Friday, February 26, 2010

တစ်ကိုယ်တော် တိုက်ပွဲ


“ဘ” နဲ “့ဝ” စခဲ့ရ
ဒီဘ၀ ဒီတခဏတာ
မျှော်တွေးကာ အတွေးချော်တော့
မောကျောစိုက် မောလိုက်သည့် ဖြစ်ချင်း….
ပုခက်တွင်း ခုန်ဆင်းကာစ
ဘာမှန်းမသိတဲ့ “ဘ၀”မို့ 
အဆုံး အစ မရှိ ပျော်လိုက်သည့် ကိုယ့်အဖြစ်နှယ်…
လူ အချင်းချင်းရယ်နှင့်
လူအတွင်းပေါင်းဖော်ကြည့်မှ
ခေါင်းမော်နေကြတဲ့ “မာန”
ခ၀ါချတဲ့သူ နည်းလေစွ…
အတောမသတ် ဇောကပ်နေတဲ့
“လောဘ”တွေရယ်
စာဖွဲ့ စီ မကုန်နိုင်တယ်…
မယုံနိုင်ဖွယ် ပြောပြရ
စောကျောကာ ထွက်လာရ
“ဒေါသ”က ရှေ့ ကပါ…
အမှားအမှန် မသိလေကွဲ့ 
ကျားကန်ကာ ရုန်းခဲ့ရ
မှန်မှားရယ် ဒွေးရောယှက်တင်
မပြောချင်တော့တဲ့ ဒီ “မောဟ”တွေ…
လောက “ဒဏ်” ထွေထွေရယ်…
“ မေမေရယ်… ကူပါဦး” လို့ 
ပြောချိန်ရယ် လွန်ခဲ့ပြီ….
“ငါ”ဆိုတဲ့ “အတ္တ” တစ်ခု
အစပြုလို့ ထွက်ခဲ့တဲ့ ဒီခရီး…
မပြီးသေး မနီးဝေးမို့ 
မဆုံးနိုင် ဒီလမ်းကို
အရှုံး အနိုင် မသေချာသေးသရွေ့ တော့
ရှေ့ ဆက်ကာ တိုက်ပွဲနွှဲဖို့ 
အားမာန်နဲ့ ခဲ…..

Saturday, February 20, 2010

မှတ်ချက်

မှတ်ချက်ဆိုသည်မှာ အဘယ်နည်း… ကျွန်မအနေနှင့်တော့ လူတွေရဲ့ ကိုယ့်အပေါ် ထင်မြင် ယူဆ ပြောဆိုခြင်းဟု ပြောလျှင် မှားမည်မထင်….. မိမိတို့ နေထိုင်ရာ ကျောင်းပတ်ဝန်းကျင် အိမ်ပတ်ဝန်းကျင် အလုပ်ဝန်းကျင်၌ မှတ်ချက်အမျိုးမျိုး ပေးခြင်းကို ခံခဲ့ရဖူးသည် မဟုတ်ပါလော….. လူတစ်ယောက်ရဲ့ ဘ၀ တစ်လျှောက်လုံးမှာ လူတွေဆီက ဘယ်လို မှတ်ချက်မျိုး ဘယ်နှကြိမ် ဘယ်နှခါများ ရခဲ့ဖူးပါသလဲ… ဘယ်သူကမှ အတိအကျ မမှတ်ထားပေမဲ့ ကြိမ်ဖန်များစွာ မှတ်ချက်ပေးခြင်းကိုတော့ ရခဲ့ဖူးကြမှာပါ…..ဥပမာ “ ကောင်မလေးက တော်တယ်…” “ ကောင်မလေးက ကဲကဲလေးပါ..” “ သူက ဂျစ်ကန်ကန်လေးလေ..” “ စာတော်တယ်… စာညံ့တယ်….” စသည်ဖြင့်ပေါ့လေ….

လူတစ်ယောက်ရဲ့ ပါးစပ်ကြောင့် ဖြစ်ပေါ်လာတဲ့ မှတ်ချက်ပေါ်မှာ တစ်ချို့ ကလဲ တုန့် ပြန်ကြသလို တစ်ချို့ ကလဲ မသိချင်ယောင်ဆောင်ကြ…တစ်ချို့ ကလဲ အရွဲ့ တိုက်တတ်ကြတယ်…. မိမိက ဘာရယ်မဟုတ် ပြောလိုက်မိတဲ့ မှတ်ချက်တစ်ခုကြောင့် တခြား လူတစ်ယောက်မှာ ကြေကွဲရတာ နာကျင်ရတာ သို့ တည်းမဟုတ် ပျော်ရွှင်ကျေနပ်ရတာ သို့ တည်းမဟုတ် ထိခိုက်ခံစားနေရတာ ..စတာတွေဟာ… ပါးစပ်ကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲတွေ ပြဿနာတွေ ချည်းသာ…. ကောင်းတာ ရှိသလို ဆိုးတာလဲ ဒွန်တွဲနေမှာပါ….

လူတွေ အဘယ်ကြောင့် တစ်ယောက်က တစ်ယောက်ကို မှတ်ချက်များပေးသနည်း…. ဒီမှတ်ချက်တွေကရော လူတစ်ယောက်ရဲ့ ဘ၀ကို ဘယ်လောက်များ အကျိုးရှိစေမှာလဲ… သို့ တည်းမဟုတ် ဘယ်လောက်များ အကျိုးယုတ်စေမှာလဲ…. ဤကဲ့သို့ လူသားဆန်ဆန် တွေးတောမိပါက လူတွေ မှတ်ချက်ကို လွယ်လွယ်ကူကူ ပေးရဲပါတော့မလား… လူတစ်ယောက်ရဲ့ ဘ၀သည် ပညတ်သွားရာ ဓါတ်သက်ပါသည်ဟု ပြောရလောက်အောင်ပင်…. ပြောပါများတော့ သူတို့ မှတ်ချက်အတိုင်း အန်ဝင် ခွင်ကျ သွားကြပြီလား…. ဒါမှမဟုတ် မိမိယုံကြည်ရာကို ဦးတည်လို့ သူတို့ မှတ်ချက်နှင့် သွေဖယ်ရာ လမ်းကြောင်း တစ်ခုပေါ်မှာ မတ်မတ် ရပ်တည် နေနိုင်သလား ဆိုတာ မိမိ အပေါ်မှာသာ မူတည်နေသည်…. တကယ်တမ်း ဆန်းစစ်ရင် လူတွေက သူများ မှတ်ချက်နဲ့ အသက်ဆက်နေတာလား… မဟုတ်ပါဘူးလို့ ကျွန်မ ငြင်းပါရစေ…..

တစ်ချို့ က သူများ အသံနဲ့ တင် မှတ်ချက်ပေးတတ်ကြသည်…တစ်ချို့ က သေသေချာချာ ထဲထဲဝင်ဝင် သိပြီးကာမှ မှတ်ချက်ပေးသည်…. မည်ကဲ့သို့ သော မှတ်ချက်မျိုးကို ပေးမိပါစေ…. လူ့ အသိုင်းအ၀ိုင်းက ပေးထားသော မှတ်ချက်သည် မိမိ သေသည် အထိ သယ်ဆောင်သွားရသည် မဟုတ်ပါလော…. လူသေသွားသည့်တိုင် လူတွေရဲ့ မှတ်ချက်ကို နာယူဖို့ နာမည်ကြီးကတော့ လောကတွင် ကျန်ရစ်ခဲ့စမြဲပါပဲ…. မယုံဘူးလား…. လူတစ်ယောက် သေသွားပေမဲ့ သူ့ နာမည်ကို တစ်စုံတစ်ယောက်က ပြောလာတိုင်း “ အဲ့လူပေါ့ ပေါင်းရခက်တဲ့သူ…အဲ့လူပေါ့ … ” အစချီ၍ သူတို့ ၏ မှတ်ချက်များကို ထပ်မံ အတည်ပြုကြဦးမည်…. သူတို့ မမေ့သရွေ့ ပေါ့….

လူတွေ ကိုယ့်ကိုကိုယ်ရော မှတ်ချက်ပေးကြည့်ဖူးပါသလား…. “ တစ်ချို့ ကတော့ မိမိကိုယ်မိမိ မှတ်ချက်ပေးသလိုလိုပင်…ငါ တော်တော် တော်တဲ့ ငါပါလား…” “ ငါ့ဟာ သတ္တိတော်တော် ကောင်းပါလား… ငါက မှန်ရာပဲ လုပ်တဲ့သူ..”ဟု စသည့် မှတ်ချက်မျိုးများ ပေးခဲ့ဖူးချင် ဖူးပါလိမ့်မည်…. သို့ သော် မိမိ ကိုယ်ကို မှတ်ချက်ပေးသည့်အခါ လျှော့လျှော့ပေါ့ပေါ့ စဉ်းစားပြီး ပေးသလား သို့ မဟုတ် သေသေချာချာ စိစစ်ပြီးမှ ပေးရဲ့ လား… တကယ်တော့ ကိုယ့်ကိုကိုယ် ပြန်မြင်ရသည့်အချိန်နှင့် သူများက ကိုယ့်ကို ကြည့်နေသော အချိန်က ပိုများသောကြောင့် သူများ၏ မှတ်ချက်သည် မှန်ကန်နိုင်သည့် ရာခိုင်နှုန်း ပိုများချင် များပေလိမ့်မည်…

သို့ သော် လူဆိုသည်က ကိုယ့်အကြောင်း ကိုယ်သာ သိသည် မဟုတ်ပါလော…… လူတွေ မည်သို့ ပင် မှတ်ချက်ပေးစေကာမူ မိမိလမ်းကို မိမိ ဦးတည် လျှောက်ရမည်သာ ဖောက်ရမည်သာ ဖြစ်သည်…. သူတစ်ပါးရဲ့ မှတ်ချက်ကြောင့် ဦးတည်ရာ ပြောင်းသွားတာမျိုး ယိုင်နဲ့ သွားတာမျိုး ဖြစ်ခဲ့ပါက မိမိကိုယ် မိမိ စိတ်ဓါတ်မခိုင်မာသူ ပျော့ညံ့သူ အဖြစ် ပဏာမ လက်ခံထားသင့်သည်…. ပဏာမဟု ပြောခြင်းမှာ ထိုအတွေးမျိုးကို ခဏသာ တွေး၍ အချိန်မီ ပြန်လည် ပြုပြင်ယူပါက မိမိသည် စိတ်ဓါတ်ခိုင်မာသူ တစ်ယောက် အဖြစ် တမဟုတ်ချင်း ပြောင်းလဲသွားနိုင်သောကြောင့် ဖြစ်သည်….

ထို့ ကြောင့် လူတို့ သည် မိမိဘ၀လမ်းကို ကိုယ်တိုင် လျှောက် ကိုယ်တိုင်ဖောက်ရမည်ဖြစ်သည့်အားလျော်စွာ မိမိဦးတည်ထားရာ လမ်းကြောင်း ၊ ပန်းတိုင် ၊ ရည်မှန်းချက်သို့ သွားရာတွင် သူတစ်ပါး၏ ၀င်ရောက်စွက်ဖက်သော မည်သို့ သော မှတ်ချက်မျိုးကို ပေးသည်ဖြစ်စေ… ထိုမှတ်ချက်များကြောင့် ဘ၀င်မြင့်စရာမလိုသလို စိတ်ဓါတ်ကျ အားငယ်နေစရာလည်း မလိုပေ…. မြန်မာဆိုရိုးစကား တစ်ခုအတိုင်း ပြောရလျှင် ချီးမွမ်း (၇) ရက် ကဲ့ရဲ့ (၇) ရက်ပင် မဟုတ်ပါလော…. မှတ်ချက်ကို လွယ်လွယ်ပေးတတ်သော သူများအတွက်မှာကား မိမိ၏ နှုတ်ထွက် မှတ်ချက်တစ်ခုကြောင့် သူတစ်ပါးအား အနည်းငယ် အကျိုးပေးပါက သိပ်မသိသာလှပေမဲ့ များစွာ အနှောင့်အယှက် ဖြစ်စေပါက သေချာစဉ်းစား လေ့လာပြီးမှသာ မှတ်ချက်ပေးသင့်ပါသည်……သို့ အတွက်ကြောင့် မိမိ၏ စိတ်ကူးအိပ်မက် ရည်မှန်းချက်ကြီးကြီးမားမားများအား အကောင်အထည် ဖော်နေသူများအဖို့ မှာကာ့း လူတွေပေးသောမှတ်ချက်များအား တတ်နိုင်သမျှ လျစ်လျူရှုနိုင်သမျှ ရှုကာ ရည်ရွယ်ရာဆီသို့ တစိုက်မတ်မတ် မဖြစ်မနေ လျှောက်လှမ်းသွားနိုင်သော ခိုင်မာသော စိတ်ဓါတ်ရှိသည့်လူသားများ အဖြစ် လောကတွင် ရှင်သန်ရပ်တည် နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါသည်..

Tuesday, February 2, 2010

ပြောင်းလဲခြင်း၏ နောက်ကွယ်


အရောင်တွေ ပြောင်းသွားတယ်…ဟုတ်ပါသည်..သူမ အရောင်တွေ အသွင်တွေ ပြောင်းသွားခဲ့ပြီ….သူမရဲ့  နွေးထွေးမှု ဂရုစိုက်မှု ကြင်နာမှုတွေက အေးစက်မှုအသွင် ကူးပြောင်းသွားခဲ့တာ…ဒီ ငါးနှစ်တာ ဆိုတဲ့ အချိန်ကာလတစ်ခုအပြီးမှာပါပဲ……

သူမရဲ့ တစာစာညံနေတဲ့ အသံကလေးကြောင့် သူမကိုစတင် အသိမှတ်ပြုခဲ့တယ်… (သူပြောဖူးခဲ့တာပါ) ချစ်သူရည်းစားဘ၀မှာ ဒီအသံကလေးက သူ့ အတွက် အရမ်းကို နားဝင်ချိုခဲ့ဖူးတယ်… သူမက အရမ်းကို ချစ်တတ်တယ်…သူမချစ်တဲ့သူကိုလည်း အရိပ်လိုပဲ ကြည့်နေတတ်တယ်… သူမရဲ့ ဒုတိယ ကိုယ်ပွားအဖြစ်ပေါ့….သူမမှာ သူ့ အတွက် စိုးရိမ်ပူပန်မှုက သူမကိုယ် သူမထက် အဆပေါင်းများစွာ ပိုတယ်…သူမ ထိခိုက်မှာထက် သူထိခိုက်မှာကို သူမ သေမလောက် ကြောက်တယ်…အရာရာ သူ့အတွက် သူမ စဉ်းစားပေးခဲ့ ဦးစားပေးခဲ့ဖူးတယ်…

“ကိုရေ…မိုးတွေရွာနေတယ်… အအေးမိမယ်နော်…ထီးယူသွားပါလား…” “ ကို…အရက် ဘီယာ ဆေးလိပ် ဆိုတာ ကိုယ်လူပျိုတုန်းက သောက်ခဲ့ဖူးပြီလေ…အခု ကိုယ့်မှာ အိမ်ထောင်ကျနေပြီ…ဒီအရာတွေက ကိုယ့်အတွက် ကောင်းကျိုးကို ဖြစ်စေလား…ဆိုးကျိုးကို ဖြစ်စေလား..ပထမဆုံး ကို ပိုက်ဆံကုန်မယ်… ပြီးရင် ထွေရာလေးပါး အကျိုးမရှိတာတွေ ပြောမယ်…နောက်နေ့ ကျရင် ကိုယ်ခေါင်းကိုက်မယ်…. ကြာလာရင် ကို ရောဂါရမယ်…ဘယ်မှာ ကောင်းကျိုးပေးလို့ လဲ ကိုရယ်..မသောက်ပါနဲ့ နော်”… “ ကိုကလဲကွာ…အလုပ်က ဘယ်လောက် အရေးကြီးနေလို့ လဲ..ကိုမှ နေမကောင်းတာ…မသွားနဲ့ တော့..”… “ ကိုရေ…ဒီအကျီ င်္လေးနဲ့ ဆို ကိုနဲ့ အရမ်းလိုက်တာ..ဒါလေး ၀တ်သွားနော်”….“ အို ကိုရေ..အရမ်းနောက်ကျမနေနဲ့ နော်…. ကို ကြိုက်တာလေးတွေ ချက်ထားတယ်…တူတူစားချင်လို့ ပါ…ပြန်လာခဲ့နော်…”.. သူမ ထိုကဲ့သို့ ကြင်နာပါသည်….

သူ ဒုက္ခရောက်သောအချိန်တွင် သူငယ်ချင်းဆိုတာ ပေါ်မလာပဲ သူအဆင်ပြေမှ့ အိမ်ထောင်ရေးလေး သာယာတော့မှ အိမ်ကို ကောင်းကျိုး ပေးဖို့ လာတာ မဟုတ်ပဲ… သူ့ ကို တမင်သက်သက် အကျင့်ပျက်အောင် ဖျက်ဆီးမယ့်သူငယ်ချင်းမျိုးတွေလာတိုင်း သူမက သာသာထိုးထိုး ပြောတဲ့ အခါတိုင်း သူ့ မှာ တီကို ဆားနဲ့ ပက်သလို နာနာသွားတတ်တယ်…. သူမရဲ့ သူအပေါ်ထားတဲ့ ကရုဏာဒေါသတွေပါ….. ထိုသို့ စသည်စသည် များသည် သူ့ အတွက်တွေချည်းသာဆိုတာ သူ သဘာမပေါက်ခဲ့ဘူး….

အရာရာကို သူကောင်းဖို့ အတွက် သူမ အမြဲ စဉ်းစားတွေးတော တတ်သူပါ…. သူမကိုကျတော့ သူ့ ရဲ့ အလေးထားမှု ဂရုစိုက်မှုတွေက အလိုလို လျော့ကျလာခဲ့တယ်… သူမကို တစ်နေရာရာ လိုက်ပို့ ခိုင်းဖို့ ချိန်းဆိုထားရင်တောင်…သူက နောက်ကျမှ ရောက်လာတတ်တယ်… သူမ စိတ်ကောက်တိုင်း ဘာမဟုတ်တာလေးနဲ့ စိတ်ကောက်မနေနဲ့ လို့ သူ ငြိုငြင်စွာ ပြောတတ်လာတယ်…သူမရဲ့ မျက်ရည်တွေကို လျစ်လျူရှု ထားတတ်တယ်… အရင်က သူ တမင် သိမ်းထားခဲ့လေသလားဟု ထင်မှတ်ရသော သူ့ ရဲ့ ဒေါသတွေ သူမ မျက်ဝါးထင်ထင် တွေ့ မြင်လာခဲ့တယ်… သူ့ ရဲ့ ပြတ်သားမှုတွေကို သူမ မြင်သာအောင် ပြတတ်လာတယ်…. သူမအတွက် သူဟာ အရာရာထက် အရေးကြီးသူပါ… သူ့ အတွက်တော့ သူမက ဘာမဟုတ်တာ ဖြစ်သွားတတ်ပြီလား…

“နွယ့်ရဲ့  တီတီတာတာ ပြောတာလေးတွေ…ကလေးလေးလို စိတ်ကောက်တတ်တာလေးတွေ.. ဆိုးတာ နွဲ့ တာလေးတွေကို ကိုက ချစ်တာလေ… စိတ်ဆိုးနော်…စိတ်ကောက်နော်..ကို ချော့မယ် သိလား…”…သူမ အတွက်ပုံပြင်ထဲက စာသားတွေလို ပုံနှိပ်ထားစရာမလိုပဲ အာရုံမှာ စွဲထင်နေဆဲပါ… သူမငိုကြွေးမိတိုင်း နာကျင်နေတဲ့ ရင်အစုံက တဖြည်းဖြည်း ဒဏ်ရာကနေ အမာရွတ်တွေ အသားမာတွေ တက်လာခဲ့ပြီ….

သူနဲ့ မှ စားဝင်မယ် ထင်ထားတဲ့ နေ့ လည်စာ ညစာတွေဟာ သူ မပါပဲလည်း သူမတစ်ယောက်တည်း စားတတ်ခဲ့ပြီ… အိမ်ပြန်နောက်ကျမယ်လို့ သူပြောရင်လဲ ဘာကြောင့် ဆိုတာ မမေးပဲ…အင်း တစ်လုံးဖြေကာ အိပ်ယာဝင်တတ်ခဲ့ပြီ… သူနဲ့ ချိန်းဆိုထားလို့ သူမလာနိုင်ခဲ့ရင်လည်း သူမ အဆင်ပြေအောင် သွားတတ်ခဲ့ပြီ…သူနေမကောင်း ဖြစ်ရင်လည်း သူ့ အတွက်လိုအပ်သော ဆေးများ တိုက်သည်မှအပ အပိုစကား မဟတော့ချေ…. သူ့ သူငယ်ချင်းတွေ အိမ်ကို ငွေလာချေးရင်လည်း သူမမှာ ရှိတာ အကုန် ထုတ်ပေးလိုက်တော့သည်… သူမအတွက် ရင်ထဲမှာ အသားမာထုကြီးက ထုံပေပေ ခံစားနေရသလိုပင်….

မိုးခြိမ်းတိုင်း ကြောက်ရွံ့ မိတဲ့ သူမမှာ ခုတော့ မိုးသံတွေကို သံစဉ် အဖြစ် ပြောင်းလဲ ကျင့်သားရနေတတ်ပြီ… ပုံမှန်အချိန်တွေထက် သူနောက်ကျတိုင်း သူမ စိုးရိမ်စိတ်တွေ လျော့ပါးခဲ့ပြီ… ကောင်မလေးတွေနဲ့ သူ စကားပြောတာတွေ့ တိုင်း သူမ မျက်နှာလွှဲတတ်ခဲ့ပြီ…. သူမ အတွက် ဒီလို နေနိုင်ဖို့ ငါးနှစ်ဆိုတဲ့ အချိန်က သင်ပေးသွားခဲ့ပြီလေ…

“ နွယ့်ကို ကြည့်ရတာ ခုတစ်လော တစ်မျိုးပဲ…ကို့ အပေါ် အေးစက်သွားသလိုပဲ..” သူမ သူ့ ကို ကြည့်မိသည်…သူမ အကြည့်တွေမှာ အဓိပ္ပါယ်များစွာ ပါနေသည်… “ မဟုတ်ပါဘူး.. ဒီလိုပါပဲ”.. ဟုသာ သူမ အလိုက်အထိုက် ပြောလိုက်သည်… သူမ မယားဝတ္တရားတွေ မပျက်ကွက်ခဲ့ပါ…. သို့ သော် သူမ အရင်လို မနွေးထွေးတော့တာတော့ သေချာသည်… သူမ အရင်လို မကြင်နာတော့ပါ… သူမရဲ့ ဂရုစိုက်မှုတွေက သူ့ ကို ကျဉ်းကျပ်စေမယ်ဆိုရင် သူမ ဥပေက္ခာ ပြုထားလိုက်တာ သူ စိတ်ချမ်းသာပြီး သူမ စိတ်ကို သက်သာစေတယ်…နာကျင်မှုကို လျော့ပါးစေတယ်… သူမ ဘုရားရှိခိုး ပုတီးစိပ်ခြင်းကို စိတ်အေးအေး လုပ်လာနိုင်တယ်… သူ့ အတွက် သူမ မေတ္တာတွေ ပို့ ပေးပါတယ်…

သို့ သော်..သူမ အေးစက်သွားခဲ့ပြီ…..သူမ အရောင်တွေ ပြောင်းသွားခဲ့ပြီ..သူမ ရဲ့ အကြည့် စကား အားလုံးဟာ အရင်ကနှင့် ပြောင်းပြန်ဖြစ်သွားခဲ့သည်… သူ သူမကို အရင်လို စကား ပြောစေချင်သည်…အရင်လို နွေးထွေးစေချင်သည်… သူ့ အပေါ် အရင်လို သ၀န်တိုစေချင်သည်… ဒါတွေ သူမမှာ ပျောက်ဆုံးကုန်လိမ့်မယ်လို့ သူ ထင်မထားခဲ့…. သူ့ ရဲ့ စိတ်ကို အရင်လို ပြန်လည် ပြုပြင်ပြီး သူမရဲ့ အကြင်နာတွေ အောက်မှာ သူနေချင်လှသည်…သူ တောင်းတမိသည်…. သူမရဲ့ စေတနာတွေကို သူ အသိအမှတ်ပြုချင်သည်….. အချိန်တွေ နှောင်းသွားခဲ့ပြီလား… သူမရဲ့ အချစ်တွေ တဖန်ပြန်လည် နိုးထလာဖို့ သူ မျှော်လင့်သည်… သူကြိုးစားမည်….

သူမရဲ့ အချစ်တွေ ကုန်ခမ်းသွားသည်တော့ မဟုတ်..သို့ သော် အရင်လို အရှိန် အဟုန်မဲ့ စီးဆင်းခြင်းမျိုး မဟုတ်တော့ပေ…သူမ သူ့ ကို ချစ်နေဦးမှာပါ… ချစ်နေဆဲပါ… အကန့် အသတ်ဘောင်အတွင်းကပင် သူမ ဆက်လက် ချစ်သွားမှာပါ… သို့ သော်…သူမ အေးစက်သွားသည်ကတော့ အသေအချာပင် ဖြစ်တော့သည်…….