုင်ရန် အစွမ်းကုန် ကြိုးစားနေကြသည်… အညိုက ခေါင်းအရမ်းမာသည်… ဆေးရုံကို ဘယ်တော့မှ မသွားဟု တင်းခံနေတော့ ယခုလို စွန့် စွန့် စားစား မွေးနေရသည်ပေါ့… အညိုဆေးရုံ မသွားချင်တာ သူသိသည်… ဟိုကောင်နှင့် အဆက်အသွယ် ရှိသူ တစ်ယောက်ယောက် သိသွားမှာကို မလိုလား..ပြီးတော့ အညို နှင့် လုပ်ဖော်ကိုင်ဖက် ဖြစ်ဖူးသူတွေလည်း ပါကောင်းပါနိုင်သည်… သူကိုယ်တိုင်ကလည်း အညို ခုလို အဖြစ်မျိုးကို လူများများ အသိမခံချင်ခဲ့…
“ ၀ါးးးးးး..” အခန်းထဲမှ ၀ါးခနဲ စူးစူးဝါးဝါး ကလေးငိုသံကြောင့် သူနှင့် ထွန်းလတ် တစ်ယောက်ကို တစ်ယောက် ၀မ်းသာ အားရ ပြိုင်တူ ဖက်မိကြသည်….. “ အညို အညို…အစ်ကိုရေ လုပ်ပါဦး…” အခန်းထဲမှ မမော် ရဲ့ ငိုသံကြီးကြောင့် သူတို့ အပြေးအလွှား သွားကြည့်တော့ အသက်မဲ့နေပြီ ဖြစ်သော ညီမလေး အညို… မျက်လုံးတွေက ဖွင့်လို့ … သူ့ ကို တစ်ခုခု မှာနေသယောင်… သူမ ဆုပ်ထားတဲ့ လက်သီးတွေက ဒီကလေးကို သူမ ဘယ်လောက် အသက်နဲ့ ရင်းခဲ့ရသည်ကို ဖော်ပြနေသယောင်… သူမ ကတိအတိုင်း ကလေးကိုတော့ လူ့ လောကထဲ ရောက်အောင် ခေါ်ခဲ့ပြီး သူမကတော့ အားလုံးနှင့် ဝေးရာကို ထွက်သွားခဲ့သည်…. “ ညီမလေးးးးးးးးးး…..” အညိုကို သူ ဖက်ပြီး အားကုန်အော်ကာ ငိုချ လိုက်မိတော့သည်…..
အညို့ နာရေးကိစ္စ အ၀၀ကို ထွန်းလတ်ကသာ ဦးဆောင် စီစဉ်သည်… ပိုင်ညိုဦး ဒီအဖြစ်ဆိုးကြီးကို အိပ်မက် တစ်ခုလိုသာ သဘောထားချင်သည်… သူ့ ညီမလေး အညို သူတို့ ကို စောစောစီးစီး လောက ထဲက ကျောခိုင်း ထွက်သွားမည်ဟု သူ ဘယ်တုန်းကမှ မတွေးထားခဲ့… ခုတော့ ညီမလေးက သူ့ သမီးလေးကို သူ့ ကိုယ်စား ထားသွားခဲ့သည်… “ ညီမလေး ရေ….စိတ်ချလက်ချသာ သွားပါတော့ကွာ… သမီးလေးကို အစ်ကိုကြီး တစ်သက်လုံး ကိုယ့်သမီးလိ စောင့်ရှောက်သွားပါ့မယ်…ငါ့ညီမလေး ဖြစ်လေရာ ဘ၀တိုင်းမှာ ဒီလို အဖြစ်မျိုးက ကင်းပါစေလို့ အစ်ကိုကြီး ဆုတောင်းပေးပါတယ်… အညိုရေ အမျှ အမျှ အမျှ…”…
အညို့ ရက်လည်ပြီးလျှင် ပြီးချင်း ပိုင်ညိုဦးတို့ ပြန်ချင်ပေမဲ့ ကလေးက ငယ်သေးတာကြောင့် လလည်စောင့်ပြီးမှသာ ပြန်ဖြစ်တော့မည်… “ ကိုပိုင်ညိုဦး ရှိလား ရန်ကုန်က ဖုန်းလာနေတယ်..” သူ့ စိတ်ထဲ ထင့်ခနဲ ဖြစ်သွားသည်… သူ အငယ်မလေးကို ဖုန်းနံပါတ်ပေးခဲ့သည်.. သူ အပြေးတပိုင်း ဖုန်းလာကိုင်တော့ ဖုန်းထဲမှာ အငယ်မလေး ရဲ့ ငိုသံကို ကြားလိုက်ရသည်… အခြေနေကို သူ ရိပ်မိလိုက်သည်…
ဆေးရုံကို သူ ရောက်တော့ “ အစ်ကိုကြီး …..ဟီး ဟီး” အငယ်မလေး သူ့ ကို ပြေးဖက်ပြီး ငိုရှာသည်.. အမေကတော့ အဖေ့ကိစ္စတွေ နှင့် အပူလုံးကြွနေသည်…သူ့ ရဲ့ ရင်တွင်း အပူ သောကတွေကို ဒီမိသားစုကို ဘယ်လို ပြောရပါ့မလဲ..“ အဖေ မဆုံးခင် တစ်ပတ် အလိုလောက်က သူ မညိုကို အိပ်မက်မက်တယ်လို့ ပြောတယ်..သူ့ ကို မညို လာနှုတ်ဆက်တယ်တဲ့…အဲ့နောက်ပိုင်း အဖေ့ အခြေနေ ပိုဆိုးလာတယ်.. အသက်ကယ်ဆေးတွေလည်း လေးလုံးလောက် ထိုးရတယ်…ခုတော့ ခုတော့ အဖေ ညီမလေးတို့ ကို နှုတ်ဆက်သွားပြီ အစ်ကိုကြီးရယ် …..” ညီမလေး အားရအောင် ငိုပါစေလေ…သူ့ ရင်တွေ ကွဲထွက်တော့မည်…“ အစ်ကိုကြီး မညို မညိုရော သက်သာရဲ့ လားဟင်..” အငယ်မလေးက အငို တစ်ဝက်နှင့် အစ်မကို စိတ်ပူစွာမေးတော့ ..သူ ဘယ်လို ပြန်ဖြေရမည်လဲ… သူတွေဝေနေဆဲ “ သား…”…အမေက ခုမှ သူ့ ကို တွေ့ သည် ထင်သည်.. အမေ့ကို ဆီးဖက်ထားလိုက်ရသည်.. အမေလည်း သူ့ အတိုင်းပင် ခံစားနေရရှာမည်… အမေ့ကို ကြည့်ရတာ ယိုင်နေပြီ… သူကိုယ်တိုင်လည်း အခြေမခိုင်ချင်တော့..သို့ သော် သူတောင့်ခံနိုင်ရမည်… သူသာ ပြိုလဲ ခဲ့လျှင် အမေနှင့် အငယ်မလေး ဘယ်သူ့ ကို သွားအားကိုးမလဲ..သူ အံကို တင်းတင်း ကြိတ်ထားမိသည်… “ အမေ အားမငယ်ပါနဲ့ …သားရှိပါတယ်..” “ သမီးလေး အညို ဘယ်တွေ ရောက်နေလဲဟင်… ဖေကြီး ဒီလိုဖြစ်သွားတာတောင် သမီးလေး သိရဲ့ လား… ဖုန်းလည်း မဆက်ဘူး..သူ အဆင်ပြေရဲ့ လား နေရော ကောင်းရဲ့ လား မသိပါဘူး သားရယ်.. အမေစိတ်ပူလိုက်တာ…” အမေက အဖေ့ကိစ္စကို ခဏ မေ့ထားသလိုပင်..အညို့ ကို ပူပင်နေသည်..အော် အမေဆိုတာ သားသမီးကို ဦးစားပေးတတ်တာပါလား… သူ ဘာမှ ပြန်မပြောဖြစ်… တိတ်ဆိတ်စွာ ကြေကွဲနေမိသည်…
အဖေ့ မြေချတဲ့နေ့ … အမေကတော့ တည်ငြိမ်သွားသည့်ပုံစံမို့ စိတ်နည်းနည်း သက်သာရသည်..အမေကို ကြည့်ရသည်မှာ တရားနှလုံး သွင်းနေသည်ထင်သည်… အေးလေ… သွားသည့်သူက သွားနှင့်ပြီ… ကျန်ရစ်သူတွေက ပူဆွေးနေရင် သွားလေသူတွေ ဖြောင့်ဖြောင့် မသွားနိုင် ဖြစ်နေမည်... အမေ့အခြေနေကို အကဲခတ်ကာ သူ အညို့ အကြောင်းကို ဖွင့်ပြောမည်ဟု ဆုံးဖြတ်ထားသည်…
“ သား အမေ့ကို တစ်ခုခု ပြောစရာရှိလား..” အမေက ပါးနပ်သည်..သူ့ မျက်နှာ အရိပ်အကဲ ကိုကြည့်ကာ တည်ငြိမ်သော လေသံနှင့် မေးသည်… ပိုင်ညိုဦး တွေးတွေးဆဆ နှင့် ချင့်ချိန်နေမှန်း သိတော့..“ ပြောစရာရှိတာ ပြောပါ သား.. လောကဓံကို အမေခံနိုင်ပါပြီ…နောက်တစ်ပတ်လောက်ဆို တရား စခန်း သွားတော့မယ်… အငယ်မလေးကိုတော့ သားနဲ့ အမေအပ်ခဲ့မယ်နော်…”… အော် အမေက သံယောဇဉ် အပူတွေ အကုန် ဖြတ်နေပြီကိုး… အငယ်မလေး မျက်နှာကြည့်တော့ ငိုမဲ့မဲ့ မျက်နှာငယ်လေးနှင့်…“ အညို မရှိတော့ဘူး အမေ…” ပြောရင်း အညိုမျက်နှာကို မြင်ယောင်မိတော့ သူ့ ပါးပြင်တစ်ဖက် မျက်ရည်တွေ လိမ့်ဆင်းလာသည်… အငယ်မလေးက ဟီးခနဲ ငိုချပြန်သည်… သူ့ အမေ့မျက်နှာကို အကဲခတ်သလို ကြည့်တော့ ခဏ မှင်သက်ပြီး အရိပ်တချို့ ဖြတ်ပြေးသွားသည်… ပြီးမှ ၀မ်းနည်းမှုတွေကို ထိန်းထားသော အသံ “ အမေ သိနေတယ်.. သားရယ်…အမေ့ သမီးလေး ကံမကောင်း ရှာ ဘူး ထင်တယ်… ဖေကြီး တစ်ယောက် သမီးလေးကို သတိယနေတုန်းက အမေ ရိပ်တော့ ရိပ်မိတယ်… ဒါပေမဲ့ အမေ မေးလို့ သားဖြေမှာကို အမေ မကြားနိုင်သေးလို့  မမေးခဲ့တာပါ.. ဖေကြီးကိုလည်း သိမသွားစေချင်ဘူးလေ..ဒါပေမဲ့ ဖေကြီးကတော့ သိနေပုံရတယ်… သတ္တ၀ါတစ်ခု ကံတစ်ခုပေါ့” အမေက ဆွေးဆွေးမြေ့ မြေ့ ပြောတော့ သူတို့ မောင်နှမ နှစ်ယောက် ငိုမိပြန်သည်… အမေ ဖြေနိုင်သွားပြီလား မျိုသိပ်ထားတာလား…. အမေ့ရဲ့ မျက်ဝန်းတွေ ရီဝေနေသည်… အစ်ကိုကြီး ဆုတောင်းနေပါတယ် …အဖေနဲ့ ညီမလေး ကောင်းရာ ဘုံဘ၀ ရောက်ကြပါစေ…
သက်မင်းမောင်တစ်ယောက် အညို့ ကို ဆက်သွယ်လို့ မရခဲ့…. စိတ်ကတော့ပူသည်..ဒါပေမဲ့ ဒီမှာလည်း စံပယ်ထွေးနှင့် ကိစ္စကို သူ အပြီး ဖြတ်ချင်ဇောနှင့် လောနေသည်… ဒီကိစ္စ အမြန်ပြတ်မှသာ သူနဲ့ အညို ပြည့်ပြည့်၀၀ ပျော်နိုင်မည်..သူလည်း အညို့ ကို စိတ်သန့် သန့် နှင့် ချစ်နေနိုင်မည် မဟုတ်လား…သူနဲ့ အညို မြန်မြန် နီးစပ်ဖို့ အတွက် နောင်ရေးသေချာဖို့ အတွက် သူ ကြိုးစားနေသည်….ဒါတောင် စံပယ်ထွေးက တော်တော်နှင့် လက်မခံ… အလျှော့ မပေး.. အချိန်ဆွဲနေသည်…. နောက်ဆုံး သက်မင်းမောင်ဘက်မှ နင်လိုချင်တာ တောင်းတော့ဟုဆိုမှ လက်ရှိနေတဲ့ အိမ် ခြံ နှင့် ကလေးနာမည်နှင့် ဘဏ်မှာ သိန်းတစ်ရာ ပေးမှသာ သူ သက်မင်းမောင်နှင့် ကွာပေးမည်တဲ့… တကယ်ဆို စံပယ်ထွေးအား သက်မင်းမောင် ညစ်လျှင်ရသည်.. သူတို့ လက်ထပ်စာချုပ်က တကယ်တော့ အကျုံး မ၀င်မှန်း စံပယ်ထွေး မသိ.. ဒါပေမဲ့ ကလေးမျက်နှာထောက်ကာ စံပယ်ထွေး ဆန္ဒကို လိုက်လျောလိုက်သည်… ကိစ္စအားလုံး ပြီးသွားတော့မှ သူ အညို့ ကို အရမ်းတွေ့ ချင်လာသည်…. သူနှင့် အညိုရဲ့ အနာဂတ်ကို စိတ်ကူးနဲ့ ကောင်းကောင်း ပုံဖော်ရင်း ကြည်နူးနေမိသည်… သားတွေ သမီးတွေနှင့် ပျော်စရာကောင်းသော မိသားစုလေး ဖန်တီးမည်…..
သက်မင်းမောင် ဒီနေ့ ပြန်လာမည် ဆိုတဲ့ အကြောင်း အညို့ ကို အကြောင်းကြားလိုသည်…သို့ သော် ဖုန်းလည်း ဆက်လို့ မရသည်မို့  သူ အမြန်ပြန် ရောက်မှသာ အကျိုးကြောင်း ရှင်းပြတော့မည်… အိမ်ရောက်တော့ ဖုန်အနည်းငယ် တက်နေသော ပတ်ဝန်းကျင်ကို သတိထားမိသည်… သူ့ တွင်ပါလာသော သော့နှင့်ဖွင့်ဝင် လိုက်သည်နှင့်…သူ့ ရင်ထဲ အမည်မသိ ဝေဒနာ တစ်ခု ရောက်ရှိလာသည်….သူဘာမှန်းတော့ ရေရေ ရာရာ မသိ… ခရီးပန်းလာသည်မို့  ရေအရင်ချိုးလိုက်သည်… ရေချိုးပြီးသည်နှင့် သူ ဆေးရုံသို့ ထွက်ခဲ့လိုက်သည်..
သူ့ ကို မြင်သည်နှင့် မသီတာက “ ဟယ် ကိုသက်မင်းမောင်..ပြန်လာပြီလား…အညိုရော နေကောင်းလား.. ကျွန်မဆီကို ဖုန်းလေး တစ်ချက်တောင် မဆက်ဘူးနော်…” သူ အံ့သြပြီး ဘာပြောလို့ ပြောရမှန်းပင် မသိ…“ ဟဲ့..အစ်မမေးနေတာရော ကြားရဲ့ လား… ဘယ်လို ဖြစ်နေတာလဲ..အူကြောင်ကြောင်နဲ့ ..” မသီတာ သတိပေးမှ အသိဝင်သလိုနှင့်…“နေပါဦး မသီတာ..အညိုက ဒီမှာ မရှိဘူးလား..ဘယ်သွားလို့ လဲ..” “ ဘုရားရေ..” မသီတာ ဘုရားတမိသည်…“ အညို က မင်းဆီလိုက်သွားတာလေ..သူ့ မှာ နေမကောင်းတာက တစ်ဖက် ကိုယ်ဝန်က တစ်ဖက်နဲ့ မို့ သူ အလုပ်ထွက်ပြီး မင်းဆီလိုက်သွားတယ်လေ… ဒါတွေ မင်း မသိဘူးလား… ဘယ်လိုတွေ ဖြစ်ကုန်တာလဲဟယ်…” မသီတာက နားမလည်စွာ ရေရွတ်သည်… “ ဟင့်အင်း..ကျွန်တော် ဘာမှ မသိပါဘူး အစ်မ…ဘာရယ် အညို့ မှာ ကိုယ်ဝန်ရှိတယ်..ဟုတ်လားအစ်မ…ကျွန်တော့မှာ အိမ်မှာလည်း ကိစ္စလေးတွေ ရှုပ်နေလို့ ..ဖုန်းကို ပုံမှန် မဆက်ဖြစ်ဘူး..ဆေးရုံကို ဆက်တော့လည်း မရဘူး အစ်မရဲ့ ..” “ သြော်…ဟုတ်တယ် ဆေးရုံက ဖုန်းက ပျက်နေတာ တော်တော်ကြာပြီ… ဒါဆို အညိုက ဘယ်ရောက်သွားတာလဲ.. သူ သိပ်နေကောင်းတာ မဟုတ်ဘူး…သူ့ နှလုံးက ”.. မသီတာ အပြောကို သူ ဆုံးအောင် နားမထောင်နိုင်တော့.... သူချက်ချင်းဆိုသလို အိမ်ကို အပြေးအလွှား အိမ် ပြန်ခဲ့သည်…
သူတို့ နှစ်ယောက် အိပ်ခန်းထဲတွင် အညို သူ့ အတွက် တစ်စုံ တစ်ခု ထားခဲ့ လို ထားခဲ့ငြား သူရှာကြည့်သည်…ဘာဆို ဘာမှ မတွေ့ …စာလေးတစ်စောင် စကားလေး တစ်ခွန်းပင် အညို့ သူ့ အတွက် ချန်မထားခဲ့…ဗီိရိုထဲမှာ အညို့ အ၀တ်အစား နည်းနည်းပါးပါး လျော့နေတာကလွဲလို့  အရင်အတိုင်းပင်… အညိုက သူ့ အတွက် ဘာမှ ချန်မထားခဲ့သလို သူလည်း အညို့ ကို ရှာမတွေ့ ခဲ့… သူ့ မျက်လုံးတွေ ကျီးကန်းတောင်းမှောက် ရှာရင်း စားပွဲပေါ်မှာ ပန်းအိုးလေးနှင့် ဖိထားသည့် စာအိတ်လေးတစ်ခုကို မျက်စေ့ရောက်သွားသည်..သူ အားရ၀မ်းသာ ဖွင့်ကြည့်မိတော့ သူနှင့် စံပယ်ထွေးတို့ သားအမိ ဓါတ်ပုံ တစ်ပုံသာ… ဟင်….ဒါကို အညို အထင်လွဲသွားတာ ဖြစ်မည်… တောက် တစ်ချက် ပြင်းပြင်းခေါက်လိုက်သည်… သူအရုပ်ကျိုးပြတ်နှယ်..မွေ့ ယာပေါ် ထိုင်ချလိုက်သည်… စိတ်တွေ ဆောက်တည်ရာမရ… ဟာ မဟုတ်ဘူး… အညို ဒါတွေက မောင် ရှင်းခဲ့ပြီးပါပြီ…အညိုရယ် မောင် ပြန်လာတဲ့ အထိတောင် မစောင့်နိုင်တော့ဘူးလား... အညို့ ကို မောင် လိမ်ခဲ့တာ မဟုတ်ရပါဘူးကွာ… မောင့်ကို တစ်ယောက်ထဲ ထားခဲ့တာလား… အညို မောင့်ကို ရှင်းပြခွင့်လေးတောင် မပေးခဲ့ဘူးလားကွာ… အညို့ အိမ်လိုက်သွားဖို့ သူ မရဲပါ… သူ့အပြစ်နဲ့ သူမို့ ..အညို့ မိဘတွေကို ရင်မဆိုင်ရဲ….တစ်ခါဖူးမှ ရင်မဆိုင်ခဲ့ဘူးသော ယောက္ခမများနှင့် သူ မျက်နှာချင်း မဆိုင်ချင်သေး.. သူ အညို့ အိမ်နား သွားပြီး အညို့ အရိပ်များ တွေ့ လိုတွေ့ ငြား စောင့်ကြည့်ခဲ့သေးသည်… ထူးခြားမလာခဲ့… သူ အညို့ ကို တွေ့ အောင် အရင်ရှာကြည့်ချင်သည်…
သူ အညို့ ကို ရှာခဲ့သည်မှာ ရက်မှ လ လမှ နှစ်ပင်ပေါက်တော့မည်… အညို့ ကို မပြောနှင့် အညို့ ရဲ့ သတင်း အစအနလေးပင် ကောက်မရခဲ့… သက်မင်းမောင်ရဲ့ အနာဂတ်တွေ တဖြည်းဖြည်း မှေးမှိန်စပြုလာသည်… ခြေရာဖျောက် ကောင်းလွန်းလှချည်လားကွာ… အညိုရေ မင်းမရှိရင် မောင် မနေတတ်ဘူး… ပြန်လာပါကွာ… မောင့်ကို ရှင်းပြခွင့်လေးတော့ ပေးသင့်ပါတယ်… သက်မင်းမောင် တစ်ယောက် ဝေဒနာတွေ နှိပ်စက်လို့  လူရုပ်ပင် မပေါက်တော့… သောက်လိုက်သည့် အရက်က နေ့ စဉ်ရက်ဆက် … လူ နှင့် စိတ်က သိပ်မကပ်… အရာရာဟာ ကံစီမံတာဆိုရင် ကံကြမ္မာရဲ့ ဒဏ်ခတ်မှုက သူ့ အတွက် ဘာကိုမှ ပြင်ဆင်ချိန် မရလိုက်နိုင်အောင်ပဲ ပြင်းထန်လွန်းလှပါတယ်…
ကြာလာတော့ သက်မင်းမောင် တစ်ယောက် ဂယောင် ခြောက်ခြား ဖြစ်လာသည်… သူ့ ရဲ့ စိတ်ကို အညိုက လွှမ်းမိုးနေသည်… တစ်ခါတစ်လေ သူ အညို နှင့်ပင်တွေ့ သလိုလို…. စိတ်ကူးထဲမှာ အညို နဲ့ ခဏခဏတွေ့ ဖူးသည်… စကားတွေဆိုသည်… အညိုက သူ့ ဘ၀ တစ်စိတ်တစ်ပိုင်းပင်မက ဘ၀တစ်ခုလုံးကို လွှမ်းမိုးထားလိုက်ပြီ… ကံကြမ္မာရဲ့ ရက်စက်မှုက ထိုမျှနှင့် အပြီးမသတ်သေး.. ဒုက္ခဆိုသည့်အမျိုးက တစ်ယောက်တည်း ဘယ်တော့မှ မလာ…အပေါင်းအသင်းဖွဲ့ ၍ လာတတ်ကြသည် မဟုတ်လား…
သက်မင်းမောင် အညို ရှာပုံတော် ဖွင့်ရင်း ဆိုင်ကယ် အက်စီးဒင့် ဖြစ်၍ ခါးအောက်ပိုင်းတစ်ခုလုံး လှုပ်မရတော့… ဒီလို ဝေဒနာဆိုးနှင့် ဒုက္ခိတ ဖြစ်သွားရသည့် သားအတွက် ယူကျုံးမရ ဖြစ်ကြရသည်… သားလေးရဲ့ အိမ်ထောင်ရေး ကံဆိုးခြင်းအတွက် ဖြည်မဆည်နိုင်ကြတော့…. “ ဖြစ်မှ ဖြစ်ရလေ သားလေးရယ်…” သူတို့ သိပ်ချစ်ရသော သားအတွက် ရင်ကွဲမတတ် ခံစားကြရသည်… ထို့ နောက်ပိုင်းတော့ သက်မင်းမောင် မည်သူနှင့်မျှ စကားမပြောတော့… အညို လို့ တစ်ခါတစ်ခါ တီးတိုး ရေရွတ် တတ်သည်မှ အပ… သူ့ တွင် ဘာခံစားချက်မှ မရှိတော့လောက်အောင်..အေးစက်သွားသည်…
သူ အညို့ ကိုလည်း ဒီအခြေနေမျိုးနှင့် မတွေ့ လိုတော့… အညို ပုန်းလက်စ နဲ့ သူ့ ကို တစ်သက်လုံး ရှောင်ပုန်းနေပါစေတော့… မောင်တို့ ရဲ့ ဖူးစာ ကုန်ချိန်ရောက်ခဲ့တယ်လို့ မှတ်ယူပါ့မယ်… မောင့်ရင်ထဲက အညို့ ကို ချစ်တဲ့ အချစ်တွေကတော့ မောင် အသက်ရှိသရွေ့ မကုန်မခမ်း ဆက်ရှိနေဦးမှာပါ… ကမ္ဘာကြီးရဲ့ တစ်နေရာမှာ အညို ရှိနေတဲ့ အတွက် မောင် ကျေနပ်နေပါတယ်… အညိုရေ..မင်းနဲ့ အတူကြည့်ခဲ့တဲ့ ကောင်းကင်ကို မင်းတစ်ခါလောက်ကြည့်မလားလို့ မျှော်လင့်ချက်တွေနဲ့ ခဏခဏ မော့ကြည့်မိတယ်ကွာ… မောင့်ရင်ထဲက စကားတွေ အချစ်တွေကို လမင်းနဲ့ ကြယ်လေးတွေက တဆင့်ပဲ မောင် ပြောတော့မယ်နော်… ကြားရဲ့ လား အညိုရေ… အညို့ အပေါ် လှည့်စားရက်ခဲ့တဲ့ မောင့်ရဲ့ ဇာတ်သိမ်းကတော့ အကျည်းတန်ခဲ့ပါပြီ… မောင့်အပြစ်တွေကို ပေးဆပ်ရတယ်လို့ ပဲ မောင် သဘောထားပါတယ်… အညို တစ်ယောက် ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင် ရှိနေနိုင်ပါစေလို့ မောင်ဆုတောင်း နေပါတယ် အညိုရယ်…
********************
“ ဟင် သမီး သဒ္ဒါ ဘာလို့ ငိုနေတာလဲ..” “ ဖေဖေ့ ပုံပြင်က ၀မ်းနည်းစရာ ကောင်းတာကိုး…ဟင့် ဟင့်..” မေသဒ္ဒါညိုကို ကြည့်ကာ ဦးပိုင်ညိုဦး တစ်ယောက် ရင်နင့်မိသည်… “ အော် သမီးရယ် သမီးက ဖေဖေ့ကို ပုံပြောပြပါဆိုလို့ ဖေဖေက ပြောပြတာလေ… ဖေ့သမီးလေးက အရွယ်ရောက်ပြီ… ပညာလည်း စုံတော့မယ်ဆိုတော့ သိသင့် သိထိုက်တာ မမှားသင့် မမှား ထိုက်တာလေးတွေကို အတုယူရအောင် ဖေဖေက ဇာတ်လမ်းဆင်ပြီး ပြောပြတာလေ..ဖေ့သမီးလေးက တကယ် မှတ်နေတာကိုး… ကဲပါ တိတ်တော့ ပုံပြင်ပဲ ဟာကို သမီးရယ်..ဘာလို့ မျက်ရည်တွေ အကုန်ခံမှာလဲ..ကဲ ကဲ မျက်ရည်တွေ သုတ်လိုက် သွားအိပ်တော့နော်… ညဥ့်နက်နေပြီ သမီးရဲ့ … ” .. သူ မမော်ကို စစ်ကူတောင်း သလို လှမ်းကြည့်တော့ မမော်ရဲ့ မျက်ဝန်းမှာလဲ မျက်ရည်တွေ ဝေ့နေသည်… “ ဟုတ်သားပဲ သမီးရယ်..ဖေကြီးက တော်တော်ဆိုးတယ်..ကလေး အိပ်ခါနီးကို ဘာတွေ ပြောမှန်း မသိဘူး..လာ လာ မေကြီး တခြား ပုံပြောပြီး သိပ်မယ်နော်…” မမော်ခေါ်ရာနောက်ကို လိုက်သွားသော သမီးနောက်ကျောကို ကြည့်ကာ သူ သက်ပြင်းကို ဖွဖွ ရှိုက်မိသည်…
ဟိုးဝေးဝေးက မိုးမျှော်တိုက်ကြီးတွေရဲ့ တဆုံး ငေးကြည့်ရင်း…သူအတိတ်ကို ပြန်စဉ်းစားမိသည်… ညီမလေး အညို နှင့် အဖေဆုံးပြီးမကြာ သူနှင့် အငယ်မလေးလည်း လက်ရှိနေနေတဲ့ ရန်ကုန်က အိမ်ကို အမေ့ သဘောတူညီမှုနှင့် ရောင်းကာ ပိုင်ညိုဦး နိုင်ငံခြားကို ထွက်သွားခဲ့သည်… သမီးလေးကို မမော်နှင့် အငယ်မလေးနှင့်အတူ သူငယ်ချင်း ထွန်းလတ်ကပါ ၀ိုင်းဝန်းစောင့်ရှောက်ပေးခဲ့ကြလို့ လည်း သူ လှည့်ကြည့်စရာ မလိုအောင် အလုပ်ကိုသာ အာရုံစိုက် လုပ်နိုင်ခဲ့သည်… တစ်စတစ်စ သူ အဆင်ပြေ လာတော့ သူငယ်ချင်းထွန်းလတ်ကို အငယ်မလေး နှင့်လက်ဆက်ပေးကာ သူရှိရာသို့  တစ်ယောက်ပြီး တစ်ယောက်ခေါ်ခဲ့သည်…သမီးလေး ပညာရေးအတွက် အစစ အရာရာ သူစီမံခဲ့သည်..သူ့ ရဲ့  စနစ်တကျ စီမံမှုနှင့် သမီးလေးရဲ့ ကြိုးစားမှုကြောင့် အခုဆို သမီးလေးက ဆရာဝန်မကြီးတောင် ဖြစ်တော့မည်…
ရာသီနှစ်လ အခါခါ ပြောင်းပေမဲ့ ညီမလေး အညိုကို တစ်ရက်မှ မမေ့ပါဘူး… ညီမလေးရဲ့ အဖြစ်ဆိုးမျိုး မကြုံရလေအောင် သမီးလေးကို သွန်သင် ဆုံးမနေမိတာပေါ့….အခုလောက်ဆို ညီမလေး အညို ဘယ် ဘ၀ ဘယ်ဘုံတွေ ရောက်နေပြီလဲ… ညီမလေးသာ မြင်နိုင်မယ်ဆို သူနဲ့ ချွတ်ဆွတ်တူသော သူ့ အမွေဖြစ်တဲ့ ပါးချိုင့်ကလေးတွေပါ အပိုင်ရထားသော..သူ့ လို ပုံပြင်နားထောင်တာကို နှစ်သက်သော…သူ့ လို ဆရာဝန်မကြီး တစ်ယောက် ဖြစ်ချင်သော သမီးလေး မေသဒ္ဒါညို ကို မြင်ရင် ရောက်ရာကနေ ကျေနပ်နေမှာပါ… ဦးပိုင်ညိုဦး တစ်ယောက် ပြုံးနေတာလား ၀မ်းနည်းနေတာလားတော့ မသိပါ…. သူ အမြင်တွေ မှုန်ဝါးနေတဲ့ အခိုက် မျက်စေ့ကို ခေတ္တ မှိတ်လိုက်တဲ့ အချိန်မှာတော့ ပါးပြင် တလျှောက် ပူပူနွေးနွေး မြစ်နှစ်စင်းက အလိုလို စီးဆင်းသွားပါတော့သည်….
မှတ်ချက်။ ။ စာဖတ်သူ ပရိသတ်များကို ကာရံ တစ်ခုလောက် တောင်းပန်ပါရစေ... ခုလို ဇာတ်လမ်းရှည်ကြီးကို အချိန်ပေးပြီး စောင့်ဖတ်ရတဲ့ အတွက် အနူးအညွတ် တောင်းပန်ပါရစေ...စိတ်ကြိုက် မဖြစ်သေးလို့ ပြင်ဆင်ရင်း ကြာသွားတာကို ခွင့်လွှတ် ပေးစေလိုပါသည်.. အပိုင်းခွဲရန် စဉ်းစားထားသော်လည်း ကျွန်မ မောင်နှမများကို အားနားလို့  အစအဆုံး ဖော်ပြလိုက်ပါသည်...ကာရံ ဇာတ်လမ်းကို အစအဆုံး ဖတ်ပြီးပြီ ဆိုရင် အချိန်ရပါက ဝေဖန်ချက်လေးများ ရေးပေးစေလိုပါတယ်... ပထမဆုံးရေးတဲ့ ဇာတ်လမ်းမို့  လိုအပ်ချက် အားနည်းချက်များ ရှိနိုင်ပါသည်... စာဖတ်သူများ မနှစ်သက်သော သို့ မဟုတ် လိုအပ်သည်ဟု ထင်မြင်ရသော အကြောင်းအရာလေးများ ရှိပါက ကာရံကို ကူညီသော အနေဖြင့် မှတ်ချက်လေးများ ရေးပေးစေလိုပါသည်...သို့ မှသာ..နောက်နောင်တွင် ဒီထက်ကောင်းသော ဇာတ်လမ်းမျိုး ဖန်တီးနိုင်ရန် အထောက်အကူ ဖြစ်စေနိုင်မည် ဖြစ်ပါသည်...လာရောက် စာဖတ်သူများကို ထာဝစဉ် ကျေးဇူးတင် လေးစားလျှက်....ကာရံဆူး
(မျက်စေ့ ညောင်းသွားသူများအား ကာရံမှ မျက်စဉ်း အလကား ခတ်ပေးပါမည်... မျှော်ရလွန်းလို့ လည်ပင်းရှည်သူများအတွက်လည်း လက်ခမဲ့ လည်ပင်း ဖြတ်ပေးပါသည်.....:P)