Showing posts with label တွေးမိတွေးရာ. Show all posts
Showing posts with label တွေးမိတွေးရာ. Show all posts
Monday, May 31, 2010
ဖေးကူ ထူမမည့် လက်များအတွက်...
တနေ့ က ပျင်းပျင်းရှိသည်နှင့် TV အစီအစဉ်ဖွင့်ကြည့်လိုက်သည်…Bersamamu ဆိုတဲ့ အစီအစဉ်လေး လာနေသည်… ဒီအစီအစဉ်လေးက နွမ်းပါးသူများကို ကူညီဖို့ ဖွဲ့ စည်းထားတဲ့ အဖွဲ့ အစည်းရဲ့ လုပ်ဆောင်ချက်တွေကို မှတ်တမ်းတင် ရိုက်ကူးထားတဲ့ အစီအစဉ်လေးကို ထုတ်လွှင့်ပြသခြင်း ဖြစ်ပါတယ်….အမှန်က ဘလော့လိုက်လည်မယ်ဆိုတဲ့ အကြံနဲ့ ကွန်ပျူတာရှေ့ ထိုင်နေတာ…TV ကိုလဲ ကြည့်ချင်တာနဲ့ ဖွင့်လိုက်တော့ မြင်လိုက်တဲ့ အကြောင်းအရာလေးကို စိတ်ဝင်စား သွားမိတယ်… ဒီအစီအစဉ်လေးကို မကြာခဏ ကြည့်မိပါတယ်…ဒါပေမဲ့ ခုတစ်ကြိမ်ကြည့်ပြီးတော့ စိတ်ထဲ စိတ်မကောင်း ဖြစ်မိတာရော အတွေးလေး ၀င်တာနဲ့ ဒီစာလေး ရေးဖြစ်ပါတယ်…
ဒီနိုင်ငံမှာ အဓိကအားဖြင့် မလေး ၊ တရုတ် ၊ အိန္ဒိယဆိုပြီး လူမျိုး သုံးမျိုး ရှိပါတယ်…ဒီနိုင်ငံမှာ အဓိကထားကိုးကွယ်တဲ့ ဘာသာကတော့ မူဆလင် ဘာသာပါ…အခု TV3မှာ ပြပြနေတဲ့ ဒီအစီအစဉ်လေးက သူတို့ ရဲ့ အဓိကထားတဲ့ ဘာသာဝင်နဲ့ လူမျိုးဖြစ်တဲ့ မလေးလူမျိုး တနည်းအားဖြင့် လောကမှာ ဘယ်လိုအခက်ခဲနဲ့ ရင်ဆိုင်ရပေမဲ့ စိတ်မလျှော့ပဲ ဇွဲနဲ့ ကြိုးစားတဲ့ တကယ့်ကို ဆင်းရဲနွမ်းပါးတဲ့ သူတွေ(မလေးလူမျိုး)ကို စေတနာရှင်အဖွဲ့ က ကူညီပေးတာလေးကို တင်ဆက်ထားတာပါ…
ဒီတစ်ခေါက် စေတနာရှင်အဖွဲ့ ရွေးချယ်ထားတာကတော့ အသက် ငါးဆယ်ကျော် အဖိုးအို တစ်ယောက်ပါ…သူရဲ့  ရုပ်ရည်ဟာ လောကဓံကြောင့်ပဲလားမဆိုသာ..ရှိရင်းစွဲ အသက်ထက်ကို ပိုလို့ အိုစာနေပါတယ်….သူဟာ တစ်ယောက်တည်းသမားဖြစ်တဲ့ အပြင် ဆွံ့ အ နားမကြားသူတစ်ယောက်ပါ… ပင်လယ်ကမ်းစပ်နားမှာ အမိုးအကာ မလုံ ရေချိုမရှိ ရေဘုံဘိုင်မရှိ လျှပ်စစ်မီးမရတဲ့ အိမ်ကလေးမှာ တစ်ယောက်တည်း နေထိုင်လာတာ ဆယ်စုနှစ် စွန်းစွန်း ရှိခဲ့ပါပြီတဲ့….စက်လှေအသေးစားလေးနဲ့  တံငါလုပ်ငန်း လုပ်ကိုင်ရင်း ၀မ်းစာကို ဖြေရှင်းနေရပါတယ်တဲ့…သူငါးရှာ ထွက်ချိန်မှာ ရိုက်ကူးရေးအဖွဲ့ တွေဟာ ဒီနေ့ ငါးဘယ်လောက်ရလဲလို့ လက်ဟန်ခြေဟန်နဲ့ မေးတော့ သူက တစ်ကောင်မှ မရတဲ့ အကြောင်း သူ့ ပိုက်ကလေး ထိုးပြပါတယ်…ဒီနေ့ အတွက် အဖိုးအိုရဲ့ ဝမ်းစာ ခက်ခဲလောက်ပြီပေါ့… သူက ဆက်ပြီး သူ့ မှာသာ ဆီအလုံအလောက်ရှိရင် ဒီထက်ဝေးတဲ့ နေရာတွေကို သွားပြီး ပုဇွန်တွေ အများကြီး သူဖမ်းချင်ပါတယ်လို့ သူ့ စိတ်ကူးလေးကို ပြောပြပါတယ်…သူရရှိလာတဲ့ ငါးများကို သူ့ အတွက် စားလောက်ရုံသာ ထားပြီး ပြန်လည် ရောင်းချပါသေးတယ်...
သူက ဘယ်သူ့ ကိုမှ အားမကိုးချင်ဘူး…တစ်ယောက်တည်း အမှီခိုကင်းကင်း နေထိုင်တတ်ကြောင်းကို သူ မကျန်းမမာဖြစ်တဲ့အခါ လာရောက် စောက်ရှောင့်ပေးတဲ့ ရွာထဲက မိတ်ဆွေတစ်ယောက်က ပြောပြပါတယ်… သူ ဟာရေချို ရရှိဖို့ အတွက် မိုးရွာလျှင် ရေတံလျှောက်မှ မိုးရေများကို ပလပ်စတစ်စည်ပိုင်း အသေးသုံးလုံးနဲ့ သိုလှောင်ထားတတ်ပါတယ်… (ဒီနိုင်ငံမှာ မိုးက အစိုးမရပါဘူး...ရွှေပြည်ကြီးက ဟိုလူကြီးတွေလိုပဲ...)…
သူ့ ရဲ့ အိမ်ကလေးကိုလည်း ထုတ်တန်းဘေးက အရံတန်းတွေ ကျိုးနေတာကိုတောင်မှ သူ့ မှာ ပီနန်ကြိုးနဲ့ ဆက်ထား ရပါ တယ်..အိုးခွက် ပန်းကန်တွေဟာလဲ ကျိုးပဲ့လို့ …မြင်မြင်သမျှ အရာရာဟာ အဖိုးအိုရဲ့ နေ့ စဉ်ဖြတ်သန်းနေရတဲ့ ဘ၀ကို ကွက်ကွက်ကွင်းကွင်း မြင်သာနိုင်ပါတယ်...သူ့ ဘ၀ ဆင်းရဲနုံချာပေမဲ့ သူဟာ ဘ၀ကို အားတင်း ရုန်းကန်တယ်ဆိုတာ သူ့ ကို ကြည့်တာနဲ့ သိသာပါတယ်…
စေတနာရှင်အဖွဲ့ မှာ ကျောင်းတစ်ကျောင်းက ဆရာနဲ့ ကျောင်းသား ကျောင်းသူများပါ လုပ်အားပေးဖို့ လိုက်ပါလာကြပါတယ်… အဖိုးအိုဆီ သွားတဲ့လမ်းက လမ်းကောင်း လမ်းချောမဟုတ်ပါဘူး…မြို့ နဲ့ လဲ အလှမ်းဝေးသလို အိမ်အနီးက မြောင်းလေးကို သစ်သားတန်း သေးသေးလေး ဖြတ်ကျော်ပြီးမှ အဖိုးအိုအိမ်ကို ရောက်တာပါ…
နောက်တစ်ခုက ကျွန်မတို့ ရွှေပြည်ကြီးမှာရော ဒီလိုမျိုး ဆင်းရဲနွမ်းပါးချို့ တဲ့သူတွေ ဘယ်နှယောက်များရှိမလဲ…. သေချာတာကတော့ မရေတွက်နိုင်အောင် ကျွန်မတို့ မသိနိုင်အောင် များပြားနေမှာပါ… ဒါပေမဲ့ ဒီမှာလိုမျိုး ကူညီမယ့်သူ စောင့်ရှောက်မယ့်သူ ဘယ်နှယောက်များ ရှိသလဲ… ဆင်းရဲ ချမ်းသာ ကွာဟမှုက ကြောက်စရာ ကောင်းလောက်အောင် မြင့်မားနေတဲ့ ကျွန်မတို့ တိုင်းပြည်မှာ ချမ်းသာလွန်းတဲ့သူတွေ စုပေါင်း ဖွဲ့ စည်းထားတဲ့ ဒီလိုမျိုး ဖောင်ဒေးရှင်းများ ရှိသလား…. သူတို့ ရဲ့ ချမ်းသာမှုတွေ ကြွယ်ဝမှုတွေကို နွမ်းပါးချို့ တဲ့သူ ဘယ်နှယောက်ကိုများ နည်းနည်းစီ ဝေငှဖူးသလဲ…ဆာလောင်နေတဲ့ ကလေးငယ်ရဲ့ ငိုသံတွေ ၊ တစ်နေ့ တာ ၀မ်းစာ လောက်ငှမှု မရှိတဲ့ မြည်တွန်တောက်တီးသံတွေ ခုဆိုရင် ဘေးဒုက္ခ အမျိုးမျိုး ဆိုက်လို့ ညည်းညူသံတွေ ဒါတွေကို မြင်နိုင်ကြရင် ကြားနိုင်ကြရင် ရင်ဘတ်နဲ့ နားထောင်နိုင်ကြရင် စာနာမှုတရား လက်ကိုင်ထားလို့ ဖေးကူထူမမည့် လက်များစွာ ရှိခဲ့ရင်... တွေးရင်း တွေးရင်း ကျွန်မရဲ့ အတွေးတွေ တဖြည်းဖြည်းနဲ့ ဝေးသွားသလိုပါပဲ….
အားလုံးကျန်းမာချမ်းသာကြပါစေ..
ကာရံဆူး
Saturday, February 20, 2010
မှတ်ချက်
မှတ်ချက်ဆိုသည်မှာ အဘယ်နည်း… ကျွန်မအနေနှင့်တော့ လူတွေရဲ့ ကိုယ့်အပေါ် ထင်မြင် ယူဆ ပြောဆိုခြင်းဟု ပြောလျှင် မှားမည်မထင်….. မိမိတို့ နေထိုင်ရာ ကျောင်းပတ်ဝန်းကျင် အိမ်ပတ်ဝန်းကျင် အလုပ်ဝန်းကျင်၌ မှတ်ချက်အမျိုးမျိုး ပေးခြင်းကို ခံခဲ့ရဖူးသည် မဟုတ်ပါလော….. လူတစ်ယောက်ရဲ့ ဘ၀ တစ်လျှောက်လုံးမှာ လူတွေဆီက ဘယ်လို မှတ်ချက်မျိုး ဘယ်နှကြိမ် ဘယ်နှခါများ ရခဲ့ဖူးပါသလဲ… ဘယ်သူကမှ အတိအကျ မမှတ်ထားပေမဲ့ ကြိမ်ဖန်များစွာ မှတ်ချက်ပေးခြင်းကိုတော့ ရခဲ့ဖူးကြမှာပါ…..ဥပမာ “ ကောင်မလေးက တော်တယ်…” “ ကောင်မလေးက ကဲကဲလေးပါ..” “ သူက ဂျစ်ကန်ကန်လေးလေ..” “ စာတော်တယ်… စာညံ့တယ်….” စသည်ဖြင့်ပေါ့လေ….
လူတစ်ယောက်ရဲ့ ပါးစပ်ကြောင့် ဖြစ်ပေါ်လာတဲ့ မှတ်ချက်ပေါ်မှာ တစ်ချို့ ကလဲ တုန့် ပြန်ကြသလို တစ်ချို့ ကလဲ မသိချင်ယောင်ဆောင်ကြ…တစ်ချို့ ကလဲ အရွဲ့ တိုက်တတ်ကြတယ်…. မိမိက ဘာရယ်မဟုတ် ပြောလိုက်မိတဲ့ မှတ်ချက်တစ်ခုကြောင့် တခြား လူတစ်ယောက်မှာ ကြေကွဲရတာ နာကျင်ရတာ သို့ တည်းမဟုတ် ပျော်ရွှင်ကျေနပ်ရတာ သို့ တည်းမဟုတ် ထိခိုက်ခံစားနေရတာ ..စတာတွေဟာ… ပါးစပ်ကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲတွေ ပြဿနာတွေ ချည်းသာ…. ကောင်းတာ ရှိသလို ဆိုးတာလဲ ဒွန်တွဲနေမှာပါ….
လူတွေ အဘယ်ကြောင့် တစ်ယောက်က တစ်ယောက်ကို မှတ်ချက်များပေးသနည်း…. ဒီမှတ်ချက်တွေကရော လူတစ်ယောက်ရဲ့ ဘ၀ကို ဘယ်လောက်များ အကျိုးရှိစေမှာလဲ… သို့ တည်းမဟုတ် ဘယ်လောက်များ အကျိုးယုတ်စေမှာလဲ…. ဤကဲ့သို့ လူသားဆန်ဆန် တွေးတောမိပါက လူတွေ မှတ်ချက်ကို လွယ်လွယ်ကူကူ ပေးရဲပါတော့မလား… လူတစ်ယောက်ရဲ့ ဘ၀သည် ပညတ်သွားရာ ဓါတ်သက်ပါသည်ဟု ပြောရလောက်အောင်ပင်…. ပြောပါများတော့ သူတို့ မှတ်ချက်အတိုင်း အန်ဝင် ခွင်ကျ သွားကြပြီလား…. ဒါမှမဟုတ် မိမိယုံကြည်ရာကို ဦးတည်လို့ သူတို့ မှတ်ချက်နှင့် သွေဖယ်ရာ လမ်းကြောင်း တစ်ခုပေါ်မှာ မတ်မတ် ရပ်တည် နေနိုင်သလား ဆိုတာ မိမိ အပေါ်မှာသာ မူတည်နေသည်…. တကယ်တမ်း ဆန်းစစ်ရင် လူတွေက သူများ မှတ်ချက်နဲ့ အသက်ဆက်နေတာလား… မဟုတ်ပါဘူးလို့ ကျွန်မ ငြင်းပါရစေ…..
တစ်ချို့ က သူများ အသံနဲ့ တင် မှတ်ချက်ပေးတတ်ကြသည်…တစ်ချို့ က သေသေချာချာ ထဲထဲဝင်ဝင် သိပြီးကာမှ မှတ်ချက်ပေးသည်…. မည်ကဲ့သို့ သော မှတ်ချက်မျိုးကို ပေးမိပါစေ…. လူ့ အသိုင်းအ၀ိုင်းက ပေးထားသော မှတ်ချက်သည် မိမိ သေသည် အထိ သယ်ဆောင်သွားရသည် မဟုတ်ပါလော…. လူသေသွားသည့်တိုင် လူတွေရဲ့ မှတ်ချက်ကို နာယူဖို့ နာမည်ကြီးကတော့ လောကတွင် ကျန်ရစ်ခဲ့စမြဲပါပဲ…. မယုံဘူးလား…. လူတစ်ယောက် သေသွားပေမဲ့ သူ့ နာမည်ကို တစ်စုံတစ်ယောက်က ပြောလာတိုင်း “ အဲ့လူပေါ့ ပေါင်းရခက်တဲ့သူ…အဲ့လူပေါ့ … ” အစချီ၍ သူတို့ ၏ မှတ်ချက်များကို ထပ်မံ အတည်ပြုကြဦးမည်…. သူတို့ မမေ့သရွေ့ ပေါ့….
လူတွေ ကိုယ့်ကိုကိုယ်ရော မှတ်ချက်ပေးကြည့်ဖူးပါသလား…. “ တစ်ချို့ ကတော့ မိမိကိုယ်မိမိ မှတ်ချက်ပေးသလိုလိုပင်…ငါ တော်တော် တော်တဲ့ ငါပါလား…” “ ငါ့ဟာ သတ္တိတော်တော် ကောင်းပါလား… ငါက မှန်ရာပဲ လုပ်တဲ့သူ..”ဟု စသည့် မှတ်ချက်မျိုးများ ပေးခဲ့ဖူးချင် ဖူးပါလိမ့်မည်…. သို့ သော် မိမိ ကိုယ်ကို မှတ်ချက်ပေးသည့်အခါ လျှော့လျှော့ပေါ့ပေါ့ စဉ်းစားပြီး ပေးသလား သို့ မဟုတ် သေသေချာချာ စိစစ်ပြီးမှ ပေးရဲ့ လား… တကယ်တော့ ကိုယ့်ကိုကိုယ် ပြန်မြင်ရသည့်အချိန်နှင့် သူများက ကိုယ့်ကို ကြည့်နေသော အချိန်က ပိုများသောကြောင့် သူများ၏ မှတ်ချက်သည် မှန်ကန်နိုင်သည့် ရာခိုင်နှုန်း ပိုများချင် များပေလိမ့်မည်…
သို့ သော် လူဆိုသည်က ကိုယ့်အကြောင်း ကိုယ်သာ သိသည် မဟုတ်ပါလော…… လူတွေ မည်သို့ ပင် မှတ်ချက်ပေးစေကာမူ မိမိလမ်းကို မိမိ ဦးတည် လျှောက်ရမည်သာ ဖောက်ရမည်သာ ဖြစ်သည်…. သူတစ်ပါးရဲ့ မှတ်ချက်ကြောင့် ဦးတည်ရာ ပြောင်းသွားတာမျိုး ယိုင်နဲ့ သွားတာမျိုး ဖြစ်ခဲ့ပါက မိမိကိုယ် မိမိ စိတ်ဓါတ်မခိုင်မာသူ ပျော့ညံ့သူ အဖြစ် ပဏာမ လက်ခံထားသင့်သည်…. ပဏာမဟု ပြောခြင်းမှာ ထိုအတွေးမျိုးကို ခဏသာ တွေး၍ အချိန်မီ ပြန်လည် ပြုပြင်ယူပါက မိမိသည် စိတ်ဓါတ်ခိုင်မာသူ တစ်ယောက် အဖြစ် တမဟုတ်ချင်း ပြောင်းလဲသွားနိုင်သောကြောင့် ဖြစ်သည်….
ထို့ ကြောင့် လူတို့ သည် မိမိဘ၀လမ်းကို ကိုယ်တိုင် လျှောက် ကိုယ်တိုင်ဖောက်ရမည်ဖြစ်သည့်အားလျော်စွာ မိမိဦးတည်ထားရာ လမ်းကြောင်း ၊ ပန်းတိုင် ၊ ရည်မှန်းချက်သို့ သွားရာတွင် သူတစ်ပါး၏ ၀င်ရောက်စွက်ဖက်သော မည်သို့ သော မှတ်ချက်မျိုးကို ပေးသည်ဖြစ်စေ… ထိုမှတ်ချက်များကြောင့် ဘ၀င်မြင့်စရာမလိုသလို စိတ်ဓါတ်ကျ အားငယ်နေစရာလည်း မလိုပေ…. မြန်မာဆိုရိုးစကား တစ်ခုအတိုင်း ပြောရလျှင် ချီးမွမ်း (၇) ရက် ကဲ့ရဲ့ (၇) ရက်ပင် မဟုတ်ပါလော…. မှတ်ချက်ကို လွယ်လွယ်ပေးတတ်သော သူများအတွက်မှာကား မိမိ၏ နှုတ်ထွက် မှတ်ချက်တစ်ခုကြောင့် သူတစ်ပါးအား အနည်းငယ် အကျိုးပေးပါက သိပ်မသိသာလှပေမဲ့ များစွာ အနှောင့်အယှက် ဖြစ်စေပါက သေချာစဉ်းစား လေ့လာပြီးမှသာ မှတ်ချက်ပေးသင့်ပါသည်……သို့ အတွက်ကြောင့် မိမိ၏ စိတ်ကူးအိပ်မက် ရည်မှန်းချက်ကြီးကြီးမားမားများအား အကောင်အထည် ဖော်နေသူများအဖို့ မှာကာ့း လူတွေပေးသောမှတ်ချက်များအား တတ်နိုင်သမျှ လျစ်လျူရှုနိုင်သမျှ ရှုကာ ရည်ရွယ်ရာဆီသို့ တစိုက်မတ်မတ် မဖြစ်မနေ လျှောက်လှမ်းသွားနိုင်သော ခိုင်မာသော စိတ်ဓါတ်ရှိသည့်လူသားများ အဖြစ် လောကတွင် ရှင်သန်ရပ်တည် နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါသည်..