Monday, May 31, 2010
ဖေးကူ ထူမမည့် လက်များအတွက်...
တနေ့ က ပျင်းပျင်းရှိသည်နှင့် TV အစီအစဉ်ဖွင့်ကြည့်လိုက်သည်…Bersamamu ဆိုတဲ့ အစီအစဉ်လေး လာနေသည်… ဒီအစီအစဉ်လေးက နွမ်းပါးသူများကို ကူညီဖို့ ဖွဲ့ စည်းထားတဲ့ အဖွဲ့ အစည်းရဲ့ လုပ်ဆောင်ချက်တွေကို မှတ်တမ်းတင် ရိုက်ကူးထားတဲ့ အစီအစဉ်လေးကို ထုတ်လွှင့်ပြသခြင်း ဖြစ်ပါတယ်….အမှန်က ဘလော့လိုက်လည်မယ်ဆိုတဲ့ အကြံနဲ့ ကွန်ပျူတာရှေ့ ထိုင်နေတာ…TV ကိုလဲ ကြည့်ချင်တာနဲ့ ဖွင့်လိုက်တော့ မြင်လိုက်တဲ့ အကြောင်းအရာလေးကို စိတ်ဝင်စား သွားမိတယ်… ဒီအစီအစဉ်လေးကို မကြာခဏ ကြည့်မိပါတယ်…ဒါပေမဲ့ ခုတစ်ကြိမ်ကြည့်ပြီးတော့ စိတ်ထဲ စိတ်မကောင်း ဖြစ်မိတာရော အတွေးလေး ၀င်တာနဲ့ ဒီစာလေး ရေးဖြစ်ပါတယ်…
ဒီနိုင်ငံမှာ အဓိကအားဖြင့် မလေး ၊ တရုတ် ၊ အိန္ဒိယဆိုပြီး လူမျိုး သုံးမျိုး ရှိပါတယ်…ဒီနိုင်ငံမှာ အဓိကထားကိုးကွယ်တဲ့ ဘာသာကတော့ မူဆလင် ဘာသာပါ…အခု TV3မှာ ပြပြနေတဲ့ ဒီအစီအစဉ်လေးက သူတို့ ရဲ့ အဓိကထားတဲ့ ဘာသာဝင်နဲ့ လူမျိုးဖြစ်တဲ့ မလေးလူမျိုး တနည်းအားဖြင့် လောကမှာ ဘယ်လိုအခက်ခဲနဲ့ ရင်ဆိုင်ရပေမဲ့ စိတ်မလျှော့ပဲ ဇွဲနဲ့ ကြိုးစားတဲ့ တကယ့်ကို ဆင်းရဲနွမ်းပါးတဲ့ သူတွေ(မလေးလူမျိုး)ကို စေတနာရှင်အဖွဲ့ က ကူညီပေးတာလေးကို တင်ဆက်ထားတာပါ…
ဒီတစ်ခေါက် စေတနာရှင်အဖွဲ့ ရွေးချယ်ထားတာကတော့ အသက် ငါးဆယ်ကျော် အဖိုးအို တစ်ယောက်ပါ…သူရဲ့  ရုပ်ရည်ဟာ လောကဓံကြောင့်ပဲလားမဆိုသာ..ရှိရင်းစွဲ အသက်ထက်ကို ပိုလို့ အိုစာနေပါတယ်….သူဟာ တစ်ယောက်တည်းသမားဖြစ်တဲ့ အပြင် ဆွံ့ အ နားမကြားသူတစ်ယောက်ပါ… ပင်လယ်ကမ်းစပ်နားမှာ အမိုးအကာ မလုံ ရေချိုမရှိ ရေဘုံဘိုင်မရှိ လျှပ်စစ်မီးမရတဲ့ အိမ်ကလေးမှာ တစ်ယောက်တည်း နေထိုင်လာတာ ဆယ်စုနှစ် စွန်းစွန်း ရှိခဲ့ပါပြီတဲ့….စက်လှေအသေးစားလေးနဲ့  တံငါလုပ်ငန်း လုပ်ကိုင်ရင်း ၀မ်းစာကို ဖြေရှင်းနေရပါတယ်တဲ့…သူငါးရှာ ထွက်ချိန်မှာ ရိုက်ကူးရေးအဖွဲ့ တွေဟာ ဒီနေ့ ငါးဘယ်လောက်ရလဲလို့ လက်ဟန်ခြေဟန်နဲ့ မေးတော့ သူက တစ်ကောင်မှ မရတဲ့ အကြောင်း သူ့ ပိုက်ကလေး ထိုးပြပါတယ်…ဒီနေ့ အတွက် အဖိုးအိုရဲ့ ဝမ်းစာ ခက်ခဲလောက်ပြီပေါ့… သူက ဆက်ပြီး သူ့ မှာသာ ဆီအလုံအလောက်ရှိရင် ဒီထက်ဝေးတဲ့ နေရာတွေကို သွားပြီး ပုဇွန်တွေ အများကြီး သူဖမ်းချင်ပါတယ်လို့ သူ့ စိတ်ကူးလေးကို ပြောပြပါတယ်…သူရရှိလာတဲ့ ငါးများကို သူ့ အတွက် စားလောက်ရုံသာ ထားပြီး ပြန်လည် ရောင်းချပါသေးတယ်...
သူက ဘယ်သူ့ ကိုမှ အားမကိုးချင်ဘူး…တစ်ယောက်တည်း အမှီခိုကင်းကင်း နေထိုင်တတ်ကြောင်းကို သူ မကျန်းမမာဖြစ်တဲ့အခါ လာရောက် စောက်ရှောင့်ပေးတဲ့ ရွာထဲက မိတ်ဆွေတစ်ယောက်က ပြောပြပါတယ်… သူ ဟာရေချို ရရှိဖို့ အတွက် မိုးရွာလျှင် ရေတံလျှောက်မှ မိုးရေများကို ပလပ်စတစ်စည်ပိုင်း အသေးသုံးလုံးနဲ့ သိုလှောင်ထားတတ်ပါတယ်… (ဒီနိုင်ငံမှာ မိုးက အစိုးမရပါဘူး...ရွှေပြည်ကြီးက ဟိုလူကြီးတွေလိုပဲ...)…
သူ့ ရဲ့ အိမ်ကလေးကိုလည်း ထုတ်တန်းဘေးက အရံတန်းတွေ ကျိုးနေတာကိုတောင်မှ သူ့ မှာ ပီနန်ကြိုးနဲ့ ဆက်ထား ရပါ တယ်..အိုးခွက် ပန်းကန်တွေဟာလဲ ကျိုးပဲ့လို့ …မြင်မြင်သမျှ အရာရာဟာ အဖိုးအိုရဲ့ နေ့ စဉ်ဖြတ်သန်းနေရတဲ့ ဘ၀ကို ကွက်ကွက်ကွင်းကွင်း မြင်သာနိုင်ပါတယ်...သူ့ ဘ၀ ဆင်းရဲနုံချာပေမဲ့ သူဟာ ဘ၀ကို အားတင်း ရုန်းကန်တယ်ဆိုတာ သူ့ ကို ကြည့်တာနဲ့ သိသာပါတယ်…
စေတနာရှင်အဖွဲ့ မှာ ကျောင်းတစ်ကျောင်းက ဆရာနဲ့ ကျောင်းသား ကျောင်းသူများပါ လုပ်အားပေးဖို့ လိုက်ပါလာကြပါတယ်… အဖိုးအိုဆီ သွားတဲ့လမ်းက လမ်းကောင်း လမ်းချောမဟုတ်ပါဘူး…မြို့ နဲ့ လဲ အလှမ်းဝေးသလို အိမ်အနီးက မြောင်းလေးကို သစ်သားတန်း သေးသေးလေး ဖြတ်ကျော်ပြီးမှ အဖိုးအိုအိမ်ကို ရောက်တာပါ…
နောက်တစ်ခုက ကျွန်မတို့ ရွှေပြည်ကြီးမှာရော ဒီလိုမျိုး ဆင်းရဲနွမ်းပါးချို့ တဲ့သူတွေ ဘယ်နှယောက်များရှိမလဲ…. သေချာတာကတော့ မရေတွက်နိုင်အောင် ကျွန်မတို့ မသိနိုင်အောင် များပြားနေမှာပါ… ဒါပေမဲ့ ဒီမှာလိုမျိုး ကူညီမယ့်သူ စောင့်ရှောက်မယ့်သူ ဘယ်နှယောက်များ ရှိသလဲ… ဆင်းရဲ ချမ်းသာ ကွာဟမှုက ကြောက်စရာ ကောင်းလောက်အောင် မြင့်မားနေတဲ့ ကျွန်မတို့ တိုင်းပြည်မှာ ချမ်းသာလွန်းတဲ့သူတွေ စုပေါင်း ဖွဲ့ စည်းထားတဲ့ ဒီလိုမျိုး ဖောင်ဒေးရှင်းများ ရှိသလား…. သူတို့ ရဲ့ ချမ်းသာမှုတွေ ကြွယ်ဝမှုတွေကို နွမ်းပါးချို့ တဲ့သူ ဘယ်နှယောက်ကိုများ နည်းနည်းစီ ဝေငှဖူးသလဲ…ဆာလောင်နေတဲ့ ကလေးငယ်ရဲ့ ငိုသံတွေ ၊ တစ်နေ့ တာ ၀မ်းစာ လောက်ငှမှု မရှိတဲ့ မြည်တွန်တောက်တီးသံတွေ ခုဆိုရင် ဘေးဒုက္ခ အမျိုးမျိုး ဆိုက်လို့ ညည်းညူသံတွေ ဒါတွေကို မြင်နိုင်ကြရင် ကြားနိုင်ကြရင် ရင်ဘတ်နဲ့ နားထောင်နိုင်ကြရင် စာနာမှုတရား လက်ကိုင်ထားလို့ ဖေးကူထူမမည့် လက်များစွာ ရှိခဲ့ရင်... တွေးရင်း တွေးရင်း ကျွန်မရဲ့ အတွေးတွေ တဖြည်းဖြည်းနဲ့ ဝေးသွားသလိုပါပဲ….
အားလုံးကျန်းမာချမ်းသာကြပါစေ..
ကာရံဆူး
Wednesday, May 19, 2010
Cameron Highland သို့ အလည်တစ်ခေါက်....
ခုတလော စာမရေး ၊ ကဗျာမရေးဖြစ်တာ အတော်ကို ကြာနေပါပြီ...လာလည်တဲ့သူများကိုလဲ အားနာမဆုံးပါဘူး...
ဒါကြောင့် ခုတလော လျှောက်သွားဖြစ်တဲ့ နေရာလေးတွေနဲ့ ပဲ နှစ်သိမ့်ပါရစေ...
အသိတစ်ယောက် သူ့ မိသားစု လာလည်လို့ လိုက်ပို့ ရင်း ကိုယ်က ကပ်မြှောင်လိုက်သွားတာပါ... မနက် (၅)နာရီခွဲမှာ အိမ်က ကားစထွက်လို့ စတော်ဘယ်ရီ စိုက်ခင်း ၊ လက်ဖက်စိုက်ခင်း နဲ့ တခြား စိုက်ခင်းတွေရှိတဲ့ တောင်ပေါ် (Cameron Highland)ကို မနက် (၈)နာရီခွဲလောက်မှာ ရောက်ပါတယ်...တလမ်းလုံး အိပ်သွားလို့ လမ်းရှုခင်းတွေ တစ်ပုံမှ မရိုက်လိုက်ရပါ...ကားပေါ်ပါသူများက လမ်းမှာ “ဟာ နှင်းတွေ နှင်းတွေ”ဟု အော်မှသာ မျက်စိပွင့်တော့သည်...ဟုတ်သည် လမ်းကို မြူတွေ နှင်းတွေက ကာဆီးထားသည်...
တောင်ပေါ်တက်လာသည်နှင့်အမျှ လေက အေးသည်...
ဒီဆိုင်မှာ...လက်ဘက်ရည်သောက်ကြတယ်...နောက်က လက်ဖက်စိုက်ခင်းတွေပေါ့...
ချစ်စရာ့စတော်ဘယ်ရီ...
စတော်ဘယ်ရီတွေ ဒီလို ခူးခဲ့တယ်... တစ်ကီလို မလေးငွေ(၃၀)တဲ့...
ရေတံခွန်ကို ရောက်ပြီ...
ရေတံခွန်နားမှာ ပေါက်တဲ့ပန်း ဘာပန်းလဲ မသိပါ...
ရေတံခွန်ထိပ်မှာ ကျားကုတ်ကျားခဲ ခြေကုတ်ယူပြီး ရိုက်တာပါ...လှချင်လွန်းလို့ ... :)
အပြန်လမ်းမှာ နုဖတ်နေတဲ့ မျှစ်ဆို့ ကြီးတွေ ရောင်းတာတွေ့ လို့ ဝယ်ခဲ့သေးတယ်...ဓါတ်ပုံတော့ မရိုက်ဖြစ်ပါ....
လတ်လတ်ဆတ်ဆတ် ဟင်းသီးဟင်းရွက်တွေရယ် ၊ နှင်းဆီပန်းတွေရယ် ၊ သစ်ခွပန်းတွေရယ် ၊ နောက်ကျွန်မ မသိတဲ့ အပင်စုံတွေရောင်းတဲ့ဆိုင်ပါ....သစ်ခွမျိုးတွေ အများကြီးပဲ ကျွန်မ မမြင်ဖူးတာတွေလဲပါတယ်...
လမ်းက တောင်မှာ ကပ်ပေါက်တဲ့ သစ်ခွတွေကိုလဲ ခက်ခက်ခဲခဲ ရအောင် ခူးတဲ့သေးတယ်...
ပန်းတွေနဲ့ ဝေနေတဲ့ ကျွန်မ...
တောင်အောက်ရောက်တော့ အားလုံးက ဗိုက်ဆာနေပြီမို့ ထမင်းစားကြတယ်...တောင်တက် တောင်ဆင်း အကွေ့ အ၀ိုက်က များပြီး ကြာလို့ ခေါင်းမူးသွားတဲ့ ကျွန်မကတော့ မစားဖြစ်တော့...ပါလာသော အသိရဲ့ ကလေးနှစ်ယောက်လဲ တဝေါ့ဝေါ့နှင့် ဆန်ပြုတ်တွေ ထုတ်လာတာ ကားတစ်စီးလုံးလဲ ချဉ်ဖတ်စော်နံနေတော့သည်...:P ဘာမှ မစားချင်တာကြောင့် ၀ယ်လာသော စတော်ဘယ်ရီသီးတွေပဲ ထိုင်စားနေလိုက်တယ်...
ထိုမှ တစ်ခါတည်း ဆက်သွားဖြစ်တဲ့ ပီနန်ခရီးကိုတော့ နောက်တစ်ပိုင်း ရေးပါမည်...ခုတော့ နားပါဦးမယ်...
Monday, May 17, 2010
ဖြစ်သလိုပါပဲ...
ရာသီဥတု ပူပူနဲ့ မို့ ကျွန်မလဲ ခံတွင်းပျက်နေပါသည်...ထို့ ကြောင့် ဖြစ်သလိုလေးပဲ စားလိုက်ပါတယ်...
ဒါက မနိုင်းနိုင်းစနေဘလော့က နည်းနဲ့ လုပ်ထားတဲ့ ကျွန်မရဲ့ ကင်မ်ချီပါ...ဟိုတစ်နေ့ က cameron highland သွားရင်း တောင်ပေါ်မှာ ပိုးတီလေးတွေ တွေ့ လို့ ဝယ်လာတာ တစ်ခါတည်း ထည့်လုပ်လိုက်တာ..စား စား...စားနိုင်သလောက်စား...
ဒါကတော့ ကင်မ်ချီ ၊ မြန်မာပြည်မှ ပဲငပိ (ကြော်စားသော ပဲငပိအ၀ါလေး) ၊ ပဲပြား နဲ့  ကြက်သားရောချက်ထားတဲ့ ဟိုမရောက် ဒီမရောက် ဟင်းတစ်ခွက်ပါ...
ထမင်းစားပြီးရင် ဒါလေးစားချင်လို့ ကြော်ထားတာ..စားသွားပါဦးလား...ပြောင်းဖူးကြော်ကြွပ်ကြွပ်လေး...
ဒါကတော့ ဟိုတစ်နေ့ ပြောင်းဖူးကြော်ရင်း ဆီပေါက်ခံရတာပါ... (ဒါတောင် အမှတ်မရှိ ထပ်ကြော်သေးတယ်..အဲ့လို ငတ်တာ)
ဘယ်လောက် နာနာပါ..အစားသောက်အတွက်ကိုတော့ ဘလော့တကာလည် ချက်နည်းရှာပြီး တတ်သလောက် လုပ်စားနေတာပါ...အင်းးးးး ဒါတောင် ၀ိတ်ချချင်နေသေးတာ...ဖြစ်မယ်မထင်... :(
ကဲ လာလည်သူ မိတ်သဟာများလဲ စိတ်မှာ ဘာအတေးမှ မထားပဲ..လာလွေးကြပါနော်...
Friday, May 14, 2010
ဆက်လက်ဖြန့် ဝေပေးပါ...
ပဲခူးတိုင်း(အနောက်ပိုင်း) ပြည်ခရိုင်အတွင်းရှိ ကျေးရွာ ၂၆ ရွာတွင် သောက်သုံးရေ အခက်အခဲ ဖြစ်နေပါသဖြင့် ကူညီလှူဒါန်းလိုပါက 095370101 ကို ဆက်သွယ်ပေးပါ။ ကျေးဇူးပြုပြီး ဆက်လက်ဖြန့်ဝေပေးပါရန်...
(အသိ ဦးဇင်းတစ်ပါးမှ အကူညီတောင်း၍ တင်ပေးလိုက်ပါသည်...မြန်မာနိုင်ငံတွင် ပူပြင်းလွန်း၍ သောက်သုံးရေ အခက်ခဲ ဖြစ်နေကြပါသည်...အိမ်ကို ဖုန်းဆက်မေးတော့လဲ တချို့ နယ်တွေမှာ ဖြစ်နေကြပြီး နိုင်ငံပိုင် သတင်းစာတွင်လည်း ဖော်ပြထားသည်ဟု ပြောပါသည်... မြန်မာပြည်သူ ပြည်သားတွေလဲ မင်းမကောင်းလို့ သဘာဝဒဏ်တွေ ခံနေကြရတာ စိတ်မကောင်းဖြစ်မိပါတယ်...)