Showing posts with label ဇာတ်လမ်း. Show all posts
Showing posts with label ဇာတ်လမ်း. Show all posts
Sunday, January 24, 2010
ပဉ္စလက်ရဲ့ သားကောင်
ဝေ့၀ဲ တိုက်ခတ်လာတဲ့ လေပြည်ကြောင့်လား…. ဝေ့နေတဲ့ ဝေ့ရဲ့ စိတ်ကြောင့်လား…တစ်စုံတစ်ရာရဲ့ တွန်းအားကြောင့်သာ… မဟုတ်ခဲ့ရင်…မိုက်မဲရူးသွပ်သူလို့ အများက စွပ်စွဲခြင်းကိုလဲ လည်စင်းခံပေးစရာ မလိုပါဘူး…သစ်ရွက်လှုပ်တာကို ရယ်နေတတ်တဲ့ အရွယ်တွေကို ကျော်ခဲ့ပြီးပြီလေ….. အရာရာကို ချင့်ချိန်နိုင်စွမ်း ရှိပါရက်နဲ့ မျက်ကန်းတစ္ဆေမကြောက်…ဒီလမ်းကို ဝေ လျှောက်ခဲ့တာ…
“ နင်ရူးနေပြီလား ဝေ” တဲ့….သူတို့ တွေ ဘယ်လို တားတား…ဒီအပြုံး ဒီအကြည့်တွေဟာ ဝေ့ ရင်ဘတ်တစ်ခုလုံးကို ဆွဲခါလိုက်တာ…အသိခေါက်ခက် အ၀င်နက်တယ်လို့ ပင် ဆိုချင်ဆို…. “ သူက ကျားမှ ကျား အစစ်နော်…ဘယ်မိန်းကလေးကို ဘယ်လို ချဉ်းကပ်ရမယ်ဆိုတာ သူ ကောင်းကောင်းသိတယ်…” သွေးခွဲ စကားတွေလားလို့ ဝေ ယုံမှားမိ လောက်အောင် ဟန်ဆောင် ပိရိ လွန်းလှတယ်…အချစ်က သိမ်မွေ့ တယ်…ပါးနပ်တယ်….အဓိပ္ပါယ်ပေါင်းများစွာ ပါဝင်နေတဲ့ ချစ်ခြင်းက ပဉ္စလက် တစ်ခုဆိုရင် ဒီပဉ္စလက်ရဲ့ ဖန်ဆင်းရှင်ဟာ “ သူ ” ပဲပေါ့….ဝေကတော့ ထို ပဉ္စလက်ရဲ့ သားကောင်ပါပဲ….
အဖြူရောင် ရှပ်လက်ရှည်ရယ် ယောပုဆိုးရယ် ကတ္တီပါ ဖိနပ်ရယ် ၀တ်တဲ့ ယောကျာ်းလေးတွေကို မြင်ရင် ဝေ အရမ်းကို သဘောကျခဲ့တာလေ… “ သူ ” ကလည်း ဝေ့ အရှေ့ မှာ နတ်သား တစ်ပါးလို အရှိန် အဟုန် မျိုးနဲ့ ဓါတ်တစ်မျိုးရဲ့  စီးမျောခြင်း ခံလိုက်ရတဲ့ ခဏ …ဝေ့ ဘ၀ ဝေ့ အသိ တဒင်္ဂ မရှိတော့ သလိုပါပဲ….ပါတိတ် ၀မ်းဆက်လေးကိုသာ အမြတ်တနိုး ၀တ်ဆင်ပြီး သနပ်ခါး ပါးပါးလေး လိမ်းခြယ်တတ်တဲ့ ဝေ ဆိုတဲ့ ရိုးရိုးရှင်းရှင်း ကောင်မလေး တစ်ယောက်က “ သူ့ ” အတွက် နတ်သမီး တစ်ပါးဆိုတာ လောကကြီးမှာ ယုံမိတာ ဝေ တစ်ယောက်ပဲ ထင်ပါရဲ့ … နောက်ကွယ်က အများရဲ့ လှောင်ပြောင် ဟားတိုက်ခြင်းတွေကို ဝေ က ခေါင်းမော့ ရင်ကော့ကာ “ သူ့  ” လက်ကို ရဲရဲတွဲလို့ အိပ်မက်တွေ အရောင် စခြယ်နေမိပြီလေ…
လိုက်ဖက်လွန်းလှတယ်လို့ အများက တခဏ အသိအမှတ်ပြုခြင်းကို ခံရတဲ့ အခိုက် ဝေ့ရဲ့ ခန္ဓာကိုယ် လေထဲမှာ လွင့်မျော မိသလိုပါပဲ…..သေသပ်လွန်းလှတဲ့ ပန်းပုဆရာ တစ်ယောက်ရဲ့ လက်ရာမျိုးနဲ့ ထုဆစ်ထွင်းလိုက်တဲ့ “ သူ့ ” အချစ်ဆိုတဲ့ ရုပ်တုလေးကို ရင်ခွင်မှာပိုက်ပြီး လှိုက်ခနဲ ခုန်နေတဲ့ ရင်အစုံနဲ့  လုံခြုံစွာ သိမ်းဆည်းခဲ့မိတယ်….အချစ်ရဲ့ အစေအပါး တစ်ယောက်လို ငြင်သာစွာ ခေါင်းညိတ်ခေါင်းခါ တတ်တဲ့ ဝေ ကတော့ သူ့ အတွက် အရုပ်ကလေး တစ်ရုပ်ရယ်ပါ…… အရှင်သခင်ကို ကျိုးနွံမှုမျိုး သစ္စာရှိမှုမျိုးတွေကို ဝေ့ ဘက်က ပုံအောခဲ့ပြီးပြီ… ဧဒင်ဥယျာဉ်ထဲက ချိုမြိန်တဲ့ သစ်သီးကို မြိန်ယှက်စွာ စားသုံးနေမိတယ်…အဆိပ်ရှိမယ် မထင်ခဲ့ဘူးပေါ့….“ သူ ” နဲ့ အတူ တိမ်တိုက်တွေကို စီးမျောရင်း အမှတ်မထင် ခလုပ်တိုက်မိတဲ့ အချိန်မှာတော့…ဝေ့ အိပ်မက်တွေက အရောင်တွေ စုံကာ ပီပီပြင်ပြင် ပုံမပေါ်နိုင်တော့ဘူးလေ…
အဆန်းတွေကို စမ်းတတ်တဲ့ “ သူ့  ” အတွက် ဝေ ကအစမ်းသပ်ခံတဲ့လား… “ သူ့ ” ဘ၀မှာ ဝေ့လို ပုံစံ ကောင်မလေးမျိုးကို တစ်ခါမှ မချစ်ဖူးလို့ ပါတဲ့လား…ရင်ခုန်သံတွေ ဆိတ်သုဉ်းသွားလို့ လမ်းခွဲခြင်းကို “ သူ ” က လိုလားတယ်တဲ့လား…. ဝေနှစ်သက်ခဲ့တဲ့ “ သူ့  ” ပုံစံ အသွင်အပြင်တွေ ဘယ်ရောက်သွားပါလိမ့်…. မိုးကြိုးသွား အစင်းစင်းက ဝေ့ ခေါင်းကို ပစ်ခွင်း လိုက်သလိုပါပဲ…. တိမ်တိုက်တွေထဲမှာပဲ ဝေ လေဟာနယ်ထဲ ပြုတ်ကျသွားတာလား… ဟင့်အင်း လို့ ခေါင်းခါမိတဲ့ အချိန် ပါးပြင်က ပူနွေးမှုတွေနဲ့ အတူ ဝေ့ အသိအမြင်တွေေ၀၀ါးသွားခဲ့တယ်… တစ်စုံတစ်ရာကို အားကိုးတကြီး ဖက်တွယ်ချင်သေးတယ်…. နောက်ဆုံး မျှော်လင့်ချက် တစ်ခုအနေနဲ့ ပေါ့…
သူ့ ” လက်မောင်းကို အယောင်ယောင်အမှားမှား တုန်ယင်စွာ ဆုပ်ကိုင်မိတော့ အသက်မဲ့သူ တစ်ယောက်ရဲ့ အေးစက်သော အပြုံးနဲ့ ညင်သာစွာ ပယ်ချလိုက်တယ်လေ…. တစ်ချက်မှ နောက်ပြန် လှည့်မကြည့်တဲ့ “ သူ့ ” ကို ဝေက မျှော်လင့်နေချင် သေးတာလား…..အိနြေ္ဒ သိက္ခာနဲ့ စောင့်စည်းတတ်တဲ့ ဝေ က ခုတော့ အများရဲ့ သနားစရာ သတ္တ၀ါလေးတစ်ကောင်လို ပါးစပ်ရာဇ၀င်တစ်ခုလို….ဟင့်အင်း ဝေ ဒီလို အဆုံး မသတ်ချင်ဘူး….
မျက်လုံးပေါင်းတစ်သိန်း အကြည့်ပေါင်း မြောက်မြားစွာရဲ့ အောက်မှာ ဝေ ရဲ့ ရှင်သန်မှုက ဒီကမ္ဘာမြေကြီးရဲ့ မြေမှုန်လေး တစ်မှုန်စာလောက်တောင် သေးငယ်သွားပြီလား…. ဝေ့ ရဲ့ လှုပ်ရှားမှုတိုင်းမှာ ဒီအကြည့်တွေ ကပ်ငြိခံရမှာ ဘယ်အချိန် ဘယ်ကာလ ထိပါလိမ့်……ဝေ့ကို လူတွေရဲ့ အမြင်မှာ ခဏဖြစ်ဖြစ် ပုန်းရှောင်ခွင့်ပြုပါ…. ဖိအားတွေ ကြားကပဲ ဝေ့မှာ ခံနိုင်ရည်စွမ်း ဘယ်လောက်ပဲ ရှိရှိပါ… ရင်ခွင်သစ်နဲ့ “ သူ့ ”ကို တွေ့ လိုက်မိတဲ့ ဝေ့အဖြစ်ကို မျက်ကန်းတစ်ယောက်အဖြစ်သာ ဝေ ဆန္ဒရှိချင်မိတယ်…. ဝေးရာကို ဝေ လွင့်သွားချင်မိတယ်….. မျက်နှာလွှဲကာ အကြည့်တွေကို ရုပ်သိမ်းမိတဲ့ အခိုက် ဝေ ဘာကိုမှ မမြင်မိလိုက်သလို မူးမူးမိုက်မိုက်ပါပဲ…. လေရဲ့ လျှင်မြန်ခြင်း တစ်ခုလို ဝေ ပြေးထွက်သွားလိုက်တဲ့ အခိုက်….
လေပြည်တွေ ဝေ့၀ဲနေတယ်…..ကောင်းကင်မှာ တိမ်တိုက်တွေ ညင်သာစွာ ရွေ့ လျားနေတယ်…. “ နှင်းငွေ့ ဝေေ၀ အသက် (၂၁)နှစ် ”…ငြိမ်သက် တိတ်ဆိတ်မှုနဲ့ ….အားလုံးဟာ ချုပ်ငြိမ်းသွားခဲ့ပြီ…..ပုန်းရှောင်ခြင်းကို ဝေ တစ်သက်တာ ယူဆောင်သွားခဲ့ပြီ….အရာအားလုံးဟာ သူ့ နေရာနဲ့ သူ အချိန်မှန်မှန် ဆက်လက်ရှင်သန် နေဆဲပါ… ဝေ လွတ်မြောက်သွားခဲ့ပြီလား...ချစ်ခြင်းတွေကတော့ ရှင်သန်နေဦးမှာပါပဲ……အခုတော့ ဝေ တကယ်ပဲ တိမ်တိုက်ထဲမှာ လွင့်မျောနေမိတယ်….ဒါပေမဲ့ ဝေ တစ်ယောက်တည်း ရယ်ပါ….
Wednesday, September 23, 2009
မေသက်ပိုင်ညို၏ ကံအလှည့်အပြောင်း (၁)
“အညို နေမကောင်းဘူးလား” အညို မျက်နှာလေး နွမ်းနေသည်မို့ သက်မင်းမောင် ဂရုဏာ သက်စွာ မေးတော့ “ မဟုတ်ပါဘူးမောင်..အညို့ ရဲ့ လူနာ တစ်ယောက် ဆုံးသွားလို့ ပါ..” ပြောရင်းက မျက်နှာလေး ငြိုးသွားပြီး မျက်ရည်ပင် ရစ်ဝိုင်းလာသည်မို့ “ သြော်..အညိုရယ် ဆရာဝန်ဆိုတာ ဒီလိုမျိုးတွေ ခဏခဏ ကြုံရမှာလေ…၀မ်းနည်းမနေပါနဲ့ တော့ အညိုရယ်..အညိုကို ကြည့်ရတာ အခုရက်ပိုင်း သိပ်နွမ်းတာပဲ.. နေရော ကောင်းရဲ့ လား…မောင် ပရက်ရှာ တိုင်းကြည့်ပေးမယ်လေ..”.. “ နေပါစေ မောင်ရယ် … အညို ဘာမှ မဖြစ်ပါဘူး..နေကောင်းပါတယ်..” အညို တစ်ယောက် သူ့ လူနာမဆုံးခင်ကလည်း စိတ်ရော လူရော အနားမရ…ပင်ပန်းထားသည်…အခုလည်း လူနာဆုံးသွားသည့်အတွက် စိတ်ထိခိုက်နေလို့ သာ နွမ်းနေတာ နေမှာပါဟု သက်မင်းမောင် တွေးမိသည်… တကယ်တော့ အညိုနေမကောင်းပါ.. မသီတာနှင့် အညို နှစ်ယောက်သာ သိသည်…အညို နှလုံးက သိပ်မကောင်း..အညို အထက်တန်းကျောင်းသူ ဘ၀ကတည်းက အညို့ တွင်လေးဘက်နာရောဂါရှိသည်… ထိုမှ တဆင့်တက်၍ နှလုံးက သိပ်မကောင်းချင်..အရင်က ခဏခဏ အမောဖောက်သည်…အသက်ရှုကြပ်သည်…အညိုက ဘယ်အရာကို မဆို ထိခိုက်လွယ်သည်… ခံစားလွယ်သည်…တစ်ခါတစ်ရံ အလွမ်းအဆွေးကားများ ကြည့်၍ပင် ငိုဖူးသည်… ရင်နှင့် ခံစားပြီး ကြည့်သောအခါများတွင်ဆို ရင်ဘတ်ထဲက မကြာခဏဆိုသလို အောင့်တတ်သည်…သို့ သော် ဆေးကို ကြိတ်သောက်နေ၍သာ လူမသိခြင်း ဖြစ်သည်…အညိုကို လူတွေက ရောဂါသည်ကြီး တစ်ယောက်လို ဆက်ဆံမှာကို အညို မလိုလား… ထို့ ကြောင့်ပင် မည်သူကိုမျှ အသိမပေးခြင်းပါ…
ဒါပေမဲ့ အညိုကလည်း လူမမာ တစ်ယောက်ပုံလို ဘယ်တော့မှ မနေ…အမြဲတမ်း လန်းဆန်း တက်ကြွနေသည်…မိမိ နွမ်းနေလျှင် မိမိ လူမမာပုံပေါက်နေလျှင် မိမိ လူနာတွေကို ဘယ်လို အားပေးရမလဲ..ထို့ ကြောင့် အတတ်နိုင်ဆုံး အညို ကျန်းမာအောင်နေသည်… တစ်ပတ် အတွင်းပင် အညို ပြန်လည် လန်းဆန်းလာပြီး အရင်အတိုင်း ပုံမှန် ပြန်ဖြစ်လာသည်…
“ အညိုရေ…မောင် နောက် တစ်ပတ်ထဲမှာ အိမ်ခဏ ပြန်ဦးမယ်…အမေလည်း သိပ်နေမကောင်းဘူးတဲ့..” “ ဟုတ်လား..အညိုရော လိုက်ရမလားဟင်..” “ မလိုက်ပါနဲ့ ဦး အညိုရယ်..အညိုက နေလည်း သိပ်ကောင်းသေးတာ မဟုတ်ဘူး.. ပြီးတော့ မောင်တို့ နှစ်ယောက်လုံး ခွင့်ယူလို့ မဖြစ်ဘူးလေ..” အညိုရဲ့ မျက်နှာငယ်ငယ်လေးတွေ့ တော့ သက်မင်းမောင် ရင်ထဲ မကောင်းမိ…အညိုက သက်မင်းမောင် ဘာပြောပြော စောဒက မတက်… နားလည်ပေးသည်..ထို့ ကြောင့် အညို့ ကို တိုး၍ တိုး၍သာ သူချစ်မိသည်…အညိုရယ် တစ်နေ့ တော့ အညို့ ကို မောင့်မိဘတွေဆီ ခေါ်မှာပါ…မောင့်ရဲ့ အရိပ်မည်းတွေ ရှင်းလင်းပြီးတဲ့ တစ်နေ့ ပေါ့..အခုတော့ အညိုလေးကို မညစ်နွမ်းစေချင်တဲ့ ဆန္ဒနဲ့ ပါ…
“ အညိုရေ မောင် မနက်ဖြန် ဂျုတီပြီးတာနဲ့ ကားဂိတ်ဆင်းတော့မယ်နော်…အညိုက နေ့ လည် ဂျူတီဆိုတော့ မောင့်မိန်းမလေးကို သေသေချာချာ မနှုတ်ဆက်နိုင်မှာ စိုးလို့ ပါ..” မောင်က အညို့ ခါးလေးကို ဖက်ရင်း ဆိုတော့..အညို အလိုလို ၀မ်းနည်းလာသည်…“ မောင်ရယ် သိပ်အကြာကြီး မနေနဲ့ နော်…အညို မောင့်ကို သတိယနေမှာ..”..သြော်…အညိုရယ်…တစ်ခုခုဆို ထိခိုက် ခံစားလွယ်တဲ့ အညို အခုလည်း မျက်ရည်တွေ ကျနေပြန်ပြီ…ဒီလောက် ဖြူစင်ပြီး သနားစရာကောင်းတဲ့ အညို့ ကို မောင်လည်း အကြာကြီး မခွဲနိုင်ပါဘူး..သက်မင်းမောင် ရင်ထဲနင့်သွားသည်…“ စိတ်ချပါ အညိုရယ်..မောင်လည်း သိပ်မကြာပါဘူး..တစ်ပတ် ဆယ်ရက်လောက်ပါ..အညို့ ဆီကို အမြန်ဆုံးပြန်လာမယ်နော်..” တကယ်တော့ သက်မင်းမောင် ဟိုမှာ ဒီလောက် မနေချင်ပါ… အမေ့ ကျန်းမာရေး အကြောင်းပြကာ သူ့ ရဲ့ ရှင်းစရာ ဇာတ်လမ်းတွေကို ဒီတစ်ခေါက် အပြီး ရှင်းချင်တဲ့ စိတ်ကြောင့်သာ သူ ပြန်ရမှာ…
ညက အညို တော်တော်နှင့် အိပ်မပျော်၍ မိုးလင်းခါနီးမှသာ အိပ်ပျော်သွားသည်…မနက်ကျတော့ အညိုမနိုးသေး…သက်မင်းမောင်လည်း ဆေးရုံက ဂျုတီပြီးသည်နှင့် ကားဂိတ် တစ်ခါတည်း ဆင်းရမည်မို့  အ၀တ်အစားထုတ်တွေ ယူကာ ထွက်လာခဲ့သည်… စိတ်ထဲမှာတော့ လုပ်ရမည့် အစီစဉ်တွေကို အကွက်ချနေမိသည်…
အညို မောင့်ကို နှုတ်မဆက်လိုက်ရ၍ စိတ်ထဲမကောင်း…ကိုယ့်ကိုကိုယ်လည်း ဒေါသ ဖြစ်မိသည်…ညက အရင်ရက်တွေက ပင်ပန်းထားသည့် အရှိန်နှင့် တစ်ရေးမှ မနိုး… အညိုနိုးတော့ ၁၁နာရီပင် ခွဲတော့မည်…မျက်နှာသစ်ပြီး စားသောက်ဖို့ ပြင်ဆင်ကာ အစားကို စားသည်ဆိုရုံမျှ စားကာ ဆေးရုံ သွားတော့မည်ဟု ဆုံးဖြတ်လိုက်ကာ ရေမိုးချိုးသည်..ဟိုရောက်၍ အညိုကံကောင်းလျှင် မောင်နှင့် ဆုံနိုင်သေးသည်…ထို အတွေးနှင့် ခပ်သွက်သွက်ပင် ထွက်လာခဲ့သည်… ဒီနေ့ ဘယ်လိုဖြစ်သည် မသိ…အညို စိတ်တွေလေးနေသည်… ခေါင်းထဲတွင်လည်း မူးနောက်နောက်…
ဆေးရုံရောက်တော့ မောင်က သွားနှင့်ပြီတဲ့…အညိုလည်း စိတ်ပျက်လက်ပျက်နှင့် ၀ပ်ထဲ ၀င်ကာ အလုပ်စလိုက်တော့သည်…စောနေသေးသည် မှန်သော်လည်း လူက အားနေလျှင် မောင့်ကို ပို၍ သတိယလိမ့်မည်… ၀ပ်ထဲက အထွက် လူက ဘယ်လို ဖြစ်သွားသည် မသိ…မိုက်ခနဲ…အနားမှ မသီတာ အဖြတ်နှင့်တိုး၍ လှမ်းဆွဲလို့ သာ အညို ကြမ်းပေါ် မရောက်ချင်းပါ… “ အညို ဘယ်လိုဖြစ်တာလဲ…လာ လာ ” မသီတာက နားနေခန်းထဲ တွဲခေါ်လာသည်…ခဏနေတော့ အညို ပျို့ ပျို့ တက်လာသည်…ဘယ်လိုမှ မနေနိုင်… အရမ်းအန်ချင်လာ၍ မသီတာက လက်ဆေးကန်တွင်ပင် အညို့ ကို နောက်မှ နှိပ်ပေးသည်…
“ အညို …အစ်မတော့ သိပ်မသင်္ကာဘူး..လာ စစ်ကြည့်ရအောင်..” ဟုဆိုကာ စမ်းသပ်မှုတွေ ပြုလုပ်နေသည်…အညိုလည်း ကိုယ့်ကိုကိုယ် သိနေသည်… ဆရာဝန် တစ်ယောက်လုပ်နေတာပဲလေ… ဒီလောက်တော့ ရိပ်မိသည်..သို့ သော် ကြိုတင် ပြင်ဆင်ထားတာ မရှိ…မောင်ကလည်း ခရီး ထွက်သွားသည်နှင့် တိုက်ဆိုင်စွာပင်…အညို့ တွင် ကိုယ်ဝန် ရှိနေပြီဆိုတာ သိသည်… တွေးရင်း ဘာကို အားငယ်မှန်း မသိ အားငယ်လာသည်…လူတစ်ကိုယ်လုံး အင်အားတွေ ကုန်ခမ်းသွားသလို နုံးဖတ်လာသည်… “ အညို့ မှာ ကိုယ်ဝန် ရှိနေပြီ…ဒါပေမဲ့ အညို့ ကျန်းမာရေး အခြေနေက အစ်မတော့ သိပ်အားမရဘူး…ဘာလို့ ကြိုကြိုတင်တင် မကာကွယ် ထားတာလဲ အညိုရယ်…အညို့ အတွက် အစ်မ စိုးရိမ်တယ်..” မသီတာက ကိုယ့် အစ်မရင်းလို ဖြစ်နေလို့ စေတနာ စကား ဆိုသည်… “ အညိုလည်း ခါတိုင်းလိုပဲ…ပေါ့ပေါ့ဆဆ နေမိတယ် အစ်မရယ်.. အခုလို ဖြစ်လာမှတော့ ဘာတတ်နိုင်မှာလဲ…အညိုတို့ က ဆရာဝန်ဆိုတော့ လူ့ အသက်တစ်ချောင်းကို တန်ဖိုးထားရမှာပဲပေါ့ အစ်မရယ်…”… မသီတာက သက်ပြင်းမောကြီးချကာ အညို့ ကို သနားတဲ့ မျက်ဝန်းတွေနှင့်ကြည့်ကာ “ အေးလေ…ဖြစ်လာမှတော့ အညို့ ကိုသာ ကျန်းမာရေး ကောင်းအောင် လုပ်ပေးရုံပဲ ရှိတာပေါ့..ဒါပေမဲ့ ဘာမှ စိတ်အား မငယ်ပါနဲ့ အညိုရယ်..စိုးရိမ်စရာလည်း မရှိပါဘူး…သက်မင်းမောင် မရှိပေမဲ့ အစ်မတို့ တွေ ရှိနေတာပဲ..သူ့ ကိုရော ဘယ်တော့ အကြောင်းကြားမလဲ…” “ ညကျရင် မောင် ဖုန်းဆက်လိမ့်မယ်..အဲ့ဒီခါကျမှပဲ အသိပေးလိုက်တော့မယ်.. အခုတော့ အညို နားချင်တယ် အစ်မရယ်..” “ ဒါဆို အညို အိမ်ပြန်လိုက်လေ..ဒီကအတွက် ဘာမှ ပူမနေနဲ့ နော်..”…အညိုလည်း စိတ်တွေ လေးလံ နေတာမို့ အိမ်မှာပင် ပြန်နားလိုက်သည်…
အညို ခဏမှေးခနဲ အိပ်ပျော်သွားသည်…နိုးတာနှင့် အိမ်ရှေ့ မှာ ခဏ ထွက်ထိုင်နေတုန်း..စာပို့ သမားတစ်ယောက် အိမ်ရှေ့ လာရပ်သည်မို့ အညို့ အတွက် တော်တော် ထူးဆန်းနေသည်… “ ဒေါက်တာ သက်မင်းမောင်ရှိလား..” “ သြော်…သူ မရှိပါဘူး… ခရီး သွားပါတယ်..ကျွန်မ သူ့ အမျိုးသမီးပါ… ဘာကိစ္စရှိလို့ လဲ…” အညိုလည်း တစ်ခါမှ စာတွေဘာတွေ မလာဖူး၍ စိတ်ဝင်စားနေသည်…“ အော်..ဟုတ်ကဲ့…ဒေါက်တာ သက်မင်းမောင် အတွက် စာပါ…အစ်မလေး လက်မှတ်ထိုးယူထားလို့ ရပါတယ်…” ဆို၍ အညို လက်မှတ်ထိုးပေးလိုက်သည်…စာပို့ သမား ထွက်သွားသွားချင်း အညို စူးစမ်းလိုစိတ်ကို မအောင့်အီးနိုင်..မောင့်စာဆို၍ ပိုလို့ ပင် အံ့သြမိသည်…မောင့်ဆီကို ဘယ်တုန်းကမှ စာမပြောနှင့် ဖုန်းတောင် မလာဖူးပေ….မောင်လာမှ ပေးမည်ဟု စဉ်းစားမိသော်လည်း စာအိတ်ပေါ်မှ လက်ရေးက အမျိုးသမီး တစ်ယောက်ရဲ့ လက်ရေးဟု ထင်မိသည်…စာအိတ်လေးက နည်းနည်းမာသည်…အထဲတွင် တစ်ခုတော့ တစ်ခုပဲ… စိတ်လှုပ်ရှားလွန်း၍ ရင်ခုန်နှုန်းတွေ မြန်နေသည်… သိချင်ဇောတွေ ထိန်းမနိုင်တော့တာကြောင့် စာအိတ်လေးကို ဖွင့်လိုက်မိသည်….
(မှတ်ချက်။ စာဖတ်သူတွေ မျက်စိတွေ ညောင်းမှာ စိုးလို့ အပိုင်းထပ်ခွဲဖို့ ဆုံးဖြတ်လိုက်ပါတယ်...ဆက်ရန်လေးကို ထပ်မျှော်မယ်လို့ မျှော်လင့်ပါတယ်...:P)
Tuesday, September 15, 2009
သက်မင်းမောင်၏ အတိတ်
“ ဟယ် ကိုသက်ကြီး ပြန်ရောက်နေပြီတော့..” ဖြူဖြူခိုင်က ပြောလည်းပြော ကြည့်လည်း ကြည့်မို့ စံပယ်ထွေးလည်း သူကြည့်ရာ လိုက်ကြည့်မိတော့…သားလတ်လတ် မျက်ခုံး မျက်လုံးကောင်းကောင်း တည်ကြည်သည့် အသွင်ဆောင်သည့် ယောကျာ်းတစ်ယောက်…စံပယ်ထွေးတို့ အလုပ်လုပ်သော ဆိုင်နှင့် မျက်စောင်းထိုး ကွမ်းယာဆိုင်တွင် ဆိုင်ကယ်ကို ခွကာ ဖြူဖြူခိုင် အစ်ကို သူငယ်ချင်း တစ်သိုက်နှင့် လေပေးဖြောင့်နေသည်….“အဲ့ဒါ ဘယ်သူလဲ..” ဖြူဖြူခိုင်ရဲ့ အံ့သြ၀မ်းသာသံကြီးကြောင့် စံပယ်ထွေးလည်း စပ်စုလို၍ မေးလိုက်သည်…“ဈေးထိပ်က ယမင်းသူ ရွှေဆိုင်ပိုင်ရှင်ရဲ့ သားလေ..သူက အခု ရန်ကုန်မှာ ဆေးကျောင်းတက်နေတာ…နင်က ငါတို့ မြို့ က မဟုတ်တော့ သူ့ အကြောင်း ဘယ်သိမလဲ..သူ့ အစ်ကိုကလည်း ဆရာဝန်ပဲ..သူ့ အစ်မ ယောကျာ်းကလည်း ဆရာဝန်ပဲ..သူက အငယ်ဆုံး..ငါတို့ မြို့ မှာတော့ လူချမ်းသာ စာရင်းဝင်ပေါ့…ကိုသက်ကြီးက သဘောကောင်းတယ်…သူများဆိုလည်း အားနာပြီး အရမ်း ကူညီတတ်တယ်…ဒီမြို့ က အပျိုတွေက ကိုသက်မင်းမောင်ကို ချိန်နေကြတာလေ… သူက မဆွတ်ခင် ညွှတ်ချင်နေကြတာ..”..ဖြူဖြူခိုင် စိတ်ရှည် လက်ရှည်နှင့်ပြောသော စကားများသည် စံပယ်ထွေးအတွက် တွေးစရာ ငေးစရာပါ… ကိုယ့်ဘ၀ကိုယ် အားငယ်နေတာ ခုလို ကြားရတော့ စိတ်ထဲမှာ အတွေး တစ်ခု ၀င်းလက်လာတယ်…စံပယ်ထွေး အဓိပ္ပါယ် တစ်ခုနှင့် ပြုံးလိုက်တာကို ဖြူဖြူခိုင် တစ်ယောက် မြင်ပုံပင်မရ…
စံပယ်ထွေးက ကိုသက်မင်းမောင်တို့ မြို့ နှင့် နည်းနည်းလှမ်းသော ရွာက ရွာသူ..အသားက ညိုညို..ရုပ်က အချောကြီး မဟုတ်ပေမဲ့ ကြည့်ပျော် ရှုပျော်ရှိသည်..ကိုယ်လုံးကိုယ်ပေါက်ကလေးကလည်း ၁၇နှစ် အရွယ် အပျိုပေါက်.. စံပယ်ထွေးတို့ မှာ မောင်နှမ နှစ်ယောက်..အမေ နောက် အိမ်ထောင်ပြုလိုက်ကတည်းက အစ်ကိုကြီးက အိမ်မှာ မနေ..လမ်းပေါ်မှာ အချိန်ပြည့် မူးရူး သောက်စားရင်း ကြုံရာမှာနေတယ်…အမေ ပန်းနာရောဂါနဲ့ ဆုံးတော့မှ အိမ်ကို တစ်ခေါက်ပြန်လာတယ်..စံပယ်ထွေးကို ပထွေးနဲ့ နေလို့ မဖြစ်နိုင်လို့  အိမ်ကနေ ဒီမြို့ ပေါ်မှာ အဖေ့ဘက်က အမျိုးတော်စပ်တဲ့ အဒေါ်အိမ်မှာ ထားပြီးကတည်းက ပေါ်မလာတော့… အဒေါ်လို့ သာပြောတာ…စပ်မှ တော်တဲ့ အဒေါ်ပါ..စံပယ်ထွေးကိုလည်း အိမ်ဖော်လိုသာ ထားသည်…တစ်နေ့ တစ်နေ့ သူပြောသမျှ သူဆဲဆူသမျှခံနေရတဲ့ ဘ၀က ကျွတ်ချင်သည်.. ဒါကြောင့်လည်း ဒီ စတိုးဆိုင်မှာ ဖြူဖြူ အကူအညီနဲ့ အရောင်းစာရေး ၀င်လုပ်ဖြစ်သည်..ဒါတောင် ရတဲ့ လစာ အကုန်ပေးပါ့မယ် ပြောမှ သဘောတူညီမှုရခဲ့တာ..ဘာပဲဖြစ်ဖြစ် သူ့ အဆူအဆဲက နည်းနည်းတော့ သက်သာသွားသည်…အလုပ်ဝင်ပြီး တစ်ပတ်အကြာ ဖြူဖြူ အစ်ကို သူငယ်ချင်း ကျော်ကျော်နှင့် ချစ်သူတွေ ဖြစ်သွားကြသည်..ကျော်ကျော်က အမေတစ်ခု သားတစ်ခု.. ဈေးထဲမှာ ကုန်ခြောက်ဆိုင်လေး ဖွင့်ထားတယ်…အိုးပိုင် အိမ်ပိုင်နဲ့ ကိုယ်ပိုင် စီးပွားရေးလေးနဲ့ စိုစို ပြည်ပြည် နေရတဲ့ ကျော်ကျော်ကို အစကတော့ ရည်းစားဖြစ်ရတာ စိတ်ထဲမှာ ကျေနပ်သလိုလို…အခု ကိုသက်မင်းမောင်နှင့် ယှဉ်လိုက်တော့မှ ဘယ်လို မှ ယှဉ်လို့ မရ… စံပယ်ထွေး တွေးချင်ရာတွေးပြီး ညနက်ထိ တော်တော်နှင့် အိပ်မပျော်ခဲ့…
“ စံပယ် နေမကောင်းဘူးလား..မျက်နှာလည်း မကောင်းဘူး…”..ကျော်ကျော်က စိုးရိမ်မကင်း မေးတော့ “ မဟုတ်ပါဘူး.. စံပယ့်ဘ၀ကို တွေးပြီး စိတ်မကောင်းဖြစ်နေတာပါ..”..“ သြော်..စံပယ်ရယ် ဘာများ စိတ်မကောင်းဖြစ်စရာရှိလဲ..စံပယ်နားမှာ ကျော်ရှိတာပဲလေ..”..“ စံပယ် ဒီလို ဘ၀မျိုးက အရမ်း လွတ်မြောက်ချင်တာပဲ ကျော်ရယ်..”..“ ဟေ့ကောင် ကျော်ကျော်..” စံပယ်တို့ ထိုင်နေတဲ့ အအေးဆိုင်ထဲ ရုတ်တရက် ၀င်လာတဲ့သူကို သူ တို့ နှစ်ယောက်စလုံး စကားစ ပြတ်ကာ အလန့် တကြား မော့ကြည့်တော့ စံပယ်ရင်တွေ ဒိုင်းခနဲ အခုန်မြန်လာသည်…စံပယ်ရဲ့ ညစဉ်အတွေးထဲက စိတ်ကူးယဉ် မင်းသား ကိုသက်မင်းမောင်… “ ဟာ ကိုသက်ကြီး…ဘယ်တုန်းက ရောက်တာလဲ..ကျွန်တော်လည်း ဆိုင်ကိစ္စနဲ့ အလုပ်နည်းနည်း ရှုပ်နေလို့ အစ်ကို ရောက်တာ မသိလိုက်ဘူး.. အော်…ကိုသက်..ဒါ ကျွန်တော့်ချစ်သူ စံပယ်ထွေးတဲ့..စံပယ် ဒါ ကိုသက်မင်းမောင်တဲ့..ရန်ကုန်မှာ ဆေးကျောင်းသွားတက်နေတာ…”… ကျော်ကျော် မိတ်မဆက် ပေးပါစေနဲ့ လို့  ဆုတောင်းပေးမဲ့ မပြည့်တော့ပါ…စံပယ်ထွေးရဲ့ စိတ်ကူးတွေ အခိုးအငွေ့ တွေ ဖြစ်သွားလို့ “ ဟုတ်ကဲ့..” တစ်လုံးသာ ပြောနိုင်သည်..သူနဲ့ ကိုသက်ကတော့ စကားတွေ ဖောင်ဖွဲ့ လို့ …
“ ဟေး…ကျော်ကျော်..”.. “ ဟာ ကိုသက် အစောကြီးပါလား…ဈေးလာတာလား..” “ အေး မုန့် စားမယ်ဆိုပြီး ထွက်လာတာ…တစ်ယောက်တည်း ပျင်းတာနဲ့ မင်းဆီ လှည့်လာတာ..လာကွာ တို့ လက်ဖက်ရည်ဆိုင် သွားရအောင်…” အမေက ဘုရားရှိခိုးပြီး ခဏနေလာတော့မှာမို့ ဘေးဆိုင်မှ မအေးမာကို ဆိုင်ခဏကြည့်ဖို့ မှာရင်း နှစ်ယောက်သား ထွက်လာကြတယ်… “ ငါက မင်းဆိုင်မှ ဖွင့်ပါဦးမလားလို့ .. ဒီရောက်တော့ မင်းကအစောကြီး အလုပ်ကြိုးစား လှချည်လားကွ..”…“ ကြိုးစားရမယ် ကိုသက်ရ…နောက် နှစ်နှစ် သုံးနှစ်လောက်ဆို ကျွန်တော် မိန်းမ ယူမလို့ ..ကောင်မလေးက သိပ်အဆင်မပြေဘူးလေ…”.. ကျော်ကျော်ဆီက သူ့ ကောင်မလေး အကြောင်းကြားတော့ ဂရုဏာ သက်မိသည်..“ အေးကွာ… မင်းအရွယ် က အိမ်ထောင်ပြုဖို့ စောသေးပေမဲ့..ကိုယ့် အခြေအနေ ကိုယ် အသိဆုံးပေါ့…လိုတာရှိပြောကွာ ကူညီမယ်…သောက် သောက်..”…ကျော်ကျော်တစ်ယောက် စိတ်ညစ်သွားမည်စိုး၍ ဟိုဟိုဒီဒီ သူ စကား လမ်းလွှဲ ပြောပေမဲ့ ကျော်ကျော်ကတော့ ငေးငေးငိုင်ငိုင်နှင့် လက်ဖက်ရည်ခွက်ကို ငုံ့ သောက်နေတော့သည်…
နောက်ပိုင်းလည်း သက်မင်းမောင် တစ်ယောက် တခြားသူငယ်ချင်းတွေက အလုပ်ကိုယ်စီမို့ ပျင်းလျှင် ကျော်ကျော်ဆီသာ ရောက်ဖြစ်သည်..ကျော်ကျော်က ကိုယ်ပိုင် အလုပ်ဆိုတော့ သိပ် ပြဿနာ မရှိ..လက်ဖက်ရည်ဆိုင်လည်း လိုက်ထိုင်နိုင်သည်..တစ်ခါတစ်လေ သူတို့ သမီးရည်းစား နှစ်ယောက်ကြား ပါသွားတတ်သေးသည်… သူလိုက်သွားတာ တခြား အကြောင်းကြောင့်တော့ မဟုတ်… ကျော်ကျော်နှင့် စံပယ်ထွေးကလည်း လိုလိုလားလား ခေါ်သည်..ပြီးတော့ စားကျ သောက်ကျရင် သက်မင်းမောင်ပဲ ရှင်းပေးချင်သည်… သူတို့ လေးတွေကို စာနာ သနားလို့ ပါ….သူ့ မှာ ညီမ မရှိတော့ စံပယ်ထွေးကိုလည်း ကိုယ့်ညီမ တစ်ယောက်လို ခင်မင်သည်.. စံပယ်ထွေးကလည်း သူ့ ကို အရင်ကထက် ပို ရင်းနှီးလာသည်…သိပ်မကြာလိုက်ပါ…ခွင့်ရက်ကလည်း စေ့တော့ သက်မင်းမောင် တစ်ယောက် အားလုံးကို နှုတ်ဆက်ပြီး ရန်ကုန် ပြန်လာခဲ့သည်…စံပယ်ထွေးက မျက်ရည် အ၀ိုင်းသားနှင့်… အားလုံးကတော့ စံပယ်ထွေး အကြံကို မသိကြတော့ သံသယ မ၀င်ခဲ့ကြ… ထို အချိန်ထိ သက်မင်းမောင် သူ့ ကံကြမ္မာကိုရော စံပယ်ထွေး အကြံကိုရော လုံးလုံး မရိပ်မိခဲ့ချေ…
ဒီတစ်ခေါက် အိမ်ပြန်တော့ ကျော်ကျော် အတွက်ရော စံပယ်ထွေး အတွက်ပါ လက်ဆောင်တွေ ၀ယ်သွားဖြစ်သည်…ခါတိုင်းလိုပင် သူတို့ သုံးယောက် ဆုံဖြစ်ကျတယ်… “ ဒီတစ်ခေါက်တော့ ခါတိုင်းလို ကြာမှာ မဟုတ်တော့ဘူးကွ…စာတွေများလာပြီလေ…တစ်ပတ်လောက်ပဲ နေမှာ..” သက်မင်းမောင် ကျော်ကျော်တို့ နဲ့ ဆုံတုန်း ပြောလိုက်တာပါ…“ အော် ဘာလိုလိုနဲ့ ကိုသက်ကြီးတောင် ဆရာဝန် ဖြစ်ဖို့ နီးလာပြီနော်…ကြင်ယာတွေ ဘာတွေ မရှာတော့ဘူးလားဗျ…” ကျော်ကျော် စကားက စံပယ်ထွေးကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်…ကိုသက်မင်းမောင် ဖြေမဲ့ အဖြေကိုလည်း ရန်ခုန်စွာ စောင့်စားမိသည်… “ အာ ကျောင်းမှာတော့ အပျိုချောလေးတွေ ရှိတာပေါ့ကွ..ဒါပေမဲ့ ကိုယ့်ကျောင်းစာနဲ့ ကိုယ် ဆိုတော့ အဲ့ဒီဘက်လည်း မလှည့်အားပါဘူးကွာ…မင်းပြောမှ သတိယတယ်…ကျောင်းပြီးရင်တော့ မပြောတတ်ဘူး..ဟဲဟဲ”.. သက်မင်းမောင် စကားကို ဘာတွေ သဘောကျသည် မသိ သွားတဖြီးဖြီးနဲ့ လိုက်ရယ်နေသော ကျော်ကျော်ကို သာ ထုရိုက်လိုက်ချင်စိတ်ဖြစ်မိသည်…
စံပယ်ထွေး စိတ်ညစ်သည်… အဒေါ်ကလည်း တမှောင့် ဒီကြားထဲ ဘယ်မှာနေပြီး ဘယ်က ဘယ်လို ပေါ်လာမှန်း မသိတဲ့ အစ်ကိုကလည်း ပိုက်ဆံ လာလာတောင်းနဲ့  ….အစ်ကို ကြည့်ရတာ ဆေးတွေ ဘာတွေ စွဲနေသလိုပဲ….စိတ်တွေ ရှုပ်လိုက်တာလေ… ထွက်ပေါက်..ဟုတ်တယ်.. ထွက်ပေါက် တစ်ခုတော့ ရှာရတော့မယ်… မွန်းကြပ်လာပြီ..စံပယ်ထွေးဆုံးဖြတ်ချက် တစ်ခုကို ချအပြီး အိပ်ပစ်လိုက်တယ်….
သက်မင်းမောင် ဒီနေ့  မြို့ ပြင်က သူ့ ဦးလေးဆီ သွားမလို စောသေးတာမို့ဆိုင်ကယ်ကို ခပ်ဖြည်းဖြည်းမောင်းလာခဲ့တယ်… ဟိုင်းဝေးလမ်းလည်း ဖြစ်..မနက် ၆နာရီ ဆိုတော့ ကားလည်းရှင်း လူလည်း ရှင်းသည်… ဟင်..ဟိုမှာ စံပယ်ပါလား..သူ့ ဆိုင်ကယ်ကို လှမ်းတားနေတာ စံပယ်…“ ဟင် စံပယ် လက်ထဲမှာ လည်း အထုပ်နဲ့ စောစော စီးစီး ဘာဖြစ်လာတာလဲ..”..“ နောက်မှ မေးပါ ကိုသက်ရယ်..စံပယ်ကိုသာ လိုက်ပို့ ပေးပါ..” “ ဘယ်ကိုလဲ..ဘယ်သွားမလို့ လဲ..” “ ပြောမယ် ပြောမယ်..မောင်းတော့..” ပျာယီပျာယာ နဲ့ ဘာမှ မပြောသေးပဲ ဆိုင်ကယ်ပေါ် ရောက်တာနဲ့ အတင်းမောင်းခိုင်းတော့သည်… သက်မင်းမောင်လည်း ဘုမသိ ဘမသိ မောင်းလာလိုက်သည်… စံပယ်ထွေး ညွှန်ပြသော ခြံထဲသို့ ဆိုင်ကယ်ကို မောင်းဝင်လိုက်သည်… ခြံက နည်းနည်းတော့ အိုနေပြီ..လူသူ ရှိပုံလည်း မပေါ်… အထဲရောက်တော့ “ ကဲ စံပယ်..ကိုယ့်ကိုလည်း ပြောပါဦး…ဘာတွေ ဖြစ်လာတာလဲ…”..“ စံပယ်ကိုလေ..ဒေါ်လေးက သူ့ အသိ လယ်ရှင်တစ်ဦးနဲ့ ပေးစားတော့မလို့ တဲ့..အဲ့ဒီလူကြီးက မုဆိုးဖို..အသက်က လေးဆယ်..ကိုသက်ပဲ စဉ်းစားကြည့်ပါဦး..”…တုန်ရီ နေတဲ့ အသံနဲ့  ပြောလည်း ပြောငိုလည်းငို…ပြီးတော့ သူကပဲ “ အဲ့ဒါ ကျော်ကျော်နဲ့ ခိုးရာလိုက်လာတာ…အဒေါ်ရိပ်မိမှာ စိုးလို့  စံပယ်က အရင် ထွက်လာတာ… ကျော်ကျော်က နောက်ကနေ လိုက်လာမှာ…”.. ကျော်ကျော်သိသည်ဆို၍ နည်းနည်းတော့ စိတ်သက်သာရာ ရသွားသည်…သို့ သော် ဒီကိစ္စကို ကျော်ကျော် ဘာလို့ သူ့ ကို အသိ မပေးတာလဲ…တကယ်ဆို သူ့ ကို တိုင်ပင် အသိပေးသင့်သည်ပဲ… အေးလေ ဗြုန်းစားကြီးဆိုတော့ သူ့ ကို မပြောလိုက်တာနေမှာပါ..ပြီးတော့ မနေ့ က ကျော်ကျော်နဲ့ တွေ့ တော့ ဒီနေ့ သူ မအားတဲ့ အကြောင်း မြို့ ပြင်ကို သွားမယ်လို့ ပြောခဲ့တာ..ဒါကြောင့် အကူညီ မတောင်းတာနေမှာ..ကောင်မလေးကို ကြည့်တော့လည်း သနားစရာ…“ ကျော်ကျော် မလာခင် အထိတော့ စောင့်ပေးပါနော် ကိုသက်..”..သူလည်း အင်း တစ်လုံး ခံပြီး အိမ်ရှေ့ က ခုံတန်းလေးမှာ ထွက်ထိုင်နေလိုက်သည်… သူနဲ့ စံပယ် နှစ်ယောက်တည်း… အိမ်ထဲမှာ နေလို့ မသင့်တော်ဘူးလေ… သက်မင်းမောင်က ဘာမှ မသိရှာ…စံပယ်ကတော့ အိမ်ထဲမှာ ကိုယ့် အကြံနှင့်ကိုယ်…
“ ကိုသက်…ကော်ဖီသောက်ပါဦး…မနက်က ဘာမှ မစားရသေးဘူး မှတ်လား..”… စံပယ်က ကော်ဖီခွက် ချရင်း အိမ်ထဲ ပြန်ဝင်သွားလေသည်…ကောင်မလေးကြည့်ရတာ တစ်မျိုးပဲ…ခိုးရာလိုက်တာဆိုတော့ ရှက်နေတာ နေမှာပါလေ… သူလည်း ဗိုက်ဆာဆာနှင့် ကော်ဖီကို ကုန်အောင် သောက်လိုက်သည်… ဟိုကောင် ကျော်ကျော်ကလည်း တော်တော်နှင့်မလာသေး…ခဏနေတော့ သူ့ မျက်စိတွေ ဘယ်လို ဖြစ်သည် မသိ…လေးလံလာသည်…မနက်က အစောကြီးထလို့ အိပ်ချင်လာတာလား..မဟုတ်နိုင်…သူ ဘယ်လိုမှ တင်းမခံနိုင်တော့…အသိတွေ အမှောင် အတိဖုံးသွားပြီ…
ဘယ်အချိန်ထိ သူအိပ်ပျော်သွားသည် မသိ…သူ့ နားထဲ ဆူညံ ပေါက်ကွဲသံတွေ ၀င်လာတယ်…မျက်စိကို ဖွင့်လိုက်တော့ မီးဝင်းဝင်းတောက်နေတဲ့ မျက်လုံးနဲ့ သူ့ ကို ၀ါးစားတော့ မတတ်ကြည့်နေတဲ့ ကျော်ကျော်…သူ့ ဘေးကို ကြည့်တော့ တရှုံ့ ရှုံ့ ငိုနေတဲ့ စံပယ်…သူ ဘယ်ရောက်နေတာလဲ…ဟာ..သူ့ ကိုယ်သူ ပြန်ကြည့်တော့ အ၀တ် မရှိ အောက်ခံ ဘောင်းဘီတိုကို စောင်ဖုံးအုပ်ထားသည်…စံပယ်ကလည်း ထမိန်ရင်လျားကို တဘက် ပတ်ထားသည်… ဘာတွေ ဖြစ်ကုန်တာလဲ..သူက ဘယ်လိုလုပ် ဒီ အိပ်ခန်းထဲ ရောက်နေတာလဲ…သူ အပြင်မှာ ထိုင်နေတာပါ…နောက်မှ သူ အခြေနေကို နည်းနည်း သဘောပေါက်သလို ဖြစ်လာပြီး အလန့် တကြား “ ကျော်ကျော်…မဟုတ်ဘူး…မဟုတ်ဘူး..မင်း မင်း ထင်သလို မဟုတ်ဘူးနော်..ငါ ငါ အပြင်မှာ ထိုင်နေတာ… စံပယ်..ဟဲ့ စံပယ်..နင် ပြောလိုက်လေဟာ..”… သူ့ စကား ဆုံးအောင် မပြောလိုက်ရပါ..ခွပ်ဆိုသော အသံနှင့် သူ့ မေးရိုး တစ်ခုလုံး ပူထူသွားသည်…“ ဒီမှာ ကိုသက်…မိန်းမ ဒီလောက် ရှားသလား…ခင်ဗျားကြီးဗျာ… လုပ်ရက်တယ်.. တောက်..ဟာ…”.. ကျော်ကျော်နောက် လက်သီးတစ်ချက် ထပ်ထိုးဖို့ လက်ကို အမြှောက်..“ ဟဲ့ ဟဲ့ အို..မလုပ်ကြနဲ့ လေ…ဟဲ့ကျော်ကျော်..တော်ပြီ.. မလုပ်နဲ့ တော့..”..ဒီမိန်းမကြီးက ဘယ်သူလဲ ..သူ့ နောက်မှာလည်း အသက် အစိတ်အရွယ် ယောကျာ်း တစ်ယောက်..ပြီးတော့ ကျော်ကျော် အမေ…သူတို့ ကရော ဘာလို့ ရောက်လာကြတာလဲ…စံပယ်ကလည်း ငိုရှိုက်မြဲ… သက်မင်းမောင် ခေါင်းတစ်ခုလုံး ပေါက်ကွဲမတတ် သွေးတွေ ဆူဝေနေသည်… သူ့ သိက္ခာ သူ့ မိသားစု အရှက် အားလုံး လူပုံအလည် ရစရာ မရှိတော့…စံပယ် မင်း ယုတ်မာ လှချည်လားကွာ…
သူနှင့် စံပယ်ကို လက်ထပ်ပေးကြသည်…သူက လက်ထပ်တာကို ရပ်ကွက်ထဲတွင်ပင် အကျဉ်းရုန်းရန် ဆုံးဖြတ်လိုက်သည်…ရပ်ကွပ်ရုံးမှာပင် လက်မှတ်ထိုး…စံပယ်က အသက် ၁၇နှစ် ကျော်ရုံသာ ရှိသေးသည်…သို့ သော် စံပယ်ဘက်က သူ နှင့် အိမ်ထောင်ကျသွားခြင်းကိုသာ အဓိက ထားသည့် အတွက် သိပ်ပြီး အရေးတယူမရှိလှ… အိမ်နီးချင်းကို လက်ဖက်ရည်တိုက်.. ဒီလောက်ပါပဲ… သူမကျေနပ်ပါ… ဒါ သူ့ ကို သက်သက် အကွက်ဆင် ဖမ်းတာ..အဖေနဲ့ အမေဆို သူ့ ကြောင့် မြို့ မှာ မျက်နှာ ပျက်ရပြီ…သူ့ ကို စကားတောင် မပြော..အစ်မလည်း ထိုနည်း အတိုင်းပင်..သူ့ ကို နားလည်သူဆိုလို့ အစ်ကိုကြီး သက်ဝင်းအောင် နှင့် သူ့ ခဲအို ကိုမြင့်စိုး နှစ်ယောက်ပဲ ရှိသည်…သူ ပြောတာကို ဘယ်သူမှ လက်မခံ… အစ်ကိုကြီးကတော့ လက်ခံသည်…သို့ သော်…ဘယ်သူ မပြု မိမိမှုလို့ သာ ပြောသည်…. သက်မင်းမောင် တစ်ယောက် ရွဲ့ တော့သည်…အကြီးအကျယ် ပေါက်ကွဲဖြစ်သည်…သူ ၏ မင်္ဂလာဦးညတဲ့.. သက်မင်းမောင် တစ်ယောက် ထိန်းမနိုင် သိမ်းမရ မူးတော့သည်… မိစံပယ်ကို သူ မုန်းတီးမိသည်… သူ ဘာကြောင့် ဒီလို လုပ်သည်ဆိုတာကို သူ သဘောမပေါက်…
“ ကိုသက်..အရမ်းမူးနေပြီ..လာပါ အိပ်ခန်းထဲ သွားရအောင်နော်..”..“ ဖယ်စမ်း…နင် ငါ့အသားကို မထိနဲ့ .. နင့်အသားကို ငါမထိတာတောင် နင်က ငါ့ကို အပိုင်ကိုင်နိုင်တယ်..ဟင်းဟင်း..နင်နဲ့ ငါ ဘာမှ မဖြစ်ဘူးဆိုတာ ဘယ်သူမှ မယုံကြဘူးနော်… နင်က ငါ့ကို တော်တော် လိုချင်နေတာလား..ငါ့မယား သိပ်ဖြစ်ချင်တယ်ပေါ့…အဟပ်ဟပ်…” သက်မင်းမောင် ခြောက်ကပ်ကပ် ရယ်သည်…. သက်မင်းမောင် စကားများသည် သာမာန် မိန်းကလေးတစ်ယောက်အား အရှက်နှင့် သိက္ခာ မရှိအောင်ကို စော်ကားသလို ဖြစ်ပေမဲ့ စံပယ်အတွက်ကတော့ ကိုယ့်အပြစ်နဲ့ ကိုယ်မို့  သူပြုသမျှ လည်စင်းခံရုံသာ တတ်နိုင်သည်…မိမိဘ၀ကိုသာ အားမလို အားမရနှင့် မျက်ရည်သာ တွင်တွင် ကျမိတော့သည်… သူမအတွက် မင်္ဂလာဦးညသည် ကိုသက်၏ အငြိုးများနှင့် ဒေါသများ ပေါက်ကွဲထွက်သော ညတစ်ညသာ ဖြစ်တော့သည်..
သူခေါင်းတွေ တော်တော်ကို နောက်ကျိ ကိုက်ခဲနေသည်… ညက သူတော်တော် မူးပြီး စံပယ်ထွေးနှင့် ဘာတွေပြော ဘာတွေ ဖြစ်ခဲ့သည်ကို သူ မသိတော့… သေချာတာကတော့ သူ တော်တော်ကို ပေါက်ကွဲခဲ့လိမ့်မည်… ဒီနေ့ သူ ရန်ကုန် ပြန်ရမည်… ဒီနေရာနှင့် ဝေးရာကိုသာ သူ ထွက်သွားမည်… သူ စိတ်က တော်တော်နှင့် မပြေသေး..သူ ရေခဲသေတ္တာထဲက အရက်ပုလင်းထပ်ထုတ်ပြီး ထပ်သောက်သည်..ထပ်မူးလျှင် သူ့ အတွက် ပို သက်သာမည်… သူဘာမှ မစဉ်းစားတော့.. အရက်သောက်ပြီး ရန်ကုန် ပြန်ခဲ့သည်…
နောက်ပိုင်းတွင်လည်း အိမ်ကို လင်ယောကျာ်း တာဝန်အရ နောက်ပြီး မိဘတွေကို တွေ့ ချင်စိတ်နှင့်သာ ပြန်ပြန် လာခဲ့ရသည်…မိစံပယ်ကို သူ နည်းနည်း မှ မကျေနပ်… မိစံပယ်ကတော့ ဘာမှ ပြန် မပြောရှာ..သူ ပြောဆို ပြုသမျှ ခေါင်းငုံ့ သာ ခံသည်… သူအိမ်ရောက်တိုင်းလဲ အရက်ကိုသာ အဖော်ပြုသည်.. မည်သူနှင့်မျှလည်း မတွေ့ … ကျော်ကျော် တစ်ယောက်သာ သူ့ ကို လာတောင်းပန်သည်.. သူမှားသွားသည့်အကြောင်း..စံပယ်ထွေးနှင့် သူ့ အစ်ကိုက ဒီအစီအစဉ်ကို စီစဉ်တာကို သူ နောက်မှ သိရတဲ့ အကြောင်း… စံပယ်ထွေးက သူ့ ရဲ့ လက်ရှိဘ၀က လွတ်မြောက်ချင်လို့ ဒီလို ကြံစည်တာ ဖြစ်လို့ စံပယ်ထွေး အပေါ်ကို စိတ်မနာပါနဲ့ လို့ သူ့ ကို တောင်းပန်ရင်း ပြောသွားသေးသည်…ကျော်ကျော် ဘယ်လိုပင် ပြောပြော သူ့ ဘ၀ကို လှေကား တစ်ခုလို အသုံးချသွားတဲ့ စံပယ်ထွေးကို လုံးဝ မကျေနပ်… စံပယ်ကလည်း သူ့ ရည်ရွယ်ချက်အောင်မြင်သွား၍ သက်မင်းမောင် အရက်သောက်လျှင်လည်း ဘာမှ မစွတ်ဖက်..မဟန့် တားချေ… သူမ အတွက်က ဘ၀လုံခြုံရေးသာ အဓိက…သူများအိမ်မှာ ကပ်နေရတဲ့ ဘ၀က ကျွတ်ဖို့ သာ..စိတ်ရှိသည်လေ… ဘာပဲဖြစ်ဖြစ် အချိန်တန်လျှင် မြို့ မျက်နှာဖုံး လူကြီးများ၏ ချွေးမ..ဆရာဝန်ကတော် ဖြစ်လာမှာမို့ ကျန်တာတွေက သူမ အတွက် သိပ်အရေးမကြီးပါ…
မနက်မိုးလင်းတာနဲ့ အရက်ခွက်ကိုင်ကာ မော့တော့မည့်ဆဲဆဲ…“ သား ”..အမေ့ရဲ့ တုန်ယင်နေတဲ့ အသံကြောင့် သူ့ လက်တွေ လမ်းတ၀က်တွင်ပင် ရပ်တန့် သွားသည်… “ အမေ… သားဆီ လာတာလား..”… သက်မင်းမောင် အိမ်ထောင်ကျကတည်းက မိဘတွေက အရင်လို နွေးနွေးထွေးထွေး သိပ်မရှိလှ… သူ့ ဆီကိုလည်း မလာကြတော့..ဒီမနက်တော့ သူ့ အမေ သူ့ ဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတော့ သူအံ့သြ ၀မ်းသာစွာ မေးလိုက်မိခြင်းပါ ….သက်မင်းမောင်က သူတို့ အိမ်ထောင်ရေးကြောင့် သူ့ မိဘတွေက စိတ်အနှောင့်အယှက် ဖြစ်မည်စိုး၍ အိမ်ခွဲနေခဲ့သည်ဆိုပေမဲ့ သူ့ အိမ်နှင့် သူ့ မိဘတွေ အိမ်က သိပ်တော့ မဝေးလှ…လမ်းတစ်လမ်းသာ ခြားသည်…သူမရှိသော အချိန်များတွင် စံပယ်ထွေး တစ်ယောက်ထဲမို့ အိမ်ဖော် တစ်ယောက် ငှားပေးထားသည်… “ မင်းအဖေ မသိအောင် အမေ ဈေးသွားမယ်ဆိုပြီး ထွက်လာတာ..မင်းမိန်းမရော..”.. အမေက အိပ်ခန်းထဲ အကဲခတ် သလို လှမ်းမေးသည်..“ မရှိဘူး အမေ ဈေးသွားတယ်..”.. “ သားလေးရယ်…အမေ ငါ့သားကို သတိယလိုက်တာလေ…မင်းအဖေက မသွားနဲ့ လို့ တားထားလို့ …မင်းအဖေကိုတော့ စိတ်မနာပါနဲ့ သားရယ်..သူက သားကို အရမ်း အားထားတာလေ… သူ့ ရင်ထဲမှာလည်း တော်တော်ထိခိုက်ခံစားနေရတာ အမေသိတယ်…. အမေ့သား အကြောင်းကိုလည်း အမေသိပါတယ်..သားဒီလို ကိစ္စမျိုးကို သားစိတ်နဲ့ ဘယ်တော့မှ မကျူးလွန်ဘူးဆိုတာ.. ဒါပေမဲ့သားရယ် ကံတရားက ဒီလို ဖြစ်လာပြီပဲ… သားဘ၀ကို မနစ်မွန်းစေချင်ဘူး..သား ဒီလို ဖြစ်နေရင် အမေ ရင်ကွဲရပါလိမ့်မယ်…အဖေနဲ့ အမေဖြစ်စေချင်တဲ့ ဆရာဝန် ဖြစ်အောင်သာ သားကြိုးစားပေးပါ သားရယ်…အမေ တောင်းပန်ပါတယ်…” အမေ့ရဲ့ တိုးလျှိုးတောင်းပန်သံကြောင့် သူလည်း မျက်ရည် မထိန်းနိုင်တော့..“ အမေရယ်..” ..“ သား ဘယ်သူ့ အတွက်နဲ့ မှ အသက်မရှင်ရင်တောင် အမေ့အတွက် အမေ့သားလေး အသက်ရှင်ပေးပါ သားရယ်..”.. သက်မင်းမောင်က အငယ်ဆုံးသားမို့ အမေ့အချစ်တွေပုံကာ ချစ်သည်… အမေ့ရဲ့ ရည်မှန်းချက်တွေကို အမေချစ်တဲ့ သား ဖြည့်ဆည်းပေးရမည်ပေါ့…“ အမေ မငိုပါနဲ့ တော့..စိတ်ချပါ..အမေ ဖြစ်စေချင်သလို သား ဖြစ်အောင် လုပ်ပါ့မယ်…”..
“ အစ်မ ဆေးသောက်ရအောင်..” ကိုသက် ပြန်သွားတိုင်း အိပ်ခါနီး အိမ်ဖော် အေးမာက ဆေးလာတိုက်နေကျပါ… ကိုသက်ရှိလျှင်တော့ သူကိုယ်တိုင်တိုက်သည်…သူမကို မယုံလို့ ပါ… သူမ ဒီဆေးတွေကို မသောက်ချင်… မနက်က ဒေါ်လေး ပြောခဲ့သော စကားများကိုလည်း သူမ နားယောင်နေသည်… “ ညည်းတို့ လင်မယား အဆင်မပြေသေးဘူးလား…ကလေးယူလိုက်ပါလားအေ.. ကလေးရှိတော့ ညည်းယောကျာ်းလဲ တော်ရုံဆို ပစ်မသွားနိုင်ဘူးပေါ့…ညည်းယောကျာ်းက ညည်းကို သိပ်ကျေနပ်တာ မဟုတ်ဘူး…အခုလို ဆင်ထားတာကိုပဲ ညည်းက ကျေနပ်မနေနဲ့ …သူက တစ်နေ့ ညည်းကို ပစ်ချင် ပစ်သွားနိုင်တယ်နော်…”… ဒေါ်လေးက ယူစကသာ ဗြစ်တောက် ဗြစ်တောက် ပြောပေမဲ့ မြို့ မျက်နှာဖုံး ဆရာဝန်လောင်းကို မိစံပယ် အမိဖမ်းခဲ့လို့ စိတ်တွင်းကတော့ ကျေနပ်နေတာ သူမသိသည်…ခက်သည်က ကိုသက်…သူမကို အရင်ကတည်းက သတိပေးထားဖူးသည်…“ မိစံပယ် နင်ဟာ အများအမြင်မှာ ငါ့မိန်းမပဲ..အဲ့ဒီတော့ ငါကလည်း နင့်ကို ၀တ္တရားအရ မယားတစ်ယောက်လို ထားမှာပါ..အေး တစ်ခုတော့ရှိတယ်နော်…ငါ့ကို ကလေးတွေ ဘာတွေ ယူပြီး ချည်နှောင်ဖို့ တော့ နင်ဘယ်တော့မှ မကြိုးစားနဲ့ …”…ကိုသက်က ပြောသာ ပြောရသည်… သူ့ ကို လက်ဝတ်လက်စားက အစ ဆင်သည်… သူမ လူပုံအလယ်တွင်တော့ တင့်တင့်တယ်တယ်နေရသည်… ကိုသက် ဒီလိုပြောတာကလည်း တကယ်တမ်း ကလေး မရသေးလို့ ပြောတာနေမှာပါ… ကလေးရတယ်ဆိုရင် သူ ၀မ်းသာမှာပါ..ဒေါ်လေးပြောတာ ဟုတ်မှာ.. ကလေးသံယောဇဉ်နှင့်ဆိုလျှင် ကိုသက် စိတ်တွေ ပျော့ပျောင်းချင်ပျော့ပျောင်း လာနိုင်သည်…ပြီးတော့ သူမကိုလည်း ထားပစ်ခဲ့ဖို့  သိပ်မလွယ်ကူလှတော့ပေ… ထို မျှော်လင့်ချက်ကလေးနှင့် အေးမာ မသိအောင် သူမ ဆေးတွေကို ခိုးခိုး လွှင့်ပစ်ခဲ့သည်…
သူမတွင် ထင်သည့် အတိုင်း ကိုယ်ဝန်ရလာသောနေ့ တွင် သူမ အကြီးအကျယ် စိတ်လှုပ်ရှားမိသည်…ကိုသက် မသိအောင် ဖုံးထားရသည် မဟုတ်လား….ချက်ချင်းကြီးတော့ ကိုသက်ကို အသိမပေးချင်…. မဖုံးနိုင် မဖိနိုင်ဖြစ်မှသာ သူမ ဖွင့်ပြောတော့မည်… ကိုသက် မိဘတွေကလည်း အိမ်မတူတော့ မရိပ်မိသေး…
ကိုသက်ရဲ့ အပြုမူ အပြောဆိုတွေက စံပယ်အတွက် စိတ်အနှောင့် အယှက် ဖြစ်သည်ကတော့ မှန်သည်… တစ်ခါတစ်လေ..စံပယ် ကိုယ့်ကိုကိုယ် မေးကြည့်သည်…မိမိလုပ်လိုက်တာ မှားသွားပြီလားလို့ …ဒါပေမဲ့ ဒီလို ဘ၀မျိုး နေရစားရ သွားလာရတာကို စဉ်းစားကြည့်တော့ မိမိလုပ်ရပ်ကိုပင် ကျေနပ်မိသည်…ကိုသက်ကို ချစ်မချစ်တော့ မသိ…သူမဘ၀ အနေလှဖို့ က အဓိကကျသည်လေ..ဒီလိုဘ၀မျိုးကို ကိုသက်ကို စတွေ့ ကတည်းက ညစဉ်ညတိုင်း အိပ်မက်မက်ဖူးသည် မဟုတ်ပါလား….ဟုတ်သည် စံပယ် မမှား…စံပယ် ဒီလို ဘ၀မျိုးလိုချင်နေတာလေ…
တစ်ခါတစ်လေ တော့လည်း ရင်ထဲမှာ မွန်းကျပ်လာသည်…တစ်စုံတစ်ယောက်ကို တိုင်ပင် ဖွင့်ဟချင်သည်.. ကိုသက် သူမ အပေါ် ရက်စက် စိမ်းကားစွာ ပြုမူ ဆက်ဆံသောအခါများတွင် သူမ သိမ်ငယ်မိသည်… ရင်ဖွင့်ချင်သည်… ထို့ ကြောင့် ရံဖန် ရံခါများတွင် ကျော်ကျော်နှင့်ဆုံပါက မိမိ အိမ်ထောင်ရေးကို ပြောပြမိသည်… ကျော်ကျော်ကလည်း အစပိုင်းကသာ သူမအပေါ် စိတ်နာသည်…နောက်ပိုင်းတွင် သူမ ဘ၀ကို စာနာသည်…နားလည်ပေးသည်…
သက်မင်းမောင် ဒီနေ့ အိမ်ရောက်တာနှင့် စံပယ်ထွေးအား မတွေ့ …ထို့ ကြောင့် သူငယ်ချင်းများနှင့်ဆုံရန် လက်ဘက်ရည်ဆိုင် ထွက်လာခဲ့သည်… သူတွေ့ လိုက်သည်က လက်ဘက်ရည်ဆိုင်ထဲတွင် ကျော်ကျော်နှင့် စံပယ်ထွေး… သူ သ၀န်မတိုပါ..သို့ သော် သူဝင်သွားလျှင် အနှောင့်အယှက်ဖြစ်မည်စိုး၍ သူတမင် ရှောင်ထွက်ခဲ့သည်… သူ့ စိတ်ထဲတွင် သူတို့ နှစ်ယောက်ကို တွေ့ လိုက်ရ၍ ထူးထူးခြားခြား ဘာမှ မခံစားရပေ…
အိမ်ရောက်လို့ ခဏအကြာ စံပယ်ထွေး ပြန်ရောက်လာသည်…မျက်နှာက ဖြူဖတ်ဖြူရော်…သူ့ ကိုလည်း မရဲတရဲ ကြည့်သည်… သူက ဘာမှ မပြော…ပုံမှန် နေနေကျအတိုင်းပင်…စာကြည့်နေလိုက်သည်… “ အိမ်ရှေ့ မှာ ဘယ်သူမှ မရှိကြဘူးလား…” အိမ်ရှေ့ မှ အော်သံကြား၍ သူရော စံပယ်ထွေးရော လှမ်းကြည့်လိုက်သည်… သူ့ ယောက်ဖ စံပယ်ထွေး အစ်ကို…ဒီလူက ဒီအိမ်ကို မကြာခဏ ၀င်ထွက်စားသောက်နေကျအပြင်..တစ်ခါတစ်ရံ စံပယ်ထွေးဆီမှ ပိုက်ဆံတောင်းတတ်သည်… သက်မင်းမောင်လည်း စကားရှည်မည်စိုး၍ မသိချင်ဟန်ဆောင်နေတတ်သည်..ဖြစ်နိုင်လျှင် ဒီအသိုင်းအ၀ိုင်းနှင့် မပတ်သက်ချင်… “ အစ်ကို ဘာကိစ္စ ရှိလို့ လဲ..” စံပယ်ထွေး ကိုသက်ကို မသိမသာ စောင်းကြည့်ရင်း ပြာပြာသလဲ မေးလိုက်သည်…သက်မင်းမောင်က သူ့ အစ်ကိုကို မကြည်ဖြူတာ စံပယ်ထွေးသိသည်…“ ငါ ပိုက်ဆံပြတ်နေလို့ ..အဲ့ဒါ..” မျက်နှာက မထီတရီ… သက်မင်းမောင်ကိုလည်း လှမ်းအကဲခတ်လိုက်သေးသည်… “ အစ်ကိုကလည်း ဟိုတစ်ပတ်က ငါးသောင်းပေးထားတယ်လေ..” သူတို့ မောင်နှမ တိုးတိုးကျိတ်ကျိတ် ပြောနေပေမဲ့ ဧည့်ခန်းနှင့် သိပ်မဝေးလှ၍ သက်မင်းမောင် အကုန်ကြားနေသည်… “ ဟာ နင်ကလည်း ပိုက်ဆံ ငါးသောင်း ဒီခေတ်မှာ ဘာသုံးလို့ ရမှာလဲ..” ဟင်း…တော်တော်လာတဲ့လူ..ကိုယ်ကိုတိုင် ဒီပိုက်ဆံ ရအောင် ရှာကြည့်စမ်းပါ…သက်မင်းမောင် စိတ်ထဲမှသာ ပြောမိသည်…“ ဟာ..အစ်ကိုကလည်း စံပယ်မှာ မရှိဘူး..”..“ ဘာလဲ…နင်က ကျေးဇူးကန်းတာလား..နင်ဒီလို ဘ၀မျိုးရောက်အောင် ဘယ်သူလုပ်ပေးခဲ့တာလဲ.. ဟမ်… နင်မေ့သွား ပြီလား..” …သက်မင်းမောင် ဒီစကားကြားတိုင်း ရင်ဘတ်က စပ်ဖျဉ်းဖျဉ်းနာကျင်မိသည်… ညီမရင်းကာ လုပ်စားသော အစ်ကိုတစ်ယောက်ကိုလည်း သူတော်တော်လေး ရွံရှာမိသည်….သူ့ ကို ဒီလို လုပ်ခဲ့တာ ဒင်းတို့ မောင်နှမ နှစ်ယောက်…တောက်… သက်မင်းမောင် တောက်ပြင်းပြင်းခေါက်ပြီး လမ်းထိပ် ထွက်လာခဲ့သည်…ဒင်းတို့ ပြောတာ ဆက်နားထောင်နေလျှင် သူ လူသတ်မိလိမ့်မည်…
မနက်ဖြန် သက်မင်းမောင် ရန်ကုန် ပြန်မှာမို့ စံပယ်ထွေး ပစ္စည်းတွေ သိမ်းပေးနေရင်း သက်မင်းမောင် အရိပ်အကဲ ကြည့်နေသည်…ကိုယ်ဝန်ကိစ္စ သက်မင်းမောင်ကို အသိပေးချင်သည်…သူမ ကြာရှည်စွာ ဖုံးဖိမထားချင်တော့…ယခုပင် သုံးလ ရှိနေပြီ မဟုတ်လား…အပျိုဗိုက်မို့ သိပ်မသိသာလှ….ယခုနေ သူမတွင် ကိုယ်ဝန်ရှိနေသည်လို့ များပြောလိုက်လျှင် သက်မင်းမောင် ဘယ်လို နေမည်နည်း…သူမ သိချင်စိတ်တွေ ပြင်းပြနေသည်…သက်မင်းမောင်ကိုလည်း ကြောက်သည်… သက်မင်းမောင်ကလည်း သူ့ အား စံပယ်ထွေး တစ်ခုခုပြောချင်နေပုံရသည်ကို ရိပ်မိသည်… မိစံပယ် ဘာတွေ ပူဆာဦးမလဲဟု တွေးနေမိသည်…ဟိုတစ်ခါလည်း သက်မင်းမောင် အမေ ဆွဲသော ဆွဲကြိုးမျိုးလိုချင်သည်ဟု ပူဆာတုန်းက သူ ရှည်ရှည်ဝေးဝေး သိပ်မပြောချင် ပြီးတော့ မိစံပယ်က ကလေးစိတ်မကုန်သေး၍ သူများလုပ်တာ လိုက်လုပ်ချင်တာနေမှာပါလို့ တွေးရင်း အမေ့အား ပြောပြကာ ၀ယ်ပေးခဲ့သည်…ယခုလည်း ဘာလိုချင် နေသည်မသိ… သက်မင်းမောင် အကြည့်နှင့် စံပယ်ထွေး အကြည့်တို့ ဆုံတော့ စံပယ်ထွေး တုန်သွားသည်…
“ ဟဲ့..မိစံပယ်…ငါ့ကို ဘာပြောမလို့ လဲ..” သက်မင်းမောင်ကပင် စိတ်မရှည်စွာမေးလိုက်သည်…“ ဟိုလေ..ဟို..ဟို…”..တစ်ဟိုဟိုနဲ့ ထစ်ငေါ့နေသော စံပယ်ထွေးအား သူအားမလို အားမရ ဖြစ်နေတုန်း.. “ကျွန်မမှာ ကိုယ်ဝန်ရှိနေပြီ…”.. “ ဘာ……” သက်မင်းမောင် ထိတ်လန့် တကြားအော်ထည့်လိုက်သည်.. လက်ထဲက စာအုပ်ပင် လွတ်ကျသွားသည် အထိ….“ မိစံပယ် ငါ့ကို ပြန်ပြောစမ်း…” “ စံပယ်မှာ ကိုယ်ဝန်ရှိနေပြီလို့ ..အဲ့ဒါ”…“ ဟာ ဘယ်လိုလုပ် ရှိသွားတာလဲ..နင် နင် ငါ မသိအောင် ဆေးတွေ လွှင့်ပစ်လိုက်တာလား..အေးမာ မိအေးမာ..လာစမ်း” “အေးမာ ဘာမှ မသိပါဘူး..ကိုသက်… စံပယ်ဘာသာ စံပယ် သဘောနဲ့ ..” “ တိတ်စမ်း…နင့်သဘောနဲ့ နင်လုပ်ရအောင် နင်က ဒီအိမ်မှာ ဘာလဲ…နင့်ကိုငါ ဘာပြောခဲ့လဲ…နင့်မှာ ဦးနှောက် မရှိဘူးလား…ငါမချစ်တဲ့ နင့်ကို ယူရလို့ ငါ့မှာ ဘယ်လောက် စိတ်ဆင်းရဲ ရလဲ…အခုတစ်ခါ နင့်သွေးကို ငါမလိုချင်ဘူး..” “ အို စံပယ်လည်း ကလေးလိုချင်တာပေါ့..ပြီးတော့ ကိုသက်က ကလေးသံယောဇဉ်..” “ တော်စမ်းပါ…နင် ငါ့စကားကို နားမထောင်ပဲ နင်က ထင်ရာစိုင်းတာလား မိစံပယ်…” သက်မင်းမောင် အတ္တကြီးစွာ ပြောနေတာကို စံပယ်ထွေးကတော့ အောင်နိုင်သူ အပြုံးနှင့် ကြည့်နေသည်…“ ငါ့ဘ၀ကို နင် တစ်ခါပဲချည်လို့ ရမယ်..နင် နားလည်လား..အေး နင့်လုပ်ရပ်တွေအတွက် နောင်တ ကောင်းကောင်းရရစေမယ် ”..သက်မင်းမောင် ဒေါသတကြီး အခန်းတွင်းမှ ထွက်သွားသည်…အေးမာကတော့ နားမလည်ခြင်းများစွာနှင့် စံပယ်ထွေးကို တစ်လှည့် သက်မင်းမောင်ကို တစ်လှည့် ငေးကြည့်နေတော့သည်…စံပယ်ထွေး ရင်တွေ နာကျင်လိုက်တာ..သူ့ သွေးကိုတောင်သူက သံယောဇဉ် မထားတဲ့ အပြင် အငြိုးမီးတွေ တောက်လောင်နေလိုက်တာ… စံပယ် ကလေးယူမိတာ နောင်တပင် ရချင်ချင်…
မနက်စောစော သက်မင်းမောင် ကားဂိတ်ဆင်းခဲ့သည်…စံပယ်မျက်နှာကို သူမကြည့်ချင်…ကံဆိုးစွာ သူ့  စာအုပ်တစ်အုပ် စာကြည့်စားပွဲပေါ်တွင် ကျန်ခဲ့သည်..ကားထွက်ဖို့ စောသေး၍ သူ အိမ်ပြန်ယူလိုက်သည်…အိမ်ရှေ့ တွင် ရပ်ထားသော ဆိုင်ကယ်တစ်စီး..ဖိနပ်ချွတ်တွင်..ယောကျာ်း ဖိနပ်တစ်ရံ မိန်းမ ဖိနပ်တစ်ရံ…သူ စိတ်မ၀င်စား..စာကြည့်စားပွဲမှ သူ့ စာအုပ်ယူပြီး ပြန်ထွက်မည် အပြု.. “ညဉ်းနဲ့ အေ…နည်းနည်းပါးပါး အပျော့ဆွဲ ဆွဲပြီးပြောပါတော့လား..ဒီမှာ ယောကျာ်းဆိုတာ ပတ်ချွဲ နှပ်ချွဲလုပ်တာကို ခံချင်ကြတာအေ့..ဒီမယ် ညဉ်း ဒီကိုယ်ဝန်ကို တစ်ခုခု လုပ်မယ် မကြံနဲ့ နော်…ဒီကလေးနဲ့ မှ တို့ က သက်မင်းမောင်ကို အပိုင်ချည်ထားနိုင်မှာ…” စံပယ်ထွေး အဒေါ်အသံနှင့် အစ်ကို အသံက မရှေးမနှောင်း အကြံအစည်တွေ တူညီစွာ ထွက်လာသည်..“ ဟုတ်တယ်..မိစံပယ်…ငါတို့ ဒီလို အကွက်ထဲဝင်လာအောင် ဘယ်လို စီမံခဲ့ရတယ်ဆိုတာ နင်အသိဆုံး..အေး ကံကောင်းလွန်းလို့ ဟိုကောင်က ဘာမှ မပြောပဲ နင့်ကို အသာတကြည် ယူလိုက်တာ..ငါတို့ ဒါကို လက်လွှတ်လို့ မဖြစ်ဘူး..ဒီကောင့်စိတ်တွေ က အစိုးရတာမဟုတ်ဘူး…ဒီကလေးက ငါတို့ အတွက် အနာဂတ်ပဲ..” အခန်းတွင်းတွင် သူ မရှိတော့ဘူး အောင်းမေ့၍ သူတို့ ရဲ့ မဟာစီမံကိန်းကြီးကို အကွက်ကျကျ စီမံနေသော ထို တူဝရီး သုံးယောက်..စိတ်ဓါတ်တွေက အောက်တန်းကျလှသည်…
သူ ရုတ်တရက် ပေါက်ကွဲထွက်သွားသည်… ကန့် လန့် ကာကို မ၍ အိပ်ခန်းထဲ ၀င်သွားသည်… သူ့ ကို မြင်သည်နှင့် ..အားလုံး အထိတ်တလန့် နှင့် ကြက်သေသေသွားကြသည်… “ ကိုသက်..ကိုသက်..”.. စံပယ်ထွေး မျက်နှာသွေး မရှိတော့..သူ သုံးယောက်စလုံး မျက်နှာကို စေ့စေ့ကြည့်ပစ်လိုက်သည်… “ ငါမရှိတော့ဘူးထင်ပြီး နင်တို့ က ဒီမှာ စီမံကိန်းတွေ ရေးဆွဲနေတာပေါ့..ဟုတ်လား…နင်တို့ အားလုံးဟာလေ…ငွေသာရမယ်ဆို ဘာမဆို အကုန်လုပ်မဲ့ အတန်းအစားတွေပါလား.. နင်တို့ တော်တော် အရှက်နည်းလှချည်လား..တော်တော် အောက်တန်းကျလှချည်လား.. ဒီမှာ နင်တို့ အားလုံး မျှော်လင့်သလို မဖြစ်စေရဘူး…အေး နင်တို့ ဒီလောက် မက်နေတဲ့ ပိုက်ဆံ ငါပေးမယ်..နင်တို့ အားလုံး ထွက်သွားကျ..ဘယ်လောက်လိုချင်လဲ ပြော..”..
“ အို ဒီလို လက်လွတ်စံပါယ် မပြောနဲ့ လေ…စံပယ်မှာက မပေါ့မပါးကြီးနဲ့ ..” စံပယ်ထွေးက မခိုးမခန့်  ခြိမ်းခြောက်သလိုပြောတော့ “ နင့်ဘာသာ ဘာဖြစ်ဖြစ် ဂရုမစိုက်ဘူး…နင်တို့ လို အောက်တန်းကျတဲ့ မျိုးရိုးကိုလဲ ငါမလိုချင်ဘူး..”.. “ မောင်သက် မင်းက ဒီလို ပြောလာမှတော့ တို့ ကလဲ ပြတ်ပြတ် ပြောရတာပေါ့..တို့ ဘက်ကတော့ လုံးဝ ကွာမပေးနိုင်ဘူး…ဒီကလေးကို မင်းရဲ့ သွေးကို ငါတို့ ကလည်း ရအောင်မွေးမှာပဲ…ငါ့သဘောဟာ ငါ့တူမ သဘောနဲ့ တူတူပဲ…” စံပယ်ထွေး အဒေါ်ရဲ့ မျက်နှာက ရမက်လုံးတွေ ဝေနေသည်…မက်လည်း မက်လောက်စရာ..သက်မင်းမောင် အဘွားက သူ မဆုံးခင်က သူ့ အချစ်ဆုံး မြေးဖြစ်သူ သူ့ အား အမွေတွေ အားလုံးပေးခဲ့သည်…လက်ဝတ်လက်စား…နေစရာ တိုက်နှင့်ခြံအပြင်…မြို့ ပြင်က စိုက်ခင်းနှင့်ခြံပါ အားလုံးကို သူ့ နာမည်နှင့်လွှဲပေးထားသည်…
သူ တို့ က ဒါတွေကို သိထားတော့ သက်မင်းမောင်ကို လွယ်လွယ်နှင့် လက်မလျှော့… သက်မင်းမောင် သွေးတွေ ဆူဝေ သွားသည်.. “ တောက် ခင်ဗျားတို့ ခင်ဗျားတို့ တွေ…အေး ဒီလောက်တောင် ဖြစ်လှတဲ့ ဟာတွေ..နေကြ..နင်တို့ မက်လှပါ ချည်ရဲ့ ဆိုရင် နင်တို့ နေခဲ့ကြ..ငါသွားမယ်..ဘယ်တော့မှလည်း နင့်တို့ ဆီ ပြန်မလာဘူး..မှတ်ထား..”.. သူတို့ အားလုံး ဘာမှ ပြန်မပြောနိုင်ခင်..သူ ထွက်လာခဲ့သည်… တော်တော် လူပါးဝတဲ့ဟာတွေ…သက်မင်းမောင်ဒေါသတွေ ထွက်လွန်းလို့  မျက်နှာကြီး နီမြန်းနေသည်.. သူတော်တော်နှင့် စိတ်မပြေ…ကားချိန်လည်း မမှီတော့ ၍ သူ မိဘတွေဆီ ထွက်လာခဲ့သည်…
အမေ့ကို ဖြစ်ကြောင်း ကုန်စင်ပြောပြတော့ “ အေးလေ…ငါ့သားလေး ဘ၀က ကံဆိုးလိုက်တာ…အမေ့ သား ဘာမှ စိတ်ဓါတ်မကျနဲ့ …အမေတို့ အားလုံး ဒီကိစ္စကို ကြည့်စီစဉ်ပါ့မယ်…သားသာ သားဘ၀ ရှေ့ ရေးအတွက် လုပ်ပါသားရယ်… သားဘ၀ကို ဘယ်တော့မှ အနစ်မခံနဲ့ …ပြီးရင် ငါ့သား ဒီနေရာနဲ့ ဝေးဝေးကိုသာ လျှောက်ပြီး အဲ့မှာပဲနေတော့…အမေတို့ အတွက် ဘာမှ နောက်ဆံ မတင်းနဲ့ …နောက်လဆို မင်း အစ်မ လင်မယားလည်း ဒီကို တာဝန်ကျမှာပဲ…ငါ့သားအမေတို့ အတွက် စိတ်သာချနေပါ…အချိန်ကြာလာရင် သူတို့ လောဘတွေ သူတို့ ကို ပြန်ဒဏ်ခတ်မှာပါ…” အမေက သူ့ ကျောလေးကို ပွတ်ရင်း သူ့ ကို ဖျောင်းဖျသည်..အဖေကတော့ သူ့ ကို နှမြော တသစွာ ကြည့်နေသည်… မိဘတွေကို အရှက်ကွဲစေခဲ့တဲ့သား…ကိုယ့်ရဲ့ မိသားစု အသိုင်းအ၀ိုင်းမှာ ဘယ်လိုမှ ၀င်မဆန့် တဲ့ ထို စိတ်ဓါတ် အောက်တန်းကျသော စံပယ်ထွေးတို့ ဝန်းကျင်တွင် သူလည်း တစ်ရက်မျှပင် မနေချင်…
သို့ နှင့် သူလည်း ဒီမြို့ လေးကို ရောက်လာသည်… သူရောက်ပြီး သိပ်မကြာ..ကြားရသည့် စံပယ်ထွေးတို့ သတင်းကား မကောင်းလှ….စံပယ်ထွေး အဒေါ်က လေဖြတ်ပြီး ဆုံးသည်…အစ်ကိုလုပ်သူကတော့ ဆေးမှုနှင့် ထောင်ကျပြီး…ထောင်ထဲတွင်ပင် ခုခံအား ကျဆင်းတဲ့ ရောဂါနှင့် ဆုံးသည်… သူတို့ ရဲ့ အကုသိုလ်တွေက သူတို့ ကို ဒုက္ခပေးသွားသည်… စံပယ်ထွေးကတော့ သမီးလေးမွေးသည်ဟု ကြားသည်…
သူ အိမ်က ထွက်လာကတည်းက အမေတို့ က စံပယ်ထွေးတို့ သားအမိ အပေါ် ကြည့်ရှု စောင့်ရှောက်ထားသည်… စံပယ်ထွေးက သူ့ တွင် အားကိုးစရာမရှိ၍ အိမ်မှာပင် နေခွင့်ပြုရန် တောင်းဆိုလို့ အမေတို့ က မေတ္တာ ရှေ့ ထား ကာ ခွင့်ပြုထားသည်ဟုဆိုသည်…မည်သို့ ပင်ဆိုစေကာမူ စံပယ်ထွေးနှင့် သူ့ အသိုင်းအ၀ိုင်း လုပ်ရပ်များအပေါ် သက်မင်းမောင် ဒီတစ်သက် မကျေတော့ပါ…..မိမိရဲ့ ဂုဏ် အသိုင်းအ၀ိုင်း စည်းစိမ်ဥစ္စာတွေကြောင့် လှေကားတစ်ခုသဖွယ် နင်းချေခံခဲ့ရခြင်းကို ဘယ်တော့မှ မမေ့…အမြဲတမ်း နာနာကြည်းကြည်း မုန်းတီးနေမိတော့သည်….
ကလေးကို သူမတွေ့ ချင်ပါ…သူ့ သွေးဟုပင် သူ မခံယူချင်…သူ့ တွင် ဖခင်စိတ် မရှိလို့ တော့ မဟုတ်ပါ..သို့ သော် သူ့ အတွက် နာကြည်းချက်တွေ သိပ်များလွန်း အားကြီးနေတော့ သူ့ သမီးမျက်နှာပင် မကြည့်ချင် ဒါပေမဲ့ လစဉ်တော့ ပုံမှန် ငွေပို့ သည်… တစ်နေတော့ မဖြစ်မနေ့ သူပြန်သွားရသည်….အမေသွေးတိုးလို့ မူးလဲသည်ဟု အစ်မက အကြောင်းကြားလို ရောက်သွားခဲ့သည်...မရောက်တာလဲ ဘာလိုလိုနှင့် သုံးနှစ်ပြည့်တော့မည်ပဲ… အမေတို့ ကို သတိတော့ယသည်..ထို့ ကြောင့်လည်း တစ်ခေါက်လောက်တော့ သူ သွားမည်ဟု ဆုံးဖြတ်ကာ လာခဲ့သည်…အိမ်ရောက်တော့ အမေ တော်တော်လေး ထူထူထောင်ထောင် ဖြစ်နေပြီ… သားကို တွေ့ လိုက်ရတာလည်း ပါမည်ပေါ့… အမေသက်သာသွား၍ ချက်ချင်းပင် သူ ပြန်မည်လုပ်တော့ အမေနဲ့ အစ်မက သူ့ သမီးလေးကို ၀င်ကြည့်သွားပါဟု တောင်းပန်ရှာသည်..သို့ နှင့် အစ်မနဲ့ အတူ အိမ်ဘက် ထွက်လာခဲ့သည်..
စံပယ်ထွေး ကလေးကို ချော့သိပ်နေတုန်း သူ ရောက်လာတာ မြင်တော့ မအံ့သြပါ…စံပယ် အတွက် နေသားကျနေပြီ…အရာရာ ပြည့်ပြည့်စုံစုံနှင့် လိုလေသေးမရှိ သူ ထားထားသည်ပဲလေ… သူမအတွက် သူ ရှိခြင်း မရှိခြင်းက သိပ်မထူးဆန်း… အချိန်တန်ရင် သူ့ သမီးလေးက သူ့ အမွေတွေကို ဆက်ခံရမည်လေ… သမီးလေးကို သူ့ အစ်မလက်ထဲ ထည့်တော့ …ကိုသက့် သမီးမျက်နှာကို စေ့စေ့ကြည့်နေသည်…
သက်မင်းမောင်တို့ အိမ်တွင်းရေးနှင့်ပတ်သက်ပြီး ပတ်ဝန်းကျင်က စံပယ်ထွေးတို့ အပေါ် သူ အငြိုးနဲ့ မုန်းတီးနေသည့် အတွက် တစ်ချို့ က ပစ်တင်ကြသလို တစ်ချို့ ကဂရုဏာသက်ကြသည်… ဘယ်သူတွေ ဘာပဲ ပြောပြော သက်မင်းမောင် မမှု… ဒါကြောင့်လည်း သက်မင်းမောင် လောကကြီးနဲ့ အံမ၀င်ဂွင်မကျ နေလာခဲ့တာ သုံးနှစ်ကျော်လို့ လေးနှစ်ပင်ရောက်တော့မည်… ဒီမြို့ လေး ကို တာဝန်ကျပြီး အညို့ ကို မတွေ့ ရသေးတဲ့ အချိန်ထိတော့ သူဟာ မကျေနပ်ခြင်း များစွာနဲ့  ပေါက်ကွဲရာ လမ်းကြောင်းအတိုင်း စီးမျောနေတဲ့သူပေါ့… အညို့ ကို တွေ့ လိုက်တဲ့ အချိန်မှာတော့ အားလုံးဟာ ပြောင်းပြန် စီးဆင်းနေတဲ့ တေးသွား တစ်ပုဒ် ဖြစ်သွားခဲ့သည်…
မောင်မတရားဘူးဆိုတာ သိပါတယ်..မောင်ဟာ ဖြူစင်သန့်ရှင်းတဲ့ နှလုံးသား တစ်စုံကို အညို့ ကို မပေးနိုင်ခဲ့ဘူး… အညို့ ကို မောင် ဖုံးကွယ်ထားခဲ့တယ်… အညိုကို မောင် အရမ်း အားနာတယ်..သနားလည်း သနားတယ်… အညို စိတ်ချပါ..အညို့ အတွက် မောင်နဲ့ အညို တို့ ရဲ့ ရှေ့ ရေး အတွက် အားလုံးကို မောင် စဉ်းစားပြီးသားပါ…. မောင့်အတိတ်ရဲ့ အရိပ်မည်းတွေကြောင့် အညိုကို မထိခိုက်စေချင်ဘူး…မောင့်ရဲ့ အရိပ်မည်းတွေကို မောင်ကိုယ်တိုင် ဖယ်ရှားပေးပါ့မယ်…ဘယ်လိုနည်းနဲ့ ပဲ ဖြစ်ဖြစ်ပေါ့… မောင့်ကို ချစ်ခြင်းတစ်ခုကို သင်ကြားပေးခဲ့တာ အညိုပါ…အညိုသာ မောင့်အနားမှာ ထာဝရ ရှိနေပေးပါ….အညိုရယ်….မောင့်ဘ၀ အတွက် အညိုသာအလိုအပ်ဆုံးပါ…
Wednesday, August 26, 2009
သက်မင်းမောင် နှင့် မေသက်ပိုင်ညိုတို့ ၏ ပစ္စုပ္ပန်
အိမ်ရှေ့က ကားသံကြားတယ်…နာရီကြည့်တော့ ညတစ်နာရီပင် ထိုးနေပြီ… “ ဟဲ့…နင်ကားကို ဖြေးဖြေးမောင်းနော်… ဒီက လမ်းတွေ နင် သိပ်ကျွမ်းတာ မဟုတ်ဘူး..” ဒါအညို့ အသံ..သြော်…အညိုက သူစိမ်း ယောကျာ်းကို စိတ်ပူတတ်တယ်နော်… မောင့်ကိုရော စိုးရိမ်ဖော်ရရဲ့ လား အညိုရယ်…
“ ဟင်..ကိုသက်မင်းမောင်…မအိပ်သေးဘူးလား…” မျက်ရည်တွေနဲ့ ..မောင်ကို မြင်တော့ အညို ဘာလုပ်လို့ လုပ်ရမှန်းမသိဘူး… လန့် လည်း လန့် သွားတယ်…“ ဟို ဟို ဟိုလေ…သူငယ်ချင်းတွေနဲ့ …”.. “အို…”…မောင်က ဘာမှ ပြန်မပြောပဲ ကျွန်မ စကားမဆုံးခင် ကျွန်မကို တင်းတင်းကျပ်ကျပ် လှမ်းဖက်လိုက်တယ်… ကျွန်မလေ… ဘာကြောင့်မှန်းမသိ… ငြင်းဆန်သင့်မှန်း သိနေပေမယ့် အသိတရားတွေ လေနဲ့ အတူပါသွားတာလား.. …ကျွန်မ ရင်တစ်ခုလုံး နွေးထွေး လုံခြုံသွားသလို ခံစားရတယ်….မောင်ကလည်း စကားမဆို ကျွန်မကလည်း နှုတ်ဆိတ်နဲ့ …ဒီညက လမင်းကြီးနဲ့  ကြယ်ကလေးတွေ ပိုပြီး လင်းနေသလို အရင်ညတွေထက် ပိုလှလို့ နေပါပေါ့လား…
မနက်ကျတော့ မောင်မမေးပေမဲ့ လိုအပ်မယ်ထင်လို့ ပြီးတော့ အညိုကိုယ်တိုင်ကလဲ ရှင်းပြချင်လို့  မနေ့  က သူငယ်ချင်း လင်မယား အလည်ရောက်လာလို့ သွားတွေ့ တဲ့အကြောင်း..သူတို့ တွေနဲ ၁၀တန်းအထိတူတူနေလာကြတာ မတွေ့  တာလဲ ကြာ..ပြီးတော့ သူငယ်ချင်းဇင်မာက ခရီးပန်းပြီး နေမကောင်းဖြစ်ချင်နေတာနဲ့  သူတို့ တည်းတဲ့ နေရာထိ လိုက်သွားတယ်ဆိုတဲ့ အကြောင်း …. ဟိုရောက်တော့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောရင်း ညစာစားပြီးမှ ပြန်လာတဲ့ အကြောင်း မောင့်ကို စီကာ ပတ်ကုံး ပြောပြလိုက်တယ်….အညိုစိတ်ထဲရော မောင့်စိတ်မှာပါ ဘာမှ မရှိ နိုင်အောင်ပေါ့ပါးသွားတယ်…. ချစ်သူတွေ ကြားမှာ သံသယဆိုတာ မရှိနိုင်ရင် အကောင်းဆုံးပဲ မဟုတ်လား…
ချစ်ခွန်းတွေ ဖွဲ့ ဖွဲ့ နွဲ့ နွဲ့ မောင် မပြောပေမဲ့ မောင်နဲ့ အညို နားလည်မှုရတဲ့ ချစ်သူတွေ ဖြစ်သွားကြတယ်…တကယ်တော့ ချစ်သူဘာဝ တီတာနေရမဲ့ အရွယ်တွေလည်း မဟုတ်တော့ဘူးလေ.. သို့ ပေမဲ့ မချစ်ဖူးလို့ အချစ်ရူး ဖြစ်တတ်ကြတာ သဘာဝပါ… မောင့်ကိုလည်း အညိုက မျက်စိအောက်က အပျောက်မခံသလို မောင်ကလည်း အရိပ် တကြည့်ကြည့်နဲ့ ပါပဲ…မောင်နဲ့ အညိုတို့ ရဲ့ ချစ်သူကာလလေးက အရမ်းကို ပျော်ရွှင်စရာ ကြည်နူးစရာတွေ အပြည့်ပါပဲ…
ချစ်ကြပြီဆိုရင် အရာရာတိုင်းကို ကြည့်တဲ့ မျက်စိက အချစ်တွေ ဖုံးလွှမ်းလို့ လှပနေရဲ့ …နေ့ ရက်တိုင်းဟာ ရက်ရာဇာတွေချည်းပါပဲ…. နေထွက်ရင်လည်းလှ နေ၀င်ရင်လည်း လှတာပါပ…ဲ မောင်က သူ့ ကို မောင်လို့ စခေါ်ခိုင်းတဲ့ နေ့ ကတော်တော်တော့ ရယ်စရာ ကောင်းသည်…မောင်လို့ အညိုကလည်း ခေါ်ဖို့ ပါးစပ်ကမရဲ….မောင့်ပုံစံကလည်း ရှက်ကိုးရှက်ကန်း… အညို တိုးတိုးလေးခေါ်တော့ မောင့် မျက်နှာ ၀င်းပသွားလိုက်တာ…တကယ်ဆို မောင်က အညိုထက် နှစ်လပဲ ကြီးတာပါ…ဒါပေမဲ့ အညိုက ကလေးလို နေချင်တယ်..မောင်ကလည်း အစ်ကိုကြီးလို ဖြစ်ချင်တော့ အပေးအယူမျှသွားတာပေါ့…. မောင်က ညညဆို အညိုကို ပုံပြင်လေးတွေ ပြောပြတတ်တယ်… ဘယ်သူနဲ့ မှ စကား များများ မပြောတဲ့ မောင်က အညိုနဲ့ ဆိုရင် စကားတွေက ပြောမကုန်ဘူး….မောင် စကားပြောတိုင်း မောင့်မျက်ဝန်းတွေက ပြုံးနေတယ်… မောင့် ပါးပြင်က မွှေးညှင်းနုနုလေးတွေကို ငေးကြည့်ရင်း မောင် ပြောတာတွေ နားထောင်ရတာ…အညိုအတွက်တော့ တကယ့်ကို မမေ့နိုင်စရာပါ….
နားရက် တူတူ ကျတဲ့ အခါများဆို မောင်နဲ့ အညိုတို့ တစ်ယောက်ကို တစ်ယောက် ချစ်လို့ ကို မ၀ဘူး…အရင်က အညို စားချင်ခဲ့တဲ့ မောင့်လက်ရာလေးတွေကို မြည်းရုံတင်မက စိတ်ကြိုက် စားခွင့်ရခဲ့တယ်… မောင်က တကယ့်ကို စိတ်ရှည်ပါတယ်.. မောင် ကစားချင်တဲ့ Scrabble ကိုလည်း အညို စိတ်မပါပေမဲ့ မောင့်အတွက် ကစားပေးခဲ့တယ်….မောင်က အညိုစကားပြောတာလေးကို ကြည့်ပြီး အသည်းယားလာရင် အညို့ ပါးချိုင့် လေးတွေထဲကို လက်ညှိုးနဲ့ ထိုးထည့်တတ်သေးတယ်…မောင် ဒီလောက် ပျော်နေတာကို အညို အရင်က စိတ်ကူးထဲတောင် ထည့်ကြည့်လို့ မရဘူး…သြော်…အချစ်က အရာရာကို စေခိုင်းနိုင်တဲ့ မှော်ဆရာ တစ်ယောက်ပါပဲ…
မောင်နဲ့ အညိုတို့ ချစ်သူတွေ ဖြစ်သွားကြတာကို မနာလိုစိတ်နဲ့  စောင်းမြောင်းပြော တတ်တဲ့ ကိုဟန်သစ်ထူးကြောင့် တစ်ခါတစ်ခါ စိတ် အနှောင့်အယှက် ဖြစ်ရသေးတယ်… သူက အရင်က ကြုံးဝါးထားတာကိုး…အညိုကို သူအပိုင်ကြံမယ်လို့ ..ဒါပေမဲ့ အညိုက သူ့ ကို လုံးဝ စိတ်မ၀င်စားတော့ သူ့  မှာနာလိုခံခက်ကြီးပေါ့… မောင့်ကိုလည်း မကြာမကြာ ပုတ်ခတ်သေးတယ်… မောင်က ကြားဝင်လုတယ်ပေါ့.. အစကတည်းက အညိုက သူ့ ကို မိတ်ဆွေ တစ်ယောက်ထက် မပိုခဲ့တာ သူနားမလည်ခဲ့ဘူး…သူထင်တာ မောင်သာ မရှိရင် အညိုက သူ့ ဘက်ကို စိတ်ယိုင်လာမယ်ပေါ့…အချစ်ဆိုတာကို သူနားမလည်လို့ ပါ… နီးစပ်တိုင်း ရင်းနှီးတိုင်း အချစ်မှ မဟုတ်တာ… သူက ပတ်ဝန်းကျင်မှာ မဟုတ်မဟတ် လုပ်ဇာတ်တွေ ခင်းပြီး အညိုကပဲ သူ့ ကို ကျသလိုလို ပြောတတ်သေးတယ်…
မောင်နဲ့ အညိုတို့ ချစ်သူသက်တမ်းက ကြာလာတော့ ပတ်ဝန်းကျင်မှာလဲ လူသိများလာတယ်… သူနာပြုဆရာမလေးတွေကလည်း ဘယ်တော့ စားရမလဲပဲ ထပ်ထပ်မေးနေတော့တာပဲ..ဆရာမ မသီတာကလည်း အစ်မတစ်ယောက်လို ဖြစ်နေတော့ “ ညိုရေ…ချစ်သူရည်းစား ဘ၀ဆိုတာ ကြာကြာနေလို့ ကောင်းတာ မဟုတ်ဘူး…ညိုတို့ လည်း ငယ်တော့တာမှ မဟုတ်တာ… အိမ်ထောင်တစ်ခု တည်ဆောက်ဖို့  စဉ်းစားကျတော့..”လို့ တိုက်တွန်းလာတယ်… မောင်နဲ့ ကျွန်မတို့ ကိုယ်ပိုင် ဘ၀သစ် ထူထောင်ဖို့  ဆိုတာ အချိန်ရှိတိုင်း တွေးဖြစ်ကြတယ်… မောင့်မိဘတွေက နယ်က အညိုတို့ က ရန်ကုန်ကပါ… မောင့်မိဘတွေက ဝေးတော့ အသက်လည်း ကြီးပြီဆိုတော့ မောင်က သူတို့ ကို အသိပေးရုံပဲ အကြောင်းကြားလိုက်မယ်တဲ့… အညိုကတော့ မိဘတွေကို ခွင့်တောင်းဦးမယ်ဆိုပြီး.. ရန်ကုန်ပြန် လိုက်တယ်.. မောင်က သူ့ မိဘတွေကိုလဲ သွားတွေ့ ပေးပါလို့ မှာလိုက်တော့…မောင့်မိဘတွေ ရှိတဲ့ မြို့ ကို သွားပြီး လက်ဆောင်ပေးပြီး မောင့် အကြောင်းတွေ ပြောဖြစ်ကြတယ်… မောင့်မိဘတွေက မောင့်ကို စောင့်ရှောက်ပေးပါတဲ့…မောင်က ဒီမှာနေရင် အရက်ပဲ ဖိသောက်နေလို့ စိတ်ပြောင်းသွားအောင် သူတို့ ကပဲ နယ်မြေသစ်ကို သွားခိုင်းလိုက်တာတဲ့…မောင့်မှာ ဘာစိတ်ညစ်စရာတွေများ ရှိလို့ မောင်က ဒီလို ဖြစ်နေတာလဲ… ဘာပဲဖြစ်ဖြစ် မောင်ကတော့ အညို့ ကို ဖုံးကွယ်ထားမှာ မဟုတ်ပါဘူးလေ…မောင့်ကို ယုံတယ်…စိတ်ချပါ မောင်က လိမ်မာပြီးသားပါ.. အညိုကြောင့် မောင် အရက်နဲ့ ဆေးလိပ်တောင် မသောက်တော့ဘူးလို့  ပြောခဲ့ပြီး ပြန်လာလိုက်တယ်…ကိုယ့်ကိုကိုယ် အန်တီတို့ ရဲ့ ချွေးမ ဖြစ်တော့မှာလို့ တော့ မိတ်မဆက်ဖြစ်ခဲ့ပါဘူး… မောင်က ဖုန်းဆက်ထားပြီးသားပဲ သူတို့ သိပြီးသားနေမှာပါလေ… မောင့်မိဘတွေ မျက်နှာမှာ အရိပ်တစ်ခုခု ရှိနေသလိုပဲ…ဒါပေမဲ့ မောင့်အပေါ် ဘာသံသယမှ မထားချင်တဲ့ သူပါ…မောင့်ကိုလည်း ဘာမှ မမေးချင်ဘူး…အညိုက မောင့်အပေါ်ကို ယုံယုံကြည်ကြည်နဲ့ ပဲ ချစ်ချင်တာ… မောင့်ကို မယုံလို့  မောင့်သိက္ခာကို ထိခိုက်မှာ စိုးလို့ ဆိုတဲ့ အတွေးနဲ့  မမေးတော့ပါဘူးလေ…
အညို့ မိဘတွေကတော့ အညို့ ကို ဘာမှ မပြောဘူး…“ သမီးကို ဒီအရွယ်ထိရောက်အောင် အသိပညာတွေ အတတ်ပညာတွေ အဖေတို့ ပေးခဲ့ပြီးပြီ…သမီးဘ၀လမ်းကို သမီး စိတ်ကြိုက်ရွေးချယ်ပါ…သမီးရဲ့ အသိဥာဏ်နဲ့  လမ်းမှန်ကို ရွေးနိုင်လိမ့်မယ်လို့  အဖေယုံကြည်ပါတယ်… အဖေက သိပ်မကျန်းမာသေးတော့..သမီးတို့ မင်္ဂလာဆောင်ကို လာနိုင်မှာတော့ မဟုတ်ဘူး…”… အမေကတော့ ၀မ်းနည်းနေတာလား စိတ်ဆိုးနေတာလား မသိဘူး..နှုတ်ဆိတ်နေတယ်… စိတ်ထဲမှာ ၀မ်းနည်းနေပေမဲ့ ဟိုမှာ စီစဉ်စရာ ရှိတာတွေ စီစဉ်ရမှာမို့  ရက်ကြာကြာမနေပဲ မိဘတွေကို ကန်တော့ပြီး ပြန်လာလိုက်တယ်…
မောင်တစ်ယောက် အညို ခွင့်ယူနေတုန်း အညို့ ဂျူတီပါ အစားဝင်ပေးနေရလို့ တော်တော်ပင်ပန်းတယ် ထင်တယ်…မျက်နှာလေး ချောင်သွားတယ်…ဒါပေမဲ့ အညို့ ကို မြင်လိုက်လို့ ပြုံးလိုက်တဲ့ မောင့် အပြုံးက အရမ်းကို အပြစ်ကင်းတယ်…မောင့်ရဲ့ လွမ်းဆွတ်မှုတွေကို အညို ခံစားမိပါတယ်… အညိုလည်း လွမ်းတာပါပဲ မောင်ရယ်..မောင့် မျက်နှာ မြင်လိုက်ရတော့ အညို့ ရဲ့  ဘာမှန်းမသိတဲ့ သံသယတွေ လေနဲ့  အတူ လွင့်ပါသွားတယ်…ဒါကြောင့် အချစ်က တစ်ခါတစ်လေ မျက်ကန်းနဲ့ တူတယ်လို့ ဆိုကျတာပါလား…
မင်္ဂလာဆောင်အတွက် လုံးပန်းနေကြတာ ပင်ပန်းလို့ ပင်ပန်းမှန်းတောင် မသိပါဘူး…မောင်နဲ့ အညို နေဖို့  အတွက် သူနာပြုဆရာမလေးတွေကပဲ အိမ်တစ်လုံး စီစဉ်ပေးတယ်… ဆေးရုံအုပ်ကြီးကရော အားလုံးကရော မောင်နဲ့ အညိုကို ၀ိုင်းပြီး ပံ့ပိုးကြတယ်… မောင်နဲ့ အညိုကို လိုက်ဖက်ညီလို့ တဲ့… အင်း..ဖူးစာက ရွာလည်ပြီး တနယ်တကျေးမှာ အိမ်ထောင်ကျလိမ့်မယ်လို့ အညို ထင်မထားဘူး… အခုတော့ မောင်နဲ့ အညို ဘ၀လေးတစ်ခုကို ပိုင်ဆိုင်နိုင်ပြီလေ….ပျော်လိုက်တာလေ…
ကြင်စဦး ဇနီးမောင်နှံဆိုတော့ သည်းသည်းလှုပ်နေကြတာပေါ့…မိုးမမြင် လေမမြင် ချစ်ခဲ့ကြတာ…အာဒမ် ဧ၀ ချစ်တာ ရှင်မွှေးလွန်းနဲ့ မင်းနန္ဒာချစ်တာ ဒီလိုမျိုးပဲ ထင်ပါ့… မောင်ကလည်း လင့်ဝတ္တရား ကျေပြွန်သလို အညိုဘက်လည်း မယား ၀တ္တရား မပျက်ခဲ့ပါဘူး… “အညိုရေ…ရေချိုးတာ ကြာလှချည်လား… သြော်…မောင့်မိန်းမလေး နေမကောင်း ဖြစ်နေမှ… မောင်ရင်ကျိုးရပါမယ်… မြန်မြန်လုပ်ပါအညိုရယ်..”… မောင်က အဲ့လို ကြင်နာတတ်သလို..“ မောင်ရေ..ဒီနေ့ မောင်ကြိုက်တဲ့ ကြက်သား ကာလသားနဲ့  ငါးပိထောင်းထားတယ်…”…အညိုကလည်း မလျော့သော ချစ်ခြင်းနဲ့ ချစ်တာပါ…
“ မောင်ရေ…ဒီတပတ် မောင်နဲ့ အညို နားရက် တူတယ်နော်…ဈေးသွားဝယ်ချင်တယ်..ဘုရားလဲ မရောက်တာ ကြာပြီ…လိုက်ပို့ နော် မောင်” လို့ အညိုတောင်းဆိုတိုင်း မောင်က လိုက်လိုက်လျောလျော လိုက်ပို့ တတ်သလို “ အညိုရေ မောင်တို့ ဒီနေ့  အုန်းနို့ ခေါက်ဆွဲချက်စားရအောင်…”လို့ မောင် ပြောရင်လည်း ဘယ်လောက်ပင် ပင်ပန်းပါစေ…အညိုက မငြီးမငြူ ချက်ကျွေးတတ်ပါတယ်…. တစ်ခါတစ်ခါ မောင် ချော့တာ ခံချင်လို့ အညို စိတ်ဆိုးတိုင်း မောင် မျက်နှာညှိုးနေတတ်တာကလွဲလို့ … မောင်က ချော့လည်း မချော့တတ်ပါ… နောက်ဆုံးတော့ အညိုကပဲ စခေါ်ရတာပါပဲ…
အညိုက ပြန်ခေါ်ရင် မောင်က အတိုင်းမသိ ၀မ်းသာလို့ … “ အညိုရယ် မောင့်ကို စကား မပြောပဲ မနေပါနဲ့ နော်…အညို အဲ့လိုနေရင် မောင် မနေတတ်ဘူး..ဘာမှလည်း လုပ်လို့ မရဘူး.. အညို့ မှာ မောင့်ကို မကျေနပ်တာရှိရင် ပွင့်ပွင့်လင်းလင်းပြောပါကွာ..နော်”. ပြီးရင် မောင်က အညို့ ကို သနားတယ်လို့ လည်း ခဏခဏ ပြောတတ်သေးတယ်….ဘာကြောင့် သနားတာလဲလို့ မေးရင် သနားလို့ သနားတာလို့ ပဲ ဖြေတယ်…မောင်က အညို့ကိုသာ ပွင့်လင်းခိုင်းတာပါ..မောင်ကတော့ ဘာပဲဖြစ်ဖြစ် မျိုသိပ်ထားတတ်တာ များပါတယ်…သူ နေမကောင်းဖြစ်ရင်တောင် အညို စိတ်ပူမှာ စိုးလို့ ဘာမှ မပြောပဲ ကြိတ်ခံတတ်တဲ့သူပါ..
မောင်နဲ့ အညိုတို့ ရဲ့ အိမ်ထောင်သည် ဘ၀လေးက သာသာယာယာ အေးအေးချမ်းချမ်းလေးနဲ့  တစ်ယောက်ကို တစ်ယောက် နားလည်မှုတွေနဲ့ ဖြတ်သန်း လာကြတာ…ဒါပေမယ့် မောင်နဲ့ အညိုတို့ မှာ ချွတ်ယွင်းချက်မရှိပါပဲ သားသမီးရတနာမရခဲ့ကြဘူး… အညိုကလည်း ကလေးရလာရင် တာဝန်မကျေမှာစိုးတာပါ ….မောင်ကလည်း လိုလိုလားလား မတောင်းဆိုဘူး….ရခဲ့ရင်လည်း ယူမယ်လို့ ပြောခဲ့တယ်…တကယ်လို့ များ သားသမီးရလာရင် အညိုကတော့ အိမ်ထောင်ရှင်မ ဘ၀ကို ကျေကျေနပ်နပ်ကြီးခံယူချင်တာ… အလုပ်ကို နှမြောပေမဲ့ သားသမီးလေးတွေနဲ့ အမေတာဝန် ဇနီးမယား တာဝန်ကို အပြည့်အ၀ ယူချင်တာပါ…ပြီးတော့ ဒီလိုမျိုး ကလေးမရတာဟာ တချို့  အိမ်ထောင်သည်တွေမှာလဲ ဖြစ်တတ်တာမို့  ဘာမှ သိပ်ပြီး ဂရုတစိုက် မလုပ်ခဲ့ကြဘူး….…ဒီအတိုင်းပဲ တစ်ယောက်ကို တစ်ယောက် မလျော့သော ချစ်ခြင်းနဲ့ ချစ်နေကြရင်း အချိန်တွေ ကုန်လွန်ခဲ့တယ်…. ပတ်ဝန်းကျင်ကတောင် မောင်နဲ့ အညိုကို ချီးကျူးကြတယ်လေ… အရမ်းချစ်ကြလို့ … သူများတွေ အဲ့ဒီလို အားကျလောက်အောင် မောင်နဲ့ အညိုက ချစ်ကြတာပါ… နှစ်ယောက်စလုံးအတွက် အချစ်စစ်ဆိုတာ သံသယ မြူမှုန်တောင် မရှိခဲ့တာပါ… ဒါပေမဲ့… ဒါပေမဲ့လည်းပေါ့လေ…….
(သွားကိုက်နေတဲ့ကြားက ကြိုးစား ပန်းစား တင်ထားတာလေးပါ...အားမနာတမ်း ဖတ်သွားကြပါနော်..ဆက်ရန်ကိုလဲ ကြိုးစားပြီး မြန်မြန်တင်ပါ့မယ်...နောက် နှစ်ပိုင်းပဲ ကျန်တော့တယ်ဆိုတာ အသိပေးလိုက်ပါတယ်...မျှော်သူတွေ မောမှာ စိုးလို့ ...:D)
Tuesday, August 25, 2009
တက္ကသိုလ်က သရဲ
(ဒီတခါ တင်ပြတဲ့ သရဲ ဇတ်လမ်းက ကိုယ့်တွေ့တော့ မဟုတ်ပါ။
၁၉၈၁- ၁၉၈၂ ခုနှစ် ပတ်ဝန်းကျင်က ရန်ကုန်တက္ကသိုလ်မှာ
နာမည်ကျော်ခဲ့တဲ့ “ကျောပေါက်ကြီး သရဲ” ဇတ်လမ်း ဖြစ်ပါတယ်။)
၁၉၈၁ ခုနှစ်တွင် တက္ကသိုလ်များ ဆေးရုံးသို့ ကျောင်းသူ လူနာ
တစ်ဦး အရေးပေါ်အခြေအနေဖြင့် ရောက်ရှိ ခဲ့ပါတယ်။ ယင်း
ကျောင်းသူမှာ မာလာဆောင်က ဟု ကျောင်းသားလောက က
ဆိုကြပါတယ်။ ထိုကျောင်းသူသည် ထိုခေတ်က ဒေသကော်လိပ်
မှ တဆင့် ရန်ကုန်တက္ကသိုလ် ပင်မတွင် အထူးပြု သိပ္ပံ ဘာသာ
ရပ် တစ်ခုအား တက်ရောက် ပညာသင်ကြား နေသူ ဖြစ်ပါတယ်။
ထိုကျောင်းသူသည် လက်တွေ့ခန်း (Practical room) တွင် လက်
တွေ့ ပညာရပ်များ သင်ကြားပြီး မိမိ နေထိုင်ရာ အဆောင်သို့
အခြား ကျောင်းသူ သူငယ်ချင်းများနှင့်အတူ ပြန်လာ ခဲ့ပါတယ်။
အဆောင်သို့ မရောက်မီ သူ့မ၏ လွယ်အိတ် အတွင်း၌ ပစ္စည်း
တစုံတခု ကို ရှာဖွေ ပါတယ်။ ထိုနောက် သူငယ်ချင်းများကို
“နင်တို့ အဆောင်ကို အရင်ပြန်နှင့်အုံး၊ ငါ့ မှတ်စုစာအုပ် လက်တွေ့
ခန်းမှာ ကျန်ခဲ့ပြီး၊ အဲဒါ ပြန်သွား ယူလိုက်အုံးမယ်၊ နီးနီးလေးဘဲ
ကိစ္စ မရှိဘူး၊ ငါ တစ်ယောက်တည်း သွားလိုက်မယ်”
လို့ ပြောပြီး လက်တွေ့ခန်းဘက်သို့ ထွက်ခွာ သွားပါတယ်။
သူငယ်ချင်းများလည်း ထိုကျောင်းသူနှင့် လမ်းခွဲပြီး အဆောင်သို့
ပြန်လာခဲ့ပါတယ်။ နာရီဝက်ခန့် အကြာတွင် ထိုကျောင်းသူသည်
ခြေထောက်တွင် ဖိနပ်မပါဘဲ မောကြီး ပန်းကြီးဖြင့် အဆောင်အတွင်း
သို့ ပြေးဝင် လာပါတယ်။ သူမအား ဘာဖြစ်လာလဲ၊ ဘယ်သူက
ဘာလုပ်လိုက်လဲလို့ ၀ိုင်းမေးကြသော်လည်း ဘာမှ ပြန်မဖြေဘဲ
ဝမ်းနည်းစွာ ငိုကြွေးနေပါတယ်။ ထူးခြားပုံမှာ သူမငိုနေချိန်၌
ငိုသံ လုံးဝ မထွက်ပါ။ အဆောင်မှူး အပါအ၀င် အဆောင်ရှိ သူငယ်
ချင်းများ မေးသော မေးခွန်းများကို ပြန်မဖြေ နိုင်တော့ပါ။ တကိုယ်
လုံး ခြစ်ခြစ်တောက် ကိုယ်ပူလာတာကို တွေ့ရသောကြောင့်
သူမကို တက္ကသိုလ်များ ဆေးရုံးသို့ တင်ပို့လိုက် ရပါတယ်။
ဆေးရုံးရောက်ပြီး ထိုကျောင်းသူသည် ထူးဆန်းစွာ စကားသံလုံးဝ
မထွက်ဘဲ အ တဲ့ ပုံစံ ဖြစ်သွားပါတယ်။ ဆေးရုံးရှိ ဆရာဝန်များက
အမျိုးမျိုး စမ်းသပ် စစ်ဆေးသော်လည်း ကိုယ့်ခန္ဓာတွင် ထိခိုက်မှု
လုံးဝ မတွေ့ရှိရပေ။ ထိုကျောင်းသူသည် တစုံတခုကို လုံးဝ
စိုးရိမ်း ကြောက်လန့်နေသော ပုံစံဖြင့် စိတ္တဇ ဆန်ဆန် ဖြစ်လာ
ပါတယ်။ အဲဒီလိုပုံစံဖြင့် ဆေးရုံးတွင် နှစ်ပတ်နီးပါး ကြာမြင့်လာ
သော အခါ နယ်မှ မိဘများ လိုက်လာပြီး နယ်သို့ ပြန်လည်ခေါ်
ဆောင် သွားပါတယ်။ နောက်တစ်လလောက် ကြာသောအခါ
ထိုကျောင်းသူသည် ပုံမှန်အနေအထားဖြင့် ကျောင်းသို့ ပြန်လည်
ရောက်ရှိ ခဲ့ပါတယ်။ ထိုအခါကြမှ သူမ လက်တွေ့ခန်းသို့ မှတ်စု
စာအုပ် ပြန်ယူခဲ့သော ထိန့်လန့်ဖွယ် ဖြစ်ရပ်ဆန်းကို ကျောင်းသား
လောကက ကြားသိ ရပါတယ်။
သူမသည် မှတ်စု စာအုပ်ယူရန် လက်တွေ့ခန်းကို သွားရောက် ခဲ့
ပါတယ်။ အခန်းအတွင်းသို့ ၀င်လိုက်သော အခါ သူမထက် အသက်
အရွယ်အရ ဆယ်နှစ်နီးပါး ကြီးရင့်သော လူကြီးတစ်ယောက်
အခန်းအတွင် ဟိုဘက်လျှောက်လိုက် ဒီဘက်လျှောက်လိုက်
လုပ်နေတာကို တွေ့ရပါတယ်။ သူမက ကျောင်းမှ သန့်ရှင်းရေး
အလုပ်သမား အောင်မေ့ပြီး ထိုလူကြီးအား
“ကျမ မှတ်စု စာအုပ် မေ့ကျန်ခဲ့လို့ လာယူတာပါ” ဟု ပြုံးပြပြီး
အခန်းအတွင်းရှိ သူမ ထိုင်ခဲ့သော စာရေးခုံမှ စာအုပ်ကို လိုက်ရှာ
ပါတယ်။ စာအုပ်ကို လုံးဝ မတွေ့သောကြောင့် သူမက ထိုလူကြီး
အား “ဒီနားမှာ စာအုပ်လေး တစ်အုပ်များ တွေ့မိသလား”လို့
မေးလိုက်ပါတယ်။ ထိုအခါ ထိုလူကြီးက ...
“ငါလည်း နင်လိုဘဲ ၁၉၇၄ ခုနှစ် ဦးသန့် အရေးအခင်းတုန်းက
အိမ်ပြန်နောက်ကျနေတဲ့ ငါ့ညီမလေးကို လိုက်ရှာ နေတာ ဒီနေ့
ထိဘဲ”
“ရှင်၊ ဦးလေးက ၁၉၇၄ ခုနှစ် ဦးသန့် အရေးအခင်း ကတည်းက
ဦးလေး ညီမလေးကို လိုက်ရှာနေတာ၊ ဦးလေး ဆိုလိုတာကို ကျမ
သဘော မပေါက်ဘူး”
“အေး၊ မင်းနားလည်းအောင် ငါပြောပြမယ်၊ ဦးသန့် အရေးအခင်း
တုန်းက ငါနဲ့ ငါ့ညီမလေးက ဒီရန်ကုန်တက္ကသိုလ်မှာ ကျောင်းအတူ
တူ တက်ခဲ့တာပေါ့၊ စစ်တပ်က သေနတ်တွေနဲ့ ပြစ်တဲ့နေ့မှာ ငါ့ညီမ
လေးကို ငါ စိတ်ပူလို့ ဒီလက်တွေ့ခန်းဘက်ကို အလာ စစ်တပ်က
ငါကို ပြစ်လိုက်လို့ ငါသေသွားတာပေါ့၊ ဂျီးသရီးနဲ့ ပြစ်တာလေ၊
မယုံရင် ဒီမှာကြည့်၊ ငါနောက်ကျောမှာ ဘာမှ မရှိတော့ဘူး”
ဟု ဆိုပြီး ထိုလူကြီးက သူ့အင်္ကျီ နောက်ကျောကို လှန်ပြပါတယ်။
ထိုသို့ လှန်ပြလိုက်သော အခါ ထိုလူကြီး နောက်ကျောဘက်တွင်
ဘာမှ မရှိဘဲ သေနတ်နှင့် ပြစ်လိုက်သော အခါ ပွင့်ထွက်သွားသော
ပုံစံ အခေါင်းပေါက်ကြီး မြင်တွေ့ ရပါတယ်။ ထိုအခါ ထိုကျောင်းသူ
ရုတ်တရက် ကြောက်လန့်သွားပြီး လက်တွေ့ခန်း အတွင်းမှ အလျင်
အမြန် ပြေးထွက် ခဲ့ပါတယ်။ ထိုအခါ ထွက်ပြေးသွားသော ကျောင်းသူ
အား ထိုလူကြီးက အသံနက်ကြီးဖြင့် လှမ်းပြောလိုက်ပါ သေးတယ်။
“ဦးသန့် အရေးအခင်းတုန်းက ပျောက်သွားတဲ့ ငါ့ညီမလေးကို
တွေ့ရင် ငါဒီမှာ စောင့်နေတယ်လို့ ပြောပေးပါ၊ ညီမလေးရယ်”
ယင်းကိစ္စ သတင်းများ ထွက်ပေါ်ပြီး မယုံကြည်သော အဆောင်နေ
ကျောင်းသား နှစ်ဦးသည် လောင်းကြေး ပုံစံ အလောင်းအစား လုပ်၍
ယင်း သိပ္ပံ လက်တွေ့ခန်းတွင် ညဘက် သွားရောက် အိပ်စက် ကြ
ပါတယ်။ မနက် မိုးလင်းသော အခါ ထိုကျောင်းသား နှစ်ဦးအား
တက္ကသိုလ် အာဏာပိုင်များက တက္ကသိုလ်များ ဆေးရုံးသို့ ထပ်မံ
ပို့ဆောင် လိုက်ရကြောင်း သိရပါတယ်။
(P.S သွားကိုက်နေလို့ ဘာမှ မရေးနိုင်သေးတာပါ...အကြွေးကို လာဘ်ထိုးတဲ့သဘောနဲ့  သူငယ်ချင်း တစ်ယောက်ပို့ လိုက်တဲ့ မေးလ်ကို ဆားချက်တာပါ...:P)
Friday, August 21, 2009
သက်မင်းမောင်
ဆရာဝန်နားနေခန်းထဲမှာ ဟန်သစ်ထူးအသံက အာကျယ်ကျယ်နဲ့ ပြောနေတာမို့ သူ နည်းနည်း နားစွင့်မိတယ်…“ ဟေ့ကောင်တွေ… အမိစားလေးကွ..ရောက်လာရင်တော့ ငါကတော့ လုံးမှာပဲ…မင်းတို့  တွေ မကပ်နဲ့  နော်..” မနက်ဖြန် ရောက်လာမယ့် ဆရာဝန်မ အသစ်အကြောင်းကို အာပေါင်အာရင်း သန်သန် ပြောနေတာကို နားကြားပြင်းကတ်သလို ရွံလည်း ရွံမိတယ်… ဆရာဝန်လောကမှာ ဒီလိုကောင်မျိုး ရှိနေတာ တော်တော် စိတ်ပျက်စရာ… ဆက်နားမထောင်ချင်တော့တာနဲ့  အပြင်ပဲထွက်လာ လိုက်တယ်… သူလိုလူက မိန်းမတွေကို စိတ်မ၀င်စားသလို ကိုယ့်အလုပ်ကလွဲရင် ဘာကိုမှ စိတ်မ၀င်စား မစပ်စု တတ်သူ… စိတ်မ၀င်စားဆို သူကလည်းသူ့ အကြောင်းနဲ့ သူမို့ လောကကြီးမှာ အံဝင်ဂွင်ကျဖို့ ဆိုတာ သူ့  အတွက် နည်းနည်းတော့ ခက်ခဲလိမ့်မယ်.. ဒါပေမဲ့ သူ့ အလုပ်ကိုတော့ သူချစ်တယ်…လူနာတွေကိုလည်း အမြဲစိတ်ရှည် စေတနာ ထားတယ်…
ကားသံကြားလို့ မသိမသာ ကြည့်မိတော့ အသားဖြူဖြူ မျက်ဝန်းညိုညို ဆံနွယ်လေးတွေ ခွေခွေခေါက်ခေါက် နှာတံလုံးလုံးလေးနဲ့ ချစ်စရာ မျက်နှာလေးတစ်ခုကို စတွေ့ ရတယ်… သူ့  အပြုံးလေးတွေက အပြစ်ကင်းသလို ရယ်လိုက်ရင် ပါးချိုင့်လေးတွေ ခွက်သွားတာက သူ့ ရဲ့ ရိုးရှင်းတဲ့ မျက်နှာလေးကို ပိုပြီးပီပြင်စေတယ်…သူသတိလက်လွတ် ကြည့်နေချိန် ကောင်မလေး ပြုံးပြီး ငဲ့အကြည့် နဲ့  သွားတိုးတော့မှ ကမန်းကတန်း သူ့ အကြည့်လွှဲပြီး ဆေးလိပ်ကိုပဲ ဖိပြီး ဖွာလိုက်တယ်… ငါဘာလို့ ငေးမိလိုက်ပါလိမ့်… မင်းဘာတွေတွေးနေတာလဲ သက်မင်းမောင်..ကိုယ့်ကိုကိုယ် ပြန်သတိပေးရင်း.. သက်ပြင်းဖွဖွ ရှိုက်လိုက်တယ်… အညိုရေ မင်းနဲ့ ပတ်သက်ရင် မောင်အစကတည်းက သက်ပြင်းတွေချလာရတာပါကွာ…
ဟိုကောင် ဟန်သစ်ထူးကတော့ ပြောထားတဲ့ သူ့ အကြံတွေ အကောင်းအထည်ဖော်နေလေရဲ့ … ကိုယ်ကလည်း ဖာသိဖာသာ နေတတ်တဲ့သူ.. မမြင်ချင်ရင် မကြားချင်ရင် ရှောင်သွားလိုက်တာပါပဲ…ဟို ထုံပေပေ ကောင်မလေးကလည်း ဟန်သစ်ထူးကို ကယ်တင်ရှင် အမှတ်နဲ့ ကူညီတာကို ကျေးဇူးတွေ တင်လို့ …. ကောင်မလေးရဲ့ ရိုးသားမှုကို အခွင့်ကောင်းယူချင်နေတဲ့ ဟန်သစ်ထူး ခွင်တွေ့ သွားပုံရတယ်… အညိုက စာထည့်ချင်လို့ အကူအညီတောင်းနေသံကို ဧည့်ခန်းထဲက သူကြားဖြစ်အောင် ကြားလိုက်သေးတယ်… အစကတော့ ဒီကောင် ဟန်သစ်ထူးအကြောင်းမသိပေမဲ့ အခုတော့ သူ့  အကြောင်းတွေ သူ့  အပေါင်းအသင်းတွေက ဘယ်လိုဆိုတာ ရိပ်မိပေမယ့် ကိုယ်နဲ့ မဆိုင်လို့ ဘာမှ မဝေဖန်ခဲ့ဘူး… ဒါပေမဲ့ အညို့ ကိုတော့ ဒီကောင်နဲ့ ပါမသွားစေချင်ဘူး… ဒါကြောင့်လည်း မနက်စောစော ထပြီး အညို့  အခန်းနားမှာ ရစ်သီရစ်သီ စောင့်နေလိုက်တယ်… နတ်သမီးလေး တစ်ပါးလိုလှပြီး ကလေးတစ်ယောက်လို အပြစ်ကင်းလွန်းတဲ့ အညို့ ကို ဟိုကောင်တွေ ပရောပရီလုပ်တာ ပြီတီတီ ကြည့်မှာ စကားတွေနဲ့  အသားယူမှာကို ကိုယ်မလိုလားဘူး…ဟိုကောင်ပြောတာ ကြည့်လေ…ညက သူ့  သူငယ်ချင်းတွေကို ချိန်းတော့ ငါ့ကောင်မလေးနဲ့ မိတ်ဆက်ပေးမယ်တဲ့….မဖြစ်ဘူး…အညို့ ကို ကြည့်တော့လည်း ဒွိဟဖြစ်နေတဲ့ အူတူတူပုံ..
ဒါနဲ့ ကိုယ်လည်း မနေနိုင်ဘူး ဘာမှလည်း မတွေးအားဘူး…ဖြတ်ခုတ်တယ်ပဲ ပြောပြော ..အညို့ ကို ဒီကောင်နဲ့ တော့ မထည့်နိုင်ဘူး…ထူထူပူပူနဲ့ ကိုယ်လဲ စာသွားထည့်မယ်လို့ ညာလိုက်မိတယ်..အညို့  မျက်လုံးလေးတွေ လက်သွားတယ်… မောင်လည်း ဘာကို ပျော်မှန်းမသိ ပျော်သွားတယ်… ဟိုကောင် ဟန်သစ်ထူးကတော့ တော်တော်လေး မကျေမနပ် ဖြစ်သွားပုံရတယ်….
လမ်းတလျှောက် ကိုယ့်ကိုကိုယ် မလုံသလို ခံစားရလို့ အညို့ ကို ဘာစကားမှ မဆိုဖြစ်ဘူး…အညို့  ပုံကလေးလဲ ရှက်သလို ကြောက်သလိုနဲ့ …မျက်လုံး အ၀ိုင်းသားလေ…သူကတော့ ဘယ်တော့မှ စကားစပြောမယ့် ပုံတော့ မပေါ်ဘူး… ထားလိုက်ပါလေ… ဒီအတိုင်းလေးပဲ ကောင်းပါတယ်…အညို့ ကို ဟိုကောင့်လက်က လွတ်အောင် ခေါ်လာဖို့ သာ အဓိကပါ…ကျန်တာတွေ မောင်ဘာမှ မျှော်လင့်လို့  မရတဲ့ ဘ၀ပါ… မောင့် အခြေနေက အညို့  ကို အဝေးကနေပဲ ငေးကြည့်ရုံ အပြင် ဘာတတ်နိုင်မှာလဲ…အညိုရယ် မောင်ဘာတွေ ဖြစ်နေပြီလဲ…ရင်မှာလည်း ဟာတာတာနဲ့ …
စာတိုက်ရောက်တော့ သူစာထည့်နေတာလေးကို မသိမသာကြည့်ရင်း စာတိုက်ထဲ ပတ်နေလိုက်တယ်… တော်ကြာ စာမထည့် ဘူးလားလို့ မေးနေရင် အဖြေမရှိလို့ ပါ….သူ့ ကို ကမန်းကတန်း ပြီးရင် သွားမယ်လို့  ပြောလိုက်တာ ကြာနေရင် မောင့် အလိမ်တွေ ပေါ်ကုန်မယ်…ဘာကြောင့်ဆိုတဲ့ အဖြေကို မောင်ဆက်မတွေးရဲဘူး…ဖြေလည်း မဖြေနိုင်သေးဘူး…
ညကနိုက်ဂျူတီလည်းဖြစ် မနက်ကလည်း အညို ဟိုကောင်နဲ့ ထွက်သွားမှာ စိုးရိမ်စိတ်နဲ့ ကောင်းကောင်း မအိပ်ခဲ့တော့ ဦးလေးမောင်တို့ ကားပေါ်ရောက်တော့ မောင်ဟန်မဆောင်နိုင်တော့ဘူး….အညို ကလည်း မောင်ကို မနှိုးခဲ့ဘူးနော်…သြော်…သနားစရာ ကောင်းလိုက်တာ…အညိုရယ်…
မောင်လေ အညို နဲ့ ဆက်ကြာကြာ မနေနိုင်တော့လို့ ဦးအောင် နှုတ်မဆက်ပဲ ပြန်လာတာပါ… မောင့်စိတ်တွေ ဘယ်လိုမှ ချုပ်လို့ မရမှာကို မောင် ကြောက်တယ်… ဖြစ်နိုင်ရင် အညို့ နားကနေ အငွေ့  လေးပဲ ဖြစ်ဖြစ် ဖြစ်လိုက်ချင်တယ်…မောင် ရုပ်ပျက်ဆင်းပျက် ဖြစ်နေတာတွေကို အညို့ ကို မမြင်စေချင်ဘူးလေ…
အိမ်ရောက်တော့ ဟန်သစ်ထူးလည်း ပြန်မရောက်သေးတာမို့ ကိုယ့်ကို စကားနာ ထိုးမဲ့သူ မလာခင် စောစော အိပ်ယာဝင် လိုက်တယ်… ဒီအချိန်ထိဆို ဒီကောင် ပြန်လာမှာ မဟုတ်တော့ဘူး…အိပ်ယာထဲမှာ အတွေးတွေ ဟိုတစ ဒီတစ နဲ့ သက်ပြင်းတွေသာ အဖော်ပြုလာတာ ညလယ်တောင် ရောက်မှန်း မသိရောက်လာတယ်…ကားပေါ်မှာသာ ခဏလေး ငိုက်ပြီး အခုတော့ ကိုယ့် အကြောင်း အညို့ အကြောင်း စဉ်းစားရင်း မျက်စိတွေ ကြောင်သွားတာ ဘယ်လိုမှ အိပ်မပျော်ပဲ ရှိတုန်း… တံခါးခေါက်သံ တိုးတိုးလေး..ဒါဟိုကောင်တော့ မဖြစ်နိုင်ဘူး…ဒီကောင်က နေ့ ရယ် ညရယ်သိတာ မဟုတ်…ဘာလုပ်လုပ် ၀ုန်းဒိုင်းလုပ်တတ်တဲ့ကောင်…ဘယ်သူပါလိမ့်လို့ ကိုယ် တံခါးသွားအဖွင့်…ဟင်…ချစ်ရတဲ့အညိုရယ်… မျက်ဝန်းမှာလည်း မျက်ရည်တွေနဲ့ လူကလည်း တုန်တုန်ယင်ယင်နဲ့  မောင် ပြာလောင်ခတ်သွားတယ်… အညို အပူရှပ်ပြီး ဖျားသွားတာတဲ့… အညို့ ကိုလည်း တအား ဖက်ထားပြီး အားပေးချင်လိုက်တာ…ဒါပေမဲ့ မောင် ဒီလောက်တော့ အသိရှိပါတယ်...မောင့်အစား မောင့် အနွေးထည်လေးက အညို့ ကို နွေးထွေးမှုတွေ ပေးမှာပါ… ဆေးမသောက်ရသေးတဲ့ ဆရာဝန်မလေးကို မောင် ဆေးတွေပေးရင်း စိုးရိမ်စိတ်ကတော့ မပြေသေးဘူးပေါ့…. ဒါကြောင့် အညို့ အခန်းတံခါးကို Lock မချခိုင်းတာ… အညို ၀င်သွားတော့ မောင်လည်း အိပ်မရတာနဲ့ အဆောင်ရှေ့ ကွပ်ပျစ်မှာ အညို့ ကို စောင့်ကြည့်ရင်း ခဏမှေး လိုက်မိတယ်…
မနက် အစောကြီးထ အညို့ အတွက် ကော်ဖီနဲ့ မုန့် လုပ်ပေးခဲ့တယ်… အညိုသက်သာရဲ့ လား မေးချင်ပေမဲ့ အညို အိပ်နေတာ မနှိုးရက်တာ နဲ့ မောင် ဆေးရုံကိုပဲ သွားလိုက်တယ်…. နေ့ လည် ထမင်းစားချိန် မြန်မြန်ရောက်ပါတော့… မောင် အညိုကို သတိယနေတာလေ… မောင်လေ ကိုယ့်ကိုကိုယ် ထိန်းနေရင်းကပဲ မောင့်စိတ်တွေ အထိန်း အကွပ်မဲ့နေတယ်…ရင်ထဲက အနာဟောင်းရဲ့ အရှိန်ကြောင့် မောင့်နှုတ်ဖျားတွေက မ၀ံ့မရဲ ကတုန်ကယင်နဲ့ အညိုလေးဆီ ဖုန်းဆက်လိုက်တယ်… အညိုရဲ့ အသံလေးကြည်နေတော့မှ မောင် စိတ်အေးသွားတယ်.. ညနေပြန်တော့ အညို က အဆောင်ရှေ့မှာ ရပ်နေတယ်…အညို မောင့်ကို စောင့်နေတာများလား… မတွေးရဲ တွေးရဲနဲ့ အရဲစွန့် ပြီးတွေးမိတာပါ… ဟိုကောင် ဟန်သစ်ထူး ပြောတာ ကြားဖူးလို့  အညိုက ဆေးလိပ် အရက် သောက်တာ မကြိုက်ဖူးဆိုတာ မောင်သိတယ်..ဒါကြောင့်လဲ ဘယ်တွန်းအားတွေနဲ့ မျာ့း အညို့ ကို မြင်တာနဲ့ မောင် ဆေးလိပ်ကို အလျင်စလို လွှင့်ပစ်လိုက်မိလဲမသိဘူး…ဒါတွေဟာ မောင့်စိတ်မှာ အညိုပဲဆိုတာ မောင့်ကိုမောင် မသိလိုက်ခင်မှာပဲ..အညိုဘက်က ဘယ်လိုမှ စည်းရုံး သိမ်းသွင်းမှုမပါပေမဲ့ မောင့်နှလုံးသားက အလိုလို နာခံ ခေါင်းငုံ့ လျက်သား ဖြစ်နေပြီလေ….မောင် အညို့ ကို ရင်မဆိုင်ရဲဘူး…မောင့်ကိုယ်မောင် အပြစ်ရှိသူလို့ ခံယူထားမိလို့ အညို့ အတွက် ၀ယ်လာတဲ့ ညှပ်ခေါက်ဆွဲပြုတ်လေးကို မောင်ကျော်နဲ့ ပဲ ပေးခိုင်းလိုက်တယ်… အညိုရယ် မောင့်ကို ခွင့်လွှတ်ပါ… အညိုကို မြင်ရင် မောင် တွယ်တာသထက် တွယ်တာလာမှာ…အညို့ ကို ပိုင်ဆိုင်ချင်လာမှာ…ဟင့်အင်း…မဖြစ်သင့်ဘူး.. အညို့ ကို မောင် တန်ဖိုးထားတာ..မောင်လို လူတစ်ယောက်ကြောင့် အညို့ ဘ၀ မညစ်နွမ်းစေချင်ဘူး….
နောက်နေ့ တွေမှာလည်း အညို့ ကို မောင် တတ်နိုင်သလောက် မရှောင်ချင်ပဲ ရှောင်နေခဲ့တယ်…ဒါပေမဲ့ အညို့ အပြုံးလေးတွေကိုတော့ မောင် တိတ်တိတ်လေး ခိုးကြည့်ခွင့်ပေးပါနော်…ဒါပေမဲ့လည်း အညိုရယ် မောင်ကိုယ်တိုင်က အညို့ နားမှာ နေချင်နေတော့ မောင် ကြာကြာ ဟန်မဆောင်နိုင်ခဲ့ပါဘူး… တခြားသူတွေနဲ့ ရယ်ရယ်မောမော မရှိပေမဲ့ အညိုနဲ့ ကျတော့ မောင့်စိတ်ကိုက ပျော်နေ လိုက်တာ… စကားတွေလည်း ပြောတတ်လိုက်တာလေ…မောင် နှုတ်ဆိတ်နေရင်း လောကကြီးကို မကျေနပ်နေတာတွေ… ဘယ်ရောက်ကုန်ပြီလဲ…အညိုနဲ့ တွေ့ ချိန် ကြက်ပျောက် ငှက်ပျောက်ပါပဲ…အညို့ အပေါ်ကို တတ်နိုင်သလောက် ကူညီပေးရင်း အညို့ နားမှာ မိတ်ဆွေကောင်း တစ်ယောက် အဖြစ် မောင် အကောင်းဆုံးရပ်တည်ပေးပါ့မယ်…မောင့်နှလုံးသားကိုတော့ မောင် ပြန်သတိပေး ဆုံးမနေရတာပေါ့…
အညိုရေ… မင်းရဲ့ အပြုံးက မောင့်ကမ္ဘာပါ..မင်း မျက်နှာလေး ညိုမှာ မင်း အလိုမကျ ဖြစ်မှာတွေကို မောင် မလိုလားဘူး… လောကကြီးက မောင့်ကို ဒဏ်ခတ်တာ ရက်ရက်စက်စက်ပါပဲ အညိုရယ်… မောင်ခံရတာ ရူးမတတ်ပါပဲ… မောင့်ဘ၀က ခါးသီးမှု အလိုမကျမှု မကျေနပ်မှုတွေ ပြည့်နေတာ… အညိုမသိဘူး… မင်းဘာမှ မသိပါဘူး အညိုရယ်..မင်းလို ရိုးသားဖြူစင်တဲ့ မိန်းကလေး တစ်ယောက်ကို မောင် အနိုင်ကျင့်တာ မဟုတ်ရပါဘူး…မောင့်ရဲ့ နှလုံးသားက တစ်ခါဖူးမှ မဖြစ်တည်ခဲ့တဲ့ အချစ်ဆိုတာကို အခုမှ ရက်ရက်စက်စက် ခံစားစေ ဆိုပြီးများ ပေးခဲ့သလား မသိပါဘူး…ဒါပေမဲ့ မောင် မငြင်းရက်ဘူး… မောင်ကျေကျေနပ်နပ်ကြီး ယူလိုက်မိတယ်…မောင့်ရဲ့ အချစ်က အညို့ တစ်ယောက်အတွက်ပါ… ဒဏ်ရာဒဏ်ချက်တွေနဲ့ မောင့်ဘ၀ကို မင်းကယ်တင်ပေးပါနော်… မောင် မတရားဘူးဆိုတာ မောင်သိပါတယ်… မောင့်ကို အတ္တကြီးတဲ့သူတစ်ယောက်လို့ တော့ မစွပ်စွဲလိုက်ပါနဲ့ …. ခွင့်လွှတ်ပါလို့ ထပ်ခါဆိုရင်း သက်ပြင်းမောတွေ အခါခါ ရှိုက်ရင်း မောင့် ညတွေကို ကုန်လွန်ခဲ့တာတွေ အညိုရေ မင်း မသိပါဘူးကွယ်…
အညို မင်းဘယ်မှာလဲကွာ…မောင့်ရင်တွေ ပူလောင်လှပြီ … မောင် နှလုံးသားတွေ ရိုက်ချက်ပြင်းပြင်းနဲ့  အရိုက်ခံထားရသလို အပူလှိုင်းကြီးပဲ ရင်တစ်ခုလုံး မွှေနှောက်နေသလိုပါပဲ… မောင့်ကို လှည့်ကြည့်ပါဦး… မင်း မောင့်အဖြစ်ကို မသိတာလား… မမြင်တာလား…ညနေကတည်းက အညို သူ့ သူငယ်ချင်းနဲ့ လိုက်သွားတာ… အခုဘယ်အချိန် ရှိနေပြီလဲ…ကိုမောင်ကျော် လာပြောတဲ့ စကားတွေက သူ့ နှလုံးသား တစ်ခုလုံး ပြုတ်ကျသွားသလိုပါပဲ…“ ဆရာ…ဆရာဝန်မလေး…ယောကျာ်း တစ်ယောက်နဲ့ တည်းခိုခန်းထဲ ၀င်သွားတာ ကျွန်တော်တွေ့ လိုက်တယ်…”…မောင်ကျော်က မောင့် အခြေနေကို နားလည်တဲ့သူပါ… မောင့်ရဲ့ ခံစားချက်တွေကိုလဲ သူစာနာ နားလည်ပေးတယ်… အခုလည်း မောင့်ကို လာအသိပေးတာ…မောင်…ခန္ဓာကိုယ်တစ်ခုလုံး လေထဲမှာ လွင့်သွားချင်တယ်… ဖြစ်နိုင်ရင် အညိုရှိတဲ့ဆီ မောင် လိုက်လာချင်တယ်…ဒါပေမဲ့ အညိုနဲ့ မောင်က ဘာဆိုင်လို့ လဲ…ချစ်သူတွေလည်း မဟုတ်… အားးးးးးးး..မောင် စိတ်ရှိလက်ရှိ အော်ပစ်လိုက်ချင်တယ်…နာရီလက်တံရွေ့ နေတာကို ထိုင်ကြည့်ရင်း မောင့်မျက်ဝန်းတွေ စိုစွတ်လာတယ်…မောင့်ပါးပြင်တွေ ပူနွေးလာတယ်…အသက်ရှုတွေ မြန်လာတယ်…မောင် မင်းကို အဆုံးရှုံး မခံပါရစေနဲ့ …မောင် အညိုကို ဘယ်လောက် တွယ်တာ နေတယ်ဆိုတာ မောင့်ကိုယ့်ကို အသိဆုံးပါ…
မောင့်ဘ၀ရဲ့ အစိတ်အပိုင်းက အညိုဖြစ်နေပြီလေ… ဆူးတွေပြည့်တဲ့လမ်းပေမဲ့ မင်းမနာကျင်အောင် မောင့် နှလုံးသားပေါ်တင်ပြီး ထမ်းခေါ်ပါ့မယ်… ကန္တာရလို ခြောက်သွေ့ နေပေမဲ့ မင်းအတွက် မောင့်နှလုံးသွေးတွေကို ဖောက်ထုတ်ပြီး အိုအေစစ်တစ်ခု ဖန်တီးပေးပါ့မယ် … မင်း ခြေလှမ်းတွေယိုင်နေရင်လည်း မောင့် သစ္စာနဲ့  ခိုင်ခိုင်ထားပါ့မယ်…မင်း ပူလောင်တဲ့အခါ မောင့်မေတ္တာက အေးမြပေးပါ့မယ်…မောင့်ဆီကို ပြန်လာပါတော့…အညို…မင်းပြန်လာပါတော့ကွာ…မောင်ဖြစ်နေတာ တွေကို မင်း မြင်လှည့်ပါဦး… မင်းကို ဘာအကြောင်းကြောင့်နဲ့ မှ မောင် မခွဲဘူး..မောင့် အနားမှာပဲ မင်းကို မောင့်လိပ်ပြာ အဖြစ်ထားမယ်..မောင့်အတ္တတွေကို အကောင်အထည်ဖော်မယ်… မစဉ်းစားချင်ဘူး… မောင် ဘာကိုမှ ထည့်မတွက်တော့ဘူး..ဘယ်သူမှလဲ မောင့်ကို မတားကြပါနဲ့ … တားလို့ လဲ မရဘူး…မောင် ဒီလိုမျိုး တွေဝေနေရင် မောင့် အချစ်ကို မောင် သတ်နေသလို ဖြစ်နေလိမ့်မယ်…မောင့်ရဲ့ တစ်သက်မှာ တစ်ခါဖြစ်တဲ့ ဒီအချစ်ကိုတော့ ရှင်သန်ခွင့်ပေးပါနော်…မင်းကို မောင် သေမလောက် ချစ်တယ် အညိုရယ်…
(ကဲ မောင့်အကြောင်းသိချင်တဲ့သူတွေ မျှော်ရကြိုး နပ်ရအောင် အမြန်ကြိုးစားပြီး တင်ပေးလိုက်ပါတယ်...ဒါပေမဲ့ ဇာတ်လမ်းလေးက မပြီးသေးပါဘူး...ထုံးစံ အတိုင်း ဆက်ရန်ပါ...:P)
Wednesday, August 19, 2009
မေသက်ပိုင်ညို
အခန်းထဲက မီးရောင်ပြာလဲ့လဲ့နဲ့ ခန်းဆီးစလေးတွေက လေတိုက်လို့ တလှုပ်လှုပ်... ၀ိုင်းစုခိုင်သိန်းရဲ့  ချစ်ခဲ့တာလား ရူးခဲ့တာလား သီချင်းလေးက တိုးတိုးလေး ပျံ့ လွင့် နေတယ်…သီချင်းလေးကို ခံစားပြီး ကျွန်မအတွေး ဟိုဟိုဒီဒီ ပြေးလွှားလို့ ပေါ့…ဘ၀တွေမှာ တွေ့  ဆုံကြုံကွဲ ဓမ္မတာ ဆိုတာကို ဆရာဝန်တစ်ယောက်ဖြစ်တဲ့ ကျွန်မကောင်းကောင်း သိပါတယ်…… ဒါပေမဲ့ ကျွန်မလည်း လောကကြီးမှာ နားမလည်တာတွေများစွာနဲ့ ဘ၀ကို ရိုးရိုး ရှင်းရှင်းလေးပဲ ဖြတ်သန်းဖို့ ကျွန်မ ကြိုးစားခဲ့ပါတယ်…မထင်မှတ်တဲ့ နေရာတွေမှာ မထင်မှတ်ထားတာ မျှော်လင့်မထားတွေက အတားအဆီးမဲ့ ၀င်လာတတ်တာ ကျွန်မ သတိလက်လွတ် ဖြစ်သွားပြီး ကြိုတင်ကာကွယ်ချိန် မရလိုက်မိတဲ့အထိပေါ့… ဒါကလည်း တစ်ခါဖူးမှ ရင်မခုန်ဖူးတဲ့ ကျွန်မ အချစ်ဆိုတာကို သိရှိခံစားလိုက်မိတဲ့ အချိန်မှာပါပဲ… ကံဇာတ်ဆရာရဲ့ ရိုက်ချက်ဆိုပြီး ကံကို ပုံမလား…ဒါမှမဟုတ် ၀ဋ်ကြွေးတစ်ခုလို့  ခံစားနေရမလား…သီချင်းလေးအတိုင်းပါပဲ ကျွန်မ ရူးခဲ့တာလား..ဟုတ်မှာပါ..ကျွန်မ ရူးခဲ့တာပါလေ…
အချစ်ဆိုတဲ့ အရာက “မောင့်” ကိုစတွေ့ တုန်းကတော့ လှပခြင်းတွေ သယ်ဆောင်လာတဲ့ ပန်းခြင်းလေး တစ်ခုလို.. စိတ်ဝင်စားခြင်းများစွာပါတဲ့ လက်ဆောင်လှလှလေးတွေလို့ ကျွန်မ တွေးမိတယ်…ယုံလည်း ယုံကြည်မိတယ်… မောင့်ဆီက ကျွန်မလိုချင်တာတွေ အားလုံးလိုလို ရခဲ့တယ်…ငယ်ငယ်ကတည်းက သာမန်မိသားစုက ပေါက်ဖွားလာတဲ့ ကျွန်မကို မိဘတွေက အထူးတလည် ဂရုစိုက်ဖို့ အချိန် မပေးအားပါဘူး… အရာရာ စရိတ်တွေ မြင့်မားနေတဲ့ ခေတ်ကြီးမှာ စီးပွားရေးအတွက် မိဘတွေ ခေါင်းနစ်နေတာ ကျွန်မ နားလည်ခဲ့ပါတယ်… တစ်ခါတစ်ခါတော့လည်း ကျွန်မရဲ့ မသိစိတ်ကရော အသိစိတ်မှာပါ ဂရုစိုက်ခံချင်တဲ့…အလိုလိုက်ခံချင်တဲ့ ဆန္ဒလေးက ကိန်းအောင်းနေတတ်တယ်.....
မမျှော်လင့်ပဲ ကျွန်မတာဝန်နဲ့ နယ်စပ်မြို့ လေးတစ်ခုကို တာဝန်ထမ်းဆောင် ဖို့ ရောက်ခဲ့တယ်… အရင်ကလည်း မိဘတွေနဲ့ မကြာခဏ ခွဲဖူးတော့ ကျွန်မအတွက် မိသားစုနဲ့ ခွဲနေဖို့ ကို သိပ်ပြီး ထွေထွေထူးထူး မခံစားရပါဘူး… မောင်နဲ့ စဆုံစည်းရာ…အချစ်ကို တွေ့ ရှိရာ နယ်မြေသစ်ကလေးပါ…ကျွန်မအတွက်ကတော့ အမှတ်ရစရာတွေ အများဆုံး ရှိတဲ့ အတိတ်မြို့ လေးပါ့….
မောင်ကတော့ အဲ့ဒီနေရာမှာ ကျွန်မထက် အရင် တာဝန်ထမ်းဆောင်နေတဲ့သူပေါ့… နယ်မြေသစ်ဆိုတော့ ကျွန်မအတွက် အရာရာက စိမ်းနေသေးတယ်လေ… ဒါပေမဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ ဂရုစိုက်မှုနဲ့ ရက်အနည်းငယ်မှာပဲ ကျွန်မတော်တော်လေး အသားကျသွားပါတယ်…. လုပ်ဖော်ကိုင်ဖက်ထဲမှာ ကိုဟန်သစ်ထူးကတော့ ကျွန်မအတွက် တော်တော်လေးကို အပင်ပန်းခံရှာတယ်… အစစသူပဲ ကူညီပေးတယ်…အားလုံးထဲမှာ မောင်တစ်ယောက်သာ ကျွန်မကို မခေါ်မပြောပဲ သူစိမ်းလိုလို နေတတ်တာပါ… ကျွန်မကလည်း ရောက်ခါစလည်းဖြစ် ကိုယ်ကစပြီးခေါ်ရမှာကို အင်မတန် ၀န်လေးတတ်တော့ မောင့်ကိုလည်း စပြီး မခေါ်ခဲ့ပါဘူး… ဒီလိုနဲ့ ကျွန်မက တစ်ခုခုဆို ကိုဟန်သစ်ထူးကိုပဲ အကူအညီတောင်းရတာပေါ့… ကိုဟန်သစ်ထူးက ကျွန်မအပေါ်မှာ တစ်မျိုး ဆက်ဆံတတ်ပေမဲ့ ကျွန်မမှာ တခြား ရင်းနှီးသူကလည်း မရှိ တခြားတာဝန်ကျ ဆရာမတစ်ယောက်ကလည်း မီးဖွားခွင့် ယူထားတော့ သူ့ ကိုပဲ အားကိုးနေရတယ်… သူနာပြုဆရာမလေးတွေက မြို့ ပေါ်ကဆိုတော့ သူတို့ က အဆောင်မှာ မနေကြဘူး..ကျွန်မကလည်း တစ်ယောက်တည်းပဲ နေချင်တော့ အဖော်ခေါ်မထားဘူး…သူတို့ ကတော့ မေးရှာပါတယ်…အစ်မဖြစ်ရဲ့ လားတဲ့..ကျွန်မက တစ်ယောက်ထဲ နေရတာကို သဘောကျတယ်လေ…အချစ်ကို မသိခင် အချိန်ထိပေါ့…
ဒီနေ့ ဂျူတီ Off မို့ ကျွန်မလည်း အိမ်ကို လွမ်းတာနဲ့  စာလေးရေးပြီး စာသွားထည့် ဖို့  ညကတည်းက ကိုဟန်သစ်ထူးကို ပြောထားတာ… မနက်ကျတော့ ရှိုးအပြည့်နဲ ကိုဟန်သစ်ထူးကို အခန့် သားတွေ့  လိုက်တယ်ဆိုရင်ပဲ သူက “ မမေ..ကျွန်တော် အစ်မကို သူငယ်ချင်းတွေနဲ့ လည်း မိတ်ဆက်ပေးမလို့  မြို့  ထဲမှာ ချိန်းထားတယ်..အဲ့ဒါ စာထည့် ပြီးရင် ကျွန်တော်နဲ့ ခဏလိုက်ခဲ့ပါ”လို့  ဇွတ်အတင်းခေါ်တော့တာပဲ… ကျွန်မလည်း သူစိမ်းယောကျာ်းတွေနဲ့ မတွေ့ ချင်တာရော ကိုဟန်သစ်ထူးကိုလည်း သိပ် ဘ၀င်ကမကျတာနဲ “ ဟင့်အင်း မလိုက်တော့ဘူး…မိတ်လည်း မဆက်ပေးပါနဲ့ ..စာထည့်ပြီး ပြန်ချင်တယ်..”လို့ ပြောတော့ “ ဟာ…ကျွန်တော်ကတော့ သူငယ်ချင်းတွေနဲ့ ချိန်းပြီးသားမို့  ပြန်မလိုက်တော့ဘူး…ပြန်ချင် ကိုယ့်ဘာသာပြန်နှင့်..”တဲ့..ကဲ ကိုဟန်သစ်ထူးကတော့ ညစ်တွန်းတွန်းပြီ… ရှားရှားပါးပါးနားရက်ကလေးရတုန်း အိမ်ကို အလွမ်းတွေ အပြည့်နဲ့ ရေထားတဲ့ စာကလည်းထည့်ချင် စာတိုက်ကိုလည်း ရောက်ဖူးချင်နဲ့ ချီတုံချတုံ ဖြစ်နေတုန်း…မောင်က ထုံးစံအတိုင်း ခပ်တည်တည် မျက်နှာနဲ့ ဘယ်အချိန်ထဲက ကျွန်မတို့ ပြောနေတာကို ကြားနေလဲ မသိဘူး..” စာထည့်မလို့  လား…စာသွားထည့်မလို့ လိုက်ချင်လိုက်ခဲ့”…တဲ့..ပြောပုံက ဘယ်လောက် ဂွကျလိုက်ပါသလဲ…တုံးတိတိနဲ့  ကဗျာ မဆန်လိုက်ပုံများ… ဒါတွေကပဲ မောင့်ကို သတိပြုချင်စရာ ကောင်းနေသလား မသိပါ….
ကျွန်မလည်း ကိုဟန်သစ်ထူးကို အားမနာနိုင်တော့ဘူး..မလိုက်တော့ဘူး မောင်နဲ့ ပဲ သွားမယ်လို့ ပြောလိုက်တယ်…ခဏနေတော့ မောင် အ၀တ်အစားလဲပြီး ထွက်လာတယ်…အ၀တ်အစားလဲတယ်သာ ပြောတာပါ…မောင့် ပုံစံက ဒီအတိုင်းပါပဲ… အ၀တ်အစားဆိုလို့ ကျွန်မ မြင်ဖူးတာ ၁၀စုံတောင် ပြည့်မယ် မထင်ပါ…မောင်က ကိုယ့်ကိုကိုယ်လည်း မပြင်မဆင်နဲ့ …လောကကြီးကို ဘာတွေ မကျေမနပ် ဖြစ်နေမှန်း မသိတဲ့ မျက်နှာနဲ့ …ဘာမှ မပြောပဲ ရှေ့က ဦးဆောင်သွားတော့ ကျွန်မလည်း နောက်က ကုတ်ကုတ်လေးလိုက်သွားခဲ့တယ်…
ဘယ်အချိန်ကတည်းက မောင့်အပေါ်ကို အလိုလို ယုံကြည်မိရက်သား ဖြစ်သွားလဲ ကိုယ့်ကိုကိုယ်တောင် မစမ်းစစ်ကြည့်မိဘူး… မောင်ခေါ်ရာနောက်ကို စိတ်ချလက်ချ လိုက်သွားခဲ့တယ်…မောင်က တစ်လမ်းလုံး စကားလည်း မပြောဘူး…မျက်နှာကလည်း ခပ်တည်တည်…ကျွန်မကလည်း စကားစမပြောချင်တော့ မြို့ ထဲကို သွားတဲ့လမ်းက မောင်နဲ့ ကျွန်မကြား နံရံတွေ ခြားနေသလိုပါပဲ… သြော်…မောင်ရယ် မောင်နဲ့ ကျွန်မ ကြားမှာ နံရံတွေက စကတည်းက ခြားထားတာ မောင့်ကို ချစ်စိတ်ကြောင့် မမြင်နိုင်ခဲ့တာလား မောင်ရယ်….
ဟိုရောက်တော့ ကျွန်မ စာထည့်နေတဲ့အချိန် မောင်က စာတိုက်ထဲ လှည့်ပတ်ကြည့်နေသေးတယ်... ကျွန်မလည်း မောင်စာထည့်မယ်ထင်ပြီး ရပ်စောင့်နေတော့ မောင်က “ပြီးပြီလား သွားမယ်”ဆိုတော့… ကျွန်မလည်း စာမထည့်ဘူးလား မေးချင်ပေမဲ့ မောင့်ကို နည်းနည်း ရှိန်တာနဲ့ ဒီအတိုင်း ပြန်လာကြတယ်…မောင်က စာမထည့်ပဲ ကျွန်မကို တကူးတက လိုက်ပို့ ရလောက်အောင်မှ မရင်းနှီးတာ…မောင် ဘာဖြစ်လို့ များ ကျွန်မကို လိုက်ပို့ တာလဲ…အိမ်အပြန်လမ်းမှာ လူနာဖြစ်ဖူးတဲ့ ဦးလေးမောင်ရဲ့ ကားနဲ့ တိုးတော့..ကျွန်မတို့ ကို လမ်းကြုံခေါ်လာပေးတယ်…ကားပေါ်မှာလည်း သူ့ အမျိုးသမီးပါတော့ ကျွန်မတို့ နှစ်ယောက် နောက်ခန်းမှာ ထိုင်ကြတယ်… ကျွန်မ လဲပေါင်းများစွာတွေးနေရင်း မောင့်ကို ငဲ့ကြည့်တော့ မောင်က ငိုက်နေလေရဲ့ …ဟန်တောင် မဆောင်နိုင်ဘူး…အေးလေ..သူက နိုက်ဂျူတီကျထားတော့ အိပ်ချင်မှာပေါ့..ဒါနဲ့ များတောင် ကျွန်မကို လိုက်ပို့ နိုင်သေးတယ်…..ဘာပဲဖြစ်ဖြစ် ကျွန်မ တိတ်တခိုးလေး ကျေနပ်နေမိပါတယ်….ကျွန်မ ပခုံးပေါ်ကို အိကျလာတဲ့ မောင့်ခေါင်းကိုလည်း တွန်းမဖယ်ရက်…မောင့်ကိုလည်း နှိုးဖို့ ခက်နဲ့ …ဦးလေးမောင်တို့ ဇနီးမောင်နှံကလဲ အလိုက်တသိ နှုတ်ဆိတ်နေလို့ သာပေါ့….ခဏနေ ကားဆောင့်တော့မှ မောင်က နိုးလာပြီး “ဆောရီး”..လို့  တစ်ခွန်းဆိုတယ်…ဦးလေးမောင်ရဲ့ ဇနီးက “ ဆရာလေး ညက ပင်ပန်းသွားတယ်ထင်တယ်..”လို့ အပြုံးနှင့်ဆိုတယ်…ရှားရှားပါးပါး မောင့်မျက်နှာက ရှက်ကိုး ရှက်ကန်းလေး ဖြစ်လို့ နေတယ်...
အိမ်ရောက်တော ဦးလေးမောင်တို့ ကို ကျေးဇူးတင် စကားဆိုပြီး အလှည့် မောင့်ကို ကျေးဇူးတင် စကားတောင် မဆိုခင် မောင်က ဦးလေးမောင်တို့ ကို တစ်ချက်ပြုံးပြပြီး သူ့ အခန်းသူ ပြန်သွားနှင့်ပြီ… ဘယ်လို အမြင်ကတ်စရာ ကောင်းတဲ့လူပါလိမ့်လို့ တွေးရင်း ကျွန်မလည်း ကိုယ့်အခန်းကိုယ် ပြန်လိုက်တယ်…
အခန်းရောက်ကတည်းက လှဲလိုက်တာ ဘယ်လိုအိပ်ပျော်သွားမှန်း မသိလိုက်ဘူး…နိုးလာလို့ နာရီ ကြည့်လိုက်တော့ ည ၉နာရီပင်ထိုးနေပြီ….လူက နုံးချိချိ ဖြစ်နေတာနဲ့  ရေကို စိမ် ပြီး ခေါင်းလောင်းချိုးလိုက်တယ်…၄၅မိနစ်လောက် ကြာသွားမယ်ထင်တယ်…ဗိုက်ကလည်း မဆာတာနဲ့ အခန်းထဲမှာပဲ ခွေနေလိုက်တယ်…ည ၁၂နာရီလောက်ကျတော့မှ တစ်ကိုယ်လုံး တုန်နေအောင် ချမ်းပြီး အဖျားတွေ တက်လာတယ်….ကျွန်မက နဂိုကတည်းက အအေးကြိုက်သူဆိုတော့ အနွေးထည်ရယ်လို့ အိမ်ကနေ သတ်သတ်မှတ်မှတ် ယူမလာမိဘူး…လူးလိမ့်နေအောင် အချမ်းတက်လာတာ…မောင့်ကိုလည်း သွားပြောရမှာ မ၀ံ့မရဲ… ယုံကြည်ရလောက်ပါတယ်လို့ ကိုယ့်ကို အားတင်းပြီးနေပေမဲ့…မိဝေးဖဝေးမှာ တစ်ယောက်ထဲဆိုတော့ အားငယ်စိတ်တွေကလည်း ရင်ထဲ တလိမ့်လိမ့်ပေါ့…ကြိုးစား အားတင်းပေမဲ့  ဘယ်လိုမှ နေလို့ မရတော့တာနဲ့ …မောင့်အခန်းကို သွားခေါက်တော့ မောင်က မအိပ်သေးလို့ တော်ပါသေးရဲ့ …မောင်က ကျွန်မ မျက်နှာကိုကြည့်ပြီး “ ဘာဖြစ်တာလဲ…ဘာဖြစ်လို့ လဲ..”…“ ညနေကတည်းက ပြန်လာပြီး ရေချိုးလိုက်တာ အပူရှပ်ပြီး ဖျားတာထင်တယ်…ချမ်းလိုက်တာလည်း အရမ်းပဲ..” တုန်တုန်ရီရီနဲ့ ကျွန်မဆိုတော့ မောင်က ချက်ချင်း အခန်းထဲ ၀င်သွားပြီး သူဟိုတစ်နေ့ ကမှ လက်ဆောင်ရထားတဲ့..အနွေးထည် အသစ်ကြီးကို ထုတ်ပေးတယ်…ကျွန်မက ဆရာဝန်ပေမဲ့ ဆေးသောက်ရမှာ အင်မတန်ပျင်းသူပါ.. ဖြစ်လာရင် ဒီအတိုင်းပဲ ပေနေလိုက်တာများတယ်… ဘာဆေးမှလည်း ဆောင်မထားတတ်ဘူး… “ဆေးမသောက်ရသေးဘူးလား…” “ဟင့်အင်း..”…မောင်က ဘယ်လို ဆရာဝန်ပါလိမ့် မျက်နှာပေးနဲ့ … သောက်ရမဲ့ဆေးတွေ ပေးတယ်…“အဲ့ဒီဆေးတွေ အခန်းမှာ ရှိတယ်” ညာပြောပြီး ကျွန်မက ဆေးမသောက်ချင်တဲ့ ကလေးလိုလုပ်တော့ “ယူသွား…သောက်လိုက်..ပြီးရင် အခန်း တံခါးကို Lock မချထားနဲ့ …”တစ်ခုခုဆို လှမ်းအော်လိုက်တဲ့…သူ့ ကို ယုံလား မယုံလားလဲ တစ်ခွန်းမမေးပဲ သူ ပြောချင်ရာပြောရင်း ကျွန်မကို အခန်း ပြန်လိုက်ပို့ ပေးတယ်…မောင်က ပြန်ခါနီး ကျွန်မကို တစ်ချက်ကြည့်သေးတယ်…မောင့်မျက်ဝန်းမှာ စိုးရိမ်စိတ်ကလေး ရေးရေးလေး ကျွန်မ နေမကောင်းတဲ့ ကြားက တွေ့ လိုက်သလိုပဲ…
မနက်မိုးလင်းတော့ ဘယ်အချိန်ကတည်းက မောင် နိုးနေလဲ မသိဘူး.. ကျွန်မအတွက် ကော်ဖီနဲ့ မုန့်  တောင် အဆင်သင့် ဖြစ်နေပြီ… သူဂျူတီသွားခါနီး လုပ်ပေးထားတာနေမှာ… ကျွန်မလည်း သက်သာသွားပေမဲ့… ဂျူတီဝင်ဖို့ မဖြစ်နိုင်သေးလို့ခွင့်ယူထားလိုက်တယ်…. နေ့ ခင်းကျတော့ ကျွန်မ နည်းနည်း ထူထူထောင်ထောင် ဖြစ်လာလို့  အလုပ်တစ်ခုပြီးအောင် အ၀တ်လျှော်မယ် စိတ်ကူးတုန်း…ဖုန်းဝင်လာတယ်… ကျွန်မလည်း ဘယ်သူဆီကပါလိမ့်လို့ ကိုင်လိုက်တော့ “ဆေးသောက်ပြီးပြီလားတဲ့..”.. ဒါမောင့်အသံ… ဖုန်းထဲမှာ တစ်ခါမှ မကြားဖူးပေမဲ့….မောင်ပဲဆိုတာ သေချာနေတယ်…“ဟုတ် သောက်ပြီးပြီ…ထမင်းစားပြီးပြီလား..” “အင်း အခုပဲ စားမလို့ စိတ်ပူလို့ ဆက်လိုက်တာ ဘာလုပ်နေလဲ..”…“ ဟို အ၀တ်လျှော်မလို့ …”…“ ဟာ…နေမကောင်းတဲ့ဟာကို…မလျှော်နဲ့ ထားလိုက်..လုံးဝ မလျှော်နဲ့ နော်…”…“ အင်း..ဟုတ်..ဟုတ်ကဲ့..”…“သက်သာအောင် နေနော်…ဒါပဲနော်”… မောင့်အသံတွေ တုန်နေတာလား...မောင့် အသံက တိုးတိုးလေးရယ် ...သြော်..မောင်က ဒီလိုဆိုတော့လည်း စိတ်ရင်းကောင်းသားပဲ..စိတ်ပူတတ်သားပဲ. . ဘာရယ်မဟုတ် တစ်ယောက်ထဲ ကြိတ်ပြုံးနေလိုက်တယ်…
ညနေရောက်တော့ မသိစိတ်က နှိုးဆော်လို့ လား မသိ…မောင်ပေးတဲ့ အနွေးထည်လေး ၀တ်ပြီး အဆောင်ရှေ့  မသိမသာ ရပ်ရင်း တစ်စုံတစ်ယောက်ကို မျှော်နေမိတယ်…အဲ့ဒီတစ်ယောက်က ဘယ်သူ ဖြစ်မယ်ထင်လည်း မောင်ပဲပေါ့…ဒါပေမဲ့ လမ်းကလေးကို မျှော်ရင်းကြည့်လိုက်တော့ ကျွန်မ အရင်ဆုံး မြင်လိုက်ရတာက ကိုဟန်သစ်ထူး..သူက ဟိုတစ်ခေါက်ကတည်းက ကျွန်မကို မကျေနပ်ဘူး ထင်ပါတယ်…စကားမပြောပဲနေတာ ကြာပြီ… ကျွန်မကလည်း အရင်က ဘယ်လိုပဲ ကူညီခဲ့ ကူညီခဲ့ သူကူညီခဲ့လို့  ကျွန်မ အဆင်ပြေခဲ့တာမို့  နှုတ်ဆက်ပြုံးလေးပြုံးပြတာတောင် သူက မသိသလို ဟန်ဆောင် သွားတယ်…
စိတ်ထဲမှာ ဘာမှ မရှိတာမို့  မောင့်ကိုပဲ ဆက်မျှော်နေလိုက်မိတယ်…ဟော…တွေ့ ပါပြီ…ဟို ခပ်လှမ်းလှမ်းမှာ.. မောင်က ဆေးလိပ်သောက်ရင်း…လျှောက်လာတယ်…ကျွန်မကိုလည်း မြင်ရော ဆေးလိပ်ကို ကမန်းကတန်း လွှင့်ပစ်လိုက်တယ်…ကျွန်မ မသိဟန်ဆောင်ပြီး အခန်းထဲမှာ ပြန်နေလိုက်တယ်…ထင်တဲ့အတိုင်း တံခါးလာခေါက်တယ်…ရင်ထဲမှာ လှိုက်ကနဲ ခုန်ပြီး ဖွင့်ကြည့်လိုက်တော့ ..မောင်မဟုတ်ဘူး…မောင့်တပည့် ကိုမောင်ကျော်..“ ဆရာမလေး နေမကောင်းဘူးဆိုလို့  ၀ယ်လာတာ…ပူတုန်းသောက်လိုက်နော်…” “ အော်..ဟုတ်ကဲ့…ကျေးဇူးပဲနော်..” ကိုမောင်ကျော်က ဘာမှ ပြန်မပြောဘူး…ပြုံးပြီးထွက်သွားတယ်…ကျွန်မလည်း ဗိုက်ဆာတာရော ဘာကို မကျေနပ်မှန်းမသိ မကျေနပ်တာရော ပေါင်းပြီ…ယိုးဒယားစတိုင် ညှပ်ခေါက်ဆွဲပြုတ် ပူပူလေးကို ငုံ့  သောက်လိုက်တယ်…စိတ်ထဲမှာတော့ မတင်မကျနဲ့ ပေါ့…
ကျွန်မနေပြန်ကောင်းလာလို့ ဂျူတီ ပြန်ဝင်နိုင်တော့လည်း မောင်နဲ့ ဆက်ဆံရေးက အရင်အတိုင်းပါပဲ… ဒါပေမဲ့ မောင့်ဆီက တစ်ချက်တစ်ချက် ခိုးကြည့်တာလေးတွေကိုတော့ ရှိလာတတ်တာပေါ့.. ကျွန်မကလည်း စကားနည်းသူဆိုတော့ မေးထူးခေါ်ပြောလောက်သာ မောင်နဲ့ နှုတ်ဆက်ဖြစ်ပါတယ်…. တစတစ အချိန်ကြာလာတော့လည်း မောင်နဲ့ ကျွန်မကြားမှာ နားလည်မှုအလိုလို ရှိလာသလို မောင်ပေးတဲ့ အမိန့် တွေကို အလိုလို နာခံတတ်လာတယ်…..ဥပမာ ကျွန်မဆေးကုပေးတဲ့ သူဌေးမကြီးရဲ့ သားက ကျွန်မဆီ လက်ဆောင်တွေ လာပို့ တာတို့ ...ကျွန်မဆီကို မုန့် င်္တေ လာပေးတာတို့  ပြီးတော့ လူနာလိုက်ကြည့်ရင်း လမ်းက ဘုရားကို ၀င်ပို့ ပေးတာတို့ မောင်က နည်းနည်းမှ မကြိုက်ဘူးတဲ့လေ...အဲ့လိုနေ့ မျိုးဆိုရင် မောင်က မျက်နှာကြီးပုပ်သိုးနေတာ ရယ်ချင်စရာကြီး..မောင်က ကျွန်မ မမြင်အောင် ဟန်ဆောင်နေပမဲ့ မောင့်ကို အရိပ်လို ကြည့်နေတဲ့ ကျွန်မကတော့ သိတာပေါ့..ဘာပဲဖြစ်ဖြစ်ပါ..အဲ့ဒီအချိန်တွေတုန်းက အထိတော့ မောင်က ကျွန်မအတွက် မိတ်ဆွေကောင်း တစ်ယာက်ပါပဲ......
နောက်ပိုင်း သူနာပြုဆရာမလေးတွေဆီက တဆင့် သိရတာက မောင်က ဘယ်သူ့ ကိုမှ ဟက်ဟက်ပက်ပက် စကားမပြောတတ်ဘူး…ပြောရင်လည်း ပြတ်ပြတ်သားသား ပြောတတ်တယ်.. ပြီးတော့ မောင်က ဟင်းချက်ကောင်းတယ်တဲ့…အိုး မထင်ရဘူးနော်..ဒီလိုပုံစံက…ကျွန်မ ကြားဖူးတာ ဟင်းချက်တယ်ဆိုတာ စိတ်ခံစားမှုနဲ့ ပတ်သက်နေတယ်လို့ ကြားဖူးတာ…ပြီးတော့ စိတ်လည်း ရှည်ရတယ်တဲ့…မောင့်လို ပုံစံက ဟုတ်ပါ့မလားလို့ တောင် ထင်စရာ….အခွင့်လေးများ ရရင် မောင် ချက်တာလေးကို မြည်းချင်စိတ်ကတော့ တဖွားဖွားပေါ့…မောင်က ဆရာဝန်ပေမဲ့ ဆေးလိပ်နဲ့ အရက်ကိုလဲ တစ်ခါတစ်ခါ သောက်တတ်သေးတယ်တဲ့… ဒါပေမဲ့ ဘယ်သူကမှ မောင့် အကြောင်းကို ဂဃနဏ မသိကြဘူး… မောင်စိတ်ရင်းကောင်းတယ်လို့ တော့ အားလုံးက လက်ခံကြတယ်…မောင့်ရဲ့ အားနည်းချက်က အရမ်းကို အားနာတတ်တာပါပဲ…. ပြီးတော့ မောင့်မှာ မိသားစု ရှိတယ် မထင်ရလောက်အောင် မောင်က ဘယ်ကိုမှ ဆက်သွယ်တာ ဘယ်သူ့ ဆီကမှ ဆက်သွယ်တာ မကြားဖူးကြဘူးတဲ့လေ….အော် မောင်က တော်တော် လျှို့ ဝှက်နိုင်တာပဲနော်… ဒါကြောင့်လည်း ကျွန်မ အချစ်တွေ မောင့်ဆီ ကျွံခဲ့တာပေါ့…….မောင်ရယ် ရက်စက်လိုက်တာ…..ဒါပေမဲ့ ကျွန်မ မောင့်ကို မမုန်းပါဘူး…မုန်းဖို့ ခွန်အား ဘယ်သူက မျှမျှ ကျွန်မ လက်မခံခဲ့ပါဘူး…အဲ့ဒီလောက်ထိ စူးစူးစိုက်စိုက် မောင့် အပေါ် သက်ဝင် ချစ်ခင်တာပါမောင်ရယ်……..