Wednesday, August 26, 2009

သက်မင်းမောင် နှင့် မေသက်ပိုင်ညိုတို့ ၏ ပစ္စုပ္ပန်

အိမ်ရှေ့က ကားသံကြားတယ်…နာရီကြည့်တော့ ညတစ်နာရီပင် ထိုးနေပြီ… “ ဟဲ့…နင်ကားကို ဖြေးဖြေးမောင်းနော်… ဒီက လမ်းတွေ နင် သိပ်ကျွမ်းတာ မဟုတ်ဘူး..” ဒါအညို့ အသံ..သြော်…အညိုက သူစိမ်း ယောကျာ်းကို စိတ်ပူတတ်တယ်နော်… မောင့်ကိုရော စိုးရိမ်ဖော်ရရဲ့ လား အညိုရယ်…

“ ဟင်..ကိုသက်မင်းမောင်…မအိပ်သေးဘူးလား…” မျက်ရည်တွေနဲ့ ..မောင်ကို မြင်တော့ အညို ဘာလုပ်လို့ လုပ်ရမှန်းမသိဘူး… လန့် လည်း လန့် သွားတယ်…“ ဟို ဟို ဟိုလေ…သူငယ်ချင်းတွေနဲ့ …”.. “အို…”…မောင်က ဘာမှ ပြန်မပြောပဲ ကျွန်မ စကားမဆုံးခင် ကျွန်မကို တင်းတင်းကျပ်ကျပ် လှမ်းဖက်လိုက်တယ်… ကျွန်မလေ… ဘာကြောင့်မှန်းမသိ… ငြင်းဆန်သင့်မှန်း သိနေပေမယ့် အသိတရားတွေ လေနဲ့ အတူပါသွားတာလား.. …ကျွန်မ ရင်တစ်ခုလုံး နွေးထွေး လုံခြုံသွားသလို ခံစားရတယ်….မောင်ကလည်း စကားမဆို ကျွန်မကလည်း နှုတ်ဆိတ်နဲ့ …ဒီညက လမင်းကြီးနဲ့  ကြယ်ကလေးတွေ ပိုပြီး လင်းနေသလို အရင်ညတွေထက် ပိုလှလို့ နေပါပေါ့လား…



မနက်ကျတော့ မောင်မမေးပေမဲ့ လိုအပ်မယ်ထင်လို့ ပြီးတော့ အညိုကိုယ်တိုင်ကလဲ ရှင်းပြချင်လို့  မနေ့  က သူငယ်ချင်း လင်မယား အလည်ရောက်လာလို့ သွားတွေ့ တဲ့အကြောင်း..သူတို့ တွေနဲ ၁၀တန်းအထိတူတူနေလာကြတာ မတွေ့  တာလဲ ကြာ..ပြီးတော့ သူငယ်ချင်းဇင်မာက ခရီးပန်းပြီး နေမကောင်းဖြစ်ချင်နေတာနဲ့  သူတို့ တည်းတဲ့ နေရာထိ လိုက်သွားတယ်ဆိုတဲ့ အကြောင်း …. ဟိုရောက်တော့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောရင်း ညစာစားပြီးမှ ပြန်လာတဲ့ အကြောင်း မောင့်ကို စီကာ ပတ်ကုံး ပြောပြလိုက်တယ်….အညိုစိတ်ထဲရော မောင့်စိတ်မှာပါ ဘာမှ မရှိ နိုင်အောင်ပေါ့ပါးသွားတယ်…. ချစ်သူတွေ ကြားမှာ သံသယဆိုတာ မရှိနိုင်ရင် အကောင်းဆုံးပဲ မဟုတ်လား…

ချစ်ခွန်းတွေ ဖွဲ့ ဖွဲ့ နွဲ့ နွဲ့ မောင် မပြောပေမဲ့ မောင်နဲ့ အညို နားလည်မှုရတဲ့ ချစ်သူတွေ ဖြစ်သွားကြတယ်…တကယ်တော့ ချစ်သူဘာဝ တီတာနေရမဲ့ အရွယ်တွေလည်း မဟုတ်တော့ဘူးလေ.. သို့ ပေမဲ့ မချစ်ဖူးလို့ အချစ်ရူး ဖြစ်တတ်ကြတာ သဘာဝပါ… မောင့်ကိုလည်း အညိုက မျက်စိအောက်က အပျောက်မခံသလို မောင်ကလည်း အရိပ် တကြည့်ကြည့်နဲ့ ပါပဲ…မောင်နဲ့ အညိုတို့ ရဲ့ ချစ်သူကာလလေးက အရမ်းကို ပျော်ရွှင်စရာ ကြည်နူးစရာတွေ အပြည့်ပါပဲ…

ချစ်ကြပြီဆိုရင် အရာရာတိုင်းကို ကြည့်တဲ့ မျက်စိက အချစ်တွေ ဖုံးလွှမ်းလို့ လှပနေရဲ့ …နေ့ ရက်တိုင်းဟာ ရက်ရာဇာတွေချည်းပါပဲ…. နေထွက်ရင်လည်းလှ နေ၀င်ရင်လည်း လှတာပါပ…ဲ မောင်က သူ့ ကို မောင်လို့ စခေါ်ခိုင်းတဲ့ နေ့ ကတော်တော်တော့ ရယ်စရာ ကောင်းသည်…မောင်လို့ အညိုကလည်း ခေါ်ဖို့ ပါးစပ်ကမရဲ….မောင့်ပုံစံကလည်း ရှက်ကိုးရှက်ကန်း… အညို တိုးတိုးလေးခေါ်တော့ မောင့် မျက်နှာ ၀င်းပသွားလိုက်တာ…တကယ်ဆို မောင်က အညိုထက် နှစ်လပဲ ကြီးတာပါ…ဒါပေမဲ့ အညိုက ကလေးလို နေချင်တယ်..မောင်ကလည်း အစ်ကိုကြီးလို ဖြစ်ချင်တော့ အပေးအယူမျှသွားတာပေါ့…. မောင်က ညညဆို အညိုကို ပုံပြင်လေးတွေ ပြောပြတတ်တယ်… ဘယ်သူနဲ့ မှ စကား များများ မပြောတဲ့ မောင်က အညိုနဲ့ ဆိုရင် စကားတွေက ပြောမကုန်ဘူး….မောင် စကားပြောတိုင်း မောင့်မျက်ဝန်းတွေက ပြုံးနေတယ်… မောင့် ပါးပြင်က မွှေးညှင်းနုနုလေးတွေကို ငေးကြည့်ရင်း မောင် ပြောတာတွေ နားထောင်ရတာ…အညိုအတွက်တော့ တကယ့်ကို မမေ့နိုင်စရာပါ….

နားရက် တူတူ ကျတဲ့ အခါများဆို မောင်နဲ့ အညိုတို့ တစ်ယောက်ကို တစ်ယောက် ချစ်လို့ ကို မ၀ဘူး…အရင်က အညို စားချင်ခဲ့တဲ့ မောင့်လက်ရာလေးတွေကို မြည်းရုံတင်မက စိတ်ကြိုက် စားခွင့်ရခဲ့တယ်… မောင်က တကယ့်ကို စိတ်ရှည်ပါတယ်.. မောင် ကစားချင်တဲ့ Scrabble ကိုလည်း အညို စိတ်မပါပေမဲ့ မောင့်အတွက် ကစားပေးခဲ့တယ်….မောင်က အညိုစကားပြောတာလေးကို ကြည့်ပြီး အသည်းယားလာရင် အညို့ ပါးချိုင့် လေးတွေထဲကို လက်ညှိုးနဲ့ ထိုးထည့်တတ်သေးတယ်…မောင် ဒီလောက် ပျော်နေတာကို အညို အရင်က စိတ်ကူးထဲတောင် ထည့်ကြည့်လို့ မရဘူး…သြော်…အချစ်က အရာရာကို စေခိုင်းနိုင်တဲ့ မှော်ဆရာ တစ်ယောက်ပါပဲ…

မောင်နဲ့ အညိုတို့ ချစ်သူတွေ ဖြစ်သွားကြတာကို မနာလိုစိတ်နဲ့  စောင်းမြောင်းပြော တတ်တဲ့ ကိုဟန်သစ်ထူးကြောင့် တစ်ခါတစ်ခါ စိတ် အနှောင့်အယှက် ဖြစ်ရသေးတယ်… သူက အရင်က ကြုံးဝါးထားတာကိုး…အညိုကို သူအပိုင်ကြံမယ်လို့ ..ဒါပေမဲ့ အညိုက သူ့ ကို လုံးဝ စိတ်မ၀င်စားတော့ သူ့  မှာနာလိုခံခက်ကြီးပေါ့… မောင့်ကိုလည်း မကြာမကြာ ပုတ်ခတ်သေးတယ်… မောင်က ကြားဝင်လုတယ်ပေါ့.. အစကတည်းက အညိုက သူ့ ကို မိတ်ဆွေ တစ်ယောက်ထက် မပိုခဲ့တာ သူနားမလည်ခဲ့ဘူး…သူထင်တာ မောင်သာ မရှိရင် အညိုက သူ့ ဘက်ကို စိတ်ယိုင်လာမယ်ပေါ့…အချစ်ဆိုတာကို သူနားမလည်လို့ ပါ… နီးစပ်တိုင်း ရင်းနှီးတိုင်း အချစ်မှ မဟုတ်တာ… သူက ပတ်ဝန်းကျင်မှာ မဟုတ်မဟတ် လုပ်ဇာတ်တွေ ခင်းပြီး အညိုကပဲ သူ့ ကို ကျသလိုလို ပြောတတ်သေးတယ်…

မောင်နဲ့ အညိုတို့ ချစ်သူသက်တမ်းက ကြာလာတော့ ပတ်ဝန်းကျင်မှာလဲ လူသိများလာတယ်… သူနာပြုဆရာမလေးတွေကလည်း ဘယ်တော့ စားရမလဲပဲ ထပ်ထပ်မေးနေတော့တာပဲ..ဆရာမ မသီတာကလည်း အစ်မတစ်ယောက်လို ဖြစ်နေတော့ “ ညိုရေ…ချစ်သူရည်းစား ဘ၀ဆိုတာ ကြာကြာနေလို့ ကောင်းတာ မဟုတ်ဘူး…ညိုတို့ လည်း ငယ်တော့တာမှ မဟုတ်တာ… အိမ်ထောင်တစ်ခု တည်ဆောက်ဖို့  စဉ်းစားကျတော့..”လို့ တိုက်တွန်းလာတယ်… မောင်နဲ့ ကျွန်မတို့ ကိုယ်ပိုင် ဘ၀သစ် ထူထောင်ဖို့  ဆိုတာ အချိန်ရှိတိုင်း တွေးဖြစ်ကြတယ်… မောင့်မိဘတွေက နယ်က အညိုတို့ က ရန်ကုန်ကပါ… မောင့်မိဘတွေက ဝေးတော့ အသက်လည်း ကြီးပြီဆိုတော့ မောင်က သူတို့ ကို အသိပေးရုံပဲ အကြောင်းကြားလိုက်မယ်တဲ့… အညိုကတော့ မိဘတွေကို ခွင့်တောင်းဦးမယ်ဆိုပြီး.. ရန်ကုန်ပြန် လိုက်တယ်.. မောင်က သူ့ မိဘတွေကိုလဲ သွားတွေ့ ပေးပါလို့ မှာလိုက်တော့…မောင့်မိဘတွေ ရှိတဲ့ မြို့ ကို သွားပြီး လက်ဆောင်ပေးပြီး မောင့် အကြောင်းတွေ ပြောဖြစ်ကြတယ်… မောင့်မိဘတွေက မောင့်ကို စောင့်ရှောက်ပေးပါတဲ့…မောင်က ဒီမှာနေရင် အရက်ပဲ ဖိသောက်နေလို့ စိတ်ပြောင်းသွားအောင် သူတို့ ကပဲ နယ်မြေသစ်ကို သွားခိုင်းလိုက်တာတဲ့…မောင့်မှာ ဘာစိတ်ညစ်စရာတွေများ ရှိလို့ မောင်က ဒီလို ဖြစ်နေတာလဲ… ဘာပဲဖြစ်ဖြစ် မောင်ကတော့ အညို့ ကို ဖုံးကွယ်ထားမှာ မဟုတ်ပါဘူးလေ…မောင့်ကို ယုံတယ်…စိတ်ချပါ မောင်က လိမ်မာပြီးသားပါ.. အညိုကြောင့် မောင် အရက်နဲ့ ဆေးလိပ်တောင် မသောက်တော့ဘူးလို့  ပြောခဲ့ပြီး ပြန်လာလိုက်တယ်…ကိုယ့်ကိုကိုယ် အန်တီတို့ ရဲ့ ချွေးမ ဖြစ်တော့မှာလို့ တော့ မိတ်မဆက်ဖြစ်ခဲ့ပါဘူး… မောင်က ဖုန်းဆက်ထားပြီးသားပဲ သူတို့ သိပြီးသားနေမှာပါလေ… မောင့်မိဘတွေ မျက်နှာမှာ အရိပ်တစ်ခုခု ရှိနေသလိုပဲ…ဒါပေမဲ့ မောင့်အပေါ် ဘာသံသယမှ မထားချင်တဲ့ သူပါ…မောင့်ကိုလည်း ဘာမှ မမေးချင်ဘူး…အညိုက မောင့်အပေါ်ကို ယုံယုံကြည်ကြည်နဲ့ ပဲ ချစ်ချင်တာ… မောင့်ကို မယုံလို့  မောင့်သိက္ခာကို ထိခိုက်မှာ စိုးလို့ ဆိုတဲ့ အတွေးနဲ့  မမေးတော့ပါဘူးလေ…

အညို့ မိဘတွေကတော့ အညို့ ကို ဘာမှ မပြောဘူး…“ သမီးကို ဒီအရွယ်ထိရောက်အောင် အသိပညာတွေ အတတ်ပညာတွေ အဖေတို့ ပေးခဲ့ပြီးပြီ…သမီးဘ၀လမ်းကို သမီး စိတ်ကြိုက်ရွေးချယ်ပါ…သမီးရဲ့ အသိဥာဏ်နဲ့  လမ်းမှန်ကို ရွေးနိုင်လိမ့်မယ်လို့  အဖေယုံကြည်ပါတယ်… အဖေက သိပ်မကျန်းမာသေးတော့..သမီးတို့ မင်္ဂလာဆောင်ကို လာနိုင်မှာတော့ မဟုတ်ဘူး…”… အမေကတော့ ၀မ်းနည်းနေတာလား စိတ်ဆိုးနေတာလား မသိဘူး..နှုတ်ဆိတ်နေတယ်… စိတ်ထဲမှာ ၀မ်းနည်းနေပေမဲ့ ဟိုမှာ စီစဉ်စရာ ရှိတာတွေ စီစဉ်ရမှာမို့  ရက်ကြာကြာမနေပဲ မိဘတွေကို ကန်တော့ပြီး ပြန်လာလိုက်တယ်…

မောင်တစ်ယောက် အညို ခွင့်ယူနေတုန်း အညို့ ဂျူတီပါ အစားဝင်ပေးနေရလို့ တော်တော်ပင်ပန်းတယ် ထင်တယ်…မျက်နှာလေး ချောင်သွားတယ်…ဒါပေမဲ့ အညို့ ကို မြင်လိုက်လို့ ပြုံးလိုက်တဲ့ မောင့် အပြုံးက အရမ်းကို အပြစ်ကင်းတယ်…မောင့်ရဲ့ လွမ်းဆွတ်မှုတွေကို အညို ခံစားမိပါတယ်… အညိုလည်း လွမ်းတာပါပဲ မောင်ရယ်..မောင့် မျက်နှာ မြင်လိုက်ရတော့ အညို့ ရဲ့  ဘာမှန်းမသိတဲ့ သံသယတွေ လေနဲ့  အတူ လွင့်ပါသွားတယ်…ဒါကြောင့် အချစ်က တစ်ခါတစ်လေ မျက်ကန်းနဲ့ တူတယ်လို့ ဆိုကျတာပါလား…




မင်္ဂလာဆောင်အတွက် လုံးပန်းနေကြတာ ပင်ပန်းလို့ ပင်ပန်းမှန်းတောင် မသိပါဘူး…မောင်နဲ့ အညို နေဖို့  အတွက် သူနာပြုဆရာမလေးတွေကပဲ အိမ်တစ်လုံး စီစဉ်ပေးတယ်… ဆေးရုံအုပ်ကြီးကရော အားလုံးကရော မောင်နဲ့ အညိုကို ၀ိုင်းပြီး ပံ့ပိုးကြတယ်… မောင်နဲ့ အညိုကို လိုက်ဖက်ညီလို့ တဲ့… အင်း..ဖူးစာက ရွာလည်ပြီး တနယ်တကျေးမှာ အိမ်ထောင်ကျလိမ့်မယ်လို့ အညို ထင်မထားဘူး… အခုတော့ မောင်နဲ့ အညို ဘ၀လေးတစ်ခုကို ပိုင်ဆိုင်နိုင်ပြီလေ….ပျော်လိုက်တာလေ…

ကြင်စဦး ဇနီးမောင်နှံဆိုတော့ သည်းသည်းလှုပ်နေကြတာပေါ့…မိုးမမြင် လေမမြင် ချစ်ခဲ့ကြတာ…အာဒမ် ဧ၀ ချစ်တာ ရှင်မွှေးလွန်းနဲ့ မင်းနန္ဒာချစ်တာ ဒီလိုမျိုးပဲ ထင်ပါ့… မောင်ကလည်း လင့်ဝတ္တရား ကျေပြွန်သလို အညိုဘက်လည်း မယား ၀တ္တရား မပျက်ခဲ့ပါဘူး… “အညိုရေ…ရေချိုးတာ ကြာလှချည်လား… သြော်…မောင့်မိန်းမလေး နေမကောင်း ဖြစ်နေမှ… မောင်ရင်ကျိုးရပါမယ်… မြန်မြန်လုပ်ပါအညိုရယ်..”… မောင်က အဲ့လို ကြင်နာတတ်သလို..“ မောင်ရေ..ဒီနေ့ မောင်ကြိုက်တဲ့ ကြက်သား ကာလသားနဲ့  ငါးပိထောင်းထားတယ်…”…အညိုကလည်း မလျော့သော ချစ်ခြင်းနဲ့ ချစ်တာပါ…

“ မောင်ရေ…ဒီတပတ် မောင်နဲ့ အညို နားရက် တူတယ်နော်…ဈေးသွားဝယ်ချင်တယ်..ဘုရားလဲ မရောက်တာ ကြာပြီ…လိုက်ပို့ နော် မောင်” လို့ အညိုတောင်းဆိုတိုင်း မောင်က လိုက်လိုက်လျောလျော လိုက်ပို့ တတ်သလို “ အညိုရေ မောင်တို့ ဒီနေ့  အုန်းနို့ ခေါက်ဆွဲချက်စားရအောင်…”လို့ မောင် ပြောရင်လည်း ဘယ်လောက်ပင် ပင်ပန်းပါစေ…အညိုက မငြီးမငြူ ချက်ကျွေးတတ်ပါတယ်…. တစ်ခါတစ်ခါ မောင် ချော့တာ ခံချင်လို့ အညို စိတ်ဆိုးတိုင်း မောင် မျက်နှာညှိုးနေတတ်တာကလွဲလို့ … မောင်က ချော့လည်း မချော့တတ်ပါ… နောက်ဆုံးတော့ အညိုကပဲ စခေါ်ရတာပါပဲ…

အညိုက ပြန်ခေါ်ရင် မောင်က အတိုင်းမသိ ၀မ်းသာလို့ … “ အညိုရယ် မောင့်ကို စကား မပြောပဲ မနေပါနဲ့ နော်…အညို အဲ့လိုနေရင် မောင် မနေတတ်ဘူး..ဘာမှလည်း လုပ်လို့ မရဘူး.. အညို့ မှာ မောင့်ကို မကျေနပ်တာရှိရင် ပွင့်ပွင့်လင်းလင်းပြောပါကွာ..နော်”. ပြီးရင် မောင်က အညို့ ကို သနားတယ်လို့ လည်း ခဏခဏ ပြောတတ်သေးတယ်….ဘာကြောင့် သနားတာလဲလို့ မေးရင် သနားလို့ သနားတာလို့ ပဲ ဖြေတယ်…မောင်က အညို့ကိုသာ ပွင့်လင်းခိုင်းတာပါ..မောင်ကတော့ ဘာပဲဖြစ်ဖြစ် မျိုသိပ်ထားတတ်တာ များပါတယ်…သူ နေမကောင်းဖြစ်ရင်တောင် အညို စိတ်ပူမှာ စိုးလို့ ဘာမှ မပြောပဲ ကြိတ်ခံတတ်တဲ့သူပါ..

မောင်နဲ့ အညိုတို့ ရဲ့ အိမ်ထောင်သည် ဘ၀လေးက သာသာယာယာ အေးအေးချမ်းချမ်းလေးနဲ့  တစ်ယောက်ကို တစ်ယောက် နားလည်မှုတွေနဲ့ ဖြတ်သန်း လာကြတာ…ဒါပေမယ့် မောင်နဲ့ အညိုတို့ မှာ ချွတ်ယွင်းချက်မရှိပါပဲ သားသမီးရတနာမရခဲ့ကြဘူး… အညိုကလည်း ကလေးရလာရင် တာဝန်မကျေမှာစိုးတာပါ ….မောင်ကလည်း လိုလိုလားလား မတောင်းဆိုဘူး….ရခဲ့ရင်လည်း ယူမယ်လို့ ပြောခဲ့တယ်…တကယ်လို့ များ သားသမီးရလာရင် အညိုကတော့ အိမ်ထောင်ရှင်မ ဘ၀ကို ကျေကျေနပ်နပ်ကြီးခံယူချင်တာ… အလုပ်ကို နှမြောပေမဲ့ သားသမီးလေးတွေနဲ့ အမေတာဝန် ဇနီးမယား တာဝန်ကို အပြည့်အ၀ ယူချင်တာပါ…ပြီးတော့ ဒီလိုမျိုး ကလေးမရတာဟာ တချို့  အိမ်ထောင်သည်တွေမှာလဲ ဖြစ်တတ်တာမို့  ဘာမှ သိပ်ပြီး ဂရုတစိုက် မလုပ်ခဲ့ကြဘူး….…ဒီအတိုင်းပဲ တစ်ယောက်ကို တစ်ယောက် မလျော့သော ချစ်ခြင်းနဲ့ ချစ်နေကြရင်း အချိန်တွေ ကုန်လွန်ခဲ့တယ်…. ပတ်ဝန်းကျင်ကတောင် မောင်နဲ့ အညိုကို ချီးကျူးကြတယ်လေ… အရမ်းချစ်ကြလို့ … သူများတွေ အဲ့ဒီလို အားကျလောက်အောင် မောင်နဲ့ အညိုက ချစ်ကြတာပါ… နှစ်ယောက်စလုံးအတွက် အချစ်စစ်ဆိုတာ သံသယ မြူမှုန်တောင် မရှိခဲ့တာပါ… ဒါပေမဲ့… ဒါပေမဲ့လည်းပေါ့လေ…….

(သွားကိုက်နေတဲ့ကြားက ကြိုးစား ပန်းစား တင်ထားတာလေးပါ...အားမနာတမ်း ဖတ်သွားကြပါနော်..ဆက်ရန်ကိုလဲ ကြိုးစားပြီး မြန်မြန်တင်ပါ့မယ်...နောက် နှစ်ပိုင်းပဲ ကျန်တော့တယ်ဆိုတာ အသိပေးလိုက်ပါတယ်...မျှော်သူတွေ မောမှာ စိုးလို့ ...:D)

Tuesday, August 25, 2009

တက္ကသိုလ်က သရဲ

(ဒီတခါ တင်ပြတဲ့ သရဲ ဇတ်လမ်းက ကိုယ့်တွေ့တော့ မဟုတ်ပါ။
၁၉၈၁- ၁၉၈၂ ခုနှစ် ပတ်ဝန်းကျင်က ရန်ကုန်တက္ကသိုလ်မှာ
နာမည်ကျော်ခဲ့တဲ့ “ကျောပေါက်ကြီး သရဲ” ဇတ်လမ်း ဖြစ်ပါတယ်။)

၁၉၈၁ ခုနှစ်တွင် တက္ကသိုလ်များ ဆေးရုံးသို့ ကျောင်းသူ လူနာ
တစ်ဦး အရေးပေါ်အခြေအနေဖြင့် ရောက်ရှိ ခဲ့ပါတယ်။ ယင်း
ကျောင်းသူမှာ မာလာဆောင်က ဟု ကျောင်းသားလောက က
ဆိုကြပါတယ်။ ထိုကျောင်းသူသည် ထိုခေတ်က ဒေသကော်လိပ်
မှ တဆင့် ရန်ကုန်တက္ကသိုလ် ပင်မတွင် အထူးပြု သိပ္ပံ ဘာသာ
ရပ် တစ်ခုအား တက်ရောက် ပညာသင်ကြား နေသူ ဖြစ်ပါတယ်။

ထိုကျောင်းသူသည် လက်တွေ့ခန်း (Practical room) တွင် လက်
တွေ့ ပညာရပ်များ သင်ကြားပြီး မိမိ နေထိုင်ရာ အဆောင်သို့
အခြား ကျောင်းသူ သူငယ်ချင်းများနှင့်အတူ ပြန်လာ ခဲ့ပါတယ်။
အဆောင်သို့ မရောက်မီ သူ့မ၏ လွယ်အိတ် အတွင်း၌ ပစ္စည်း
တစုံတခု ကို ရှာဖွေ ပါတယ်။ ထိုနောက် သူငယ်ချင်းများကို
“နင်တို့ အဆောင်ကို အရင်ပြန်နှင့်အုံး၊ ငါ့ မှတ်စုစာအုပ် လက်တွေ့
ခန်းမှာ ကျန်ခဲ့ပြီး၊ အဲဒါ ပြန်သွား ယူလိုက်အုံးမယ်၊ နီးနီးလေးဘဲ
ကိစ္စ မရှိဘူး၊ ငါ တစ်ယောက်တည်း သွားလိုက်မယ်”
လို့ ပြောပြီး လက်တွေ့ခန်းဘက်သို့ ထွက်ခွာ သွားပါတယ်။

သူငယ်ချင်းများလည်း ထိုကျောင်းသူနှင့် လမ်းခွဲပြီး အဆောင်သို့
ပြန်လာခဲ့ပါတယ်။ နာရီဝက်ခန့် အကြာတွင် ထိုကျောင်းသူသည်
ခြေထောက်တွင် ဖိနပ်မပါဘဲ မောကြီး ပန်းကြီးဖြင့် အဆောင်အတွင်း
သို့ ပြေးဝင် လာပါတယ်။ သူမအား ဘာဖြစ်လာလဲ၊ ဘယ်သူက
ဘာလုပ်လိုက်လဲလို့ ၀ိုင်းမေးကြသော်လည်း ဘာမှ ပြန်မဖြေဘဲ
ဝမ်းနည်းစွာ ငိုကြွေးနေပါတယ်။ ထူးခြားပုံမှာ သူမငိုနေချိန်၌
ငိုသံ လုံးဝ မထွက်ပါ။ အဆောင်မှူး အပါအ၀င် အဆောင်ရှိ သူငယ်
ချင်းများ မေးသော မေးခွန်းများကို ပြန်မဖြေ နိုင်တော့ပါ။ တကိုယ်
လုံး ခြစ်ခြစ်တောက် ကိုယ်ပူလာတာကို တွေ့ရသောကြောင့်
သူမကို တက္ကသိုလ်များ ဆေးရုံးသို့ တင်ပို့လိုက် ရပါတယ်။

ဆေးရုံးရောက်ပြီး ထိုကျောင်းသူသည် ထူးဆန်းစွာ စကားသံလုံးဝ
မထွက်ဘဲ အ တဲ့ ပုံစံ ဖြစ်သွားပါတယ်။ ဆေးရုံးရှိ ဆရာဝန်များက
အမျိုးမျိုး စမ်းသပ် စစ်ဆေးသော်လည်း ကိုယ့်ခန္ဓာတွင် ထိခိုက်မှု
လုံးဝ မတွေ့ရှိရပေ။ ထိုကျောင်းသူသည် တစုံတခုကို လုံးဝ
စိုးရိမ်း ကြောက်လန့်နေသော ပုံစံဖြင့် စိတ္တဇ ဆန်ဆန် ဖြစ်လာ
ပါတယ်။ အဲဒီလိုပုံစံဖြင့် ဆေးရုံးတွင် နှစ်ပတ်နီးပါး ကြာမြင့်လာ
သော အခါ နယ်မှ မိဘများ လိုက်လာပြီး နယ်သို့ ပြန်လည်ခေါ်
ဆောင် သွားပါတယ်။ နောက်တစ်လလောက် ကြာသောအခါ
ထိုကျောင်းသူသည် ပုံမှန်အနေအထားဖြင့် ကျောင်းသို့ ပြန်လည်
ရောက်ရှိ ခဲ့ပါတယ်။ ထိုအခါကြမှ သူမ လက်တွေ့ခန်းသို့ မှတ်စု
စာအုပ် ပြန်ယူခဲ့သော ထိန့်လန့်ဖွယ် ဖြစ်ရပ်ဆန်းကို ကျောင်းသား
လောကက ကြားသိ ရပါတယ်။

သူမသည် မှတ်စု စာအုပ်ယူရန် လက်တွေ့ခန်းကို သွားရောက် ခဲ့
ပါတယ်။ အခန်းအတွင်းသို့ ၀င်လိုက်သော အခါ သူမထက် အသက်
အရွယ်အရ ဆယ်နှစ်နီးပါး ကြီးရင့်သော လူကြီးတစ်ယောက်
အခန်းအတွင် ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက်
လုပ်နေတာကို တွေ့ရပါတယ်။ သူမက ကျောင်းမှ သန့်ရှင်းရေး
အလုပ်သမား အောင်မေ့ပြီး ထိုလူကြီးအား
“ကျမ မှတ်စု စာအုပ် မေ့ကျန်ခဲ့လို့ လာယူတာပါ” ဟု ပြုံးပြပြီး
အခန်းအတွင်းရှိ သူမ ထိုင်ခဲ့သော စာရေးခုံမှ စာအုပ်ကို လိုက်ရှာ
ပါတယ်။ စာအုပ်ကို လုံးဝ မတွေ့သောကြောင့် သူမက ထိုလူကြီး
အား “ဒီနားမှာ စာအုပ်လေး တစ်အုပ်များ တွေ့မိသလား”လို့
မေးလိုက်ပါတယ်။ ထိုအခါ ထိုလူကြီးက ...

“ငါလည်း နင်လိုဘဲ ၁၉၇၄ ခုနှစ် ဦးသန့် အရေးအခင်းတုန်းက
အိမ်ပြန်နောက်ကျနေတဲ့ ငါ့ညီမလေးကို လိုက်ရှာ နေတာ ဒီနေ့
ထိဘဲ”

“ရှင်၊ ဦးလေးက ၁၉၇၄ ခုနှစ် ဦးသန့် အရေးအခင်း ကတည်းက
ဦးလေး ညီမလေးကို လိုက်ရှာနေတာ၊ ဦးလေး ဆိုလိုတာကို ကျမ
သဘော မပေါက်ဘူး”

“အေး၊ မင်းနားလည်းအောင် ငါပြောပြမယ်၊ ဦးသန့် အရေးအခင်း
တုန်းက ငါနဲ့ ငါ့ညီမလေးက ဒီရန်ကုန်တက္ကသိုလ်မှာ ကျောင်းအတူ
တူ တက်ခဲ့တာပေါ့၊ စစ်တပ်က သေနတ်တွေနဲ့ ပြစ်တဲ့နေ့မှာ ငါ့ညီမ
လေးကို ငါ စိတ်ပူလို့ ဒီလက်တွေ့ခန်းဘက်ကို အလာ စစ်တပ်က
ငါကို ပြစ်လိုက်လို့ ငါသေသွားတာပေါ့၊ ဂျီးသရီးနဲ့ ပြစ်တာလေ၊
မယုံရင် ဒီမှာကြည့်၊ ငါနောက်ကျောမှာ ဘာမှ မရှိတော့ဘူး”

ဟု ဆိုပြီး ထိုလူကြီးက သူ့အင်္ကျီ နောက်ကျောကို လှန်ပြပါတယ်။

ထိုသို့ လှန်ပြလိုက်သော အခါ ထိုလူကြီး နောက်ကျောဘက်တွင်
ဘာမှ မရှိဘဲ သေနတ်နှင့် ပြစ်လိုက်သော အခါ ပွင့်ထွက်သွားသော
ပုံစံ အခေါင်းပေါက်ကြီး မြင်တွေ့ ရပါတယ်။ ထိုအခါ ထိုကျောင်းသူ
ရုတ်တရက် ကြောက်လန့်သွားပြီး လက်တွေ့ခန်း အတွင်းမှ အလျင်
အမြန် ပြေးထွက် ခဲ့ပါတယ်။ ထိုအခါ ထွက်ပြေးသွားသော ကျောင်းသူ
အား ထိုလူကြီးက အသံနက်ကြီးဖြင့် လှမ်းပြောလိုက်ပါ သေးတယ်။

“ဦးသန့် အရေးအခင်းတုန်းက ပျောက်သွားတဲ့ ငါ့ညီမလေးကို
တွေ့ရင် ငါဒီမှာ စောင့်နေတယ်လို့ ပြောပေးပါ၊ ညီမလေးရယ်”

ယင်းကိစ္စ သတင်းများ ထွက်ပေါ်ပြီး မယုံကြည်သော အဆောင်နေ
ကျောင်းသား နှစ်ဦးသည် လောင်းကြေး ပုံစံ အလောင်းအစား လုပ်၍
ယင်း သိပ္ပံ လက်တွေ့ခန်းတွင် ညဘက် သွားရောက် အိပ်စက် ကြ
ပါတယ်။ မနက် မိုးလင်းသော အခါ ထိုကျောင်းသား နှစ်ဦးအား
တက္ကသိုလ် အာဏာပိုင်များက တက္ကသိုလ်များ ဆေးရုံးသို့ ထပ်မံ
ပို့ဆောင် လိုက်ရကြောင်း သိရပါတယ်။

(P.S သွားကိုက်နေလို့ ဘာမှ မရေးနိုင်သေးတာပါ...အကြွေးကို လာဘ်ထိုးတဲ့သဘောနဲ့  သူငယ်ချင်း တစ်ယောက်ပို့ လိုက်တဲ့ မေးလ်ကို ဆားချက်တာပါ...:P)

Friday, August 21, 2009

သက်မင်းမောင်

ဆရာဝန်နားနေခန်းထဲမှာ ဟန်သစ်ထူးအသံက အာကျယ်ကျယ်နဲ့ ပြောနေတာမို့ သူ နည်းနည်း နားစွင့်မိတယ်…“ ဟေ့ကောင်တွေ… အမိစားလေးကွ..ရောက်လာရင်တော့ ငါကတော့ လုံးမှာပဲ…မင်းတို့  တွေ မကပ်နဲ့  နော်..” မနက်ဖြန် ရောက်လာမယ့် ဆရာဝန်မ အသစ်အကြောင်းကို အာပေါင်အာရင်း သန်သန် ပြောနေတာကို နားကြားပြင်းကတ်သလို ရွံလည်း ရွံမိတယ်… ဆရာဝန်လောကမှာ ဒီလိုကောင်မျိုး ရှိနေတာ တော်တော် စိတ်ပျက်စရာ… ဆက်နားမထောင်ချင်တော့တာနဲ့  အပြင်ပဲထွက်လာ လိုက်တယ်… သူလိုလူက မိန်းမတွေကို စိတ်မ၀င်စားသလို ကိုယ့်အလုပ်ကလွဲရင် ဘာကိုမှ စိတ်မ၀င်စား မစပ်စု တတ်သူ… စိတ်မ၀င်စားဆို သူကလည်းသူ့ အကြောင်းနဲ့ သူမို့ လောကကြီးမှာ အံဝင်ဂွင်ကျဖို့ ဆိုတာ သူ့  အတွက် နည်းနည်းတော့ ခက်ခဲလိမ့်မယ်.. ဒါပေမဲ့ သူ့ အလုပ်ကိုတော့ သူချစ်တယ်…လူနာတွေကိုလည်း အမြဲစိတ်ရှည် စေတနာ ထားတယ်…

ကားသံကြားလို့ မသိမသာ ကြည့်မိတော့ အသားဖြူဖြူ မျက်ဝန်းညိုညို ဆံနွယ်လေးတွေ ခွေခွေခေါက်ခေါက် နှာတံလုံးလုံးလေးနဲ့ ချစ်စရာ မျက်နှာလေးတစ်ခုကို စတွေ့ ရတယ်… သူ့  အပြုံးလေးတွေက အပြစ်ကင်းသလို ရယ်လိုက်ရင် ပါးချိုင့်လေးတွေ ခွက်သွားတာက သူ့ ရဲ့ ရိုးရှင်းတဲ့ မျက်နှာလေးကို ပိုပြီးပီပြင်စေတယ်…သူသတိလက်လွတ် ကြည့်နေချိန် ကောင်မလေး ပြုံးပြီး ငဲ့အကြည့် နဲ့  သွားတိုးတော့မှ ကမန်းကတန်း သူ့ အကြည့်လွှဲပြီး ဆေးလိပ်ကိုပဲ ဖိပြီး ဖွာလိုက်တယ်… ငါဘာလို့ ငေးမိလိုက်ပါလိမ့်… မင်းဘာတွေတွေးနေတာလဲ သက်မင်းမောင်..ကိုယ့်ကိုကိုယ် ပြန်သတိပေးရင်း.. သက်ပြင်းဖွဖွ ရှိုက်လိုက်တယ်… အညိုရေ မင်းနဲ့ ပတ်သက်ရင် မောင်အစကတည်းက သက်ပြင်းတွေချလာရတာပါကွာ…

ဟိုကောင် ဟန်သစ်ထူးကတော့ ပြောထားတဲ့ သူ့ အကြံတွေ အကောင်းအထည်ဖော်နေလေရဲ့ … ကိုယ်ကလည်း ဖာသိဖာသာ နေတတ်တဲ့သူ.. မမြင်ချင်ရင် မကြားချင်ရင် ရှောင်သွားလိုက်တာပါပဲ…ဟို ထုံပေပေ ကောင်မလေးကလည်း ဟန်သစ်ထူးကို ကယ်တင်ရှင် အမှတ်နဲ့ ကူညီတာကို ကျေးဇူးတွေ တင်လို့ …. ကောင်မလေးရဲ့ ရိုးသားမှုကို အခွင့်ကောင်းယူချင်နေတဲ့ ဟန်သစ်ထူး ခွင်တွေ့ သွားပုံရတယ်… အညိုက စာထည့်ချင်လို့ အကူအညီတောင်းနေသံကို ဧည့်ခန်းထဲက သူကြားဖြစ်အောင် ကြားလိုက်သေးတယ်… အစကတော့ ဒီကောင် ဟန်သစ်ထူးအကြောင်းမသိပေမဲ့ အခုတော့ သူ့  အကြောင်းတွေ သူ့  အပေါင်းအသင်းတွေက ဘယ်လိုဆိုတာ ရိပ်မိပေမယ့် ကိုယ်နဲ့ မဆိုင်လို့ ဘာမှ မဝေဖန်ခဲ့ဘူး… ဒါပေမဲ့ အညို့ ကိုတော့ ဒီကောင်နဲ့ ပါမသွားစေချင်ဘူး… ဒါကြောင့်လည်း မနက်စောစော ထပြီး အညို့  အခန်းနားမှာ ရစ်သီရစ်သီ စောင့်နေလိုက်တယ်… နတ်သမီးလေး တစ်ပါးလိုလှပြီး ကလေးတစ်ယောက်လို အပြစ်ကင်းလွန်းတဲ့ အညို့ ကို ဟိုကောင်တွေ ပရောပရီလုပ်တာ ပြီတီတီ ကြည့်မှာ စကားတွေနဲ့  အသားယူမှာကို ကိုယ်မလိုလားဘူး…ဟိုကောင်ပြောတာ ကြည့်လေ…ညက သူ့  သူငယ်ချင်းတွေကို ချိန်းတော့ ငါ့ကောင်မလေးနဲ့ မိတ်ဆက်ပေးမယ်တဲ့….မဖြစ်ဘူး…အညို့ ကို ကြည့်တော့လည်း ဒွိဟဖြစ်နေတဲ့ အူတူတူပုံ..

ဒါနဲ့ ကိုယ်လည်း မနေနိုင်ဘူး ဘာမှလည်း မတွေးအားဘူး…ဖြတ်ခုတ်တယ်ပဲ ပြောပြော ..အညို့ ကို ဒီကောင်နဲ့ တော့ မထည့်နိုင်ဘူး…ထူထူပူပူနဲ့ ကိုယ်လဲ စာသွားထည့်မယ်လို့ ညာလိုက်မိတယ်..အညို့  မျက်လုံးလေးတွေ လက်သွားတယ်… မောင်လည်း ဘာကို ပျော်မှန်းမသိ ပျော်သွားတယ်… ဟိုကောင် ဟန်သစ်ထူးကတော့ တော်တော်လေး မကျေမနပ် ဖြစ်သွားပုံရတယ်….

လမ်းတလျှောက် ကိုယ့်ကိုကိုယ် မလုံသလို ခံစားရလို့ အညို့ ကို ဘာစကားမှ မဆိုဖြစ်ဘူး…အညို့  ပုံကလေးလဲ ရှက်သလို ကြောက်သလိုနဲ့ …မျက်လုံး အ၀ိုင်းသားလေ…သူကတော့ ဘယ်တော့မှ စကားစပြောမယ့် ပုံတော့ မပေါ်ဘူး… ထားလိုက်ပါလေ… ဒီအတိုင်းလေးပဲ ကောင်းပါတယ်…အညို့ ကို ဟိုကောင့်လက်က လွတ်အောင် ခေါ်လာဖို့ သာ အဓိကပါ…ကျန်တာတွေ မောင်ဘာမှ မျှော်လင့်လို့  မရတဲ့ ဘ၀ပါ… မောင့် အခြေနေက အညို့  ကို အဝေးကနေပဲ ငေးကြည့်ရုံ အပြင် ဘာတတ်နိုင်မှာလဲ…အညိုရယ် မောင်ဘာတွေ ဖြစ်နေပြီလဲ…ရင်မှာလည်း ဟာတာတာနဲ့ …

စာတိုက်ရောက်တော့ သူစာထည့်နေတာလေးကို မသိမသာကြည့်ရင်း စာတိုက်ထဲ ပတ်နေလိုက်တယ်… တော်ကြာ စာမထည့် ဘူးလားလို့ မေးနေရင် အဖြေမရှိလို့ ပါ….သူ့ ကို ကမန်းကတန်း ပြီးရင် သွားမယ်လို့  ပြောလိုက်တာ ကြာနေရင် မောင့် အလိမ်တွေ ပေါ်ကုန်မယ်…ဘာကြောင့်ဆိုတဲ့ အဖြေကို မောင်ဆက်မတွေးရဲဘူး…ဖြေလည်း မဖြေနိုင်သေးဘူး…

ညကနိုက်ဂျူတီလည်းဖြစ် မနက်ကလည်း အညို ဟိုကောင်နဲ့ ထွက်သွားမှာ စိုးရိမ်စိတ်နဲ့ ကောင်းကောင်း မအိပ်ခဲ့တော့ ဦးလေးမောင်တို့ ကားပေါ်ရောက်တော့ မောင်ဟန်မဆောင်နိုင်တော့ဘူး….အညို ကလည်း မောင်ကို မနှိုးခဲ့ဘူးနော်…သြော်…သနားစရာ ကောင်းလိုက်တာ…အညိုရယ်…

မောင်လေ အညို နဲ့ ဆက်ကြာကြာ မနေနိုင်တော့လို့ ဦးအောင် နှုတ်မဆက်ပဲ ပြန်လာတာပါ… မောင့်စိတ်တွေ ဘယ်လိုမှ ချုပ်လို့ မရမှာကို မောင် ကြောက်တယ်… ဖြစ်နိုင်ရင် အညို့ နားကနေ အငွေ့  လေးပဲ ဖြစ်ဖြစ် ဖြစ်လိုက်ချင်တယ်…မောင် ရုပ်ပျက်ဆင်းပျက် ဖြစ်နေတာတွေကို အညို့ ကို မမြင်စေချင်ဘူးလေ…

အိမ်ရောက်တော့ ဟန်သစ်ထူးလည်း ပြန်မရောက်သေးတာမို့ ကိုယ့်ကို စကားနာ ထိုးမဲ့သူ မလာခင် စောစော အိပ်ယာဝင် လိုက်တယ်… ဒီအချိန်ထိဆို ဒီကောင် ပြန်လာမှာ မဟုတ်တော့ဘူး…အိပ်ယာထဲမှာ အတွေးတွေ ဟိုတစ ဒီတစ နဲ့ သက်ပြင်းတွေသာ အဖော်ပြုလာတာ ညလယ်တောင် ရောက်မှန်း မသိရောက်လာတယ်…ကားပေါ်မှာသာ ခဏလေး ငိုက်ပြီး အခုတော့ ကိုယ့် အကြောင်း အညို့ အကြောင်း စဉ်းစားရင်း မျက်စိတွေ ကြောင်သွားတာ ဘယ်လိုမှ အိပ်မပျော်ပဲ ရှိတုန်း… တံခါးခေါက်သံ တိုးတိုးလေး..ဒါဟိုကောင်တော့ မဖြစ်နိုင်ဘူး…ဒီကောင်က နေ့ ရယ် ညရယ်သိတာ မဟုတ်…ဘာလုပ်လုပ် ၀ုန်းဒိုင်းလုပ်တတ်တဲ့ကောင်…ဘယ်သူပါလိမ့်လို့ ကိုယ် တံခါးသွားအဖွင့်…ဟင်…ချစ်ရတဲ့အညိုရယ်… မျက်ဝန်းမှာလည်း မျက်ရည်တွေနဲ့ လူကလည်း တုန်တုန်ယင်ယင်နဲ့  မောင် ပြာလောင်ခတ်သွားတယ်… အညို အပူရှပ်ပြီး ဖျားသွားတာတဲ့… အညို့ ကိုလည်း တအား ဖက်ထားပြီး အားပေးချင်လိုက်တာ…ဒါပေမဲ့ မောင် ဒီလောက်တော့ အသိရှိပါတယ်...မောင့်အစား မောင့် အနွေးထည်လေးက အညို့ ကို နွေးထွေးမှုတွေ ပေးမှာပါ… ဆေးမသောက်ရသေးတဲ့ ဆရာဝန်မလေးကို မောင် ဆေးတွေပေးရင်း စိုးရိမ်စိတ်ကတော့ မပြေသေးဘူးပေါ့…. ဒါကြောင့် အညို့ အခန်းတံခါးကို Lock မချခိုင်းတာ… အညို ၀င်သွားတော့ မောင်လည်း အိပ်မရတာနဲ့ အဆောင်ရှေ့ ကွပ်ပျစ်မှာ အညို့ ကို စောင့်ကြည့်ရင်း ခဏမှေး လိုက်မိတယ်…

မနက် အစောကြီးထ အညို့ အတွက် ကော်ဖီနဲ့ မုန့် လုပ်ပေးခဲ့တယ်… အညိုသက်သာရဲ့ လား မေးချင်ပေမဲ့ အညို အိပ်နေတာ မနှိုးရက်တာ နဲ့ မောင် ဆေးရုံကိုပဲ သွားလိုက်တယ်…. နေ့ လည် ထမင်းစားချိန် မြန်မြန်ရောက်ပါတော့… မောင် အညိုကို သတိယနေတာလေ… မောင်လေ ကိုယ့်ကိုကိုယ် ထိန်းနေရင်းကပဲ မောင့်စိတ်တွေ အထိန်း အကွပ်မဲ့နေတယ်…ရင်ထဲက အနာဟောင်းရဲ့ အရှိန်ကြောင့် မောင့်နှုတ်ဖျားတွေက မ၀ံ့မရဲ ကတုန်ကယင်နဲ့ အညိုလေးဆီ ဖုန်းဆက်လိုက်တယ်… အညိုရဲ့ အသံလေးကြည်နေတော့မှ မောင် စိတ်အေးသွားတယ်.. ညနေပြန်တော့ အညို က အဆောင်ရှေ့မှာ ရပ်နေတယ်…အညို မောင့်ကို စောင့်နေတာများလား… မတွေးရဲ တွေးရဲနဲ့ အရဲစွန့် ပြီးတွေးမိတာပါ… ဟိုကောင် ဟန်သစ်ထူး ပြောတာ ကြားဖူးလို့  အညိုက ဆေးလိပ် အရက် သောက်တာ မကြိုက်ဖူးဆိုတာ မောင်သိတယ်..ဒါကြောင့်လဲ ဘယ်တွန်းအားတွေနဲ့ မျာ့း အညို့ ကို မြင်တာနဲ့ မောင် ဆေးလိပ်ကို အလျင်စလို လွှင့်ပစ်လိုက်မိလဲမသိဘူး…ဒါတွေဟာ မောင့်စိတ်မှာ အညိုပဲဆိုတာ မောင့်ကိုမောင် မသိလိုက်ခင်မှာပဲ..အညိုဘက်က ဘယ်လိုမှ စည်းရုံး သိမ်းသွင်းမှုမပါပေမဲ့ မောင့်နှလုံးသားက အလိုလို နာခံ ခေါင်းငုံ့ လျက်သား ဖြစ်နေပြီလေ….မောင် အညို့ ကို ရင်မဆိုင်ရဲဘူး…မောင့်ကိုယ်မောင် အပြစ်ရှိသူလို့ ခံယူထားမိလို့ အညို့ အတွက် ၀ယ်လာတဲ့ ညှပ်ခေါက်ဆွဲပြုတ်လေးကို မောင်ကျော်နဲ့ ပဲ ပေးခိုင်းလိုက်တယ်… အညိုရယ် မောင့်ကို ခွင့်လွှတ်ပါ… အညိုကို မြင်ရင် မောင် တွယ်တာသထက် တွယ်တာလာမှာ…အညို့ ကို ပိုင်ဆိုင်ချင်လာမှာ…ဟင့်အင်း…မဖြစ်သင့်ဘူး.. အညို့ ကို မောင် တန်ဖိုးထားတာ..မောင်လို လူတစ်ယောက်ကြောင့် အညို့ ဘ၀ မညစ်နွမ်းစေချင်ဘူး….

နောက်နေ့ တွေမှာလည်း အညို့ ကို မောင် တတ်နိုင်သလောက် မရှောင်ချင်ပဲ ရှောင်နေခဲ့တယ်…ဒါပေမဲ့ အညို့ အပြုံးလေးတွေကိုတော့ မောင် တိတ်တိတ်လေး ခိုးကြည့်ခွင့်ပေးပါနော်…ဒါပေမဲ့လည်း အညိုရယ် မောင်ကိုယ်တိုင်က အညို့ နားမှာ နေချင်နေတော့ မောင် ကြာကြာ ဟန်မဆောင်နိုင်ခဲ့ပါဘူး… တခြားသူတွေနဲ့ ရယ်ရယ်မောမော မရှိပေမဲ့ အညိုနဲ့ ကျတော့ မောင့်စိတ်ကိုက ပျော်နေ လိုက်တာ… စကားတွေလည်း ပြောတတ်လိုက်တာလေ…မောင် နှုတ်ဆိတ်နေရင်း လောကကြီးကို မကျေနပ်နေတာတွေ… ဘယ်ရောက်ကုန်ပြီလဲ…အညိုနဲ့ တွေ့ ချိန် ကြက်ပျောက် ငှက်ပျောက်ပါပဲ…အညို့ အပေါ်ကို တတ်နိုင်သလောက် ကူညီပေးရင်း အညို့ နားမှာ မိတ်ဆွေကောင်း တစ်ယောက် အဖြစ် မောင် အကောင်းဆုံးရပ်တည်ပေးပါ့မယ်…မောင့်နှလုံးသားကိုတော့ မောင် ပြန်သတိပေး ဆုံးမနေရတာပေါ့…

အညိုရေ… မင်းရဲ့ အပြုံးက မောင့်ကမ္ဘာပါ..မင်း မျက်နှာလေး ညိုမှာ မင်း အလိုမကျ ဖြစ်မှာတွေကို မောင် မလိုလားဘူး… လောကကြီးက မောင့်ကို ဒဏ်ခတ်တာ ရက်ရက်စက်စက်ပါပဲ အညိုရယ်… မောင်ခံရတာ ရူးမတတ်ပါပဲ… မောင့်ဘ၀က ခါးသီးမှု အလိုမကျမှု မကျေနပ်မှုတွေ ပြည့်နေတာ… အညိုမသိဘူး… မင်းဘာမှ မသိပါဘူး အညိုရယ်..မင်းလို ရိုးသားဖြူစင်တဲ့ မိန်းကလေး တစ်ယောက်ကို မောင် အနိုင်ကျင့်တာ မဟုတ်ရပါဘူး…မောင့်ရဲ့ နှလုံးသားက တစ်ခါဖူးမှ မဖြစ်တည်ခဲ့တဲ့ အချစ်ဆိုတာကို အခုမှ ရက်ရက်စက်စက် ခံစားစေ ဆိုပြီးများ ပေးခဲ့သလား မသိပါဘူး…ဒါပေမဲ့ မောင် မငြင်းရက်ဘူး… မောင်ကျေကျေနပ်နပ်ကြီး ယူလိုက်မိတယ်…မောင့်ရဲ့ အချစ်က အညို့ တစ်ယောက်အတွက်ပါ… ဒဏ်ရာဒဏ်ချက်တွေနဲ့ မောင့်ဘ၀ကို မင်းကယ်တင်ပေးပါနော်… မောင် မတရားဘူးဆိုတာ မောင်သိပါတယ်… မောင့်ကို အတ္တကြီးတဲ့သူတစ်ယောက်လို့ တော့ မစွပ်စွဲလိုက်ပါနဲ့ …. ခွင့်လွှတ်ပါလို့ ထပ်ခါဆိုရင်း သက်ပြင်းမောတွေ အခါခါ ရှိုက်ရင်း မောင့် ညတွေကို ကုန်လွန်ခဲ့တာတွေ အညိုရေ မင်း မသိပါဘူးကွယ်…

အညို မင်းဘယ်မှာလဲကွာ…မောင့်ရင်တွေ ပူလောင်လှပြီ … မောင် နှလုံးသားတွေ ရိုက်ချက်ပြင်းပြင်းနဲ့  အရိုက်ခံထားရသလို အပူလှိုင်းကြီးပဲ ရင်တစ်ခုလုံး မွှေနှောက်နေသလိုပါပဲ… မောင့်ကို လှည့်ကြည့်ပါဦး… မင်း မောင့်အဖြစ်ကို မသိတာလား… မမြင်တာလား…ညနေကတည်းက အညို သူ့ သူငယ်ချင်းနဲ့ လိုက်သွားတာ… အခုဘယ်အချိန် ရှိနေပြီလဲ…ကိုမောင်ကျော် လာပြောတဲ့ စကားတွေက သူ့ နှလုံးသား တစ်ခုလုံး ပြုတ်ကျသွားသလိုပါပဲ…“ ဆရာ…ဆရာဝန်မလေး…ယောကျာ်း တစ်ယောက်နဲ့ တည်းခိုခန်းထဲ ၀င်သွားတာ ကျွန်တော်တွေ့ လိုက်တယ်…”…မောင်ကျော်က မောင့် အခြေနေကို နားလည်တဲ့သူပါ… မောင့်ရဲ့ ခံစားချက်တွေကိုလဲ သူစာနာ နားလည်ပေးတယ်… အခုလည်း မောင့်ကို လာအသိပေးတာ…မောင်…ခန္ဓာကိုယ်တစ်ခုလုံး လေထဲမှာ လွင့်သွားချင်တယ်… ဖြစ်နိုင်ရင် အညိုရှိတဲ့ဆီ မောင် လိုက်လာချင်တယ်…ဒါပေမဲ့ အညိုနဲ့ မောင်က ဘာဆိုင်လို့ လဲ…ချစ်သူတွေလည်း မဟုတ်… အားးးးးးးး..မောင် စိတ်ရှိလက်ရှိ အော်ပစ်လိုက်ချင်တယ်…နာရီလက်တံရွေ့ နေတာကို ထိုင်ကြည့်ရင်း မောင့်မျက်ဝန်းတွေ စိုစွတ်လာတယ်…မောင့်ပါးပြင်တွေ ပူနွေးလာတယ်…အသက်ရှုတွေ မြန်လာတယ်…မောင် မင်းကို အဆုံးရှုံး မခံပါရစေနဲ့ …မောင် အညိုကို ဘယ်လောက် တွယ်တာ နေတယ်ဆိုတာ မောင့်ကိုယ့်ကို အသိဆုံးပါ…

မောင့်ဘ၀ရဲ့ အစိတ်အပိုင်းက အညိုဖြစ်နေပြီလေ… ဆူးတွေပြည့်တဲ့လမ်းပေမဲ့ မင်းမနာကျင်အောင် မောင့် နှလုံးသားပေါ်တင်ပြီး ထမ်းခေါ်ပါ့မယ်… ကန္တာရလို ခြောက်သွေ့ နေပေမဲ့ မင်းအတွက် မောင့်နှလုံးသွေးတွေကို ဖောက်ထုတ်ပြီး အိုအေစစ်တစ်ခု ဖန်တီးပေးပါ့မယ် … မင်း ခြေလှမ်းတွေယိုင်နေရင်လည်း မောင့် သစ္စာနဲ့  ခိုင်ခိုင်ထားပါ့မယ်…မင်း ပူလောင်တဲ့အခါ မောင့်မေတ္တာက အေးမြပေးပါ့မယ်…မောင့်ဆီကို ပြန်လာပါတော့…အညို…မင်းပြန်လာပါတော့ကွာ…မောင်ဖြစ်နေတာ တွေကို မင်း မြင်လှည့်ပါဦး… မင်းကို ဘာအကြောင်းကြောင့်နဲ့ မှ မောင် မခွဲဘူး..မောင့် အနားမှာပဲ မင်းကို မောင့်လိပ်ပြာ အဖြစ်ထားမယ်..မောင့်အတ္တတွေကို အကောင်အထည်ဖော်မယ်… မစဉ်းစားချင်ဘူး… မောင် ဘာကိုမှ ထည့်မတွက်တော့ဘူး..ဘယ်သူမှလဲ မောင့်ကို မတားကြပါနဲ့ … တားလို့ လဲ မရဘူး…မောင် ဒီလိုမျိုး တွေဝေနေရင် မောင့် အချစ်ကို မောင် သတ်နေသလို ဖြစ်နေလိမ့်မယ်…မောင့်ရဲ့ တစ်သက်မှာ တစ်ခါဖြစ်တဲ့ ဒီအချစ်ကိုတော့ ရှင်သန်ခွင့်ပေးပါနော်…မင်းကို မောင် သေမလောက် ချစ်တယ် အညိုရယ်…


(ကဲ မောင့်အကြောင်းသိချင်တဲ့သူတွေ မျှော်ရကြိုး နပ်ရအောင် အမြန်ကြိုးစားပြီး တင်ပေးလိုက်ပါတယ်...ဒါပေမဲ့ ဇာတ်လမ်းလေးက မပြီးသေးပါဘူး...ထုံးစံ အတိုင်း ဆက်ရန်ပါ...:P)

Wednesday, August 19, 2009

မေသက်ပိုင်ညို

အခန်းထဲက မီးရောင်ပြာလဲ့လဲ့နဲ့ ခန်းဆီးစလေးတွေက လေတိုက်လို့ တလှုပ်လှုပ်... ၀ိုင်းစုခိုင်သိန်းရဲ့  ချစ်ခဲ့တာလား ရူးခဲ့တာလား သီချင်းလေးက တိုးတိုးလေး ပျံ့ လွင့် နေတယ်…သီချင်းလေးကို ခံစားပြီး ကျွန်မအတွေး ဟိုဟိုဒီဒီ ပြေးလွှားလို့ ပေါ့…ဘ၀တွေမှာ တွေ့  ဆုံကြုံကွဲ ဓမ္မတာ ဆိုတာကို ဆရာဝန်တစ်ယောက်ဖြစ်တဲ့ ကျွန်မကောင်းကောင်း သိပါတယ်…… ဒါပေမဲ့ ကျွန်မလည်း လောကကြီးမှာ နားမလည်တာတွေများစွာနဲ့ ဘ၀ကို ရိုးရိုး ရှင်းရှင်းလေးပဲ ဖြတ်သန်းဖို့ ကျွန်မ ကြိုးစားခဲ့ပါတယ်…မထင်မှတ်တဲ့ နေရာတွေမှာ မထင်မှတ်ထားတာ မျှော်လင့်မထားတွေက အတားအဆီးမဲ့ ၀င်လာတတ်တာ ကျွန်မ သတိလက်လွတ် ဖြစ်သွားပြီး ကြိုတင်ကာကွယ်ချိန် မရလိုက်မိတဲ့အထိပေါ့… ဒါကလည်း တစ်ခါဖူးမှ ရင်မခုန်ဖူးတဲ့ ကျွန်မ အချစ်ဆိုတာကို သိရှိခံစားလိုက်မိတဲ့ အချိန်မှာပါပဲ… ကံဇာတ်ဆရာရဲ့ ရိုက်ချက်ဆိုပြီး ကံကို ပုံမလား…ဒါမှမဟုတ် ၀ဋ်ကြွေးတစ်ခုလို့  ခံစားနေရမလား…သီချင်းလေးအတိုင်းပါပဲ ကျွန်မ ရူးခဲ့တာလား..ဟုတ်မှာပါ..ကျွန်မ ရူးခဲ့တာပါလေ…

အချစ်ဆိုတဲ့ အရာက “မောင့်” ကိုစတွေ့ တုန်းကတော့ လှပခြင်းတွေ သယ်ဆောင်လာတဲ့ ပန်းခြင်းလေး တစ်ခုလို.. စိတ်ဝင်စားခြင်းများစွာပါတဲ့ လက်ဆောင်လှလှလေးတွေလို့ ကျွန်မ တွေးမိတယ်…ယုံလည်း ယုံကြည်မိတယ်… မောင့်ဆီက ကျွန်မလိုချင်တာတွေ အားလုံးလိုလို ရခဲ့တယ်…ငယ်ငယ်ကတည်းက သာမန်မိသားစုက ပေါက်ဖွားလာတဲ့ ကျွန်မကို မိဘတွေက အထူးတလည် ဂရုစိုက်ဖို့ အချိန် မပေးအားပါဘူး… အရာရာ စရိတ်တွေ မြင့်မားနေတဲ့ ခေတ်ကြီးမှာ စီးပွားရေးအတွက် မိဘတွေ ခေါင်းနစ်နေတာ ကျွန်မ နားလည်ခဲ့ပါတယ်… တစ်ခါတစ်ခါတော့လည်း ကျွန်မရဲ့ မသိစိတ်ကရော အသိစိတ်မှာပါ ဂရုစိုက်ခံချင်တဲ့…အလိုလိုက်ခံချင်တဲ့ ဆန္ဒလေးက ကိန်းအောင်းနေတတ်တယ်.....

မမျှော်လင့်ပဲ ကျွန်မတာဝန်နဲ့ နယ်စပ်မြို့ လေးတစ်ခုကို တာဝန်ထမ်းဆောင် ဖို့ ရောက်ခဲ့တယ်… အရင်ကလည်း မိဘတွေနဲ့ မကြာခဏ ခွဲဖူးတော့ ကျွန်မအတွက် မိသားစုနဲ့ ခွဲနေဖို့ ကို သိပ်ပြီး ထွေထွေထူးထူး မခံစားရပါဘူး… မောင်နဲ့ စဆုံစည်းရာ…အချစ်ကို တွေ့ ရှိရာ နယ်မြေသစ်ကလေးပါ…ကျွန်မအတွက်ကတော့ အမှတ်ရစရာတွေ အများဆုံး ရှိတဲ့ အတိတ်မြို့ လေးပါ့….

မောင်ကတော့ အဲ့ဒီနေရာမှာ ကျွန်မထက် အရင် တာဝန်ထမ်းဆောင်နေတဲ့သူပေါ့… နယ်မြေသစ်ဆိုတော့ ကျွန်မအတွက် အရာရာက စိမ်းနေသေးတယ်လေ… ဒါပေမဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ဂရုစိုက်မှုနဲ့ ရက်အနည်းငယ်မှာပဲ ကျွန်မတော်တော်လေး အသားကျသွားပါတယ်…. လုပ်ဖော်ကိုင်ဖက်ထဲမှာ ကိုဟန်သစ်ထူးကတော့ ကျွန်မအတွက် တော်တော်လေးကို အပင်ပန်းခံရှာတယ်… အစစသူပဲ ကူညီပေးတယ်…အားလုံးထဲမှာ မောင်တစ်ယောက်သာ ကျွန်မကို မခေါ်မပြောပဲ သူစိမ်းလိုလို နေတတ်တာပါ… ကျွန်မကလည်း ရောက်ခါစလည်းဖြစ် ကိုယ်ကစပြီးခေါ်ရမှာကို အင်မတန် ၀န်လေးတတ်တော့ မောင့်ကိုလည်း စပြီး မခေါ်ခဲ့ပါဘူး… ဒီလိုနဲ့ ကျွန်မက တစ်ခုခုဆို ကိုဟန်သစ်ထူးကိုပဲ အကူအညီတောင်းရတာပေါ့… ကိုဟန်သစ်ထူးက ကျွန်မအပေါ်မှာ တစ်မျိုး ဆက်ဆံတတ်ပေမဲ့ ကျွန်မမှာ တခြား ရင်းနှီးသူကလည်း မရှိ တခြားတာဝန်ကျ ဆရာမတစ်ယောက်ကလည်း မီးဖွားခွင့် ယူထားတော့ သူ့ ကိုပဲ အားကိုးနေရတယ်… သူနာပြုဆရာမလေးတွေက မြို့ ပေါ်ကဆိုတော့ သူတို့ က အဆောင်မှာ မနေကြဘူး..ကျွန်မကလည်း တစ်ယောက်တည်းပဲ နေချင်တော့ အဖော်ခေါ်မထားဘူး…သူတို့ ကတော့ မေးရှာပါတယ်…အစ်မဖြစ်ရဲ့ လားတဲ့..ကျွန်မက တစ်ယောက်ထဲ နေရတာကို သဘောကျတယ်လေ…အချစ်ကို မသိခင် အချိန်ထိပေါ့…

ဒီနေ့ ဂျူတီ Off မို့ ကျွန်မလည်း အိမ်ကို လွမ်းတာနဲ့  စာလေးရေးပြီး စာသွားထည့် ဖို့  ညကတည်းက ကိုဟန်သစ်ထူးကို ပြောထားတာ… မနက်ကျတော့ ရှိုးအပြည့်နဲ ကိုဟန်သစ်ထူးကို အခန့် သားတွေ့  လိုက်တယ်ဆိုရင်ပဲ သူက “ မမေ..ကျွန်တော် အစ်မကို သူငယ်ချင်းတွေနဲ့ လည်း မိတ်ဆက်ပေးမလို့  မြို့  ထဲမှာ ချိန်းထားတယ်..အဲ့ဒါ စာထည့် ပြီးရင် ကျွန်တော်နဲ့ ခဏလိုက်ခဲ့ပါ”လို့  ဇွတ်အတင်းခေါ်တော့တာပဲ… ကျွန်မလည်း သူစိမ်းယောကျာ်းတွေနဲ့ မတွေ့ ချင်တာရော ကိုဟန်သစ်ထူးကိုလည်း သိပ် ဘ၀င်ကမကျတာနဲ “ ဟင့်အင်း မလိုက်တော့ဘူး…မိတ်လည်း မဆက်ပေးပါနဲ့ ..စာထည့်ပြီး ပြန်ချင်တယ်..”လို့ ပြောတော့ “ ဟာ…ကျွန်တော်ကတော့ သူငယ်ချင်းတွေနဲ့ ချိန်းပြီးသားမို့  ပြန်မလိုက်တော့ဘူး…ပြန်ချင် ကိုယ့်ဘာသာပြန်နှင့်..”တဲ့..ကဲ ကိုဟန်သစ်ထူးကတော့ ညစ်တွန်းတွန်းပြီ… ရှားရှားပါးပါးနားရက်ကလေးရတုန်း အိမ်ကို အလွမ်းတွေ အပြည့်နဲ့ ရေထားတဲ့ စာကလည်းထည့်ချင် စာတိုက်ကိုလည်း ရောက်ဖူးချင်နဲ့ ချီတုံချတုံ ဖြစ်နေတုန်း…မောင်က ထုံးစံအတိုင်း ခပ်တည်တည် မျက်နှာနဲ့ ဘယ်အချိန်ထဲက ကျွန်မတို့ ပြောနေတာကို ကြားနေလဲ မသိဘူး..” စာထည့်မလို့  လား…စာသွားထည့်မလို့ လိုက်ချင်လိုက်ခဲ့”…တဲ့..ပြောပုံက ဘယ်လောက် ဂွကျလိုက်ပါသလဲ…တုံးတိတိနဲ့  ကဗျာ မဆန်လိုက်ပုံများ… ဒါတွေကပဲ မောင့်ကို သတိပြုချင်စရာ ကောင်းနေသလား မသိပါ….

ကျွန်မလည်း ကိုဟန်သစ်ထူးကို အားမနာနိုင်တော့ဘူး..မလိုက်တော့ဘူး မောင်နဲ့ ပဲ သွားမယ်လို့ ပြောလိုက်တယ်…ခဏနေတော့ မောင် အ၀တ်အစားလဲပြီး ထွက်လာတယ်…အ၀တ်အစားလဲတယ်သာ ပြောတာပါ…မောင့် ပုံစံက ဒီအတိုင်းပါပဲ… အ၀တ်အစားဆိုလို့ ကျွန်မ မြင်ဖူးတာ ၁၀စုံတောင် ပြည့်မယ် မထင်ပါ…မောင်က ကိုယ့်ကိုကိုယ်လည်း မပြင်မဆင်နဲ့ …လောကကြီးကို ဘာတွေ မကျေမနပ် ဖြစ်နေမှန်း မသိတဲ့ မျက်နှာနဲ့ …ဘာမှ မပြောပဲ ရှေ့က ဦးဆောင်သွားတော့ ကျွန်မလည်း နောက်က ကုတ်ကုတ်လေးလိုက်သွားခဲ့တယ်…

ဘယ်အချိန်ကတည်းက မောင့်အပေါ်ကို အလိုလို ယုံကြည်မိရက်သား ဖြစ်သွားလဲ ကိုယ့်ကိုကိုယ်တောင် မစမ်းစစ်ကြည့်မိဘူး… မောင်ခေါ်ရာနောက်ကို စိတ်ချလက်ချ လိုက်သွားခဲ့တယ်…မောင်က တစ်လမ်းလုံး စကားလည်း မပြောဘူး…မျက်နှာကလည်း ခပ်တည်တည်…ကျွန်မကလည်း စကားစမပြောချင်တော့ မြို့ ထဲကို သွားတဲ့လမ်းက မောင်နဲ့ ကျွန်မကြား နံရံတွေ ခြားနေသလိုပါပဲ… သြော်…မောင်ရယ် မောင်နဲ့ ကျွန်မ ကြားမှာ နံရံတွေက စကတည်းက ခြားထားတာ မောင့်ကို ချစ်စိတ်ကြောင့် မမြင်နိုင်ခဲ့တာလား မောင်ရယ်….

ဟိုရောက်တော့ ကျွန်မ စာထည့်နေတဲ့အချိန် မောင်က စာတိုက်ထဲ လှည့်ပတ်ကြည့်နေသေးတယ်... ကျွန်မလည်း မောင်စာထည့်မယ်ထင်ပြီး ရပ်စောင့်နေတော့ မောင်က “ပြီးပြီလား သွားမယ်”ဆိုတော့… ကျွန်မလည်း စာမထည့်ဘူးလား မေးချင်ပေမဲ့ မောင့်ကို နည်းနည်း ရှိန်တာနဲ့ ဒီအတိုင်း ပြန်လာကြတယ်…မောင်က စာမထည့်ပဲ ကျွန်မကို တကူးတက လိုက်ပို့ ရလောက်အောင်မှ မရင်းနှီးတာ…မောင် ဘာဖြစ်လို့ များ ကျွန်မကို လိုက်ပို့ တာလဲ…အိမ်အပြန်လမ်းမှာ လူနာဖြစ်ဖူးတဲ့ ဦးလေးမောင်ရဲ့ ကားနဲ့ တိုးတော့..ကျွန်မတို့ ကို လမ်းကြုံခေါ်လာပေးတယ်…ကားပေါ်မှာလည်း သူ့ အမျိုးသမီးပါတော့ ကျွန်မတို့ နှစ်ယောက် နောက်ခန်းမှာ ထိုင်ကြတယ်… ကျွန်မ လဲပေါင်းများစွာတွေးနေရင်း မောင့်ကို ငဲ့ကြည့်တော့ မောင်က ငိုက်နေလေရဲ့ …ဟန်တောင် မဆောင်နိုင်ဘူး…အေးလေ..သူက နိုက်ဂျူတီကျထားတော့ အိပ်ချင်မှာပေါ့..ဒါနဲ့ များတောင် ကျွန်မကို လိုက်ပို့ နိုင်သေးတယ်…..ဘာပဲဖြစ်ဖြစ် ကျွန်မ တိတ်တခိုးလေး ကျေနပ်နေမိပါတယ်….ကျွန်မ ပခုံးပေါ်ကို အိကျလာတဲ့ မောင့်ခေါင်းကိုလည်း တွန်းမဖယ်ရက်…မောင့်ကိုလည်း နှိုးဖို့ ခက်နဲ့ …ဦးလေးမောင်တို့ ဇနီးမောင်နှံကလဲ အလိုက်တသိ နှုတ်ဆိတ်နေလို့ သာပေါ့….ခဏနေ ကားဆောင့်တော့မှ မောင်က နိုးလာပြီး “ဆောရီး”..လို့  တစ်ခွန်းဆိုတယ်…ဦးလေးမောင်ရဲ့ ဇနီးက “ ဆရာလေး ညက ပင်ပန်းသွားတယ်ထင်တယ်..”လို့ အပြုံးနှင့်ဆိုတယ်…ရှားရှားပါးပါး မောင့်မျက်နှာက ရှက်ကိုး ရှက်ကန်းလေး ဖြစ်လို့ နေတယ်...

အိမ်ရောက်တော ဦးလေးမောင်တို့ ကို ကျေးဇူးတင် စကားဆိုပြီး အလှည့် မောင့်ကို ကျေးဇူးတင် စကားတောင် မဆိုခင် မောင်က ဦးလေးမောင်တို့ ကို တစ်ချက်ပြုံးပြပြီး သူ့ အခန်းသူ ပြန်သွားနှင့်ပြီ… ဘယ်လို အမြင်ကတ်စရာ ကောင်းတဲ့လူပါလိမ့်လို့ တွေးရင်း ကျွန်မလည်း ကိုယ့်အခန်းကိုယ် ပြန်လိုက်တယ်…

အခန်းရောက်ကတည်းက လှဲလိုက်တာ ဘယ်လိုအိပ်ပျော်သွားမှန်း မသိလိုက်ဘူး…နိုးလာလို့ နာရီ ကြည့်လိုက်တော့ ည ၉နာရီပင်ထိုးနေပြီ….လူက နုံးချိချိ ဖြစ်နေတာနဲ့  ရေကို စိမ် ပြီး ခေါင်းလောင်းချိုးလိုက်တယ်…၄၅မိနစ်လောက် ကြာသွားမယ်ထင်တယ်…ဗိုက်ကလည်း မဆာတာနဲ့ အခန်းထဲမှာပဲ ခွေနေလိုက်တယ်…ည ၁၂နာရီလောက်ကျတော့မှ တစ်ကိုယ်လုံး တုန်နေအောင် ချမ်းပြီး အဖျားတွေ တက်လာတယ်….ကျွန်မက နဂိုကတည်းက အအေးကြိုက်သူဆိုတော့ အနွေးထည်ရယ်လို့ အိမ်ကနေ သတ်သတ်မှတ်မှတ် ယူမလာမိဘူး…လူးလိမ့်နေအောင် အချမ်းတက်လာတာ…မောင့်ကိုလည်း သွားပြောရမှာ မ၀ံ့မရဲ… ယုံကြည်ရလောက်ပါတယ်လို့ ကိုယ့်ကို အားတင်းပြီးနေပေမဲ့…မိဝေးဖဝေးမှာ တစ်ယောက်ထဲဆိုတော့ အားငယ်စိတ်တွေကလည်း ရင်ထဲ တလိမ့်လိမ့်ပေါ့…ကြိုးစား အားတင်းပေမဲ့  ဘယ်လိုမှ နေလို့ မရတော့တာနဲ့ …မောင့်အခန်းကို သွားခေါက်တော့ မောင်က မအိပ်သေးလို့ တော်ပါသေးရဲ့ …မောင်က ကျွန်မ မျက်နှာကိုကြည့်ပြီး “ ဘာဖြစ်တာလဲ…ဘာဖြစ်လို့ လဲ..”…“ ညနေကတည်းက ပြန်လာပြီး ရေချိုးလိုက်တာ အပူရှပ်ပြီး ဖျားတာထင်တယ်…ချမ်းလိုက်တာလည်း အရမ်းပဲ..” တုန်တုန်ရီရီနဲ့ ကျွန်မဆိုတော့ မောင်က ချက်ချင်း အခန်းထဲ ၀င်သွားပြီး သူဟိုတစ်နေ့ ကမှ လက်ဆောင်ရထားတဲ့..အနွေးထည် အသစ်ကြီးကို ထုတ်ပေးတယ်…ကျွန်မက ဆရာဝန်ပေမဲ့ ဆေးသောက်ရမှာ အင်မတန်ပျင်းသူပါ.. ဖြစ်လာရင် ဒီအတိုင်းပဲ ပေနေလိုက်တာများတယ်… ဘာဆေးမှလည်း ဆောင်မထားတတ်ဘူး… “ဆေးမသောက်ရသေးဘူးလား…” “ဟင့်အင်း..”…မောင်က ဘယ်လို ဆရာဝန်ပါလိမ့် မျက်နှာပေးနဲ့ … သောက်ရမဲ့ဆေးတွေ ပေးတယ်…“အဲ့ဒီဆေးတွေ အခန်းမှာ ရှိတယ်” ညာပြောပြီး ကျွန်မက ဆေးမသောက်ချင်တဲ့ ကလေးလိုလုပ်တော့ “ယူသွား…သောက်လိုက်..ပြီးရင် အခန်း တံခါးကို Lock မချထားနဲ့ …”တစ်ခုခုဆို လှမ်းအော်လိုက်တဲ့…သူ့ ကို ယုံလား မယုံလားလဲ တစ်ခွန်းမမေးပဲ သူ ပြောချင်ရာပြောရင်း ကျွန်မကို အခန်း ပြန်လိုက်ပို့ ပေးတယ်…မောင်က ပြန်ခါနီး ကျွန်မကို တစ်ချက်ကြည့်သေးတယ်…မောင့်မျက်ဝန်းမှာ စိုးရိမ်စိတ်ကလေး ရေးရေးလေး ကျွန်မ နေမကောင်းတဲ့ ကြားက တွေ့ လိုက်သလိုပဲ…

မနက်မိုးလင်းတော့ ဘယ်အချိန်ကတည်းက မောင် နိုးနေလဲ မသိဘူး.. ကျွန်မအတွက် ကော်ဖီနဲ့ မုန့်  တောင် အဆင်သင့် ဖြစ်နေပြီ… သူဂျူတီသွားခါနီး လုပ်ပေးထားတာနေမှာ… ကျွန်မလည်း သက်သာသွားပေမဲ့… ဂျူတီဝင်ဖို့ မဖြစ်နိုင်သေးလို့ခွင့်ယူထားလိုက်တယ်…. နေ့ ခင်းကျတော့ ကျွန်မ နည်းနည်း ထူထူထောင်ထောင် ဖြစ်လာလို့  အလုပ်တစ်ခုပြီးအောင် အ၀တ်လျှော်မယ် စိတ်ကူးတုန်း…ဖုန်းဝင်လာတယ်… ကျွန်မလည်း ဘယ်သူဆီကပါလိမ့်လို့ ကိုင်လိုက်တော့ “ဆေးသောက်ပြီးပြီလားတဲ့..”.. ဒါမောင့်အသံ… ဖုန်းထဲမှာ တစ်ခါမှ မကြားဖူးပေမဲ့….မောင်ပဲဆိုတာ သေချာနေတယ်…“ဟုတ် သောက်ပြီးပြီ…ထမင်းစားပြီးပြီလား..” “အင်း အခုပဲ စားမလို့ စိတ်ပူလို့ ဆက်လိုက်တာ ဘာလုပ်နေလဲ..”…“ ဟို အ၀တ်လျှော်မလို့ …”…“ ဟာ…နေမကောင်းတဲ့ဟာကို…မလျှော်နဲ့ ထားလိုက်..လုံးဝ မလျှော်နဲ့ နော်…”…“ အင်း..ဟုတ်..ဟုတ်ကဲ့..”…“သက်သာအောင် နေနော်…ဒါပဲနော်”… မောင့်အသံတွေ တုန်နေတာလား...မောင့် အသံက တိုးတိုးလေးရယ် ...သြော်..မောင်က ဒီလိုဆိုတော့လည်း စိတ်ရင်းကောင်းသားပဲ..စိတ်ပူတတ်သားပဲ. . ဘာရယ်မဟုတ် တစ်ယောက်ထဲ ကြိတ်ပြုံးနေလိုက်တယ်…

ညနေရောက်တော့ မသိစိတ်က နှိုးဆော်လို့ လား မသိ…မောင်ပေးတဲ့ အနွေးထည်လေး ၀တ်ပြီး အဆောင်ရှေ့  မသိမသာ ရပ်ရင်း တစ်စုံတစ်ယောက်ကို မျှော်နေမိတယ်…အဲ့ဒီတစ်ယောက်က ဘယ်သူ ဖြစ်မယ်ထင်လည်း မောင်ပဲပေါ့…ဒါပေမဲ့ လမ်းကလေးကို မျှော်ရင်းကြည့်လိုက်တော့ ကျွန်မ အရင်ဆုံး မြင်လိုက်ရတာက ကိုဟန်သစ်ထူး..သူက ဟိုတစ်ခေါက်ကတည်းက ကျွန်မကို မကျေနပ်ဘူး ထင်ပါတယ်…စကားမပြောပဲနေတာ ကြာပြီ… ကျွန်မကလည်း အရင်က ဘယ်လိုပဲ ကူညီခဲ့ ကူညီခဲ့ သူကူညီခဲ့လို့  ကျွန်မ အဆင်ပြေခဲ့တာမို့  နှုတ်ဆက်ပြုံးလေးပြုံးပြတာတောင် သူက မသိသလို ဟန်ဆောင် သွားတယ်…

စိတ်ထဲမှာ ဘာမှ မရှိတာမို့  မောင့်ကိုပဲ ဆက်မျှော်နေလိုက်မိတယ်…ဟော…တွေ့ ပါပြီ…ဟို ခပ်လှမ်းလှမ်းမှာ.. မောင်က ဆေးလိပ်သောက်ရင်း…လျှောက်လာတယ်…ကျွန်မကိုလည်း မြင်ရော ဆေးလိပ်ကို ကမန်းကတန်း လွှင့်ပစ်လိုက်တယ်…ကျွန်မ မသိဟန်ဆောင်ပြီး အခန်းထဲမှာ ပြန်နေလိုက်တယ်…ထင်တဲ့အတိုင်း တံခါးလာခေါက်တယ်…ရင်ထဲမှာ လှိုက်ကနဲ ခုန်ပြီး ဖွင့်ကြည့်လိုက်တော့ ..မောင်မဟုတ်ဘူး…မောင့်တပည့် ကိုမောင်ကျော်..“ ဆရာမလေး နေမကောင်းဘူးဆိုလို့  ၀ယ်လာတာ…ပူတုန်းသောက်လိုက်နော်…” “ အော်..ဟုတ်ကဲ့…ကျေးဇူးပဲနော်..” ကိုမောင်ကျော်က ဘာမှ ပြန်မပြောဘူး…ပြုံးပြီးထွက်သွားတယ်…ကျွန်မလည်း ဗိုက်ဆာတာရော ဘာကို မကျေနပ်မှန်းမသိ မကျေနပ်တာရော ပေါင်းပြီ…ယိုးဒယားစတိုင် ညှပ်ခေါက်ဆွဲပြုတ် ပူပူလေးကို ငုံ့  သောက်လိုက်တယ်…စိတ်ထဲမှာတော့ မတင်မကျနဲ့ ပေါ့…

ကျွန်မနေပြန်ကောင်းလာလို့ ဂျူတီ ပြန်ဝင်နိုင်တော့လည်း မောင်နဲ့ ဆက်ဆံရေးက အရင်အတိုင်းပါပဲ… ဒါပေမဲ့ မောင့်ဆီက တစ်ချက်တစ်ချက် ခိုးကြည့်တာလေးတွေကိုတော့ ရှိလာတတ်တာပေါ့.. ကျွန်မကလည်း စကားနည်းသူဆိုတော့ မေးထူးခေါ်ပြောလောက်သာ မောင်နဲ့ နှုတ်ဆက်ဖြစ်ပါတယ်…. တစတစ အချိန်ကြာလာတော့လည်း မောင်နဲ့ ကျွန်မကြားမှာ နားလည်မှုအလိုလို ရှိလာသလို မောင်ပေးတဲ့ အမိန့် တွေကို အလိုလို နာခံတတ်လာတယ်…..ဥပမာ ကျွန်မဆေးကုပေးတဲ့ သူဌေးမကြီးရဲ့ သားက ကျွန်မဆီ လက်ဆောင်တွေ လာပို့ တာတို့ ...ကျွန်မဆီကို မုန့် င်္တေ လာပေးတာတို့  ပြီးတော့ လူနာလိုက်ကြည့်ရင်း လမ်းက ဘုရားကို ၀င်ပို့ ပေးတာတို့ မောင်က နည်းနည်းမှ မကြိုက်ဘူးတဲ့လေ...အဲ့လိုနေ့ မျိုးဆိုရင် မောင်က မျက်နှာကြီးပုပ်သိုးနေတာ ရယ်ချင်စရာကြီး..မောင်က ကျွန်မ မမြင်အောင် ဟန်ဆောင်နေပမဲ့ မောင့်ကို အရိပ်လို ကြည့်နေတဲ့ ကျွန်မကတော့ သိတာပေါ့..ဘာပဲဖြစ်ဖြစ်ပါ..အဲ့ဒီအချိန်တွေတုန်းက အထိတော့ မောင်က ကျွန်မအတွက် မိတ်ဆွေကောင်း တစ်ယာက်ပါပဲ......

နောက်ပိုင်း သူနာပြုဆရာမလေးတွေဆီက တဆင့် သိရတာက မောင်က ဘယ်သူ့ ကိုမှ ဟက်ဟက်ပက်ပက် စကားမပြောတတ်ဘူး…ပြောရင်လည်း ပြတ်ပြတ်သားသား ပြောတတ်တယ်.. ပြီးတော့ မောင်က ဟင်းချက်ကောင်းတယ်တဲ့…အိုး မထင်ရဘူးနော်..ဒီလိုပုံစံက…ကျွန်မ ကြားဖူးတာ ဟင်းချက်တယ်ဆိုတာ စိတ်ခံစားမှုနဲ့ ပတ်သက်နေတယ်လို့ ကြားဖူးတာ…ပြီးတော့ စိတ်လည်း ရှည်ရတယ်တဲ့…မောင့်လို ပုံစံက ဟုတ်ပါ့မလားလို့ တောင် ထင်စရာ….အခွင့်လေးများ ရရင် မောင် ချက်တာလေးကို မြည်းချင်စိတ်ကတော့ တဖွားဖွားပေါ့…မောင်က ဆရာဝန်ပေမဲ့ ဆေးလိပ်နဲ့ အရက်ကိုလဲ တစ်ခါတစ်ခါ သောက်တတ်သေးတယ်တဲ့… ဒါပေမဲ့ ဘယ်သူကမှ မောင့် အကြောင်းကို ဂဃနဏ မသိကြဘူး… မောင်စိတ်ရင်းကောင်းတယ်လို့ တော့ အားလုံးက လက်ခံကြတယ်…မောင့်ရဲ့ အားနည်းချက်က အရမ်းကို အားနာတတ်တာပါပဲ…. ပြီးတော့ မောင့်မှာ မိသားစု ရှိတယ် မထင်ရလောက်အောင် မောင်က ဘယ်ကိုမှ ဆက်သွယ်တာ ဘယ်သူ့ ဆီကမှ ဆက်သွယ်တာ မကြားဖူးကြဘူးတဲ့လေ….အော် မောင်က တော်တော် လျှို့ ဝှက်နိုင်တာပဲနော်… ဒါကြောင့်လည်း ကျွန်မ အချစ်တွေ မောင့်ဆီ ကျွံခဲ့တာပေါ့…….မောင်ရယ် ရက်စက်လိုက်တာ…..ဒါပေမဲ့ ကျွန်မ မောင့်ကို မမုန်းပါဘူး…မုန်းဖို့ ခွန်အား ဘယ်သူက မျှမျှ ကျွန်မ လက်မခံခဲ့ပါဘူး…အဲ့ဒီလောက်ထိ စူးစူးစိုက်စိုက် မောင့် အပေါ် သက်ဝင် ချစ်ခင်တာပါမောင်ရယ်……..

Friday, August 14, 2009

မိတ္တူနေ့ စွဲများ




အလေ့ရိုးရိုး နေ့ မျိုးများစွာ
ဘ၀ခါးခါး ညများစွာနဲ့ 
ထပ်တူကျခဲ့...ကိုယ့်နေ့ စွဲများ..

ဘ၀ပင်လယ် အ၀ကျယ်မို့ 
နိမ့်သူ ဖိနှိပ်
မကောင်း စိတ်ကြောင့်…
နှုတ်ဆိတ်နေထား..
မပြောအားဘူး….

ကောင်းကင်မော့ကြည့်
ဟော အတိနဲ့  တိမ်စိုင်တိမ်ခဲ
ထိုမိုးသားလည်း…ပြိုကာပျက်ကျ
ငိုကာချဖို့  သူအားကူလို့ ….

ဆွေမနီး မျိုးဝေး
ထိုအတွေးက ရေးရေးနှိပ်စက်
အိပ်ဖို့ ခက်ခဲ…
တွေးနက်ဆဲမို့ …

ကြယ်ကလေး ဟန်ဆောင်
သူ ပြုံးယောင်လည်း…
လမင်းကြီးဝါ
သူ ထိန်သာလည်း…
စိတ်မှာ မပျော်….
အိပ်ယာပေါ်မှ…

ကမ်းနှင့် ခရီး..
လှမ်းလင့်ပြီးမို့ …
ရှေ့ သို့ မျှော်ရည်
ဆက်ရပေမည်….
အာရုံမိုးသောက်…
ချိန်ခါရောက်ပေါ့….

ပျောက်ဆုံးနေသော ဘုံ

ရှင်သန်ရာ ကမ္ဘာမြေကြီး အတူတူ
ပက်ကြားအက်ပြီး အဆီအနှစ် မရှိတဲ့ မင်းရင်မှာ…
ငါရဲ့ ရစ်နှစ်သည်းချာ ပျိုးပင်လေးတွေကို
တယုတယ ပေါင်းတင် ရေလောင်းလို့ ရော..
လွတ်လပ်စွာ ရှင်သန်ခွင့် ရှိမှာတဲ့လား..
အနှောင်အဖွဲ့ ကင်းတဲ့ ကောင်းကင်ပေါ်မှာ
ပျံသန်းတဲ့ ငှက်တွေချင်းအတူတူ
မင်းရဲ့ ချုပ်နှောင်မှုနဲ့  တောင်ပံ ရိုက်ချိုးခံထားရတဲ့
ငါ့ ငှက်ကလေးတွေခမျာ အဆုံးအစမဲ့
လွပ်လပ်စွာ ပျံသန်းခွင့်ရှိမှာတဲ့လား…
မိုးကုပ်စက်ဝိုင်းအောက်က
ပင်လယ် ၊ သမုဒ္ဒရာတွေရှိရက်နဲ့ 
ကမ်းစပ်ကို အနားသပ်နေတဲ့ မင်းရဲ့ 
တစ်ကိုယ်ကောင်းဆန် အတ္တတွေကြောင့်
ငါ့ရဲ့  ကြည်လင်အေးမြတဲ့ စမ်းချောင်းကလေးတွေ
လွပ်လပ်စွာ တသွင်သွင် စီးဆင်းနိုင်ပါ့မလား…
ကြည့်မ၀တဲ့ သဘာဝတရားရဲ့ 
အလှအပတွေရှိတဲ့ လောကကြီးမှာ
မင်းရဲ့ မိုက်မှောင်လောဘတွေကြောင့်
ငါတို့ ရဲ့  ပကတိဖြူစင်မှုတွေနဲ့ အတူ
အာရုံစက္ခုတွေ အလင်းမှောက်လို့ 
အမြင်တွေ ကမောက်ကမနဲ့ 
ဘယ်ဘ၀ ဘယ်ဘုံတောင် ရောက်နေရပါလိမ့်…………

Wednesday, August 12, 2009

အဖေ မြန်မြန်ကျန်းမာပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါသည်....

“ အဖေကလဲ…ဒီအရက်တွေ မသောက်ပါနဲ့ ဆိုတာ…”..ကျွန်မရဲ့ အဖေ့ကို မကျေမနပ် ပြောလိုက်တဲ့လေသံ … “အဖေ့ ဆေးလိပ်နံ့ တွေကလဲ အသက်ရှုလို့ တောင် မ၀တော့ဘူး..”.. ကျွန်မရဲ့  ပြစ်တင်သံ..

ဟုတ်ပါသည်…တစ်နေ့ တစ်နေ့ ဒီအကြောင်းကြောင့် အဖေနဲ့ကျွန်မ အချေအတင် အမြဲ ဖြစ်နေကျပါ… ပြန်စဉ်းစားရင် အဖေ့ကိုလဲ သနားမိတယ်…ဒါပေမဲ့ ဒီလိုတွေ ပြောတယ်ဆိုတာကလဲ အဖေ့ ကျန်းမာရေး အတွက်ပါ…တစ်နေ့ ကို စီးကရက် တစ်ဗူးသောက်တဲ့ အဖေ….ချောင်းတွေ မကြာခဏဆိုးနေတဲ့ အဖေ့ကို ဆေးစစ်ကြည့်ပါလို့ ပြောတိုင်း အဖေက “ အိုး…အဖေ့ ကျန်းမာရေးက ဒေါင်ဒေါင်မြည်ပဲ..” တဲ့… ပြောရခက်တဲ့ အဖေပဲ…အဖေ့အကြောင်းတွေးရင်း ခေါင်းထဲမှာ ငယ်ငယ်က ဘ၀ကို ပြန်သတိယ သွားမိတယ်..

အရင်တုန်းက ကျွန်မတို့ ငယ်ဘ၀က လိုတရပါ… အဖေ့ရဲ့  လုပ်ငန်းကလဲ ၀င်ငွေကောင်းနေတဲ့အချိန်ပေါ့… လုပ်ငန်းခွင်မှာ အပေါင်းအသင်းနဲ့ သောက်မယ်…အလုပ်အကြောင်းပြောရင်းစားကြ သောက်ကြပေါ့… အဖေက ငွေကလေး လက်ဖျားသီးနေတဲ့ချိန်ဆိုတော့ မင်းသားတစ်ယောက်လိုပါပဲ…ဆေးလိပ်နဲ့  အရက်ကို လုပ်ငန်းခွင်မှာရော အိမ်မှာပါ ဟန်ပါပါ မာန်ပါပါ ပျော်လို့  ပင်ပန်းလို့ သောက်ခဲ့သူပါ…ကျွန်မတို့  မောင်နှမ လူပျို အပျိုပေါက် အရွယ်ကျမှ ကံကြမ္မာရဲ့ အလှည့် အပြောင်းနဲ့ ရန်သူမျိုး ငါးပါးဒဏ်ကြောင့် ကျွန်မတို့ မိသားစုလေး ကမောက်ကမ ဖြစ်ကုန်ကြတယ်…အဖေလည်း အလုပ်မလုပ် တော့ဘူး…ကျွန်မတို့  လဲလုပ်ငန်းခွင် ကိုယ်စီဝင်ပေါ့…ဒါကိုလဲ အဖေက အသောက်မပျက်…ပြောတာက စိတ်ညစ်လို့  တဲ့…ညညဆို အဖေ့ သက်ပြင်းသံကို ကျွန်မ ကြားကြားနေရတယ်…သားသမီးတွေ ရှာနေရတာကို သူ စိတ်မချမ်းသာဘူးလေ… အဖေ့ရဲ့ သားသမီး အပေါ်မှာ ထားတဲ့ စေတနာတွေပါ…

တစ်နေ့ ကျွန်မ အလုပ်က ပြန်အလာ..အဖေ့ကို ဒီလို သောက်စားနေတာ တွေ့ ရတော့ စိတ်မချမ်းသာဘူး… ဒါနဲ့ ကျွန်မလဲ မနေနိုင်တော့ဘူး…အဖေ့ကို “ အဖေကလဲ တစ်နေ့ တစ်နေ့ ဒါတွေပဲ လုပ်နေတာပဲ…”လို့ အဖေ့ကို ထုံးစံအတိုင်း စိတ်ဆိုးဆိုးနဲ့ ကျွန်မ ပြောမိတော့ အဖေက “ သမီးလေးရယ်…အဖေက ဘယ်သူ့ ကို ဒုက္ခပေးနေလို့ လဲ…အဖေကိုယ့်ဟာကို အေးအေးဆေးဆေး သောက်နေတာပါ..”တဲ့… ဟုတ်တော့ ဟုတ်သည်…အဖေက သောက်တယ်ဆိုပေမဲ့ ဘယ်သူ့ ကိုမှ ဒုက္ခမပေး ပြဿနာမရှာပါဘူး… သူ့ ဟာသူ အေးအေးဆေးဆေးလေး နေတတ်သူပါ..ဒါပေမဲ့ ကျွန်မတို့ က ရပ်ကွက်ထဲမှာ နေတာဆိုတော့ သိက္ခာကျတယ် ထင်ခဲ့မိတယ်လေ…ပြီးတော့ အဖေ့အတွက်လဲ စဉ်းစားပြီးပြောတာပါ…..ဒါပေမဲ့ အဖေ့ကို ဒီလို ပြောပြီး ကျွန်မ မျက်နှာ ပုပ်သိုးနေတယ်…ဘာလုပ်လုပ် ဒုန်းဒုန်း ဒိုင်းဒိုင်း နဲ့ မကျေနပ်ချက်တွေ ဖြစ်နေတယ်…(ငရဲအိုးတော့ ဇောက်ထိုးကပ်တော့မယ်…) ဒါကို သိတဲ့ အဖေက တော်တော်လေး စိတ်မကောင်း ဖြစ်သွားပုံရတယ်…ပြီးတော့ အဖေက “သမီးလေးတို့ ကို အဖေ ဒုက္ခ မပေးပါဘူးကွယ်…အဖေ ကိုယ့်ဟာကို အေးအေးဆေးဆေး နေနေတာပါ..ဒါကို သမီးက ဘာမကျေမနပ် ဖြစ်နေတာလဲ..” လို့ အဖေမေးတော့ ကျွန်မလဲ “ အဖေ့ကို ဒီလိုမျိုး ပုံစံကြီးတွေ့ ရတာ စိတ်မချမ်းသာဘူး…ပြီးတော့ ရပ်ကွက်ထဲမှာလဲ မျက်နှာငယ် ရတယ်…” လို့  ကျွန်မပြောတော့… အဖေ့မျက်နှာမှာ ကျွန်မ တစ်ခါမှ မမြင်ဖူးခဲ့တဲ့ မျက်ရည်တွေ လိမ့်ဆင်းလာတယ်…

“ သမီးရယ်…အဖေက ဒီအချိန်မှာ စီးပွားမရှာနိုင်တော့လို့ သမီးလေးတို့ လုပ်စာကို စားနေရလို့ ဒီလိုမျိုး ပြောတာပေါ့နော်…” တဲ့… “ သမီးလေးတို့ ကို ရွှေတွဲလွဲ ငွေတွဲလွဲ ထားခဲ့တုန်းကလဲ အဖေ ဒီလိုမျိုး နေခဲ့တာပါ…”တဲ့..ကဲ…ကျွန်မ ဘယ်လို စကားတွေနဲ့ အဖေ့ကို ပြောရမလဲ…ကျွန်မမှာ စကားတွေ ဆွံ့ အ နေခဲ့တယ်…ကျွန်မလဲ အဖေနဲ့ တူတူ ရောပြီး ငိုလိုက်မိတယ်…ပြီးတော့မှ “ အဖေရယ်…သမီး ဒီသဘောနဲ့  ပြောတာ မဟုတ်ပါဘူး…အဖေတစ်ယောက်ရဲ့ ကျန်းမာရေးကို အလေးထားတဲ့ သမီးတစ်ယောက် အနေနဲ့  ရင်ထဲက ရှိတဲ့ ကရုဏာ ဒေါသော ပြောမိတာပါ အဖေရယ်….သမီး ကြောင့် အဖေ အခုလို ခံစားရတယ်ဆို သမီး ကန်တော့ပြီး တောင်းပန်ပါတယ်…”..ကျွန်မ ပြောလဲ ပြော ငိုလည်းငိုပေါ့…အဖေက အဲ့ဒီတော့မှ သူ့  ထုံးစံအတိုင်း လေပြည်အေး လေးနဲ့ .. “ သမီးရယ်…အဖေက သမီးလေးတို့ ရှာကျွေးနေရလို့ အဖေက သမီးလေးတို့ ကို ဘာမှ လုပ်မပေးနိုင် တော့လို့ …သမီးလေးတို့ ရဲ့ လုပ်စာ ထိုင်စားနေရပေမဲ့ အဖေတစ်ရက်မှ စိတ်မချမ်းသာခဲ့ပါဘူး…အဖေ့ကို သမီးလေးက ဒီလိုပြောတော့ အဖေ အရမ်းဝမ်းနည်းသွားလို့ ပါ…”…တဲ့…အဲ့ဒီနေ့ က ကျွန်မတို့ သားအဖလည်း မိုးလင်းတဲ့ထိ စကားတွေ ပြောဖြစ်ခဲ့ကြတယ်….

နောက်ကျွန်မလဲ အဖေ စိတ်ချမ်းသာပါစေဆိုပြီး ဘာမှ မပြောတော့ဘူး…အဖေလည်း သူစိတ်ညစ်လာတဲ့ အခါတိုင်း ကျွန်မတို့ အလုပ်က ပင်ပင်ပန်းပန်း ပြန်လာတိုင်း သူလဲ ဆေးလိပ်နဲ့ အရက်ကို အဖော်ပြုရင်း စိတ်မချမ်းမသာနဲ့  ဒီအတိုင်း နေလာခဲ့တယ်….အမေကတော့ မယားဝတ္တရားရော မိဘသတ္တရားရော ကျေပြွန်ရှာပါတယ်….

အခြေနေ အရပ်ရပ်ကြောင့် ကျွန်မ မိဘတွေနဲ့ ဝေးတဲ့နေရာကို အကြောင်းကြောင်းကြောင့် ရောက်ခဲ့တယ်… အမြဲတမ်းလည်း မိဘတွေရဲ့ ကျန်းမာရေးကို ကိုယ်စွမ်းသလောက် အဝေးကနေပဲ သတင်းမေးခဲ့တယ်… တစ်နေ့ တော့ အမေက “ ဒီနေ့  နင့်အဖေ လူမိုက်ကြီးကို ဆေးရုံသွားပြရတယ်..”တဲ့…ကျွန်မ စိတ်အရမ်းပူသွားတယ်…ကမန်းကတန်းပဲ မေးလိုက်တယ်… “ အဖေ ဘာဖြစ်လို့ လဲ အမေ..” လို့ .. “ ဘာဖြစ်ရမလဲ နင့်အဖေ သူ မိုက်ခဲ့တာတွေကြောင့် အခုတီဘီတဲ့…” ကျွန်မ ချာချာလည်သွားတယ်… “ ဟင်…ဒါ..ဒါဆို ကင်ဆာပေါ့..ကင်ဆာဖြစ်ပြီပေါ့…” မရဲတရဲ အမေ့ကို မေးကြည့်တော့.. “ ကင်ဆာအဆင့်ထိတော့ မရောက်သေးဘူး..ဒါပေမဲ့ ဆေးကိုတော့ နှစ်နဲ့  ချီသောက်ရမယ်တဲ့…လူမိုက်ကြီးကို ပြောလိုက်ဦး”..ဆိုပြီး အဖေ့ကို စကားပြောခိုင်းတယ်..ကျွန်မလဲ ကင်ဆာမဟုတ်ဘူးဆိုလို့ စိတ်တော့ နည်းနည်းအေးသွားတယ်...ကျွန်မ အဖွား အဖေ့ရဲ့ အမေလဲ ဆေးလိပ် တအားသောက်လို့  အဆုတ်ကင်ဆာနဲ့ ဆုံးသွားတာလေ...

VZO ထဲမှာ မြင်ရတဲ့ အဖေ့မျက်နှာက ပိန်သွားလိုက်တာ…သြော်…အဖေရယ် ဒါတွေကို ကြိုသိလို့  သမီးပြောခဲ့တာပါ အဖေရယ်… “ အဖေဘယ်လိုနေသေးလဲ…ချောင်းဆိုးရင် သွေးပါတာ များလား..သက်သာလား..” အလောတကြီးပဲ မေးလိုက်တယ်.. အဖေက အပြစ်ရှိသူ တစ်ယောက်လို ငြိမ်သက်နေတယ်…“ အဖေ…ပိုက်ဆံတွေ ဘာတွေ ချွေတာ မနေနဲ့ နော်…အထူးကုနဲ့ သွားပြလိုက်…အဖေလိုတာ သမီး အကုန်ပို့ ပေးမယ်…” ဆိုတော့… “ ဟာ…ရတယ် သမီး အဖေက ဘာမှ ဖြစ်တာမှ မဟုတ်တာ…အဖေ သမီးတို့ ဆီကို ကျန်းကျန်းမာမာနဲ့ လာဦးမှာ..” တဲ့…ပြောရင်း အဖေချောင်းတွေဆိုးနေပြန်တယ်…အဖေက သားသမီးတွေ ရှာထားတဲ့ ပိုက်ဆံကို သုံးရမှာ အင်မတန် ၀န်လေးတတ်သူပါ… ဒါကြောင့်လဲ လိုအပ်တာကို မသုံးမိမှာ စိုးလို့  ကျွန်မပြောခဲ့တာပါ…အဖေ့ အကြောင်းကို ကျွန်မ အသိဆုံးလေ…

အဲ့ဒီလိုတွေ မတိုင်ခင်က အဖေတို့ ကို အလည်လာဖို့  ကျွန်မ ပြောထားတာပါ… အဖေကလဲ လာခဲ့မယ်ဆိုပြီး အားတက်သရော ပြောခဲ့သေးတာ…အခုတော့…အဖေ့မှာ ဒီရောဂါဆိုးကြီး ခံစားနေရတယ်… အဖေ့ကို ကျွန်မ လေအေးလေးနဲ့  “ အဖေရယ် အခုတော့ ဒါတွေကို မလုပ်ပါနဲ့  တော့နော်…အရင်ကဆို အဖေ အသည်းလည်း ခြောက်ခဲ့ပြီးပြီ….အခုတစ်ခါ နောက်တစ်မျိုး…အဖေ့ အတွက် ဒီဟာတွေက ဘယ်လောက် ကောင်းကျိုးပေးလဲ…သမီးတို့ အခုဆို အဖေ့ကို အဝေးကနေပဲ ဂရုစိုက်နိုင်တာပါ…အဖေ့ကို အနီးကပ် သမီး မပြုစုနိုင်ဘူး…အဖေလိုတာကို အဝေး ကနေပဲ သမီး ပို့ ပေးနိုင်ရုံ..သတင်းမေးရုံကလွဲရင် စိတ်သွားတိုင်း လုပ်လို့ မရတဲ့ အခြေနေပါ အဖေ…အဲ့ဒီတော့ အဖေ ကိုယ့်ကိုကိုယ် ဂရုစိုက်ပေးပါ…သမီးတို့ မိသားစုတွေ သိုက်သိုက်ဝန်းဝန်း နဲ့  အကြာကြီး နေကျဦးမှာလေ… အဖေကျန်းမာမှ သမီးတို့ ဆီလဲ လာလို့  ရမှာလေ….”… ကျွန်မပြောတာတွေကို အဖေ ဘာမှ ပြန်ပြောပဲ နားထောင်နေပေမဲ့ အဖေ့ရဲ့  မျက်ဝန်းမှာ လဲ့နေတဲ့ အရည်တွေရဲ့ အဓိပ္ပါယ်ကို အဖေ့ သမီးကောင်းကောင်း နားလည်ပါတယ်…

အဲ့ဒီနောက်ပိုင်းကစပြီး ခုချိန်ထိ အဖေ အရင်လို မနေတော့ဘူး… အရင်ကထက်လည်း ကျန်းမာရေး ပိုကောင်းလာတယ်… နှစ်နဲ့ ချီပြီး သောက်ရမဲ့ဆေးက အခုဆို လပိုင်းပဲ သောက်ရတော့မယ်တဲ့…အဖေ့ရဲ့ သွေးရင်းသားရင်းတွေတောင် ရောဂါကူးမှာစိုးလို့  အိမ်တောင်မလာကြပေမဲ့ အမေကတော့ မေတ္တာအရင်းခံ နဲ့ စေတနာထားပြီး ဘာကိုမှ မကြောက်… အဖေ့ကို ပြုစုဂရုစိုက် ပေးခဲ့တာကြောင့်လဲပါမှာပါ…အဖေသာ အရင်က မဆိုးခဲ့ရင် ကျွန်မတို့  အခုချိန်လောက်ဆို မိသားစုတွေ ဆုံနေလောက်ပြီ… ဘာပဲဖြစ်ဖြစ်ပါ… အဖေ အခုလို ကျန်းမာလာတာကိုပဲ ကျေးဇူးတင်မဆုံးပါဘူး… အဖေ့ကို ချစ်တဲ့ သမီး…. မိသားစု ဆုံတွေ့  ရမဲ့ ရက်ကို စောင့်စားရင်း… အဖေ အမြန်ကျန်းမာပါစေလို့ ဆုတောင်းမေတ္တာ ပို့ သလိုက်ပါတယ်…အဖေ…

တိတ်တခိုး ရှိုက်သံ


တုန်ခါ ဖျစ်ညှစ်ထားတဲ့ စကားလုံးတွေနောက်မှာ
ခပ်ခြောက်ခြောက် ရယ်သံတွေလိုက်ပါလဲ
ရင်ဘတ်ထဲက အောင့်တောင့်တောင့်…
နှုန်း အမြန်နဲ့ ရုန်းကန်ရတာတွေ
အသုံးမတန်ပဲ ပြောတဲ့ အဆူအဆဲကြားက
ဟန်ဆောင်ကာ အလိမ်ညာတွေသုံး
မပြုံးတပြုံးနဲ့  မတုံးချင်ပဲ တုံးနေရတဲ့ဘ၀…
ချွေးစက်တွေ မြေကျမှ အနေလှမယ်ဆိုပါလား…
အခြေမမဲ့ပေမယ့်…နေခဲ့တဲ့…..အိမ်
ဒီ အိမ်ရဲ့ အမိုးအောက်က မိသားစုတွေ
စားဝတ်နေရေးလောက်ငှဖို့
ချွေးတွေ ပေါက်ပေါက်ကျအောင် ရုန်းကန်လို့ နေရင်းပါ…
အနေရ ကျဉ်းပေမဲ့ မိဘတွေပေးတဲ့ မေတ္တာအလင်းကြောင့်..
အားတင်းလို့ နေဆဲပါပဲ…
လင်းတစ်ခါ မှောင်တစ်လှည့်နဲ့ 
အလှည့်ကျရက်တွေကလဲ ချစားလို့ 
လ က နှစ်တွေပြောင်းခဲ့ပြီ…
မဟောင်းသေးတဲ့ စိတ်ကူးက
အကြောင်းလေးတွေ ဖန်လာရင်…
မိဘရင်ခွင်ဆ်ီကိုတော့ တစ်ခါပြန်ချင်သား..
ဒါပေမဲ့……
ခေါင်းပေါ်က ကောင်းကင်မှာ
ဖြတ်ပျံ သွားတဲ့ လေယာဉ်ပျံနောက်…
ခပ်ကြောင်ကြောင် ငေးကြည့်ရင်း………..
မိသားစု ပုံရိပ်တွေ ထပ်ကြပ်မကွာ လိုက်ပါသွားတာတောင်…
ယောင်လို့ သက်ပြင်းတောင် မချနိုင်သေးဘူးလေ…

Tuesday, August 11, 2009

အားလျှော့ခြင်း


ရင်နှစ်ခြမ်းကို ခြေအဆင်း
လမ်းခင်းလို့ ပေးခဲ့တယ်..
နင် နင်းရာ ခြေလှမ်းတိုင်းမှာ
ငါ့နှလုံးသား ပန်းပွင့်ပေါ့…
နင် လိုရာခရီးရောက်မှ
ငါ့ရင်က သောက မီးတောက်တွေကို
အပြီးဖျောက်နိုင်မှာလေ…
တစ်နေ့ တစ်ရက်နဲ့ 
အမေ့ခက်တဲ့ နေ့ ရက်တွေကို ကျော်လွန်လို့ 
အဖော်မွန် နင် တစ်ယောက်
လိုရာကို မရောက်မှာစိုးတဲ့
ငါ့ရဲ့ စောကျောတဲ့ ဇောတွေကြောင့်
နင် အမောတွေ မပျောက်ခဲ့ရင်
ငါဟာ နင့်ဘ၀မှာ မွှေနှောက်တဲ့ မုန်တိုင်းသဖွယ်
နင်ပျက်ရယ်ပြုရက်နိုင်ပါတယ်...
ဒါပေမဲ့ ငါကြားရတဲ့စကား
နင့် နှုတ်ဖျားကမှ ဟုတ်ရဲ့ လားလို့ 
ငါ သံသယ ရှိရပေမဲ့
ဒီရင်မှာ ထိရှလွန်းလို့ 
အတိအကျထား သစ္စာတရားကို
အမိအရ ဆုပ်ကိုင်ထားမိတဲ့
ငါ့လက်တွေကို ဖြေလျှော့လိုက်တယ်…..

သူငယ်ချင်းရှာပုံတော်.....


ကျွန်မတို့ မှာ မောင်နှမ သုံးယောက်ရှိပါတယ်..ကျွန်မကတော့ အလတ်ပေါ့..အလတ်ဆိုတဲ့အတိုင်း လွတ်လွတ်လပ်လပ် နေရတာကို ကြိုက်တယ်….လွတ်လပ်တယ်ဆိုတာ စည်းနဲ့ ကမ်းနဲ့ လွတ်လပ်မှုကို ဆိုလိုတာပါ…ကျွန်မက အပေါင်းအသင်းမင်တယ်…အနစ်နာခံတယ်…တစ်ခါတစ်ခါ မိသားစုထက်တောင် ချစ်တတ်ပါသေးတယ်…အဲ့လို ချစ်တတ်လို့ ကျွန်မအတွက် နောင်မှ ရတဲ့ နောင်တနဲ့  ကျွန်မ ခံစားလိုက်ရတယ် ….ကျွန်မ ၈ တန်းတုန်းက အဖြစ်အပျက်ကလေးတစ်ခုပါ…

ကျွန်မတို့ မှာ သူငယ်ချင်း သုံးယောက်ရှိပါတယ်…နာမည်တွေနောက်မှာပါတဲ့ နောက်ဆုံးစာလုံးချင်းလဲ တူကြတယ်.. ဘာလုပ်လုပ် ဘယ်သွားသွား နောက်ဆုံး ထမီဝတ်တဲ့ ပုံစံ လွယ်တဲ့လွယ်အိတ်က အစ အတူတူ…အရမ်းကို ချစ်ခဲ့ကြတာပေါ့…..အဲ့ဒီထဲမှာ တစ်ယောက်က ကျွန်မတို့ ထဲမှာ ချမ်းသာတယ်… ရုပ်ရည်ရော ကိုယ်လုံးကိုယ်ပေါက်ကလေးရော ချစ်ဖို့ ကောင်းတယ်…သူက ကျွန်မ အပေါ်မှာဆို ပိုပြီးဆိုးတယ်…သူက အိမ်မှာလဲ ဗိုလ်ပေါ့…သမီးလေး တစ်ယောက်ထဲဆိုတော့ အဖွား ရော အမေကရော ဖူးဖူး မှုတ်ထားကြတယ်…သူ က ကျောင်းမှာဆိုလဲ ကျောင်းသားတွေရဲ့ အချစ်ကို အများဆုံး ခံရသူပေါ့….သူ့ ကိုဆို ကျွန်မကလဲ ပိုပြီး ခင်တွယ်ခဲ့တယ်….စေတနာထားတယ်…သူက ကျောင်းစာကို သိပ်စိတ်မ၀င်စားဘူး….သူ့ အတွက် ကျွန်မက အဖြည့်ခံလို နေပေးခဲ့တယ်…သူ့ ကို သူငယ်ချင်းတို့ ဝတ္တရား အတိုင်း အခါအခွင့်သင့်သလို ကျောင်းစာကို စိတ်ဝင်စားဖို့ ပြောဆိုဆုံးမ ခဲ့တယ်…

ကျွန်မတို့  ကျောင်းမှာဆို လူလတ်တန်းစားတွေ ၀န်ထမ်းသားသမီးတွေ အနီးအနားက မိဘတွေရဲ့  သားသမီးတွေကများတော့ ကျွန်မသူငယ်ချင်းလို ကိုယ်ပိုင်ကားနဲ့ ကျောင်းလာတက်တဲ့သူက ရှားတယ်လေ… ပြီးတော့ သူက ပျော်ပျော်လဲ နေတတ်တယ်….သူ့ ကို ကြည့်ရတာ အမြဲတမ်း ပျော်ပျော်ပါပဲ…အဲ့ဒီတော့ ဆရာ ၊ ဆရာမတွေရဲ့ ချစ်ခြင်းကို ခံရတဲ့ သူတစ်ယောက်ပါ….

ဒီလိုနဲ့ တစ်နေ့ ကျတော့ ကျွန်မတို့ ကျောင်းကို အပြင်က ကျောင်းသားမဟုတ်တဲ့ ကျွန်မတို့ ထက် နှစ်နှစ်လောက် ကြီးပုံရတဲ့ လူတစ်ယောက် ကျောင်းရှေ့ ကို အမြဲ ရောက်နေတတ်တယ်…အစက သတိမထားမိပေမဲ့ နေ့ တိုင်းနီးပါး မြင်နေရတော့မှ ကျွန်မသူငယ်ချင်းကို စိတ်ဝင်စားလို့ လာပိုးတယ်ဆိုတာ ရိပ်မိခဲ့တယ်..ကျွန်မ သူငယ်ချင်းကလဲ အစကတည်းက စာကို သိပ်စိတ်ဝင်စားတာ မဟုတ်ဘူး … ၈တန်းဆိုတာလဲ လူကြီးတွေ ပြောပြောနေတဲ့ မြီးကောင်ပေါက် အရွယ်ပေါ့…. ဘာကိုပဲ မြင်မြင် ရင်ခုန်ချင်တယ်…စိတ်ကစားတတ်တယ်…

အဲ့ဒီလူအကြောင်း စုံစမ်းကြည့်တော့လဲ ကျွန်မသူငယ်ချင်း နေတဲ့ နေရာနဲ့ သိပ်မဝေးဘူး… သူ့ အရွယ်က ကြည့်မယ်ဆို ၁၀တန်းကျောင်းသားလောက် ရှိမလားပဲ….ဒါပေမဲ့ ကျောင်းလဲ မတက်ဘူး…ဘာအလုပ်မှလဲ မယ်မယ်ရရ မရှိဘူး…ရုပ်ကတော့ ချောတယ်ဆိုတာထက် ကြာရုပ်လို့  ပြောရင် ပိုမှန်ပါလိမ့်မယ်…သူများ သားသမီးကို မှိုချိုးမျှစ်ချိုး ပြောတယ်လို့ တော့ အပြစ်တင် မစောလိုက်ပါနဲ့ ဦးနော်….တစ်ခါတစ်လေမှာ ကျွန်မတို့ မိန်းမသားတွေမှာ သင်စရာ မလိုပဲ တတ်တဲ့ပညာတွေ ရှိပါတယ်… အဲ့ဒါကတော့ ယောကျာ်းတစ်ယောက်ကြည့်တဲ့အခါ ဘာကြောင့် ကြည့်တယ်ဆိုတာကို ခွဲခြားတဲ့ အသိလေးပါ….

သူ…ကျွန်မသူငယ်ချင်းကို ကြည့်တဲ့ အကြည့်ကလဲ ကြာကြည့်…သူ့ ပုံစံကလဲ တကယ့်ကို လူကောင်းလို့ မထင်ရတဲ့ ပုံစံ… အဲ့ဒါနဲ့ ကျွန်မလဲ သူငယ်ချင်းဆိုတဲ့ အသိနဲ့  တားမိပါတယ်…သူ့ အမေကလဲ ကျွန်မတို့ ကို သူငယ်ချင်းကို စောင့်ရှောက်ဖို့ မှာပါတယ်…ခက်တာက သူက သူ့ အမေက သူ့ ကို ပို့ ပြီး အပြန် သူ့ အမေကားလဲ ပျောက်ရော သူလဲ ပျောက်ပျောက် သွားတယ်…တစ်ခါတစ်လေ ကျောင်းပြေးတဲ့ အဆင့်အထိပေါ့…ကျွန်မတားနေတဲ့ ကြားက ဘယ်က ဘယ်လို ချစ်သူတွေ ဖြစ်သွားကြလဲ မသိပါဘူး….ကျွန်မလဲ ပါးစပ်က တားရုံ အပြင် ဘာများ တတ်နိုင်မှာ မို့ လို့ လဲ…ကျွန်မ စိတ်မကောင်း ဖြစ်တာတော့အမှန်ပါ…ဒါကို ကျန်တဲ့ သူငယ်ချင်းတွေကလဲ သိတယ်….သူတို့ လဲ ပြောမရရင် ထားလိုက်လို့  ကျွန်မကို ပြောတယ်…ကျွန်မကလဲ အမှတ်မရှိ ကြုံသလို သူ့ ကို တားမိတယ်…

တစ်နေ့ …အဲ့ဒီ တစ်နေ့ က ကျွန်မကို သင်ခန်းစာတွေ ပေးတဲ့တစ်နေ့  သူငယ်ချင်းဆိုတာကို အရမ်းကြောက်သွားတဲ့ တစ်နေ့ …အဲ့ဒီနေ့ ကို ယနေ့ အထိ မမေ့သေးပါဘူး… အဲ့ဒီနေ့ က သူကျောင်းလာတယ်….ထုံးစံအတိုင်းပါပဲ…သူငယ်ချင်းတွေ စကားတပြောပြောနဲ့ ပေါ့….ကျောင်းတက် ခေါင်းလောင်း ထိုးတော့ ကိုယ့်အခန်း ကိုယ်ဝင်ကြတယ်…ကျွန်မက နောက်ဆုံးခန်းမှာ…ကျွန်မတို့ အခန်းရဲ့ နောက်မှာ လမ်းရှိတယ်…လမ်းနဲ့  ကျောင်းက ၃ပေလောက်ပဲ ကွာမယ်ထင်တယ်…ကျွန်မတို့ အခန်းက နောက်ဆုံးခန်းဆိုတော့ ပြတင်းပေါက်တွေလဲ အများကြီးပဲ…မိုးရွာမှ ပိတ်တတ်ကြတာလေ… ကျောင်းတက်ခေါင်းလောင်းလဲ ထိုးရော သူ(ကျွန်မသူငယ်ချင်း) ကျွန်မတို့ အခန်းထဲကို လွယ်အိတ်ယူပြီး ပြေးလာတယ်…ပြီးတော့ အနောက်ဆုံးကို သွားပြီး ဘယ်တုန်းကတည်းက အချိတ်အဆက် လုပ်ထားမှန်း မသိတဲ့ သူ့ ရဲ့  ချစ်သူကို လွယ်အိတ် ပစ်ပေးပြီး သူက အောက်ကို နောက်ဖေးကနေ အပြေး ဆင်းသွားတယ်… ကျွန်မလဲ လှမ်းအော်မိတယ်….ဘာလုပ်လို့ ဘာကိုင်ရမှန်းလဲ မသိဘူး….

ခဏကြာတော့ အတန်းပိုင်ဆရာ ရောက်လာတာနဲ့ စာဆက်သင်ဖြစ်တယ်…ဒါပေမဲ့ စိတ်တွေကတော့ သူငယ်ချင်းကို စိတ်ဆိုးတာရော စိတ်ပူတာရော ရှုပ်ယှက်ခတ် နေမိတယ်… နောက်တစ်နေ့ ကျတော့ မထင်မှတ်တာတွေ ကြားလိုက်ရတယ်…သူခိုးရာ လိုက်သွားပြီတဲ့… ကျွန်မရင်ထဲ နှမြောလိုက်တဲ့ ဖြစ်ခြင်း…ကျောင်းမှာလဲ သူ့ သတင်းတွေက ပျံ့ နှံ့ နေတာပဲ…နောက်တစ်နေ့  ကျွန်မ ခေါင်းကို မိုးကြိုး ပစ်သလို ပဲ အတန်းပိုင်ဆရာက ကျောင်းရုံးခန်းကို လိုက်ခဲ့ဖို့ ခေါ်တယ်…အစကတော့ သူ နဲ့ အတွဲဆုံးက ကျွန်မ ဆိုတော့ သိချင်တာလေးတွေ မေးမယ်ထင်ပြီး ဒီအတိုင်း လိုက်သွားခဲ့တယ်….

ရုံးခန်းထဲလဲ ရောက်ရော အတန်းပိုင်ဆရာပြောတဲ့ စကားက “ မင်းမိဘတွေကို ခေါ်ခဲ့”တဲ့..ဆရာပေးတဲ့ တိုင်စာကို မယုံကြည်နိုင်အောင် ကြည့်နေမိတယ်…ပြီးတော့ ကျွန်မ ဆရာကို မေးကြည့်မိတယ်… ဘာအပြစ်ရှိလို့ လဲဆိုတော့ “လိုက်ပြေးသွားတဲ့ မင်း သူငယ်ချင်းက သူခိုးရာလိုက်ရတာ မင်းအားပေးလို့  ပါလို့  ပြောတယ်တဲ့..ပြီးတော့ သူ့ မိဘတွေကလဲ မင်းကြောင့်လို့ ပြောကြတယ်တဲ့…”…အမလေး…ကျွန်မ ကြားလိုက်ရတာ ဟုတ်ပါ့မလားလို့ ကိုယ့်နားကိုယ် မယုံချင်လောက် အောင်ပါပဲ…ကျွန်မ ရှင်းပြပေမဲ့ ဘယ်လိုမှ လက်မခံတဲ့..သူတို့ ဘက်က ပါနေတဲ့ ကျွန်မ အတန်းပိုင်ဆရာကို တော်တော်ကို နာကြည်းမိတယ်….ဘာလို့ လဲဆိုတော့ သိသိကြီးနဲ့  ကျွန်မကို စွပ်စွဲပြီး ဆရာ့ ကို လာဘ်ထိုးထားပြီး သူတို့  သမီး သိက္ခာကို ဆယ်ချင်တဲ့ မိသားစုဘက်က ရပ်တည်လို့ ပါ…ကျွန်မ ငရဲလဲ ကြီးလိမ့်မယ်ဆိုတာ သိပါတယ်..ဒါပေမဲ့ ဘယ်လိုမှ လက်မခံနိုင်လွန်းလို့ ပါ…ကျောင်းမှာ အတတ်နိုင်ဆုံး ကျောင်းသားတာဝန် ကျေပွန်အောင် ထမ်းဆောင်တဲ့ ကျွန်မ တစ်သက်နဲ့ တစ်ကိုယ် တိုင်စာဆိုတာကို မမြင်ဖူးတဲ့ ကျွန်မ ကိုယ့်တိုင်စာ ကိုယ်တိုင်ယူပြီး မိဘကို သွားပေးရတဲ့ အဖြစ်…ပြန်စဉ်းစားရင် ပူပူနွေးနွေးကြီးကို ခံစားနေရတုန်းပါပဲ…ကျွန်မလေ အရမ်းလဲ ရှက် ၊ မျက်နှာတောင် ဘယ်နားမှာ သွားထားရမှန်း မသိတဲ့ အဖြစ်ပါ…


အိမ်ရောက်တော့ အမေ့ကို အားကိုးတကြီး ရင်ဖွင့်ရင်း အားရပါးရ ငိုခဲ့မိတယ်….အမေ့ရဲ့ အားပေးမှုက ကျွန်မအတွက် တန်ဖိုး မဖြတ်နိုင်တဲ့ အားဆေးပါ….”ငါ့ သမီးက မှားတာ မဟုတ်လို့ အမေလဲ မလိုက်စရာ အကြောင်းမရှိဘူး”ဆိုပြီး ကျောင်းကို ရဲရဲ ကြီး လိုက်ခဲ့တဲ့ အမေပါ…သြော်…အမေရယ်…သမီး ကျေးဇူးတင် မဆုံးပါဘူး….ကျွန်မအတွက်တော့ သူရဲကောင်းပါပဲ…

ရုံးခန်းထဲမှာ ကျွန်မ အမေရယ် ၊ အတန်းပိုင်ဆရာရယ် ၊ ကျွန်မရယ် သုံးယောက်ပဲရှိတယ်…ဆရာကတော့ စားပွဲထိပ်ဆုံးခုံမှာ ထိုင်ပြီး ကျွန်မနဲ့ အမေကတော့ ဆရာ့ဘေးမှာ ခပ်ရို့ ရို့ လေးတွေ ထိုင်နေကြတယ်… အဲ့ဒီအချိန်မှာပဲ ဆရာက ကျွန်မက ကျွန်မ သူငယ်ချင်းကို အားပေး အားမြှောက်လုပ်လို့  သူငယ်ချင်းက ခိုးရာလိုက်သွားရတဲ့ အကြောင်း ဒီအရွယ်ဟာ ကျောင်းစာအပြင် တခြား ဘာကိုမှ စိတ်မ၀င်စားသင့်တဲ့ အကြောင်း မိဘ အုပ်ထိန်းသူကို ခေါ်ပြီး သတိပေးရတဲ့ အကြောင်း ကျွန်မကို မဟုတ်တာတွေ စွပ်စွဲနေတဲ့ ဆရာ့ကို တစ်လုံးမှ ပြန်ပြောပဲ ဒီအတိုင်း ငြိမ်နားထောင်နေတဲ့ အမေ့ကို ပထမတော့ အားမလို အားမရဖြစ်လို့  ဆရာ ပြောတာတွေကို ပြန်ပြောဖို့ စကားစလိုက်တော့ အမေက ခုံအောက်က ခြေထောက်နဲ့ ကျွန်မကို လှမ်းတားတယ်…မပြောနဲ့ ဆိုတဲ့ သဘော… နောက်မှ အမေပြောလိုက်တဲ့ စကားတွေကြောင့် အမေ့ကို အရင်ကထက် အထင်ကြီး လေးစားမိသွားတယ်…

ဆရာ့မျက်နှာကိုစေ့စေ့ကြည့်ပြီး အမေက “ ဟုတ်ကဲ့ ဆရာပြောတာတွေကို ကျွန်မ နားလည်ပါတယ်… ကျွန်မကလဲ ကျွန်မကလေးတွေကို ကြပ်ကြပ်မတ်မတ် သေသေချာချာ အုပ်ထိန်း တတ်တဲ့ အမေပါ… ဒီကိစ္စမှာ ဆရာက သဘာဝကျကျ စဉ်းစားတတ်ရင် ကျွန်မ ဒီကို ရောက်လာစရာ အကြောင်းမရှိပါဘူး… ဆရာပဲ စဉ်းစားကြည့်လေ… ကိုယ်တိုင် စိတ်မပါတဲ့ အလုပ်တစ်ခုကို ဘယ်သူက ဘယ်လောက်ပင် တိုက်တွန်းဦးတော့ ကိုယ်လုပ်မှ ဖြစ်တာပါ ဆရာ…. ဘာပဲဖြစ်ဖြစ် ကျွန်မတော့ ဟိုကလေးမနေရာမှာ ကျွန်မ သမီး မဖြစ်တဲ့ အတွက် ကျွန်မ သမီးကို ကျွန်မ ချီးကျူးပါတယ်… ကိုယ့်ဘက်က အမှားလုံအောင် အုပ်ထိန်းတဲ့ ကျွန်မလို အမေမျိုးရဲ့  အောက်မှာ ကြီးပြင်းလာရတဲ့ အတွက် သူတို့ လေးတွေရဲ့ တွေးခေါ် စဉ်းစားတတ်ဥာဏ်ကြောင့် ဒီလို ဖြစ်လာစရာ အကြောင်းမရှိဘူးလို့  ကျွန်မယုံတယ်ဆရာ… ဒါပေမဲ့ စိတ်ချပါ ဆရာ…အိမ်ရောက်ရင် ကျွန်မ သမီးကို သေသေချာချာ ဆုံးမမှာပါ… နောက်ကို ဘယ်လို အပေါင်းအသင်းမျိုးကို ပေါင်းသင့်တယ် ဆိုတာကိုပါ… အခုတော့ ကျွန်မကို ခွင့်ပြုပါဦးဆရာ…” စကားလဲ ပြောအပြီး အမေထထွက်တဲ့နောက် ကျွန်မပါ လိုက်သွားခဲ့တယ်… အခန်းထဲမှာ ပါးစပ် အဟောင်းသားနဲ့  ကျန်ခဲ့တဲ့ ဆရာ့မျက်နှာကို ကျွန်မ အခုထိ မှတ်မိနေတုန်းပါ…

ဒီလိုနဲ့ အချိန်တွေကုန်လာခဲ့တာ…ကျွန်မလဲ လူတွေက ကိုယ့်ကို သနားသလိုလို လှောင်ချင်သလိုလို ကဲ့ရဲ့ချင်သလိုလို ကြည့်တဲ့ အကြည့်တွေလည်း ခံပြင်းရင်းဒီလိုမျိုးတွေ ကြုံတွေ့ ခဲ့ရလို့  ပြန်တွေးတိုင်း စိတ်မှာ တနုံ့ နုံ့ နဲ့ မို့  အဲ့ဒီကျောင်းမှာ နောက်တစ်နှစ် ဆက်တက်ပြီး ၁၀တန်းမှာ နောက် ကျောင်း အသစ်ကို ပြောင်းခဲ့တယ်… ကျွန်မအတွက် သူငယ်ချင်းဆိုတာကို အရမ်းကို လန့် သွားခဲ့တယ်… ဒါကြောင့်လဲ ၁၀တန်း တစ်နှစ်လုံး ဘယ်သူ့ ကိုမှ စိတ်နဲ့ မပေါင်းတော့ဘူး… ၁၀တန်းမှာ ကျွန်မ သူငယ်ချင်း တစ်ယောက်မှ မရှိခဲ့ဘူး….

ကျွန်မ ၁၀တန်းအောင်တော့ သင်တန်းတစ်ခု သွားတက်ဖြစ်တယ်…အစိုးရသင်တန်းဆိုတော့ ရန်ကုန်နဲ့  မဝေးတဲ့ နယ်မြို့ တစ်ခုမှာ အဆောင်သူ အနေနဲ့  တစ်နှစ် သွားတက်ခဲ့တယ်… မိန်းကလေးတွေချည်းပဲ ၂၂ ယောက် နေတဲ့ အဆောင်လေးမှာ လူအမျိုးမျိုး စိတ်အထွေထွေပါပဲ… ကျွန်မက အစကတည်းက ခဲမှန်ဖူးတဲ့ စာသူငယ်လေ…ဘယ်သူ့ ကိုမှ မယုံမရဲနဲ့  တစ်နှစ်ဆိုတဲ့ ကာလလေးကို ဖြတ်ကျော်ခဲ့တယ်…


သင်တန်းကနေ အိမ်ရောက်လို့  သုံးလေးလလောက် ကျွန်မ နားခဲ့တယ်… အိမ်မှာလည်း ဒီအတိုင်း မနေချင်လို့ မိဘကိုလဲ တစ်ဖက်က တတ်နိုင်သလောက်လေး လုပ်ပေးချင်လို့ … လုပ်ငန်းခွင်ဝင်ဖို့  ကျွန်မဆုံးဖြတ်ခဲ့တယ်…ဒီလိုနဲ့  ကျွန်မနဲ့  သင်တန်းမှာ ရင်းနှီးခဲ့တဲ့ မိတ်ဆွေ တစ်ယောက်ရဲ့ အကူအညီနဲ့  ကုမ္ပဏီ တစ်ခုမှာ အလုပ်သွားလျှောက်ခဲ့တယ်…

အင်တာဗျူး ဖြေရမယ့်နေ့ မို့  ကျွန်မ အရမ်းကို လန်းဆန်း တက်ကြွနေတယ်… ဟိုရောက်တော့ လာဖြေတဲ့ သူတွေက ခန်းလုံးပြည့်….ကျွန်မလဲ ကိုယ့်ကို ချပေးထားတဲ့ နေရာမှာ ထိုင်ရင်း စိတ်ထဲမှာ တစ်စုံတစ်ယောက် ကြည့်နေသလို ခံစားရလို့  ဘေးဘီကို ၀ဲကြည့်လိုက်မိတယ်… အမလေး ကျွန်မ အရမ်းကို လန့် သွားတယ်… ဟိုလူ…ကျွန်မ သူငယ်ချင်းကို ခိုးပြေးသွားတဲ့လူ…သူ့ ရုပ်က ထုံးစံအတိုင်းပါပဲ… အရင်က ကျွန်မ သူငယ်ချင်းကို ကြည့်တဲ့ အကြည့်မျိုးနဲ့  မချိုမချဉ် အော်ဂလီဆန်စရာ ကြည့်နေတာ…မေ့ထားပါတယ်ဆိုမှ ဒင်းနဲ့ မှ တည့်တည့် ဆုံရတဲ့ အဖြစ်… ကျွန်မလဲ ဘာလုပ်ရင် ကောင်းမလဲ စဉ်းစားနေတုန်း ကျွန်မ ဖြေရမဲ့ အလှည့်ကို ရောက်လို့  စိတ်ကို လျှော့ရင်း အင်တာဗျူး သွားဖြေခဲ့တယ်… ပြန်လာတဲ့ လမ်းတလျှောက်လည်း အတိတ်ကို တွေးနေခဲ့မိတယ်… သူငယ်ချင်းတစ်ယောက် ဘာတွေဖြစ်နေပြီလဲ ဆိုပြီး စဉ်းစားကြည့်မိသေးတယ်…နာတဲ့ စိတ်က တစ်ဝက် သံယောဇဉ် လက်ကျန်တစ်ဝက်နဲ့ ကျွန်မအတွေးတွေ ရှုပ်ယှက်ခတ်နေတယ်….

နောက်တစ်နေ့ သူငယ်ချင်း တစ်ယောက်နဲ့ လမ်းမှာ ဆုံတုန်း သူ့ အကြောင်းလေး စုံစမ်းမိတော့ ကြားရတာက ရင်နာစရာပါပဲ..ကျွန်မ မျှော်လင့်ထားတဲ့အတိုင်းမို့  သူငယ်ချင်းကိုလဲ စိတ်ထဲက တော်တော်လေး ဆဲမိတယ်… “ အဲ့ဒီကောင်က ဆေးသမားလေ…မိဘတွေက သမီးလေး တစ်ယောက်ထဲမို့ မပြတ်နိုင်လို့  လင်မယားနှစ်ယောက်စလုံးကို အိမ်ပေါ်ခေါ်တင်ထားတယ်…ဘာအလုပ်မှ မယ်မယ်ရရ မလုပ်ဘူး.. ဒီကြားထဲ မိန်းမ ရှုပ်ချင်သေးတယ်…ပေါင်းပြီး သိပ်မကြာ ဇာတိက ပြတယ်လေ…မိန်းမဆီက မိဘဆင်ထားတာတွေ တစ်ခုပြီးတစ်ခု မျက်လှည့်ပြသလိုပဲ…. ကြာတော့ သူလဲ သည်းမခံနိုင်ဘူး… သားသမီးစိတ်ဆင်းရဲတော့ မိဘကလဲ မနေနိုင်လို့  အခုလျော်ကြေးပေးပြီး ကွာလိုက်တယ်တဲ့…သူ့ မိဘတွေလဲ စီးပွားကျသွားပြီး တခြားကို ပြောင်းသွားတယ်” …. “ဟင်… ဒါဆို အခု တစ်ခုလတ်ပေါ့…”... သြော်…. သနားပါတယ်… အင်းလေ…သူလည်း ကျွန်မ မေတ္တာစူးတယ်လို့ ပဲ ပြောရမလားပဲ…..

ကျွန်မလေ… သူ့ သတင်းတွေ ကြားရတာ စိတ်မကောင်းဖြစ်ပေမဲ့ အခုထိကို ရင်နာမိပါတယ်…. ကိုယ်တိုင်လဲ ဆင်ခြင်ပြီးနေနေမိတယ်….ဒီစာကို ဖတ်မိတဲ့ ညီအစ်ကို မောင်နှမများ အားလုံးလဲ ကျွန်မလို အဖြစ်မျိုး ရှိချင်ရှိခဲ့ဖူးမှာပါ…ဒါမှ မဟုတ် အရမ်းကို စိတ်နှလုံးကောင်းတဲ့ သူငယ်ချင်းကို ပိုင်ဆိုင် ထားရင်တော့ ကံကောင်းခြင်းပါပဲ…ကျွန်မလဲ သူလို သူငယ်ချင်းမျိုးရမှာစိုးလို့  လူတွေနဲ့ ပေါင်းသင်းတာ သတိထားပြီးနေရင်း အချိန်တွေကို ဖြတ်ကျော်လာခဲ့ပေမဲ့ အခုချိန်ထိကို ကြောက်နေတုန်းပါပဲ…. လောကမှာ သူငယ်ချင်း အစစ်အမှန်ဆိုတာ ကျွန်မအတွက် ရှိလာနိုင်ပါဦးမလားလို့ ….


ပုံလေးကိုတော့ Google ကယူပါသည်။

အိပ်မက်ကျွန်

စိတ်ကူးနဲ့ လက်တွေ့ ရဲ့ ကွာခြားချက်က
သုံး နဲ့ လေးလို
ကျောချင်းကပ် နေပေမဲ့ နီးစပ်ဖို့ က မဖြစ်နိုင်..
စိတ်ကူးကို သေချာ အပိုင်တွက်လို့ 
မမြင်နိုင်တဲ့လမ်းကို
အားကြိုး မာန်တက်
ခြေတစ်လှမ်းက စခဲ့တယ်…
နေ့ နဲ့ ည ခြားနားချက်ကြားက..
အသက်မဲ့ ၀ိဥာဉ်နဲ့  အသားကျနေတဲ့
အိပ်မက်နဲ့ စိတ်ကူးတွေကတော့
နာရီလက်တံတွေ တလှုပ်လှုပ်နောက်ကို
ဗိုက်ထဲက တကြုတ်ကြုတ် အသံတွေနဲ့ အတူ…
လိုက်ပါလို့ သွားခဲ့…
အသပြာနောက် ကောက်ကောက်လိုက်လို့ 
အငိုက်မိတဲ့ မာနကတော့
ကိုယ့်ပါးကိုယ် ရိုက်ကြည့်နေသလိုပဲ…
စိတ်ကူး အိပ်မက်ကို လက်တွေ့ မှာ
အကောင်အထည်ဖော်ဖို့ 
ဘယ်မှာလဲ ခွန်အား…
ဟော…ဟိုနားက ကျွန်စနစ်ကြားမှာ
နွံနစ်နေလေရဲ့ ….

နှုတ်ခွန်းဆက်ရင်း ကျေးဇူးတင်ကြောင်း....

ကာရံရဲ့  blog လေးကို စတင်လို့ ရအောင် စိတ်ရော လူပါ ကူညီပေးခဲ့တဲ့ ညီမငယ် ငှက်ကလေးကို အထူးပဲ ကျေးဇူးတင်ကြောင်း ပထမဦးစွာ ပြောပါရစေ…ဘယ်ကမှန်းမသိ ဘယ်သူမှန်းမသိပေမဲ့ တကယ့်ကို စိတ်အရင်းခံနဲ့  ကူညီပေးခဲ့တာကြောင့်ပါ…သူ့ ကြောင့် ကျွန်မလဲ online ပေါ်က မောင်နှမတွေက တကယ်ကို ချစ်ဖို့ ကောင်းတဲ့ စိတ်ကလေးတွေ ရှိပါလားလို့ တွေးရင်း လေးစားမိပါတယ်…

တကယ်တမ်းကျတော့ ကျွန်မက သူများတွေရဲ့  အိမ်တွေကိုပဲ လိုက်လည်ရင်း အားကျနေခဲ့တာ ကြာပါပြီ…ကိုကိုယ်တိုင် မဖန်တီးနိုင်သေးလို့ ..အားငယ်နေရင်း မနိုင်းနိုင်း စနေမှာ ငှက်ကလေးနဲ့  စသိခဲ့ရတာပါ…ဒါတောင် ကိုယ့် အပြောမတတ်မှုကြောင့် ငှက်ကလေးက အထင်လွဲသွားသေးတယ်… တော်သေးတာက ငှက်ကလေးက စိတ်မဆိုးလို့ …ကျေးဇူးပါ ငှက်ကလေး…

အခုတော့ ဘာမှမဟုတ်ပေမဲ့ ကျွန်မရဲ့ ရင်ဖွင့်စရာ နေရာလေးရယ် တိုင်ပင်စရာ သူငယ်ချင်းတွေရယ် အကြံတွေ ပေးမဲ့ မိတ်ဆွေတွေရယ်ကို ဒီနေရာမှာ ဆုံရမှာမို့ အတိုင်းမသိ ကြည်နူးမိပါတယ်…

အပြင်အဆင်တွေ သိပ်မလှသေးတဲ့ ကျွန်မရဲ့  blog လေးကို နောက်များမှ အခွင့်သင့်သလို သူများတွေဆီက လေ့လာသင်ယူရင်း (ငှက်ကလေးကိုလဲ အားနာလို့ ) လှလှပပလေးဖြစ်အောင် ပြင်ဆင်သွားပါ့မယ်နော်..အခုတော့ အရမ်းရေးချင်တာလေးတွေကို မျိုသိပ် မထားနိုင်တော့လို့  ဒီအတိုင်းလေးပဲ တင်လိုက်ပါတယ်…




အားလုံးကို ကျေးဇူးတင်လျှက်……

ကာရံဆူး