Friday, August 21, 2009

သက်မင်းမောင်

ဆရာဝန်နားနေခန်းထဲမှာ ဟန်သစ်ထူးအသံက အာကျယ်ကျယ်နဲ့ ပြောနေတာမို့ သူ နည်းနည်း နားစွင့်မိတယ်…“ ဟေ့ကောင်တွေ… အမိစားလေးကွ..ရောက်လာရင်တော့ ငါကတော့ လုံးမှာပဲ…မင်းတို့  တွေ မကပ်နဲ့  နော်..” မနက်ဖြန် ရောက်လာမယ့် ဆရာဝန်မ အသစ်အကြောင်းကို အာပေါင်အာရင်း သန်သန် ပြောနေတာကို နားကြားပြင်းကတ်သလို ရွံလည်း ရွံမိတယ်… ဆရာဝန်လောကမှာ ဒီလိုကောင်မျိုး ရှိနေတာ တော်တော် စိတ်ပျက်စရာ… ဆက်နားမထောင်ချင်တော့တာနဲ့  အပြင်ပဲထွက်လာ လိုက်တယ်… သူလိုလူက မိန်းမတွေကို စိတ်မ၀င်စားသလို ကိုယ့်အလုပ်ကလွဲရင် ဘာကိုမှ စိတ်မ၀င်စား မစပ်စု တတ်သူ… စိတ်မ၀င်စားဆို သူကလည်းသူ့ အကြောင်းနဲ့ သူမို့ လောကကြီးမှာ အံဝင်ဂွင်ကျဖို့ ဆိုတာ သူ့  အတွက် နည်းနည်းတော့ ခက်ခဲလိမ့်မယ်.. ဒါပေမဲ့ သူ့ အလုပ်ကိုတော့ သူချစ်တယ်…လူနာတွေကိုလည်း အမြဲစိတ်ရှည် စေတနာ ထားတယ်…

ကားသံကြားလို့ မသိမသာ ကြည့်မိတော့ အသားဖြူဖြူ မျက်ဝန်းညိုညို ဆံနွယ်လေးတွေ ခွေခွေခေါက်ခေါက် နှာတံလုံးလုံးလေးနဲ့ ချစ်စရာ မျက်နှာလေးတစ်ခုကို စတွေ့ ရတယ်… သူ့  အပြုံးလေးတွေက အပြစ်ကင်းသလို ရယ်လိုက်ရင် ပါးချိုင့်လေးတွေ ခွက်သွားတာက သူ့ ရဲ့ ရိုးရှင်းတဲ့ မျက်နှာလေးကို ပိုပြီးပီပြင်စေတယ်…သူသတိလက်လွတ် ကြည့်နေချိန် ကောင်မလေး ပြုံးပြီး ငဲ့အကြည့် နဲ့  သွားတိုးတော့မှ ကမန်းကတန်း သူ့ အကြည့်လွှဲပြီး ဆေးလိပ်ကိုပဲ ဖိပြီး ဖွာလိုက်တယ်… ငါဘာလို့ ငေးမိလိုက်ပါလိမ့်… မင်းဘာတွေတွေးနေတာလဲ သက်မင်းမောင်..ကိုယ့်ကိုကိုယ် ပြန်သတိပေးရင်း.. သက်ပြင်းဖွဖွ ရှိုက်လိုက်တယ်… အညိုရေ မင်းနဲ့ ပတ်သက်ရင် မောင်အစကတည်းက သက်ပြင်းတွေချလာရတာပါကွာ…

ဟိုကောင် ဟန်သစ်ထူးကတော့ ပြောထားတဲ့ သူ့ အကြံတွေ အကောင်းအထည်ဖော်နေလေရဲ့ … ကိုယ်ကလည်း ဖာသိဖာသာ နေတတ်တဲ့သူ.. မမြင်ချင်ရင် မကြားချင်ရင် ရှောင်သွားလိုက်တာပါပဲ…ဟို ထုံပေပေ ကောင်မလေးကလည်း ဟန်သစ်ထူးကို ကယ်တင်ရှင် အမှတ်နဲ့ ကူညီတာကို ကျေးဇူးတွေ တင်လို့ …. ကောင်မလေးရဲ့ ရိုးသားမှုကို အခွင့်ကောင်းယူချင်နေတဲ့ ဟန်သစ်ထူး ခွင်တွေ့ သွားပုံရတယ်… အညိုက စာထည့်ချင်လို့ အကူအညီတောင်းနေသံကို ဧည့်ခန်းထဲက သူကြားဖြစ်အောင် ကြားလိုက်သေးတယ်… အစကတော့ ဒီကောင် ဟန်သစ်ထူးအကြောင်းမသိပေမဲ့ အခုတော့ သူ့  အကြောင်းတွေ သူ့  အပေါင်းအသင်းတွေက ဘယ်လိုဆိုတာ ရိပ်မိပေမယ့် ကိုယ်နဲ့ မဆိုင်လို့ ဘာမှ မဝေဖန်ခဲ့ဘူး… ဒါပေမဲ့ အညို့ ကိုတော့ ဒီကောင်နဲ့ ပါမသွားစေချင်ဘူး… ဒါကြောင့်လည်း မနက်စောစော ထပြီး အညို့  အခန်းနားမှာ ရစ်သီရစ်သီ စောင့်နေလိုက်တယ်… နတ်သမီးလေး တစ်ပါးလိုလှပြီး ကလေးတစ်ယောက်လို အပြစ်ကင်းလွန်းတဲ့ အညို့ ကို ဟိုကောင်တွေ ပရောပရီလုပ်တာ ပြီတီတီ ကြည့်မှာ စကားတွေနဲ့  အသားယူမှာကို ကိုယ်မလိုလားဘူး…ဟိုကောင်ပြောတာ ကြည့်လေ…ညက သူ့  သူငယ်ချင်းတွေကို ချိန်းတော့ ငါ့ကောင်မလေးနဲ့ မိတ်ဆက်ပေးမယ်တဲ့….မဖြစ်ဘူး…အညို့ ကို ကြည့်တော့လည်း ဒွိဟဖြစ်နေတဲ့ အူတူတူပုံ..

ဒါနဲ့ ကိုယ်လည်း မနေနိုင်ဘူး ဘာမှလည်း မတွေးအားဘူး…ဖြတ်ခုတ်တယ်ပဲ ပြောပြော ..အညို့ ကို ဒီကောင်နဲ့ တော့ မထည့်နိုင်ဘူး…ထူထူပူပူနဲ့ ကိုယ်လဲ စာသွားထည့်မယ်လို့ ညာလိုက်မိတယ်..အညို့  မျက်လုံးလေးတွေ လက်သွားတယ်… မောင်လည်း ဘာကို ပျော်မှန်းမသိ ပျော်သွားတယ်… ဟိုကောင် ဟန်သစ်ထူးကတော့ တော်တော်လေး မကျေမနပ် ဖြစ်သွားပုံရတယ်….

လမ်းတလျှောက် ကိုယ့်ကိုကိုယ် မလုံသလို ခံစားရလို့ အညို့ ကို ဘာစကားမှ မဆိုဖြစ်ဘူး…အညို့  ပုံကလေးလဲ ရှက်သလို ကြောက်သလိုနဲ့ …မျက်လုံး အ၀ိုင်းသားလေ…သူကတော့ ဘယ်တော့မှ စကားစပြောမယ့် ပုံတော့ မပေါ်ဘူး… ထားလိုက်ပါလေ… ဒီအတိုင်းလေးပဲ ကောင်းပါတယ်…အညို့ ကို ဟိုကောင့်လက်က လွတ်အောင် ခေါ်လာဖို့ သာ အဓိကပါ…ကျန်တာတွေ မောင်ဘာမှ မျှော်လင့်လို့  မရတဲ့ ဘ၀ပါ… မောင့် အခြေနေက အညို့  ကို အဝေးကနေပဲ ငေးကြည့်ရုံ အပြင် ဘာတတ်နိုင်မှာလဲ…အညိုရယ် မောင်ဘာတွေ ဖြစ်နေပြီလဲ…ရင်မှာလည်း ဟာတာတာနဲ့ …

စာတိုက်ရောက်တော့ သူစာထည့်နေတာလေးကို မသိမသာကြည့်ရင်း စာတိုက်ထဲ ပတ်နေလိုက်တယ်… တော်ကြာ စာမထည့် ဘူးလားလို့ မေးနေရင် အဖြေမရှိလို့ ပါ….သူ့ ကို ကမန်းကတန်း ပြီးရင် သွားမယ်လို့  ပြောလိုက်တာ ကြာနေရင် မောင့် အလိမ်တွေ ပေါ်ကုန်မယ်…ဘာကြောင့်ဆိုတဲ့ အဖြေကို မောင်ဆက်မတွေးရဲဘူး…ဖြေလည်း မဖြေနိုင်သေးဘူး…

ညကနိုက်ဂျူတီလည်းဖြစ် မနက်ကလည်း အညို ဟိုကောင်နဲ့ ထွက်သွားမှာ စိုးရိမ်စိတ်နဲ့ ကောင်းကောင်း မအိပ်ခဲ့တော့ ဦးလေးမောင်တို့ ကားပေါ်ရောက်တော့ မောင်ဟန်မဆောင်နိုင်တော့ဘူး….အညို ကလည်း မောင်ကို မနှိုးခဲ့ဘူးနော်…သြော်…သနားစရာ ကောင်းလိုက်တာ…အညိုရယ်…

မောင်လေ အညို နဲ့ ဆက်ကြာကြာ မနေနိုင်တော့လို့ ဦးအောင် နှုတ်မဆက်ပဲ ပြန်လာတာပါ… မောင့်စိတ်တွေ ဘယ်လိုမှ ချုပ်လို့ မရမှာကို မောင် ကြောက်တယ်… ဖြစ်နိုင်ရင် အညို့ နားကနေ အငွေ့  လေးပဲ ဖြစ်ဖြစ် ဖြစ်လိုက်ချင်တယ်…မောင် ရုပ်ပျက်ဆင်းပျက် ဖြစ်နေတာတွေကို အညို့ ကို မမြင်စေချင်ဘူးလေ…

အိမ်ရောက်တော့ ဟန်သစ်ထူးလည်း ပြန်မရောက်သေးတာမို့ ကိုယ့်ကို စကားနာ ထိုးမဲ့သူ မလာခင် စောစော အိပ်ယာဝင် လိုက်တယ်… ဒီအချိန်ထိဆို ဒီကောင် ပြန်လာမှာ မဟုတ်တော့ဘူး…အိပ်ယာထဲမှာ အတွေးတွေ ဟိုတစ ဒီတစ နဲ့ သက်ပြင်းတွေသာ အဖော်ပြုလာတာ ညလယ်တောင် ရောက်မှန်း မသိရောက်လာတယ်…ကားပေါ်မှာသာ ခဏလေး ငိုက်ပြီး အခုတော့ ကိုယ့် အကြောင်း အညို့ အကြောင်း စဉ်းစားရင်း မျက်စိတွေ ကြောင်သွားတာ ဘယ်လိုမှ အိပ်မပျော်ပဲ ရှိတုန်း… တံခါးခေါက်သံ တိုးတိုးလေး..ဒါဟိုကောင်တော့ မဖြစ်နိုင်ဘူး…ဒီကောင်က နေ့ ရယ် ညရယ်သိတာ မဟုတ်…ဘာလုပ်လုပ် ၀ုန်းဒိုင်းလုပ်တတ်တဲ့ကောင်…ဘယ်သူပါလိမ့်လို့ ကိုယ် တံခါးသွားအဖွင့်…ဟင်…ချစ်ရတဲ့အညိုရယ်… မျက်ဝန်းမှာလည်း မျက်ရည်တွေနဲ့ လူကလည်း တုန်တုန်ယင်ယင်နဲ့  မောင် ပြာလောင်ခတ်သွားတယ်… အညို အပူရှပ်ပြီး ဖျားသွားတာတဲ့… အညို့ ကိုလည်း တအား ဖက်ထားပြီး အားပေးချင်လိုက်တာ…ဒါပေမဲ့ မောင် ဒီလောက်တော့ အသိရှိပါတယ်...မောင့်အစား မောင့် အနွေးထည်လေးက အညို့ ကို နွေးထွေးမှုတွေ ပေးမှာပါ… ဆေးမသောက်ရသေးတဲ့ ဆရာဝန်မလေးကို မောင် ဆေးတွေပေးရင်း စိုးရိမ်စိတ်ကတော့ မပြေသေးဘူးပေါ့…. ဒါကြောင့် အညို့ အခန်းတံခါးကို Lock မချခိုင်းတာ… အညို ၀င်သွားတော့ မောင်လည်း အိပ်မရတာနဲ့ အဆောင်ရှေ့ ကွပ်ပျစ်မှာ အညို့ ကို စောင့်ကြည့်ရင်း ခဏမှေး လိုက်မိတယ်…

မနက် အစောကြီးထ အညို့ အတွက် ကော်ဖီနဲ့ မုန့် လုပ်ပေးခဲ့တယ်… အညိုသက်သာရဲ့ လား မေးချင်ပေမဲ့ အညို အိပ်နေတာ မနှိုးရက်တာ နဲ့ မောင် ဆေးရုံကိုပဲ သွားလိုက်တယ်…. နေ့ လည် ထမင်းစားချိန် မြန်မြန်ရောက်ပါတော့… မောင် အညိုကို သတိယနေတာလေ… မောင်လေ ကိုယ့်ကိုကိုယ် ထိန်းနေရင်းကပဲ မောင့်စိတ်တွေ အထိန်း အကွပ်မဲ့နေတယ်…ရင်ထဲက အနာဟောင်းရဲ့ အရှိန်ကြောင့် မောင့်နှုတ်ဖျားတွေက မ၀ံ့မရဲ ကတုန်ကယင်နဲ့ အညိုလေးဆီ ဖုန်းဆက်လိုက်တယ်… အညိုရဲ့ အသံလေးကြည်နေတော့မှ မောင် စိတ်အေးသွားတယ်.. ညနေပြန်တော့ အညို က အဆောင်ရှေ့မှာ ရပ်နေတယ်…အညို မောင့်ကို စောင့်နေတာများလား… မတွေးရဲ တွေးရဲနဲ့ အရဲစွန့် ပြီးတွေးမိတာပါ… ဟိုကောင် ဟန်သစ်ထူး ပြောတာ ကြားဖူးလို့  အညိုက ဆေးလိပ် အရက် သောက်တာ မကြိုက်ဖူးဆိုတာ မောင်သိတယ်..ဒါကြောင့်လဲ ဘယ်တွန်းအားတွေနဲ့ မျာ့း အညို့ ကို မြင်တာနဲ့ မောင် ဆေးလိပ်ကို အလျင်စလို လွှင့်ပစ်လိုက်မိလဲမသိဘူး…ဒါတွေဟာ မောင့်စိတ်မှာ အညိုပဲဆိုတာ မောင့်ကိုမောင် မသိလိုက်ခင်မှာပဲ..အညိုဘက်က ဘယ်လိုမှ စည်းရုံး သိမ်းသွင်းမှုမပါပေမဲ့ မောင့်နှလုံးသားက အလိုလို နာခံ ခေါင်းငုံ့ လျက်သား ဖြစ်နေပြီလေ….မောင် အညို့ ကို ရင်မဆိုင်ရဲဘူး…မောင့်ကိုယ်မောင် အပြစ်ရှိသူလို့ ခံယူထားမိလို့ အညို့ အတွက် ၀ယ်လာတဲ့ ညှပ်ခေါက်ဆွဲပြုတ်လေးကို မောင်ကျော်နဲ့ ပဲ ပေးခိုင်းလိုက်တယ်… အညိုရယ် မောင့်ကို ခွင့်လွှတ်ပါ… အညိုကို မြင်ရင် မောင် တွယ်တာသထက် တွယ်တာလာမှာ…အညို့ ကို ပိုင်ဆိုင်ချင်လာမှာ…ဟင့်အင်း…မဖြစ်သင့်ဘူး.. အညို့ ကို မောင် တန်ဖိုးထားတာ..မောင်လို လူတစ်ယောက်ကြောင့် အညို့ ဘ၀ မညစ်နွမ်းစေချင်ဘူး….

နောက်နေ့ တွေမှာလည်း အညို့ ကို မောင် တတ်နိုင်သလောက် မရှောင်ချင်ပဲ ရှောင်နေခဲ့တယ်…ဒါပေမဲ့ အညို့ အပြုံးလေးတွေကိုတော့ မောင် တိတ်တိတ်လေး ခိုးကြည့်ခွင့်ပေးပါနော်…ဒါပေမဲ့လည်း အညိုရယ် မောင်ကိုယ်တိုင်က အညို့ နားမှာ နေချင်နေတော့ မောင် ကြာကြာ ဟန်မဆောင်နိုင်ခဲ့ပါဘူး… တခြားသူတွေနဲ့ ရယ်ရယ်မောမော မရှိပေမဲ့ အညိုနဲ့ ကျတော့ မောင့်စိတ်ကိုက ပျော်နေ လိုက်တာ… စကားတွေလည်း ပြောတတ်လိုက်တာလေ…မောင် နှုတ်ဆိတ်နေရင်း လောကကြီးကို မကျေနပ်နေတာတွေ… ဘယ်ရောက်ကုန်ပြီလဲ…အညိုနဲ့ တွေ့ ချိန် ကြက်ပျောက် ငှက်ပျောက်ပါပဲ…အညို့ အပေါ်ကို တတ်နိုင်သလောက် ကူညီပေးရင်း အညို့ နားမှာ မိတ်ဆွေကောင်း တစ်ယောက် အဖြစ် မောင် အကောင်းဆုံးရပ်တည်ပေးပါ့မယ်…မောင့်နှလုံးသားကိုတော့ မောင် ပြန်သတိပေး ဆုံးမနေရတာပေါ့…

အညိုရေ… မင်းရဲ့ အပြုံးက မောင့်ကမ္ဘာပါ..မင်း မျက်နှာလေး ညိုမှာ မင်း အလိုမကျ ဖြစ်မှာတွေကို မောင် မလိုလားဘူး… လောကကြီးက မောင့်ကို ဒဏ်ခတ်တာ ရက်ရက်စက်စက်ပါပဲ အညိုရယ်… မောင်ခံရတာ ရူးမတတ်ပါပဲ… မောင့်ဘ၀က ခါးသီးမှု အလိုမကျမှု မကျေနပ်မှုတွေ ပြည့်နေတာ… အညိုမသိဘူး… မင်းဘာမှ မသိပါဘူး အညိုရယ်..မင်းလို ရိုးသားဖြူစင်တဲ့ မိန်းကလေး တစ်ယောက်ကို မောင် အနိုင်ကျင့်တာ မဟုတ်ရပါဘူး…မောင့်ရဲ့ နှလုံးသားက တစ်ခါဖူးမှ မဖြစ်တည်ခဲ့တဲ့ အချစ်ဆိုတာကို အခုမှ ရက်ရက်စက်စက် ခံစားစေ ဆိုပြီးများ ပေးခဲ့သလား မသိပါဘူး…ဒါပေမဲ့ မောင် မငြင်းရက်ဘူး… မောင်ကျေကျေနပ်နပ်ကြီး ယူလိုက်မိတယ်…မောင့်ရဲ့ အချစ်က အညို့ တစ်ယောက်အတွက်ပါ… ဒဏ်ရာဒဏ်ချက်တွေနဲ့ မောင့်ဘ၀ကို မင်းကယ်တင်ပေးပါနော်… မောင် မတရားဘူးဆိုတာ မောင်သိပါတယ်… မောင့်ကို အတ္တကြီးတဲ့သူတစ်ယောက်လို့ တော့ မစွပ်စွဲလိုက်ပါနဲ့ …. ခွင့်လွှတ်ပါလို့ ထပ်ခါဆိုရင်း သက်ပြင်းမောတွေ အခါခါ ရှိုက်ရင်း မောင့် ညတွေကို ကုန်လွန်ခဲ့တာတွေ အညိုရေ မင်း မသိပါဘူးကွယ်…

အညို မင်းဘယ်မှာလဲကွာ…မောင့်ရင်တွေ ပူလောင်လှပြီ … မောင် နှလုံးသားတွေ ရိုက်ချက်ပြင်းပြင်းနဲ့  အရိုက်ခံထားရသလို အပူလှိုင်းကြီးပဲ ရင်တစ်ခုလုံး မွှေနှောက်နေသလိုပါပဲ… မောင့်ကို လှည့်ကြည့်ပါဦး… မင်း မောင့်အဖြစ်ကို မသိတာလား… မမြင်တာလား…ညနေကတည်းက အညို သူ့ သူငယ်ချင်းနဲ့ လိုက်သွားတာ… အခုဘယ်အချိန် ရှိနေပြီလဲ…ကိုမောင်ကျော် လာပြောတဲ့ စကားတွေက သူ့ နှလုံးသား တစ်ခုလုံး ပြုတ်ကျသွားသလိုပါပဲ…“ ဆရာ…ဆရာဝန်မလေး…ယောကျာ်း တစ်ယောက်နဲ့ တည်းခိုခန်းထဲ ၀င်သွားတာ ကျွန်တော်တွေ့ လိုက်တယ်…”…မောင်ကျော်က မောင့် အခြေနေကို နားလည်တဲ့သူပါ… မောင့်ရဲ့ ခံစားချက်တွေကိုလဲ သူစာနာ နားလည်ပေးတယ်… အခုလည်း မောင့်ကို လာအသိပေးတာ…မောင်…ခန္ဓာကိုယ်တစ်ခုလုံး လေထဲမှာ လွင့်သွားချင်တယ်… ဖြစ်နိုင်ရင် အညိုရှိတဲ့ဆီ မောင် လိုက်လာချင်တယ်…ဒါပေမဲ့ အညိုနဲ့ မောင်က ဘာဆိုင်လို့ လဲ…ချစ်သူတွေလည်း မဟုတ်… အားးးးးးးး..မောင် စိတ်ရှိလက်ရှိ အော်ပစ်လိုက်ချင်တယ်…နာရီလက်တံရွေ့ နေတာကို ထိုင်ကြည့်ရင်း မောင့်မျက်ဝန်းတွေ စိုစွတ်လာတယ်…မောင့်ပါးပြင်တွေ ပူနွေးလာတယ်…အသက်ရှုတွေ မြန်လာတယ်…မောင် မင်းကို အဆုံးရှုံး မခံပါရစေနဲ့ …မောင် အညိုကို ဘယ်လောက် တွယ်တာ နေတယ်ဆိုတာ မောင့်ကိုယ့်ကို အသိဆုံးပါ…

မောင့်ဘ၀ရဲ့ အစိတ်အပိုင်းက အညိုဖြစ်နေပြီလေ… ဆူးတွေပြည့်တဲ့လမ်းပေမဲ့ မင်းမနာကျင်အောင် မောင့် နှလုံးသားပေါ်တင်ပြီး ထမ်းခေါ်ပါ့မယ်… ကန္တာရလို ခြောက်သွေ့ နေပေမဲ့ မင်းအတွက် မောင့်နှလုံးသွေးတွေကို ဖောက်ထုတ်ပြီး အိုအေစစ်တစ်ခု ဖန်တီးပေးပါ့မယ် … မင်း ခြေလှမ်းတွေယိုင်နေရင်လည်း မောင့် သစ္စာနဲ့  ခိုင်ခိုင်ထားပါ့မယ်…မင်း ပူလောင်တဲ့အခါ မောင့်မေတ္တာက အေးမြပေးပါ့မယ်…မောင့်ဆီကို ပြန်လာပါတော့…အညို…မင်းပြန်လာပါတော့ကွာ…မောင်ဖြစ်နေတာ တွေကို မင်း မြင်လှည့်ပါဦး… မင်းကို ဘာအကြောင်းကြောင့်နဲ့ မှ မောင် မခွဲဘူး..မောင့် အနားမှာပဲ မင်းကို မောင့်လိပ်ပြာ အဖြစ်ထားမယ်..မောင့်အတ္တတွေကို အကောင်အထည်ဖော်မယ်… မစဉ်းစားချင်ဘူး… မောင် ဘာကိုမှ ထည့်မတွက်တော့ဘူး..ဘယ်သူမှလဲ မောင့်ကို မတားကြပါနဲ့ … တားလို့ လဲ မရဘူး…မောင် ဒီလိုမျိုး တွေဝေနေရင် မောင့် အချစ်ကို မောင် သတ်နေသလို ဖြစ်နေလိမ့်မယ်…မောင့်ရဲ့ တစ်သက်မှာ တစ်ခါဖြစ်တဲ့ ဒီအချစ်ကိုတော့ ရှင်သန်ခွင့်ပေးပါနော်…မင်းကို မောင် သေမလောက် ချစ်တယ် အညိုရယ်…


(ကဲ မောင့်အကြောင်းသိချင်တဲ့သူတွေ မျှော်ရကြိုး နပ်ရအောင် အမြန်ကြိုးစားပြီး တင်ပေးလိုက်ပါတယ်...ဒါပေမဲ့ ဇာတ်လမ်းလေးက မပြီးသေးပါဘူး...ထုံးစံ အတိုင်း ဆက်ရန်ပါ...:P)

8 comments:

မယ့်ကိုး said...

မောင်အကြောင်းဖွဲ့ထားတာ စာကလေးက နုနုချစ်စရာလေး။
ဆက်ရန်မျှော်နေမယ်နော် ညီမလေး။

ဝက်ဝံလေး said...

အင်း ကောင်းတယ် ဒါနဲ့နေပါဦး မမဆူး ညိုက ဘယ်သူနဲ့ တည်းခိုခန်း သွားတာတုံး ပထမပိုင်းတုံးက အဲဒါ မပါဘူးမလား ဟို မောင်က မိသားစု ရှိတယ်ဆို အင်းးးးးးးးးး ဘာတွေဖြစ်လာမလဲ ဆက်သိချင်လှပြီ ညန်ညန်လေးနော် သိရား

သားကြီး said...

ဒီတစ်ခါတော့ “မောင်”ဆိုသူရဲ့ ရှုထောင့်ဘက်ကနေ ရေးထားတာကိုးး
အဲဒီမောင်ရဲ့ အတိတ်မှာဘာတွေဖြစ်ခဲ့လဲ
ဘာဖြစ်လို့ ချစ်သူကိုမပွင့်လင်းရဲတာလဲ
အဲဒါလေးတော့မြှုပ်ထားတယ်ထင်တယ်
ဆက်ရန်ကိုမျှော်နေပါတယ်ခင်ဗျာ
“ဟန်သစ်ထူး”ဆိုတဲ့နာမည်ကလှတယ်
စိတ်တော့မလှဘူးလို့ဆိုရမယ်
အဲလိုလူမျိုးနဲ့ အညိုမတန်ပါဘူး
“မောင်”ဆိုတဲ့လူ မှန်ပါ၏ ။

yangonthar said...

ဟောဗျာ ရေးသွားလိုက်တာများ ယောင်္ကျားလေး တစ်ယောက် တကယ်ခံစား နေရသလားမှတ်တယ် မကာရံဆီက အတု ယူစရာတွေ အများကြီးပဲ ကောင်းလိုက်တာ ဗျာ အိမ်ကို အတုယူစရာ ပရဗွပိုက်ပြီး ပြန် သွားပါ တယ် ...... :D
ကျနော် တွေးမိတာလေး တစ်ခု ရှိလို့ ပြော ချင်တယ်ဗျာ ... ဆရာဝန်ဆိုတာ သူ ရထား တဲ့ ဘွဲ့ သူတတ်ထားတဲ့ အတတ် ပညာ တစ်ခုသာ ဖြစ်ပါတယ် သူ့ ဂုဏ်သိက္ခာ မဟုတ် ပါဘူး (ကိုယ်ကျင့်တရား စာရိတ္တ ကသာ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာ ဖြစ်တယ် လို့ ယူဆပါတယ်) .... နေရာတိုင်းမှာ အနုတ် လက္ခဏာရှိမှ အပေါင်း ကို လူတွေက တန် ဖိုးထားကြမှာ ကိုး .... အတွေးလေးကောင်းတယ် :D

Yu Ya said...

ဟုတ်တော့ ဟုတ်နေပါပြီ မကာရံရေ... ခံစားမှုကို နှစ်ဦးနှစ်ဖက်စလုံးဘက်ကနေ ပုံဖော်ပေးနိုင်တာကို သဘောကျတယ်ဗျ.။

ဆက်ရန်ကို စောင့်နေပါတယ်နော်။

yu ya

သားကြီး said...

လာလာဖတ်ကြပါတယ် တချို့တွေကျတော့အချိန်မပေးနိုင်လို့ မမန့်ဖြစ်
ခဲ့တာတွေ ရှိမှာပါ
တခါခါ အစအဆုံးဖတ်လို့ကောင်းတဲ့ပိုစ်တွေ
တောင်မှ ဘာရေးပေးခဲ့ရမှန်းမသိတာတွေရှိပါတယ်
ကျနော်ပြောချင်တာက ကွန်မန့်နည်းလို့
အားမငယ်ပါနဲ့ ဆက်ရေးပါ
အားပေးမယ့်ကျနော်တို့အသင့်ရှိတယ်

မြစ်ဆုံ said...

ကောင်းလှတယ်ဗျိုံ့၊အရေးအသားတွေကိုရေလည်ကြွေ
သွားပြီ၊ဆက်အားပေးနေပါတယ်ဗျာ။

မြစ်ကျိုးအင်း said...

ဒီအခန်းမှာ ဇာတ်ကောင်စရိုက်ပုံဖော်တာထက် ပထမအခန်းက အဖြစ်တွေကို ယောကျာင်္းလေး အမြင်နဲ့ ပြန်ဖြည်ပြနေတာ များတယ်ထင်မိတယ်။
ဘာပဲဖြစ်ဖြစ် အမျိုးသားဇာတ်ကောင်ရဲ့ ရင်ထဲက ခံစားချက်လည်း မြင်လိုက်ရပါပြီ...။
နောက်တခန်းဆက်ဖတ်လိုက်အုံးမယ်။