Sunday, January 24, 2010

ပဉ္စလက်ရဲ့ သားကောင်


ဝေ့၀ဲ တိုက်ခတ်လာတဲ့ လေပြည်ကြောင့်လား…. ဝေ့နေတဲ့ ဝေ့ရဲ့ စိတ်ကြောင့်လား…တစ်စုံတစ်ရာရဲ့ တွန်းအားကြောင့်သာ… မဟုတ်ခဲ့ရင်…မိုက်မဲရူးသွပ်သူလို့ အများက စွပ်စွဲခြင်းကိုလဲ လည်စင်းခံပေးစရာ မလိုပါဘူး…သစ်ရွက်လှုပ်တာကို ရယ်နေတတ်တဲ့ အရွယ်တွေကို ကျော်ခဲ့ပြီးပြီလေ….. အရာရာကို ချင့်ချိန်နိုင်စွမ်း ရှိပါရက်နဲ့ မျက်ကန်းတစ္ဆေမကြောက်…ဒီလမ်းကို ဝေ လျှောက်ခဲ့တာ…

“ နင်ရူးနေပြီလား ဝေ” တဲ့….သူတို့ တွေ ဘယ်လို တားတား…ဒီအပြုံး ဒီအကြည့်တွေဟာ ဝေ့ ရင်ဘတ်တစ်ခုလုံးကို ဆွဲခါလိုက်တာ…အသိခေါက်ခက် အ၀င်နက်တယ်လို့ ပင် ဆိုချင်ဆို…. “ သူက ကျားမှ ကျား အစစ်နော်…ဘယ်မိန်းကလေးကို ဘယ်လို ချဉ်းကပ်ရမယ်ဆိုတာ သူ ကောင်းကောင်းသိတယ်…” သွေးခွဲ စကားတွေလားလို့ ဝေ ယုံမှားမိ လောက်အောင် ဟန်ဆောင် ပိရိ လွန်းလှတယ်…အချစ်က သိမ်မွေ့ တယ်…ပါးနပ်တယ်….အဓိပ္ပါယ်ပေါင်းများစွာ ပါဝင်နေတဲ့ ချစ်ခြင်းက ပဉ္စလက် တစ်ခုဆိုရင် ဒီပဉ္စလက်ရဲ့ ဖန်ဆင်းရှင်ဟာ “ သူ ” ပဲပေါ့….ဝေကတော့ ထို ပဉ္စလက်ရဲ့ သားကောင်ပါပဲ….

အဖြူရောင် ရှပ်လက်ရှည်ရယ် ယောပုဆိုးရယ် ကတ္တီပါ ဖိနပ်ရယ် ၀တ်တဲ့ ယောကျာ်းလေးတွေကို မြင်ရင် ဝေ အရမ်းကို သဘောကျခဲ့တာလေ… “ သူ ” ကလည်း ဝေ့ အရှေ့ မှာ နတ်သား တစ်ပါးလို အရှိန် အဟုန် မျိုးနဲ့ ဓါတ်တစ်မျိုးရဲ့  စီးမျောခြင်း ခံလိုက်ရတဲ့ ခဏ …ဝေ့ ဘ၀ ဝေ့ အသိ တဒင်္ဂ မရှိတော့ သလိုပါပဲ….ပါတိတ် ၀မ်းဆက်လေးကိုသာ အမြတ်တနိုး ၀တ်ဆင်ပြီး သနပ်ခါး ပါးပါးလေး လိမ်းခြယ်တတ်တဲ့ ဝေ ဆိုတဲ့ ရိုးရိုးရှင်းရှင်း ကောင်မလေး တစ်ယောက်က “ သူ့ ” အတွက် နတ်သမီး တစ်ပါးဆိုတာ လောကကြီးမှာ ယုံမိတာ ဝေ တစ်ယောက်ပဲ ထင်ပါရဲ့ … နောက်ကွယ်က အများရဲ့ လှောင်ပြောင် ဟားတိုက်ခြင်းတွေကို ဝေ က ခေါင်းမော့ ရင်ကော့ကာ “ သူ့  ” လက်ကို ရဲရဲတွဲလို့ အိပ်မက်တွေ အရောင် စခြယ်နေမိပြီလေ…

လိုက်ဖက်လွန်းလှတယ်လို့ အများက တခဏ အသိအမှတ်ပြုခြင်းကို ခံရတဲ့ အခိုက် ဝေ့ရဲ့ ခန္ဓာကိုယ် လေထဲမှာ လွင့်မျော မိသလိုပါပဲ…..သေသပ်လွန်းလှတဲ့ ပန်းပုဆရာ တစ်ယောက်ရဲ့ လက်ရာမျိုးနဲ့ ထုဆစ်ထွင်းလိုက်တဲ့ “ သူ့ ” အချစ်ဆိုတဲ့ ရုပ်တုလေးကို ရင်ခွင်မှာပိုက်ပြီး လှိုက်ခနဲ ခုန်နေတဲ့ ရင်အစုံနဲ့  လုံခြုံစွာ သိမ်းဆည်းခဲ့မိတယ်….အချစ်ရဲ့ အစေအပါး တစ်ယောက်လို ငြင်သာစွာ ခေါင်းညိတ်ခေါင်းခါ တတ်တဲ့ ဝေ ကတော့ သူ့ အတွက် အရုပ်ကလေး တစ်ရုပ်ရယ်ပါ…… အရှင်သခင်ကို ကျိုးနွံမှုမျိုး သစ္စာရှိမှုမျိုးတွေကို ဝေ့ ဘက်က ပုံအောခဲ့ပြီးပြီ… ဧဒင်ဥယျာဉ်ထဲက ချိုမြိန်တဲ့ သစ်သီးကို မြိန်ယှက်စွာ စားသုံးနေမိတယ်…အဆိပ်ရှိမယ် မထင်ခဲ့ဘူးပေါ့….“ သူ ” နဲ့ အတူ တိမ်တိုက်တွေကို စီးမျောရင်း အမှတ်မထင် ခလုပ်တိုက်မိတဲ့ အချိန်မှာတော့…ဝေ့ အိပ်မက်တွေက အရောင်တွေ စုံကာ ပီပီပြင်ပြင် ပုံမပေါ်နိုင်တော့ဘူးလေ…

အဆန်းတွေကို စမ်းတတ်တဲ့ “ သူ့  ” အတွက် ဝေ ကအစမ်းသပ်ခံတဲ့လား… “ သူ့ ” ဘ၀မှာ ဝေ့လို ပုံစံ ကောင်မလေးမျိုးကို တစ်ခါမှ မချစ်ဖူးလို့ ပါတဲ့လား…ရင်ခုန်သံတွေ ဆိတ်သုဉ်းသွားလို့ လမ်းခွဲခြင်းကို “ သူ ” က လိုလားတယ်တဲ့လား…. ဝေနှစ်သက်ခဲ့တဲ့ “ သူ့  ” ပုံစံ အသွင်အပြင်တွေ ဘယ်ရောက်သွားပါလိမ့်…. မိုးကြိုးသွား အစင်းစင်းက ဝေ့ ခေါင်းကို ပစ်ခွင်း လိုက်သလိုပါပဲ…. တိမ်တိုက်တွေထဲမှာပဲ ဝေ လေဟာနယ်ထဲ ပြုတ်ကျသွားတာလား… ဟင့်အင်း လို့ ခေါင်းခါမိတဲ့ အချိန် ပါးပြင်က ပူနွေးမှုတွေနဲ့ အတူ ဝေ့ အသိအမြင်တွေေ၀၀ါးသွားခဲ့တယ်… တစ်စုံတစ်ရာကို အားကိုးတကြီး ဖက်တွယ်ချင်သေးတယ်…. နောက်ဆုံး မျှော်လင့်ချက် တစ်ခုအနေနဲ့ ပေါ့…

သူ့ ” လက်မောင်းကို အယောင်ယောင်အမှားမှား တုန်ယင်စွာ ဆုပ်ကိုင်မိတော့ အသက်မဲ့သူ တစ်ယောက်ရဲ့ အေးစက်သော အပြုံးနဲ့ ညင်သာစွာ ပယ်ချလိုက်တယ်လေ…. တစ်ချက်မှ နောက်ပြန် လှည့်မကြည့်တဲ့ “ သူ့ ” ကို ဝေက မျှော်လင့်နေချင် သေးတာလား…..အိနြေ္ဒ သိက္ခာနဲ့ စောင့်စည်းတတ်တဲ့ ဝေ က ခုတော့ အများရဲ့ သနားစရာ သတ္တ၀ါလေးတစ်ကောင်လို ပါးစပ်ရာဇ၀င်တစ်ခုလို….ဟင့်အင်း ဝေ ဒီလို အဆုံး မသတ်ချင်ဘူး….

မျက်လုံးပေါင်းတစ်သိန်း အကြည့်ပေါင်း မြောက်မြားစွာရဲ့ အောက်မှာ ဝေ ရဲ့ ရှင်သန်မှုက ဒီကမ္ဘာမြေကြီးရဲ့ မြေမှုန်လေး တစ်မှုန်စာလောက်တောင် သေးငယ်သွားပြီလား…. ဝေ့ ရဲ့ လှုပ်ရှားမှုတိုင်းမှာ ဒီအကြည့်တွေ ကပ်ငြိခံရမှာ ဘယ်အချိန် ဘယ်ကာလ ထိပါလိမ့်……ဝေ့ကို လူတွေရဲ့ အမြင်မှာ ခဏဖြစ်ဖြစ် ပုန်းရှောင်ခွင့်ပြုပါ…. ဖိအားတွေ ကြားကပဲ ဝေ့မှာ ခံနိုင်ရည်စွမ်း ဘယ်လောက်ပဲ ရှိရှိပါ… ရင်ခွင်သစ်နဲ့ “ သူ့ ”ကို တွေ့ လိုက်မိတဲ့ ဝေ့အဖြစ်ကို မျက်ကန်းတစ်ယောက်အဖြစ်သာ ဝေ ဆန္ဒရှိချင်မိတယ်…. ဝေးရာကို ဝေ လွင့်သွားချင်မိတယ်….. မျက်နှာလွှဲကာ အကြည့်တွေကို ရုပ်သိမ်းမိတဲ့ အခိုက် ဝေ ဘာကိုမှ မမြင်မိလိုက်သလို မူးမူးမိုက်မိုက်ပါပဲ…. လေရဲ့ လျှင်မြန်ခြင်း တစ်ခုလို ဝေ ပြေးထွက်သွားလိုက်တဲ့ အခိုက်….

လေပြည်တွေ ဝေ့၀ဲနေတယ်…..ကောင်းကင်မှာ တိမ်တိုက်တွေ ညင်သာစွာ ရွေ့ လျားနေတယ်…. “ နှင်းငွေ့ ဝေေ၀ အသက် (၂၁)နှစ် ”…ငြိမ်သက် တိတ်ဆိတ်မှုနဲ့ ….အားလုံးဟာ ချုပ်ငြိမ်းသွားခဲ့ပြီ…..ပုန်းရှောင်ခြင်းကို ဝေ တစ်သက်တာ ယူဆောင်သွားခဲ့ပြီ….အရာအားလုံးဟာ သူ့ နေရာနဲ့ သူ အချိန်မှန်မှန် ဆက်လက်ရှင်သန် နေဆဲပါ… ဝေ လွတ်မြောက်သွားခဲ့ပြီလား...ချစ်ခြင်းတွေကတော့ ရှင်သန်နေဦးမှာပါပဲ……အခုတော့ ဝေ တကယ်ပဲ တိမ်တိုက်ထဲမှာ လွင့်မျောနေမိတယ်….ဒါပေမဲ့ ဝေ တစ်ယောက်တည်း ရယ်ပါ….