Wednesday, October 21, 2009
၁၀နှစ်တာ တမ်းချင်း...
မြကမ္ဗလာ မြက်ခင်းစိမ်းပေါ်မှာ ဆောင်းကတ္တီပါ နှင်းဝတ်လွှာက ပါးပါးလေး လွှမ်းခြုံကျနေတယ်… နေခြည်နုနု ထိုးဖောက်လာတော့ သစ်ရွက်ထိပ်မှာ တွဲလွဲခိုနေကြတဲ့ ကိုင်းဖျားနှင်းလေးတွေက စိန်ပွင့်လေးသဖွယ်… တလက်လက်နဲ့ … ဒီလို လှပတဲ့ မနက်ခင်းမျိုးမှာ..အလွမ်းတွေနဲ့ နိုးထလာခဲ့တဲ့ ကျွန်မ သူ့ ကို သတိရမိလိမ့်မယ်လို့ မျှော်လင့်မထားပါဘူး… ဒါပေမဲ့ တိုက်ဆိုင်လိုက်တိုင်း သတိရမိတဲ့ လူတစ်ယောက်ကို ဒီလို တိုက်ဆိုင်မှုတွေကြောင့်ပဲ သတိရလိုက်မိတယ်… ဒီနေ့ ဆိုရင် ၁၀နှစ်ပြည့်ပြီပေါ့… ကျွန်မအတွက်တော့ အမှတ်ရနေရမယ့် နေ့ ကလေးပါပဲ ကိုကိုရယ်…
~~~~~~~~~~~~~~~
အလုပ်အတွက် အင်တာဗျူးဖြေဖို့ စိတ်စောပြီး ခပ်သွက်သွက် လျှောက်လာတဲ့ ကျွန်မ ဘေးဘီကို ဂရုမစိုက်အားပါ… နေပူကျဲထဲမှာ လျှောက်လာရလို့ လည်း လူက ချွေးတစို့ စို့ … ချိန်းဆိုထားတဲ့ နေရာရောက်လို့ ကြည့်လိုက်တော့ အင်တာဗျူး ဖြေရမှာက ငါးထပ်မှာ..ဓါတ်လှေကားက မရှိ ခြေလျင် တက်ရမှာ..မောလိုက်တဲ့ ဖြစ်ချင်း..ပထမဆုံး အလုပ်ခွင်ဝင်ဖို့ ဖြေဆိုရမဲ့ အင်တာဗျူးမို့ တက်ကြွနေလို့ သာ မမောမပန်း တက်လာနိုင်သည်… အခန်းဝ ရောက်လို့ ကြည့်လိုက်တော့ ဖြေဆိုမဲ့သူတွေ နည်းမှ မနည်းပဲ… အပြင်မှာ ယောကျာ်းလေးတွေက ပြူတစ် ပြူတစ်… အထဲလှမ်းကြည့်လိုက်တော့လဲ ထိုင်စောင့်နေကြတဲ့ မိန်းကလေးတွေက အပြည့်… ကိုယ်လည်း နေရာ ရလို ရငြား အထဲ လှမ်းကြည့်လိုက်တော့ အထဲက ယူနီဖောင်းဝတ်ထားတဲ့ အစ်မတစ်ယောက် လှမ်းခေါ်တယ်… “ အင်တာဗျူး ဖြေဖို့ လား…” “ ဟုတ်ကဲ့..” “ ဒါဆို လာ” ဆိုပြီး ကျွန်မကို နေရာချပေးတယ်… ကျွန်မလည်း နေရာရတော့မှသာ အမောဖြေနိုင်တယ်… အဲ့ဒီတော့မှ ပတ်ဝန်းကျင်ကို အကဲခတ်မိတယ်… ကိုယ့်အသိများ ပါလို ပါငြားပေါ့…
ထိုအခိုက် မျက်ဝန်း တစ်စုံက သိသိသာသာ ကျွန်မကို ပြုံးလို့ ကြည့်နေလေရဲ့ … ဘယ်အချိန်ကတည်းက ကျွန်မကို အကဲခတ်နေသည် မသိ… လည်ကတုံး ရှပ်အဖြူနဲ့ ကချင်ပုဆိုးကို သေသပ်စွာ ၀တ်ဆင်ထားပြီး မျက်လုံး နဲ့  နှုတ်ခမ်းတွေက ပြုံးနေတဲ့ သူ့ ကို တွေ့ လိုက်ရတယ်…ကျွန်မ စိတ်ထဲ ခိုးလို့ ခုလုနဲ့ ပေါ့…. နဂိုကတည်းက အလုပ်အတွက် ရင်ခုန်နေရတာ… သူက ကျွန်မကို ကလေးတစ်ယောက်ကို ကြည့်သလို ရွှန်းရွှန်းစားစားကြီး ကြည့်နေတော့ အနေရခက်ပြန်ပြီပေါ့… ဒါပေမဲ့ အလုပ်အတွက်သာ အာရုံကများနေတော့ သူ ကြည့်တာ မကြည့်တာလည်း မဆိုင်သလို နေပြီး ဘုရားစာသာ စိတ်ထဲ ရွတ်နေလိုက်တယ်… ဒီလိုနဲ့ ကျွန်မ ဖြေရမဲ့ အလှည့်ရောက်လာလို့ မေးခွန်းတွေကို လွယ်လွယ်ကူကူပဲ ကျွန်မ ဖြေခဲ့လိုက်တယ်… ပြန်ထွက်လာတော့လည်း သူက ကြည့်နေတုန်းပဲ… ကျွန်မလည်း ပေါ့ပေါ့ပါးပါး အိမ်ပြန်လာခဲ့လိုက်တယ်…
~~~~~~~~~~~~~~~
နောက်တစ်ပတ်နေရင် အဖြေတွေကို အလုပ်မှာ ကပ်ထားမယ်ဆိုလို့  ကျွန်မရယ် အမေရယ် စောစီးစွာ ထွက်လာခဲ့လိုက်တယ်…ဆယ်တန်းအောင်ခါစ သင်တန်းပြီးကာစ အလုပ်အရမ်း လုပ်ချင်လို့ တက်ကြွနေတဲ့ သမီးတစ်ယောက်ကို မရင့်ကျက်မှာ စိတ်ပူတဲ့ အမေက “ သမီး မကြည့်ရဲရင် အမေသွားကြည့်ပေးမယ်” လို့ တော့ ပြောတယ်.. ကျွန်မက ကိုယ့်ကို ကိုယ်လည်း ယုံကြည်တဲ့ အပြင် အကောင်းတွေကိုချည်း မျှော်လင့်မထားတဲ့အတွက် အမေနဲ့ တူတူသွားကြည့်မယ်လို့ ပြောလိုက်တယ်… ကျွန်မ လျှောက်တဲ့ အလုပ်က ကုမ္ပဏီကြီးလည်း ဖြစ်ပြန် ပြီးတော့ ရန်ကုန်မြို့ အနှံ့ မှာ ဆိုင်ခွဲတွေလည်း အများကြီး ဖွင့်ထားတဲ့ နာမည်ကြီး အ၀တ်အစား ရောင်းတဲ့ ဆိုင်.. အလုပ်လာလျှောက်တဲ့သူတွေကလည်း အယောက် နှစ်ရာကျော်ဆိုတော့ နည်းနည်းတော့ စိတ်ထဲ ပူမိတာပေါ့…. စောနေသေးတော့ လာကြည့်တဲ့သူ လေးငါးယောက်ပဲ ရှိသေးတယ်… ဒါနဲ့ ကျွန်မလည်း အဖြေစာရွက်ကို ကြည့်လိုက်တော့ ရွေးတဲ့သူ ၁၁ယောက်မှာ ကျွန်မနာမည်က ၄ နေရာမှာ…အိုး ပျော်လိုက်တဲ့ ဖြစ်ချင်း... အမေကလည်း သူ့ သမီးလေး အလုပ်ကောင်း ရလို့ ဝမ်းသာလို့ မဆုံးဘူး…
အဲ့ဒီနေ့ က စလို့ သူ ကျွန်မ လုပ်တဲ့ ဆိုင်ရှေ့ မှာ ညညဆို လာစောင့်နေတတ်တယ်… ကျွန်မတို့ အတူတူ ပြန်တော့ သူလည်း လိုက်လာတတ်တယ်…သူလည်း ကျွန်မတို့ နဲ့ တစ်မြို့ နယ်ထဲကပါ… တိုက်ဆိုင်လိုက်တာများနော်… သူနဲ့ ကျွန်မက အိမ်က နီးလို့ လည်း နေပြန်ပါတယ်… ဒီလိုနဲ့ သူလည်း ကျွန်မ အပေါင်းအသင်းထဲ စာရင်းဝင် တစ်ယောက်လို ဖြစ်ပြီး ကျန်တဲ့ သူငယ်ချင်းတွေကပါ သူနဲ့ ခင်သွားကြတယ်… ကျွန်မတို့  သူငယ်ချင်းတွေ ဘယ်လောက်တောင် ချစ်သလဲဆိုရင် အလုပ်ပြီးတာက ညကိုးနာရီ..အိမ် ပြန်ရောက်တော့ ကိုးနာရီခွဲကျော်ပေါ့... ကားမှတ်တိုင်မှာ လူစု ခွဲပြီး ပြန်ဆုံဖို့ အချိန်နဲ့ နေရာကို ချိန်းပြီး ထပ်တွေ့ ကြပြန်တယ်…
ရေမိုးချိုး အ၀တ်အစားလဲ ပြီးတာနဲ့ ကျွန်မ အိမ်က ပြန်ထွက်ခဲ့တယ်…ငယ်ငယ်ကတည်းက မိဘတွေက ချုပ်ချယ်မှု မရှိခဲ့ဘူး..လွပ်လပ်စွာနေထိုင်ခွင့် ပေးထားတယ်… ထိုက်သင့်တဲ့ ပညာနဲ့ အသိဥာဏ်ပေးထားတော့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ဆိုတာ ကျွန်မတို့ မောင်နှမတွေ ပိုင်ဆိုင်ထားတဲ့ အရာပါ…အဖေက ကျွန်မတို့ ကို သိတတ်စကတည်းက မှာထားတယ်…ကိုယ့်လမ်းကို ကိုယ်လျှောက် လဲရင် ကိုယ့်ဟာကိုယ် ပြန်ထပါတဲ့…မိဘဆိုတာ ဘယ်လမ်းကောင်းတယ် ဆိုးတယ်ဆိုတာသာ ညွှန်ပြလို့ ရတာ..လျှောက်တာကတော့ ကိုယ်တိုင် လျှောက်ရမယ်တဲ့…ဒီလိုနဲ့ ကျွန်မ ကြီးပြင်း အရွယ်ရောက်လာတော့လည်း ကိုယ့်ကိုကိုယ် ထိန်းသိမ်းပြီး မိဘတွေရဲ့ ယုံကြည်ရတဲ့ သမီးတစ်ယောက်အဖြစ်နဲ့ ပဲ နေထိုင်လာခဲ့တာ…ခုချိန်ထိပေါ့…
သူငယ်ချင်းတွေ ဆုံကြတော့… သူက ပါပါလာပြန်တယ်… သူ့ ကို ကြည့်လိုက်ရင် အမြဲတမ်း လူကြီး စတိုင်… ပလေကတ် ပုဆိုးနဲ့  စပို့ ရှပ်ကို ၀တ်ဆင်တတ်တယ်… ကျွန်မတို့ တွေ လက်ဘက်ရည်ဆိုင်ထိုင်ပြီး အတွေ့ အကြုံတွေ ဖလှယ်..ဟို အကြောင်း ဒီအကြောင်း ပြောကြရင်း လမ်းခွဲခဲ့ကြတယ်… ဒီလိုနဲ့ ရက်တွေများလာတော့ သူက တစ်စ တစ်စ ကျွန်မ အိမ်ကို ကျွန်မရဲ့  အခြားသူငယ်ချင်းတွေလို ၀င်ထွက်လာတယ်… မိဘတွေနဲ့ ရင်းနှီးလာတယ်… သူက လူကြီးတွေနဲ့ ပိုပြီး ပနာသင့်ပါတယ်… စကား အပြောအဆို ယဉ်ကျေးတယ်…သူက ကျွန်မ နဲ့ နှစ်ယောက်ထဲ ဆုံရင် အဖိုးကြီး တစ်ယောက်လို ဆုံးမတတ်တယ်လေ…ဆရာကြီးလေသံနဲ့ (ထိုအချိန်က) မိန်းကလေးဆိုတာ အစချီလို့ ပေါ့…သူ စကားတွေ ကြားရဖန်များလာတော့ သူ့ ကို အမြင်ကတ်လာတယ်… လက်ဘက်ရည်ဆိုင်တွေကို ချိန်းရင် သူ မသိအောင် ချိန်းဖြစ်ခဲ့တယ်…
ကျွန်မ အစာအိမ်ရောဂါဖြစ်ပြီး နေထိုင်မကောင်းပြန်တော့ ကျွန်မဆီကို သူ ရောက်ရောက် လာတတ်တယ်… သူ ပြောတဲ့ ဆုံးမ စကားတွေကို နားငြီးတယ်လို့ ပြောပြီး ကျွန်မ စိတ်ဆိုးတုန်းက ကျွန်မ အိမ်ပေါ်ကို မတက်တော့ပဲ ကျွန်မတို့ နေတဲ့ လေးထပ်ကို ခေါင်းလောင်းကြိုးလေးဆွဲပြီး နေကောင်းသွားပြီလားလို့ လာ လာမေးတတ်သေးတယ်… ရန်ကုန်မြို့ ကန်ထရိုက်တိုက်တွေမှာ ကြိုးချပြီး ခြင်းလေးတွေ ချိတ်ထားတတ်လေတော့ ကျွန်မနဲ့ တည့်မယ့် မုန့် လေးတွေကို ခြင်းတောင်းလေးမှာ လာလာချိတ်တတ်သေးတယ်… ဒါနဲ့ ကျွန်မလည်း စိတ်ပြန်လျှော့ပြီး သူ့ ကို အရင်လို ပြန်ခေါ် ပြန်ပြောဖြစ်တယ်…ကျွန်မ နာလန်ထခါစ နွားနို့ သောက်ချင်တယ်ဆိုတော့ အချိန်က ညဉ့် နက်နေပြီ… ဒါပေမဲ့ ကျွန်မသောက်ချင်လှချည်ရဲ့ ဆိုလို့  သူက ကျွန်မကို စက်ဘီးပေါ်တင်ပြီး နာရီဝက်လောက် နင်းရတဲ့ ဆိုင်ကို ပြုံးရွှင် ရယ်မောလို့ ပို့ နိုင်သေးတယ်လေ…
ဒါပေမဲ့ သူ့ ကို ကျွန်မ စိတ်မှာ သူငယ်ချင်းလို အစ်ကို တစ်ယောက်လို သံယောဇဉ်က လွဲလို့  ဘာမှ မရှိခဲ့ဘူး… သူကတော့ ပိုချင်ပိုမှာပေါ့… သူငယ်ချင်းတွေက ပြောကြတယ်…သူ မရိုးသားဘူးတဲ့… ဒါပေမဲ့ ကျွန်မ ရိုးသားပါတယ်… သူ့ ဘက်က ဘာမှ မပြောသေးသရွေ့ ကျွန်မ ဘက်က ဘာမှ ငြင်းဆို လက်ခံ ပိုင်ခွင့်  မရှိဘူးလေ…. ကျွန်မ သူ့ အပေါ်မှာ အစ်ကို တစ်ယောက်လို ဆိုးနွဲ့ သမျှ သူ ကလည်း ပြုံးပြုံးလေး သည်းခံရှာတယ်…ခုချိန်မှာ ကျွန်မ သူ့ အပေါ်မှာ ဆိုးတာတွေက ပြောပြလို့ တောင် ကုန်မယ် မထင်ပါဘူး… ဒါပေမဲ့ ကျွန်မ အနိုင်မကျင့်ခဲ့ပါဘူး ညီမတစ်ယောက်လိုမျိုး ဆိုးနွဲ့ ခဲ့ခြင်းမျိုးရယ်ပါ…
~~~~~~~~~~~~~~~
ရာသီတွေပြောင်းလို့ အချိန်တွေ အခါတွေ ဟောင်းသွားခဲ့တယ်…သူ့ ဘက်က ကျွန်မကို ချစ်ပါတယ်ဆိုတဲ့ အဓိပ္ပါယ်ပါတဲ့ စကားမျိုးတွေ ဖွင့်ဟမလာခင် ကျွန်မမှာ ချစ်သူ ရှိသွားခဲ့တယ်…သူ ဘယ်လို ခံစားရမလဲ.. ကျွန်မ မသိဘူး…. ကိုယ်ချင်းလဲ မစာတတ်ခဲ့ပါဘူး… ချစ်သူနဲ့ အဆင်မပြေ ဖြစ်တဲ့ အခါမျိုးတွေမှာသာ အစ်ကို တစ်ယောက်လို တိုင်ပင်ခဲ့တယ်…. အားကိုးခဲ့တယ်.. ဒါပေမဲ့ ထုံးစံအတိုင်း သူ့ ရဲ့ ဆုံးမစကားတွေကိုတော့ ခေါင်းမာတဲ့ ကျွန်မ လက်မခံချင်ခဲ့ပြန်ဘူးလေ… ကျွန်မ မတရားဘူးတဲ့လား… သူငယ်ချင်းတွေက ၀ိုင်းသနားနေကြတဲ့ သူ့ ကို ကျွန်မ ပိုအမြင်ကတ်တယ်…
နောက်ပိုင်း ကျွန်မ ချစ်သူနဲ့ အဆင်ပြေလာတဲ့ အခါတွေမှာ သူ့ ကို မေ့လာတတ်တယ်… သူ့ ကို တမင်တကာ ရည်ရွယ်တာမဟုတ်ပေမဲ့ ရှောင်သလို ဖြစ်လာတတ်တယ်…သူလည်း ကျွန်မ ချစ်သူနဲ့ အဆင်မပြေ ဖြစ်မှာ စိုးလို့  ထင်ပါတယ်…ကျွန်မတို့ အိမ်ဘက် ဆိုင်ဘက် အလာကျဲသွားခဲ့တယ်…. အင်း..မှတ်မှတ်ရရ သုံးလလောက် ရှိမလားပဲ… ဒီသုံးလ အတွင်း သူ့ ကို သိပ်မတွေ့ ခဲ့ဘူး… ကျွန်မလည်း ရာထူးတိုးပြီး ရုံးခန်းကို ရောက်ခဲ့တယ်… ကြီးမားတဲ့ ပြောင်းလဲမှုတစ်ခုကလွဲလို့  အရာရာကတော့ ပုံမှန် လည်ပတ်နေခဲ့ပါတယ်…
~~~~~~~~~~~~~~~
ဒီနေ့ ရာသီဥတုက အုံ့ ဆိုင်းနေတယ်...မဆုံတာ သုံးလေးရက်လောက် ကြာနေပြီမို့ ညနေ သူငယ်ချင်းတွေ ဆုံဖို့ သျှားသျှားဆီ ဖုန်းဆက်တော့ သူမလာဘူးတဲ့…အင်း..ဒီကောင်ဘာလို့ ခွင့်ယူထားပါလိမ့်လို့ စိတ်ထဲတွေးမိတယ်… ခဏနေတော့ ရုံးက ဖုန်းမြည်လာတယ်… အစ်မ တစ်ယောက် ကိုင်တော့ မဇင်ဖုန်းတဲ့.. မဇင်ဆိုတာ သူ့ ရဲ့  အရမ်းကို ခင်ရတဲ့သူငယ်ချင်းပါ..ကျွန်မတို့ ရုံးကို ရောက်တာ မကြာသေးဘူး… သူနဲ့ ပတ်သက်ပြီး မဇင်နဲ့ ကျွန်မတို့ ညီအစ်မတွေလို ခင်သွားကြတယ်လေ… ဖုန်းပြောပြီး ပြန်လာတဲ့ မဇင် မျက်နှာကို ကြည့်လိုက်တော့ ကျွန်မပင် ရင်ထိတ်သွားသည်… “ မဇင် ဘာဖြစ်လို့ လဲ…” ကျွန်မမေးတော့ မဇင် မျက်ဝန်းက မျက်ရည်တွေနဲ့  အသံက အက်ကွဲနေတယ်….ပြီးတော့ ကျွန်မကို သေချာ စိုက်ကြည့်ပြီး “ ခိုင်မြဲ ဆုံးပြီ” ဆိုပြီး ချုံးပွဲချ ငိုချလေရဲ့ …ဘုရားရေ.. ကျွန်မ နားပင် မယုံချင်… ပြောစရာ မေးစရာမရှိလောက်အောင် ကျွန်မ ဆွံ့ အသွားခဲ့တယ်… ကျွန်မနားလည်လိုက်တယ်… သျှားသျှား ဒီနေ့  ဘာကြောင့် အလုပ်မလာတာလဲဆိုတာကို… သျှားသျှား ဘာလို့  ကျွန်မကို မပြောတာလဲ… အရင်ကဆို သျှားသျှားဆီက သူ ကျွန်မကို ဘယ်လိုစိတ်ဝင်စားနေကြောင်း စတွေ့ ကတည်းက စွဲလန်းနေတဲ့ အကြောင်း ကျွန်မကို လွပ်လပ်စွာ ပိုးပန်းနိုင်ဖို့ အတွက်ပဲ သူအဲ့ဒီနေ့ က အင်တာဗျူးတောင် မဖြေတော့တဲ့ အကြောင်း အမြဲ ကြားနေကြပါ....အခုကိစ္စကျတော့ သျှားသျှား သူမကို ဘာလို့ မပြောတာလဲ…သူနဲ့ သျှားသျှားနဲ့ ကလည်း အရမ်းကို ခင်တဲ့ သူငယ်ချင်းတွေပါ…
ကျွန်မလည်း အလိုလို မျက်ရည်တွေ ကျလာတယ်…. မဇင်က ဆက်ပြီးတော့ “ ဂျူလိုင်ကို ခိုင်မြဲက မပြောပါနဲ့ ဆိုလို့ …ခိုင်မြဲ ညကတည်းက ဆေးရုံတင်ထားရတယ်… ဆေးမူးနေတဲ့ လူတွေက လူမှားပြီး ဓါးနဲ့ ထိုးလိုက်တာ… ညက operation လုပ်တယ်…ခုမနက်ကမှ ဆုံးသွားတာ…ခုဏက သျှားသျှား ဆက်တာ..” ဟင်… သူ ကျွန်မကို စိတ်နာ သွားတာလား… မတွေ့ ချင်တော့တာလား… ကျွန်မ တကယ့်ကို ၀မ်းနည်းကြေကွဲမိပါတယ်….
ကျွန်မအိမ် ပြန်ရောက်တော့ အမေ့ကို ပြောပြတော့ အမေက မယုံဘူး…ကျွန်မတို့ အိမ်မှာ ၀င်ထွက်သွားလာနေတာ ကြာမှ မကြာခဲ့တာ…ကျွန်မကို စေတနာ ဘလဗွနဲ့ သွန်သင် ဆုံးမခဲ့ ဂရုတစိုက် ရှိခဲ့တဲ့သူ… လောကကြီးကို ကျောခိုင်းသွားခဲ့ပြီတဲ့… ကျွန်မ တွေဝေ ငေးငိုင်မိတယ်… လူ့ ဘ၀ ဆိုတာကို လည်း တုန်လှုပ်မိတယ်… ခုချိန်ထိ ကျွန်မရဲ့ မိတ်ဆွေ အပေါင်းအသင်းတွေထဲက ကျွန်မကို ခွဲသွားခဲ့တာ သူ ပထမဆုံးပါပဲ… ရင်ထဲမှာ အလိုလို ငိုချင်နေမိတယ်… အနားမှာ သူရှိခဲ့တဲ့ အချိန်.. သူ ပြောခဲ့တဲ့ စကားတွေကို သူသာ ဒီလိုဖြစ်မယ်မှန်းသိရင် ကျွန်မ တန်ဖိုးထား နားထောင်ခဲ့မိမှာပါ… နောင်တဆိုတာ ဒါမျိုးများလား…
သူ ကျွန်မအပေါ် ထိန်ဝှက်ထားခဲ့တဲ့ သူ့ ရင်ထဲက စကားတွေ အတွက်…ပြီးတော့ သူ့ ရဲ့ ကြေကွဲမှုတွေကို ကျွန်မ ဝေမျှယူခဲ့မိဖို့ ကောင်းပါတယ်… သူကရော ဘာကြောင့် အချိန်တွေယူနေရတာလဲ… ဒါပေမဲ့ သေချာတာကတော့ သူ့ အတွက် ကျွန်မရင်ထဲမှာ အချစ်ဆိုတာ ယနေ့ အချိန်ထိ မရှိခဲ့ပါဘူး… သူသာ ကျွန်မရဲ့ အစ်ကိုဖြစ်ရင် သိပ်ကောင်းမှာပဲဆိုတဲ့ စိတ်ကူး အတ္တလေး တစ်ခုသာ သူနဲ့ ပတ်သက်ပြီး ကျွန်မ လိုချင်ခဲ့တာပါ….ကျွန်မ သူရဲ့ နာရေးကို သွားသင့် မသွားသင့် ချင့်ချိန်နေမိတယ်… သူကျွန်မကို မမြင် မတွေ့ ချင်တော့လို့ ဒီလိုမျိုး ရုတ်တရက် ထားသွားခဲ့တာလား… ကျွန်မ တော်တော်ကို စိတ်ထိခိုက်မိပါတယ်… သူ့ ကို စကား မပြောဖြစ်ခဲ့တဲ့ ရက်တွေ အတွက်လည်း နှမြောမိသလိုပါပဲ… ကြေကွဲဆိုနင့်မှုက ကျွန်မရဲ့ တကယ့် မောင်နှမ တစ်ယောက် ဆုံးရှုံးသွားသလိုမျိုး….ရင်တစ်ခုလုံး တဆစ်ဆစ်နဲ့ နာကျင်ကိုက်ခဲနေတယ်… မနက်ဖြန်ဆိုရင် သူ့ ရဲ့ ခန္ဓာကိုယ်ကို မီးရှို့ ကြတော့မယ်… သူ ဆိုတဲ့ ရုပ်အလောင်းက လောကကြီးထဲက ကွယ်ပျောက်တော့မယ်.. ကျွန်မ ဝေခွဲလို့ မရသေးဘူး…
~~~~~~~~~~~~~~~
စားပွဲပေါ်က နာရီသံ တစ်ချက်ချက်နဲ့ မနက်ဖြန်ကို ဦးတည်သွားနေတယ်… အချိန်က ညကိုးနာရီခွဲ ကျော်ကျော်… အခန်းထဲက ၀ါကျင့်ကျင့် မီးရောင်အောက်မှာ ကျွန်မ သူ့ အကြောင်း စဉ်းစားနေမိတယ်.. မနက်ဖြန်အတွက် ဇဝေဇ၀ါ ဖြစ်နေတယ်…. မသွားတော့ဘူးလို့ စဉ်းစားလိုက်တဲ့ အချိန်မှာပဲ ခေါင်းရင်းဘက် ဖွင့်ထားတဲ့ ပြတင်းပေါက်ဆီက လေကလေး တစ်ချက်ဝေ့လာတယ်… ကျွန်မ စိတ်ထဲ တစ်မျိုး ဖြစ်သွားတယ်…နှာခေါင်းထဲမှာလည်း အနံ့ တစ်နံ့ … ညှီစို့ စို့ ပုပ်အက်အက် အနံ့ တစ်နံ့ ..ကျွန်မ ကြက်သီးတွေ ဖြန်းကနဲ ထသွားတယ်…အိမ်ရှေ့ ကို အမြန်ပြေးပြီး အမေတို့ တီဗီ ကြည့်နေတဲ့ နားသွားထိုင်မိတော့ အမေက “ ဘာဖြစ်တာလဲ သမီး” “ ဟို နှာခေါင်းထဲမှာ အနံ့ တစ်မျိုးကြီးရလို့ ..” ကျွန်မ မျက်နှာ ဖြူဆုတ်နေပြီ…အမေက နားလည်သလို မျက်နှာနဲ့ “ မနက်ဖြန် သွားလိုက်ပါ သမီးရယ်..သူ့ ကို နှုတ်ဆက်လိုက်ပါ” တဲ့.. အဖေကလည်း ခေါင်းညိတ်ပြတယ်… နှုတ်ဆက်ခြင်းတဲ့လား…ကိုကိုရယ်..ကျွန်မ ပါးပြင်ပေါ်မှာ မျက်ရည်တွေ ပူကနဲ စီးဆင်းသွားတယ်…
ခဏနေတော့ ကျွန်မသူငယ်ချင်းတွေ ရောက်လာတယ်… ကျွန်မကိုလည်းသွားဖို့ တိုက်တွန်းကြတယ်… အမေက နောက်ဖေးကနေ လက်ဖက်သုပ် ပန်းကန်ကိုင်ရင်း ထွက်လာပြီး ခုဏက အဖြစ်အပျက်ကို သူတို့ ကို ပြန်ပြောပြတော့ ကျွန်မ သူငယ်ချင်းတွေ မျက်နှာတစ်ချက် ပျက်သွားတာ သိလိုက်တယ်… သူတို့ ကြောက်တတ်တာကို ကျွန်မ သိတာပေါ့… သူတို့ လည်း လက်ဖက်သုပ်တောင် ကုန်အောင် မစားတော့ပဲ ပြန်တော့မယ်လို့ ကျွန်မကို နှုတ်ဆက်တယ်… ပြန်ခါနီး အိမ်အ၀ထိ လိုက်ပို့ တဲ့ ကျွန်မကို သူငယ်ချင်း “အိ” က “သူ နင့်အနားမှာ ရှိနေလိမ့်မယ်” လို့ ကျွန်မကို ပြောသွားသေးတယ်… တကယ်ပဲ ကျွန်မ အနားမှာ သူ ရှိနေမှာတဲ့လား….
~~~~~~~~~~~~~~~
သူ့ အိမ်ရောက်သွားတော့ သူ့ ကို လိုက်ပါ နှုတ်ဆက်မဲ့သူတွေက အိမ်အောက်က မဏ္ဍပ်အပြည့်ပါပဲ… ကျွန်မလည်း သျှားသျှား ခေါ်ဆောင်ရာ သူ့ အိမ်ပေါ်ကို လိုက်တက်လိုက်တယ်…အိမ်ထဲကို လှမ်းဝင်လိုက်တယ် ဆိုရင်ပဲ ကျွန်မ စတင်တွေ့ လိုက်ရတာကတော့ 1’ x 2’ ဘောင်ထဲက သူ့ အပြုံးကိုပါ… အရှေ့ မှာ ဖယောင်းတိုင် ထွန်းထားတဲ့ သူ့ ဓါတ်ပုံရှေ့ ကို ရောက်တော့ ကျွန်မ ဟန်မဆောင်နိုင်စွာပဲ ငိုချမိပါတယ်… ကျွန်မကို ပြုံးကြည့်နေသယောင်… ဒီအပြုံးတွေနဲ့ ကျွန်မတို့ စတင်သိခဲ့ရတယ်…အခုတော့ မမျှော်လင့်ပဲ ကျွန်မကို ရုတ်တရက် ခွဲသွားပြီပေါ့…
ကျွန်မ အိမ်ကို သူမကြာခဏ ၀င်ထွက်နေပေမဲ့ သူ့ အိမ်ကိုတော့ ကျွန်မ အခုမှ ရောက်ဖူးတာပါ… သူ့ အမေဆိုသူကို ကြည့်တော့လည်း ရင်ကွဲ ပက်လက် ဖြစ်နေတဲ့ပုံ … ဖြစ်ရင်လည်း ဖြစ်သင့်ပါတယ်…သူက သူ့ အိမ်မှာ သားအကြီးဆုံး..အဖေရဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ အားကိုးလောက်တဲ့သူ… မြေးတွေထဲမှာ မြေးဦး….သူ့ ကို ဆုံးရှုံးသွားတဲ့ သူ့ မိသားစု မဆိုထားနှင့် တွေ့ ဖြစ်တာ မကြာသေးတဲ့ ကျွန်မတောင်မှ တော်တော်လေးကို ခံစားနေရတာ…သူနှင့် အသက် ၁၇နှစ်လောက်ကွာတဲ့ သူ့ ရဲ့ ညီအငယ်ဆုံးလေးကဆို အငို မတိတ်တော့ဘူး… သူက သူ့ ညီလေးကို သိပ်ချစ်တာလေ…ကျွန်မနဲ့ တွေ့ ရင်တောင်မှ သူ့ ညီလေးကို တစ်ခါတစ်လေ ခေါ်လာတတ်တယ်….
ကျွန်မလည်း သူ့ ညီမတွေနဲ့ အားပေးစကား ပြောနေတုန်း သူ့ အဖွားက “ သမီးလေးက ဒီဓါတ်ပုံ ပိုင်ရှင်လား..” ….ဟင်… ကျွန်မ အံ့သြသွားသည်… ကျွန်မရဲ့  တစ်လက်မခွဲသာသာရှိတဲ့ ဓါတ်ပုံ ပါတဲ့ stand အသေးလေး အိမ်ရှေ့ မှာ ထောင်ထားတာ သူ ဘယ်အချိန်က ယူသွားတာလဲ… အိမ်မှာ ကျွန်မက ဓါတ်ပုံရိုက်ခံရတာ အရမ်းကို ၀ါသနာကြီးသူပါ…ဧည့်ခန်းမှာလဲ ကျွန်မ ဓါတ်ပုံတွေက နေရာမလပ် ထားထားတာပါ… ဒီ ဓါတ်ပုံ လျော့နေတာတောင် သတိမထားမိခဲ့ဘူး… အဖွားကပဲ ဆက်ပြီးတော့ “မြေးလေး ယူထားတာသိလို့ သမီးလေးကို ပြန်ပေးတာပါ”တဲ့…. သူ့ အဖွားက သူ့ ကို သိပ်ချစ်တာလေ… အဖွားကိုရော သူဘာတွေ ပြောသွားသေးလဲ…. ကျွန်မ သိချင်ပေမဲ့ ကြေကွဲ ၀မ်းနည်းနေတဲ့ အဖွားရဲ့ မျက်ဝန်းတွေကြောင့် ကျွန်မ ဘာမှ မမေးဖြစ်ခဲ့ပါဘူး… အော် ခုတော့ ဒီဓါတ်ပုံလေးကို သိမ်းထားပေးမဲ့သူက ကျွန်မကို ကျောခိုင်းသွားခဲ့ပြီ… ကျွန်မရင်ထဲ နင့်နင့်နဲနဲ ခံစားလိုက်ရတယ်… သူ့ ကို လှမ်းကြည့်တော့လဲ ပြုံးနေဆဲပါပဲ…
~~~~~~~~~~~~~~~
ကျွန်မတို့ အားလုံး အချိန်ကျတော့ သူရှိရာဆီကို ကားအသီးသီး နဲ့ ရောက်ခဲ့ကြတယ်… ဟို ရောက်လို့  ကျွန်မ တွေ့ လိုက်ပြန်တာက သူ့ အပြုံးပါပဲ… အသက်ငယ်ငယ်နဲ့ သေဆုံးသွားတဲ့ သူ့ ကို လာကြည့်ကြတဲ့ လူအုပ်ကြီးက ခန်းမ တစ်ခုလုံး အပြည့်ပါပဲ…. သူ့ ဆီကို ရောက်ဖို သျှားသျှား မဇင်နဲ့ကျွန်မတို့ တွေ မနည်းအားတင်းပြီး လူအုပ်ကြီးကို ကျော်ဖြတ်လာခဲ့ရတယ်… အသုဘရှင်တွေပါလို့ မနည်းတောင်းပန်တော့မှ လူအုပ်ကြီးက ၀ိုင်းပြီး လမ်းဖယ်ပေးကြတယ်…. သူ့ ဓါတ်ပုံထဲက သူ့ အပြုံး..ဖယောင်းတိုင် ထွန်းထားတဲ့ ရှေ့ မှာ ဇာအဖြူလေး လွှားထားတဲ့ သူ… မျက်နှာမှာ ရေခဲမှုန်လေးတွေက အငွေ့ ပျံ သီးနေတာကလွဲလို့  အိပ်နေသလိုပါပဲ… ကျွန်မ သူ့ ကို အိပ်နေတယ်လို့ ပဲ ပြောပါရစေ… ကျွန်မ လက်မခံနိုင်လွန်းလို့ ပါ… သူ အိပ်နေတဲ့ စင်လေးရဲ့ ဘေးမှာ သူ့ အတွက် သေတ္တာ ဖြူဖြူလေး တစ်လုံး “ ခိုင်မြဲ (၂၁နှစ်)တဲ့”..ကျွန်မ ငိုနေရင်းက အသံတောင် မထွက်တော့ပါ… မြင်နေရတဲ့ သူ့ မျက်နှာဟာ ပြုံးနေသေးသလိုပါပဲ… သူ့ ကိုတစ်လှည့် သေတ္တာဖြူဖြူလေးကို တစ်လှည့်ကြည့်ကာ ကျွန်မ ရှိုက်ရင်း ရှိုက်ရင်း ထို မြင်ကွင်းတွေရဲ့ တခဏမှာပဲ ကျွန်မ သတိမေ့သွားခဲ့တယ်… သျှားသျှား ဖေးမလိုက်လို့ သာ ကျွန်မ ကြမ်းပြင်ပေါ်ကို ပြိုလဲကျ မသွားတာတဲ့…ကျွန်မ သတိယလို့ ကြည့်လိုက်တော့ သူ့ ရဲ့ အငွေ့ တွေကိုပဲ မြင်လိုက်ရပါတော့တယ်… ထို မီးခိုးအငွေ့ တန်းလေးတွေက ကျွန်မကို လက်ပြ နှုတ်ဆက်နေသလိုပါပဲ…
ထိုည ကျွန်မ တစ်ယောက်တည်း ဧည့်ခန်းမှာထိုင်နေတုန်း လေအေးလေး တစ်ချက်အဝေ့မှာ စံပယ်ပန်းနံ့ တွေ လှိုင်ထသွားတယ်… ကျွန်မတို့ နေတဲ့ လေးထပ်တိုက်မှာ ဘယ်ကမှ စံပယ်ပန်းနံ့ လာစရာ အကြောင်းမရှိပါဘူး… ကျွန်မ မျက်စိထဲ မြင်လိုက်တာက ဇာအဖြူလေးပေါ်က စံပယ်ပန်းတွေ….အော် သူ ကျွန်မကို အပြီးအပိုင် လာနှုတ်ဆက်သွားပြန်ပြီ…. ကျွန်မ အခုတစ်ခါမှာတော့ မကြောက်တော့ပါဘူး… စိတ်ထဲကနေလဲ ဆုတောင်းလိုက်ပါတယ်…သူ ကောင်းရာ သုဂတိရောက်ပါစေလို့ …. အဲ့ဒီနေ့ ကစလို့ ဒီနေ့ ဒီအချိန်ထိ သူ ကျွန်မနားမှာ မရှိတော့ပါဘူး..ဘယ်လို အရိပ်အယောင်မျိုးကိုမှလဲ ကျွန်မ မမြင်ခဲ့ရပါဘူး… ဒါပေမဲ့ ကျွန်မ သူငယ်ချင်းတွေကတော့ ညဘက်တွေမှာ ကျွန်မဆီကို မလာကြတော့ပါဘူး…
သူ့ ကိုမှားသတ်မိတဲ့ သူတွေလည်း တရားဥပဒေရဲ့ အဆုံးအမနဲ့  ထောင်ဒဏ် ၁၀နှစ် ကျခံသွားကြပါပြီ… ဒါပေမဲ့ အခုဆိုရင် ဒီလူတွေက လောကကြီးထဲ ပြန်လည် ၀င်ရောက်ခွင့်ရပေမဲ့ သူကတော့ ကျွန်မတို့ ကို အပြီးအပိုင် နှုတ်ဆက် ထွက်ခွာသွားခဲ့ပါပြီ…. လောကကြီးထဲမှာ သူ နောက်တစ်ဖန် ရောက်လာဦးမှာလား… ရောက်လာပါစေလို့ ကျွန်မ မျှော်လင့်နေပါတယ်…. သူ တကယ်လို့ များ ရောက်လာခဲ့ရင် သူ့ စကားတွေကို ကျွန်မ နားထောင်ခွင့် ရချင်လိုက်တာ…
~~~~~~~~~~~~~~~
ထိုအချိန်ကတည်းက ကျွန်မ နားလည်လိုက်တာက ကိုယ့်ကို ချစ်ခင်တဲ့ သူတွေကို ကိုယ့်အနားမှာ ရှိနေတုန်း တန်ဖိုး ထားဖို့ ပါပဲ… သူမရှိတော့ရင်ဆိုတဲ့ အတွေးမျိုး ကျွန်မ ခဏလေးဖြစ်ဖြစ် တွေးကြည့်လိုက်ရင် ကျွန်မ အရမ်းကို ကြောက်သွားမိပါတယ်… ကိုယ့်ကို မုန်းတဲ့သူ တစ်ယောက်တိုးလာမဲ့ အစား ကိုယ့်ကိုချစ်တဲ့သူ တစ်ယောက် လျော့မသွားဖို့ ကို ကျွန်မ အလေးထားတတ်နေပါပြီ… လူ့ ဘ၀ရခိုက် ခဏလေးမှာ သာယာချမ်းမြေ့ မှုနဲ့ ပျော်ရွှင်စွာပဲ ကျွန်မ နေသွားချင်ပါတော့တယ်… လောကကြီးထဲက ကျွန်မ ထွက်သွားရမဲ့ နေ့ ရောက်ခဲ့ရင်လည်း ကျွန်မရဲ့ အမှတ်တရများနဲ့ အတူ ကျွန်မကို အမှတ်ရနေမဲ့ သူတစ်ယောက်တော့ ရှိနေမယ်လို့  မျှော်လင့်ပါတယ်….
(၀န်ခံချက်။ ။ နာမည်များမှလွဲ၍ ကျန်တာ အားလုံးသည် ဖြစ်ရပ်မှန်များ ဖြစ်ပါသည်။ ကျွန်မ ဘ၀ထဲမှ အမှတ်တရရှိခဲ့သူ တစ်ယောက်ကို ၁၀နှစ်ပြည့် အမှတ်တရ အဖြစ် ဒီဇာတ်လမ်းလေးကို ရေးသားပါသည်။ ကျွန်မ ကိုကိုလို့ ခေါ်တာကို သူ မကြားနိုင်တော့ပါဘူး။ ကျွန်မရဲ့ အစ်ကို တစ်ယောက်အဖြစ် အမြဲ အမှတ်တရ ဖြစ်နေမှာပါ။ ကိုကိုတစ်ယောက် ကောင်းရာ မွန်ရာမှာ ပျော်နေပါစေလို့ ဆန္ဒပြုရင်း….)
12 comments:
Angel Shaper said...
ဟယ်........ တစ်ရတယ်တော့။
Angel Shaper said...
နှစ်လဲ ရတာပဲလားဟင်...
Angel Shaper said...
သုံးလဲ ယူမယ်လေ။
Angel Shaper said...
လေး ကလဲ ရပြန်တာပါပဲလားဟင်။
Angel Shaper said...
ကဲ.. ငါးယူပြီး ဖတ်လိုက်တော့...
ငိုချင်သွားတယ်။
ချိန်းဆိုထားတဲ့ နေရာကိုရောက်လို့  ကြည့်လိုက်တော့
အားးးလားးးးးလားးးးးးးးးးးးးးး
ဘူလေးလဲဟေ့ ဘူလဲဟေ့။ ဟိဟိ
မရေ... မလွမ်းပါနဲ့တော့နော်။
yangonthar said...
သက်ပြင်းက ချလိုက်ရတာ ခဏခဏ ပဲ စာဖတ် ရင်းလေ စိတ်မကောင်းတာဗျာ .... ဒီလိုပဲ လူမိုက် ရမ်းကားတွေကြောင့် လူကောင်း တစ်ယောက် အသက်ဆုံးရှုံးရတာ ..... ခုထက် တိုင်သတိတရ ရှိနေသေးတာ သူ သိရင် ဝမ်း သာမှာပါ ... ခိုင်မြဲတစ်ယောက် ကောင်းရာ သုဂတိလားပါစေ .... ဝမ်းနည်းအောင် မရေး တတ်နဲ့ လေ ... :))
ခင်တဲ့
ရန်ကုန်သား :))
မယ့်ကိုး said...
တကယ့်အဖြစ်အပျက်လေးကို အရေးအသားကောင်းကောင်းနဲ့ မွှန်းထားတော့ ကြေကွဲစရာကောင်းလိုက်တာ။
ဝက်ဝံလေး said...
အယ် ဝတ္ထုလား မှတ်တယ် တကယ့်အဖြစ်အပျက်ကိုး မ ရေ ဖတ်ကောင်းတယ်နော်
ကိုကို တယောက်ကောင်းရာ သုဂတိလားပါစေ နော် မရေ ဘိုင် တာ့တာ
အသက်ကိုတွက်သွားတယ်နော် နောက်တွေ့ရင်ပြောပြမယ် ဟိဟိ
သားကြီး said...
သမီးကြီးအိန်ဂျယ်ကနေရာတကာမှာသောင်းကျန်းနေတော့တာပဲကိုး
အစကတည်းကhappy endingမဟုတ်မှန်းသိတယ်
“ခိုင်မြဲ”က မခိုင်မြဲနိုင်ဘဲ “ယိုင်လဲ”သွားတယ်ပေါ့နော် ငယ်ငယ်ရွယ်ရွယ်နဲ့ လူမှားပြီးဖြစ်ရတဲ့ကိစ္စကတော်တော်ကြေကွဲ
စရာပါ ဖြစ်ရမှန်ဆိုလို့ပိုလို့တောင်heartထိသွား
ပါကြောင်း..။
ရင်ရဲ့ ရိုးရာ said...
ဟိုအိမ်ကျယ် သူပဲ တစ်ချည်းပဲ လိုက်များချောင်းနေလား မသိဘူး ဟွန်း
ဇာတ်လမ်းကရှည်နေပေမယ့် ဖတ်ရတာ မပျင်းဘူး မငြီးငွေ့ဘူး မိုက်တယ်
မြစ်ကျိုးအင်း said...
အလွဲတွေများတဲ့လောကကြီးမှာ လူမှားပြီးတော့ ဘ၀ ဆုံးပါးသွားရတာ တော်တော်နှမျောဘို့ကောင်းတယ်
နောက်ဆုံးအချိန်ထိ သူ သံယောဇဉ် ကြီးပုံလေး ဖတ်ရတာ တကယ်ကို စိတ်မကောင်းဖြစ်မိတယ်။
အခုတော့လည်း သူငြိမ်းချမ်းနေလောက်ပါပြီ
ကိုလူထွေး said...
အမျိုးသမီးကဖတ်ပြီး ပြန်ပြောပြလို့ ဒီဇာတ်လမ်းကို သိနေတာ ကြာပါပြီ။
အခုမှ လာလည်ဖြစ်ရင်း အသေအချာ ဖတ်မိတော့လည်း အသစ်တဖန် ပြန်ပြီး စိတ်မကောင်း ဖြစ်ရပါတယ်။