Saturday, February 20, 2010

မှတ်ချက်

မှတ်ချက်ဆိုသည်မှာ အဘယ်နည်း… ကျွန်မအနေနှင့်တော့ လူတွေရဲ့ ကိုယ့်အပေါ် ထင်မြင် ယူဆ ပြောဆိုခြင်းဟု ပြောလျှင် မှားမည်မထင်….. မိမိတို့ နေထိုင်ရာ ကျောင်းပတ်ဝန်းကျင် အိမ်ပတ်ဝန်းကျင် အလုပ်ဝန်းကျင်၌ မှတ်ချက်အမျိုးမျိုး ပေးခြင်းကို ခံခဲ့ရဖူးသည် မဟုတ်ပါလော….. လူတစ်ယောက်ရဲ့ ဘ၀ တစ်လျှောက်လုံးမှာ လူတွေဆီက ဘယ်လို မှတ်ချက်မျိုး ဘယ်နှကြိမ် ဘယ်နှခါများ ရခဲ့ဖူးပါသလဲ… ဘယ်သူကမှ အတိအကျ မမှတ်ထားပေမဲ့ ကြိမ်ဖန်များစွာ မှတ်ချက်ပေးခြင်းကိုတော့ ရခဲ့ဖူးကြမှာပါ…..ဥပမာ “ ကောင်မလေးက တော်တယ်…” “ ကောင်မလေးက ကဲကဲလေးပါ..” “ သူက ဂျစ်ကန်ကန်လေးလေ..” “ စာတော်တယ်… စာညံ့တယ်….” စသည်ဖြင့်ပေါ့လေ….

လူတစ်ယောက်ရဲ့ ပါးစပ်ကြောင့် ဖြစ်ပေါ်လာတဲ့ မှတ်ချက်ပေါ်မှာ တစ်ချို့ ကလဲ တုန့် ပြန်ကြသလို တစ်ချို့ ကလဲ မသိချင်ယောင်ဆောင်ကြ…တစ်ချို့ ကလဲ အရွဲ့ တိုက်တတ်ကြတယ်…. မိမိက ဘာရယ်မဟုတ် ပြောလိုက်မိတဲ့ မှတ်ချက်တစ်ခုကြောင့် တခြား လူတစ်ယောက်မှာ ကြေကွဲရတာ နာကျင်ရတာ သို့ တည်းမဟုတ် ပျော်ရွှင်ကျေနပ်ရတာ သို့ တည်းမဟုတ် ထိခိုက်ခံစားနေရတာ ..စတာတွေဟာ… ပါးစပ်ကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲတွေ ပြဿနာတွေ ချည်းသာ…. ကောင်းတာ ရှိသလို ဆိုးတာလဲ ဒွန်တွဲနေမှာပါ….

လူတွေ အဘယ်ကြောင့် တစ်ယောက်က တစ်ယောက်ကို မှတ်ချက်များပေးသနည်း…. ဒီမှတ်ချက်တွေကရော လူတစ်ယောက်ရဲ့ ဘ၀ကို ဘယ်လောက်များ အကျိုးရှိစေမှာလဲ… သို့ တည်းမဟုတ် ဘယ်လောက်များ အကျိုးယုတ်စေမှာလဲ…. ဤကဲ့သို့ လူသားဆန်ဆန် တွေးတောမိပါက လူတွေ မှတ်ချက်ကို လွယ်လွယ်ကူကူ ပေးရဲပါတော့မလား… လူတစ်ယောက်ရဲ့ ဘ၀သည် ပညတ်သွားရာ ဓါတ်သက်ပါသည်ဟု ပြောရလောက်အောင်ပင်…. ပြောပါများတော့ သူတို့ မှတ်ချက်အတိုင်း အန်ဝင် ခွင်ကျ သွားကြပြီလား…. ဒါမှမဟုတ် မိမိယုံကြည်ရာကို ဦးတည်လို့ သူတို့ မှတ်ချက်နှင့် သွေဖယ်ရာ လမ်းကြောင်း တစ်ခုပေါ်မှာ မတ်မတ် ရပ်တည် နေနိုင်သလား ဆိုတာ မိမိ အပေါ်မှာသာ မူတည်နေသည်…. တကယ်တမ်း ဆန်းစစ်ရင် လူတွေက သူများ မှတ်ချက်နဲ့ အသက်ဆက်နေတာလား… မဟုတ်ပါဘူးလို့ ကျွန်မ ငြင်းပါရစေ…..

တစ်ချို့ က သူများ အသံနဲ့ တင် မှတ်ချက်ပေးတတ်ကြသည်…တစ်ချို့ က သေသေချာချာ ထဲထဲဝင်ဝင် သိပြီးကာမှ မှတ်ချက်ပေးသည်…. မည်ကဲ့သို့ သော မှတ်ချက်မျိုးကို ပေးမိပါစေ…. လူ့ အသိုင်းအ၀ိုင်းက ပေးထားသော မှတ်ချက်သည် မိမိ သေသည် အထိ သယ်ဆောင်သွားရသည် မဟုတ်ပါလော…. လူသေသွားသည့်တိုင် လူတွေရဲ့ မှတ်ချက်ကို နာယူဖို့ နာမည်ကြီးကတော့ လောကတွင် ကျန်ရစ်ခဲ့စမြဲပါပဲ…. မယုံဘူးလား…. လူတစ်ယောက် သေသွားပေမဲ့ သူ့ နာမည်ကို တစ်စုံတစ်ယောက်က ပြောလာတိုင်း “ အဲ့လူပေါ့ ပေါင်းရခက်တဲ့သူ…အဲ့လူပေါ့ … ” အစချီ၍ သူတို့ ၏ မှတ်ချက်များကို ထပ်မံ အတည်ပြုကြဦးမည်…. သူတို့ မမေ့သရွေ့ ပေါ့….

လူတွေ ကိုယ့်ကိုကိုယ်ရော မှတ်ချက်ပေးကြည့်ဖူးပါသလား…. “ တစ်ချို့ ကတော့ မိမိကိုယ်မိမိ မှတ်ချက်ပေးသလိုလိုပင်…ငါ တော်တော် တော်တဲ့ ငါပါလား…” “ ငါ့ဟာ သတ္တိတော်တော် ကောင်းပါလား… ငါက မှန်ရာပဲ လုပ်တဲ့သူ..”ဟု စသည့် မှတ်ချက်မျိုးများ ပေးခဲ့ဖူးချင် ဖူးပါလိမ့်မည်…. သို့ သော် မိမိ ကိုယ်ကို မှတ်ချက်ပေးသည့်အခါ လျှော့လျှော့ပေါ့ပေါ့ စဉ်းစားပြီး ပေးသလား သို့ မဟုတ် သေသေချာချာ စိစစ်ပြီးမှ ပေးရဲ့ လား… တကယ်တော့ ကိုယ့်ကိုကိုယ် ပြန်မြင်ရသည့်အချိန်နှင့် သူများက ကိုယ့်ကို ကြည့်နေသော အချိန်က ပိုများသောကြောင့် သူများ၏ မှတ်ချက်သည် မှန်ကန်နိုင်သည့် ရာခိုင်နှုန်း ပိုများချင် များပေလိမ့်မည်…

သို့ သော် လူဆိုသည်က ကိုယ့်အကြောင်း ကိုယ်သာ သိသည် မဟုတ်ပါလော…… လူတွေ မည်သို့ ပင် မှတ်ချက်ပေးစေကာမူ မိမိလမ်းကို မိမိ ဦးတည် လျှောက်ရမည်သာ ဖောက်ရမည်သာ ဖြစ်သည်…. သူတစ်ပါးရဲ့ မှတ်ချက်ကြောင့် ဦးတည်ရာ ပြောင်းသွားတာမျိုး ယိုင်နဲ့ သွားတာမျိုး ဖြစ်ခဲ့ပါက မိမိကိုယ် မိမိ စိတ်ဓါတ်မခိုင်မာသူ ပျော့ညံ့သူ အဖြစ် ပဏာမ လက်ခံထားသင့်သည်…. ပဏာမဟု ပြောခြင်းမှာ ထိုအတွေးမျိုးကို ခဏသာ တွေး၍ အချိန်မီ ပြန်လည် ပြုပြင်ယူပါက မိမိသည် စိတ်ဓါတ်ခိုင်မာသူ တစ်ယောက် အဖြစ် တမဟုတ်ချင်း ပြောင်းလဲသွားနိုင်သောကြောင့် ဖြစ်သည်….

ထို့ ကြောင့် လူတို့ သည် မိမိဘ၀လမ်းကို ကိုယ်တိုင် လျှောက် ကိုယ်တိုင်ဖောက်ရမည်ဖြစ်သည့်အားလျော်စွာ မိမိဦးတည်ထားရာ လမ်းကြောင်း ၊ ပန်းတိုင် ၊ ရည်မှန်းချက်သို့ သွားရာတွင် သူတစ်ပါး၏ ၀င်ရောက်စွက်ဖက်သော မည်သို့ သော မှတ်ချက်မျိုးကို ပေးသည်ဖြစ်စေ… ထိုမှတ်ချက်များကြောင့် ဘ၀င်မြင့်စရာမလိုသလို စိတ်ဓါတ်ကျ အားငယ်နေစရာလည်း မလိုပေ…. မြန်မာဆိုရိုးစကား တစ်ခုအတိုင်း ပြောရလျှင် ချီးမွမ်း (၇) ရက် ကဲ့ရဲ့ (၇) ရက်ပင် မဟုတ်ပါလော…. မှတ်ချက်ကို လွယ်လွယ်ပေးတတ်သော သူများအတွက်မှာကား မိမိ၏ နှုတ်ထွက် မှတ်ချက်တစ်ခုကြောင့် သူတစ်ပါးအား အနည်းငယ် အကျိုးပေးပါက သိပ်မသိသာလှပေမဲ့ များစွာ အနှောင့်အယှက် ဖြစ်စေပါက သေချာစဉ်းစား လေ့လာပြီးမှသာ မှတ်ချက်ပေးသင့်ပါသည်……သို့ အတွက်ကြောင့် မိမိ၏ စိတ်ကူးအိပ်မက် ရည်မှန်းချက်ကြီးကြီးမားမားများအား အကောင်အထည် ဖော်နေသူများအဖို့ မှာကာ့း လူတွေပေးသောမှတ်ချက်များအား တတ်နိုင်သမျှ လျစ်လျူရှုနိုင်သမျှ ရှုကာ ရည်ရွယ်ရာဆီသို့ တစိုက်မတ်မတ် မဖြစ်မနေ လျှောက်လှမ်းသွားနိုင်သော ခိုင်မာသော စိတ်ဓါတ်ရှိသည့်လူသားများ အဖြစ် လောကတွင် ရှင်သန်ရပ်တည် နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါသည်..

3 comments:

ထိုက်ဦး said...

အမကျွန်တော်ရဲ့မှတ်ချက်လူတွေရဲ့
ချီးမွန်းပြောဆိုတာကိုဘဲ

ခံချင်တယ်လူတွေရဲ့အပြစ်တင်ကဲ့ရဲ့ဝေဖန်တာကိုမခံချင်ဘူးမခံနိုင်ဘူစိတ်ဆိးုမယ်စိတ်တိုနေမယ်ဆို
ရင်ကျွန်တော်ဘယ်တရာပါ့မလဲး

မိုးခါး said...

တချို့က မှတ်ချက်ပေးတယ်
တချို့က ဝေဖန်တယ်
တချို့က အတင်းပြောတယ်
တခါတခါကျတော့ စိတ်ထဲ မတင်မကျဖြစ်မိတယ် .. ဘယ်လိုခေါင်းစဉ်နဲ့ ဖြစ်ဖြစ် သူများအကြောင်း ပြောတာတော့ ပြောတာပဲလို့လေ ..
း))

မိုးခါး said...

စိတ်မရှိပါနဲ့နော် .. စာတိုတိုလေး မှတ်လို့ ဖတ်ပြီး အပေါ်က ကောမန့်ကို ရေးလိုက်မိတယ် ..း)
လူ့အသိုင်းဝိုင်း ပတ်ဝန်းကျင်မှာ ကျင်လည်နေသမျှ လူတွေရဲ့ မှတ်ချက်တွေ (တနည်း) ပြစ်တင်ဝေဖန်မှုတွေကို ခံစားနေရဦးမှာပါပဲ .. ဘယ်လိုမှတ်ချက်မျိုးဖြစ်ဖြစ် ကိုယ်က ခံယူတတ်ဖို့ ပိုအရေးကြီးပါလိမ့်မယ် .. သူများ ပါးစပ်မှာ ကိုယ့်ဘ၀ လမ်းမဆုံးဖို့ အရေးကြီးဆုံးပါပဲ ..း)

လေးစားစွာဖြင့်