Tuesday, August 11, 2009

သူငယ်ချင်းရှာပုံတော်.....


ကျွန်မတို့ မှာ မောင်နှမ သုံးယောက်ရှိပါတယ်..ကျွန်မကတော့ အလတ်ပေါ့..အလတ်ဆိုတဲ့အတိုင်း လွတ်လွတ်လပ်လပ် နေရတာကို ကြိုက်တယ်….လွတ်လပ်တယ်ဆိုတာ စည်းနဲ့ ကမ်းနဲ့ လွတ်လပ်မှုကို ဆိုလိုတာပါ…ကျွန်မက အပေါင်းအသင်းမင်တယ်…အနစ်နာခံတယ်…တစ်ခါတစ်ခါ မိသားစုထက်တောင် ချစ်တတ်ပါသေးတယ်…အဲ့လို ချစ်တတ်လို့ ကျွန်မအတွက် နောင်မှ ရတဲ့ နောင်တနဲ့  ကျွန်မ ခံစားလိုက်ရတယ် ….ကျွန်မ ၈ တန်းတုန်းက အဖြစ်အပျက်ကလေးတစ်ခုပါ…

ကျွန်မတို့ မှာ သူငယ်ချင်း သုံးယောက်ရှိပါတယ်…နာမည်တွေနောက်မှာပါတဲ့ နောက်ဆုံးစာလုံးချင်းလဲ တူကြတယ်.. ဘာလုပ်လုပ် ဘယ်သွားသွား နောက်ဆုံး ထမီဝတ်တဲ့ ပုံစံ လွယ်တဲ့လွယ်အိတ်က အစ အတူတူ…အရမ်းကို ချစ်ခဲ့ကြတာပေါ့…..အဲ့ဒီထဲမှာ တစ်ယောက်က ကျွန်မတို့ ထဲမှာ ချမ်းသာတယ်… ရုပ်ရည်ရော ကိုယ်လုံးကိုယ်ပေါက်ကလေးရော ချစ်ဖို့ ကောင်းတယ်…သူက ကျွန်မ အပေါ်မှာဆို ပိုပြီးဆိုးတယ်…သူက အိမ်မှာလဲ ဗိုလ်ပေါ့…သမီးလေး တစ်ယောက်ထဲဆိုတော့ အဖွား ရော အမေကရော ဖူးဖူး မှုတ်ထားကြတယ်…သူ က ကျောင်းမှာဆိုလဲ ကျောင်းသားတွေရဲ့ အချစ်ကို အများဆုံး ခံရသူပေါ့….သူ့ ကိုဆို ကျွန်မကလဲ ပိုပြီး ခင်တွယ်ခဲ့တယ်….စေတနာထားတယ်…သူက ကျောင်းစာကို သိပ်စိတ်မ၀င်စားဘူး….သူ့ အတွက် ကျွန်မက အဖြည့်ခံလို နေပေးခဲ့တယ်…သူ့ ကို သူငယ်ချင်းတို့ ဝတ္တရား အတိုင်း အခါအခွင့်သင့်သလို ကျောင်းစာကို စိတ်ဝင်စားဖို့ ပြောဆိုဆုံးမ ခဲ့တယ်…

ကျွန်မတို့  ကျောင်းမှာဆို လူလတ်တန်းစားတွေ ၀န်ထမ်းသားသမီးတွေ အနီးအနားက မိဘတွေရဲ့  သားသမီးတွေကများတော့ ကျွန်မသူငယ်ချင်းလို ကိုယ်ပိုင်ကားနဲ့ ကျောင်းလာတက်တဲ့သူက ရှားတယ်လေ… ပြီးတော့ သူက ပျော်ပျော်လဲ နေတတ်တယ်….သူ့ ကို ကြည့်ရတာ အမြဲတမ်း ပျော်ပျော်ပါပဲ…အဲ့ဒီတော့ ဆရာ ၊ ဆရာမတွေရဲ့ ချစ်ခြင်းကို ခံရတဲ့ သူတစ်ယောက်ပါ….

ဒီလိုနဲ့ တစ်နေ့ ကျတော့ ကျွန်မတို့ ကျောင်းကို အပြင်က ကျောင်းသားမဟုတ်တဲ့ ကျွန်မတို့ ထက် နှစ်နှစ်လောက် ကြီးပုံရတဲ့ လူတစ်ယောက် ကျောင်းရှေ့ ကို အမြဲ ရောက်နေတတ်တယ်…အစက သတိမထားမိပေမဲ့ နေ့ တိုင်းနီးပါး မြင်နေရတော့မှ ကျွန်မသူငယ်ချင်းကို စိတ်ဝင်စားလို့ လာပိုးတယ်ဆိုတာ ရိပ်မိခဲ့တယ်..ကျွန်မ သူငယ်ချင်းကလဲ အစကတည်းက စာကို သိပ်စိတ်ဝင်စားတာ မဟုတ်ဘူး … ၈တန်းဆိုတာလဲ လူကြီးတွေ ပြောပြောနေတဲ့ မြီးကောင်ပေါက် အရွယ်ပေါ့…. ဘာကိုပဲ မြင်မြင် ရင်ခုန်ချင်တယ်…စိတ်ကစားတတ်တယ်…

အဲ့ဒီလူအကြောင်း စုံစမ်းကြည့်တော့လဲ ကျွန်မသူငယ်ချင်း နေတဲ့ နေရာနဲ့ သိပ်မဝေးဘူး… သူ့ အရွယ်က ကြည့်မယ်ဆို ၁၀တန်းကျောင်းသားလောက် ရှိမလားပဲ….ဒါပေမဲ့ ကျောင်းလဲ မတက်ဘူး…ဘာအလုပ်မှလဲ မယ်မယ်ရရ မရှိဘူး…ရုပ်ကတော့ ချောတယ်ဆိုတာထက် ကြာရုပ်လို့  ပြောရင် ပိုမှန်ပါလိမ့်မယ်…သူများ သားသမီးကို မှိုချိုးမျှစ်ချိုး ပြောတယ်လို့ တော့ အပြစ်တင် မစောလိုက်ပါနဲ့ ဦးနော်….တစ်ခါတစ်လေမှာ ကျွန်မတို့ မိန်းမသားတွေမှာ သင်စရာ မလိုပဲ တတ်တဲ့ပညာတွေ ရှိပါတယ်… အဲ့ဒါကတော့ ယောကျာ်းတစ်ယောက်ကြည့်တဲ့အခါ ဘာကြောင့် ကြည့်တယ်ဆိုတာကို ခွဲခြားတဲ့ အသိလေးပါ….

သူ…ကျွန်မသူငယ်ချင်းကို ကြည့်တဲ့ အကြည့်ကလဲ ကြာကြည့်…သူ့ ပုံစံကလဲ တကယ့်ကို လူကောင်းလို့ မထင်ရတဲ့ ပုံစံ… အဲ့ဒါနဲ့ ကျွန်မလဲ သူငယ်ချင်းဆိုတဲ့ အသိနဲ့  တားမိပါတယ်…သူ့ အမေကလဲ ကျွန်မတို့ ကို သူငယ်ချင်းကို စောင့်ရှောက်ဖို့ မှာပါတယ်…ခက်တာက သူက သူ့ အမေက သူ့ ကို ပို့ ပြီး အပြန် သူ့ အမေကားလဲ ပျောက်ရော သူလဲ ပျောက်ပျောက် သွားတယ်…တစ်ခါတစ်လေ ကျောင်းပြေးတဲ့ အဆင့်အထိပေါ့…ကျွန်မတားနေတဲ့ ကြားက ဘယ်က ဘယ်လို ချစ်သူတွေ ဖြစ်သွားကြလဲ မသိပါဘူး….ကျွန်မလဲ ပါးစပ်က တားရုံ အပြင် ဘာများ တတ်နိုင်မှာ မို့ လို့ လဲ…ကျွန်မ စိတ်မကောင်း ဖြစ်တာတော့အမှန်ပါ…ဒါကို ကျန်တဲ့ သူငယ်ချင်းတွေကလဲ သိတယ်….သူတို့ လဲ ပြောမရရင် ထားလိုက်လို့  ကျွန်မကို ပြောတယ်…ကျွန်မကလဲ အမှတ်မရှိ ကြုံသလို သူ့ ကို တားမိတယ်…

တစ်နေ့ …အဲ့ဒီ တစ်နေ့ က ကျွန်မကို သင်ခန်းစာတွေ ပေးတဲ့တစ်နေ့  သူငယ်ချင်းဆိုတာကို အရမ်းကြောက်သွားတဲ့ တစ်နေ့ …အဲ့ဒီနေ့ ကို ယနေ့ အထိ မမေ့သေးပါဘူး… အဲ့ဒီနေ့ က သူကျောင်းလာတယ်….ထုံးစံအတိုင်းပါပဲ…သူငယ်ချင်းတွေ စကားတပြောပြောနဲ့ ပေါ့….ကျောင်းတက် ခေါင်းလောင်း ထိုးတော့ ကိုယ့်အခန်း ကိုယ်ဝင်ကြတယ်…ကျွန်မက နောက်ဆုံးခန်းမှာ…ကျွန်မတို့ အခန်းရဲ့ နောက်မှာ လမ်းရှိတယ်…လမ်းနဲ့  ကျောင်းက ၃ပေလောက်ပဲ ကွာမယ်ထင်တယ်…ကျွန်မတို့ အခန်းက နောက်ဆုံးခန်းဆိုတော့ ပြတင်းပေါက်တွေလဲ အများကြီးပဲ…မိုးရွာမှ ပိတ်တတ်ကြတာလေ… ကျောင်းတက်ခေါင်းလောင်းလဲ ထိုးရော သူ(ကျွန်မသူငယ်ချင်း) ကျွန်မတို့ အခန်းထဲကို လွယ်အိတ်ယူပြီး ပြေးလာတယ်…ပြီးတော့ အနောက်ဆုံးကို သွားပြီး ဘယ်တုန်းကတည်းက အချိတ်အဆက် လုပ်ထားမှန်း မသိတဲ့ သူ့ ရဲ့  ချစ်သူကို လွယ်အိတ် ပစ်ပေးပြီး သူက အောက်ကို နောက်ဖေးကနေ အပြေး ဆင်းသွားတယ်… ကျွန်မလဲ လှမ်းအော်မိတယ်….ဘာလုပ်လို့ ဘာကိုင်ရမှန်းလဲ မသိဘူး….

ခဏကြာတော့ အတန်းပိုင်ဆရာ ရောက်လာတာနဲ့ စာဆက်သင်ဖြစ်တယ်…ဒါပေမဲ့ စိတ်တွေကတော့ သူငယ်ချင်းကို စိတ်ဆိုးတာရော စိတ်ပူတာရော ရှုပ်ယှက်ခတ် နေမိတယ်… နောက်တစ်နေ့ ကျတော့ မထင်မှတ်တာတွေ ကြားလိုက်ရတယ်…သူခိုးရာ လိုက်သွားပြီတဲ့… ကျွန်မရင်ထဲ နှမြောလိုက်တဲ့ ဖြစ်ခြင်း…ကျောင်းမှာလဲ သူ့ သတင်းတွေက ပျံ့ နှံ့ နေတာပဲ…နောက်တစ်နေ့  ကျွန်မ ခေါင်းကို မိုးကြိုး ပစ်သလို ပဲ အတန်းပိုင်ဆရာက ကျောင်းရုံးခန်းကို လိုက်ခဲ့ဖို့ ခေါ်တယ်…အစကတော့ သူ နဲ့ အတွဲဆုံးက ကျွန်မ ဆိုတော့ သိချင်တာလေးတွေ မေးမယ်ထင်ပြီး ဒီအတိုင်း လိုက်သွားခဲ့တယ်….

ရုံးခန်းထဲလဲ ရောက်ရော အတန်းပိုင်ဆရာပြောတဲ့ စကားက “ မင်းမိဘတွေကို ခေါ်ခဲ့”တဲ့..ဆရာပေးတဲ့ တိုင်စာကို မယုံကြည်နိုင်အောင် ကြည့်နေမိတယ်…ပြီးတော့ ကျွန်မ ဆရာကို မေးကြည့်မိတယ်… ဘာအပြစ်ရှိလို့ လဲဆိုတော့ “လိုက်ပြေးသွားတဲ့ မင်း သူငယ်ချင်းက သူခိုးရာလိုက်ရတာ မင်းအားပေးလို့  ပါလို့  ပြောတယ်တဲ့..ပြီးတော့ သူ့ မိဘတွေကလဲ မင်းကြောင့်လို့ ပြောကြတယ်တဲ့…”…အမလေး…ကျွန်မ ကြားလိုက်ရတာ ဟုတ်ပါ့မလားလို့ ကိုယ့်နားကိုယ် မယုံချင်လောက် အောင်ပါပဲ…ကျွန်မ ရှင်းပြပေမဲ့ ဘယ်လိုမှ လက်မခံတဲ့..သူတို့ ဘက်က ပါနေတဲ့ ကျွန်မ အတန်းပိုင်ဆရာကို တော်တော်ကို နာကြည်းမိတယ်….ဘာလို့ လဲဆိုတော့ သိသိကြီးနဲ့  ကျွန်မကို စွပ်စွဲပြီး ဆရာ့ ကို လာဘ်ထိုးထားပြီး သူတို့  သမီး သိက္ခာကို ဆယ်ချင်တဲ့ မိသားစုဘက်က ရပ်တည်လို့ ပါ…ကျွန်မ ငရဲလဲ ကြီးလိမ့်မယ်ဆိုတာ သိပါတယ်..ဒါပေမဲ့ ဘယ်လိုမှ လက်မခံနိုင်လွန်းလို့ ပါ…ကျောင်းမှာ အတတ်နိုင်ဆုံး ကျောင်းသားတာဝန် ကျေပွန်အောင် ထမ်းဆောင်တဲ့ ကျွန်မ တစ်သက်နဲ့ တစ်ကိုယ် တိုင်စာဆိုတာကို မမြင်ဖူးတဲ့ ကျွန်မ ကိုယ့်တိုင်စာ ကိုယ်တိုင်ယူပြီး မိဘကို သွားပေးရတဲ့ အဖြစ်…ပြန်စဉ်းစားရင် ပူပူနွေးနွေးကြီးကို ခံစားနေရတုန်းပါပဲ…ကျွန်မလေ အရမ်းလဲ ရှက် ၊ မျက်နှာတောင် ဘယ်နားမှာ သွားထားရမှန်း မသိတဲ့ အဖြစ်ပါ…


အိမ်ရောက်တော့ အမေ့ကို အားကိုးတကြီး ရင်ဖွင့်ရင်း အားရပါးရ ငိုခဲ့မိတယ်….အမေ့ရဲ့ အားပေးမှုက ကျွန်မအတွက် တန်ဖိုး မဖြတ်နိုင်တဲ့ အားဆေးပါ….”ငါ့ သမီးက မှားတာ မဟုတ်လို့ အမေလဲ မလိုက်စရာ အကြောင်းမရှိဘူး”ဆိုပြီး ကျောင်းကို ရဲရဲ ကြီး လိုက်ခဲ့တဲ့ အမေပါ…သြော်…အမေရယ်…သမီး ကျေးဇူးတင် မဆုံးပါဘူး….ကျွန်မအတွက်တော့ သူရဲကောင်းပါပဲ…

ရုံးခန်းထဲမှာ ကျွန်မ အမေရယ် ၊ အတန်းပိုင်ဆရာရယ် ၊ ကျွန်မရယ် သုံးယောက်ပဲရှိတယ်…ဆရာကတော့ စားပွဲထိပ်ဆုံးခုံမှာ ထိုင်ပြီး ကျွန်မနဲ့ အမေကတော့ ဆရာ့ဘေးမှာ ခပ်ရို့ ရို့ လေးတွေ ထိုင်နေကြတယ်… အဲ့ဒီအချိန်မှာပဲ ဆရာက ကျွန်မက ကျွန်မ သူငယ်ချင်းကို အားပေး အားမြှောက်လုပ်လို့  သူငယ်ချင်းက ခိုးရာလိုက်သွားရတဲ့ အကြောင်း ဒီအရွယ်ဟာ ကျောင်းစာအပြင် တခြား ဘာကိုမှ စိတ်မ၀င်စားသင့်တဲ့ အကြောင်း မိဘ အုပ်ထိန်းသူကို ခေါ်ပြီး သတိပေးရတဲ့ အကြောင်း ကျွန်မကို မဟုတ်တာတွေ စွပ်စွဲနေတဲ့ ဆရာ့ကို တစ်လုံးမှ ပြန်ပြောပဲ ဒီအတိုင်း ငြိမ်နားထောင်နေတဲ့ အမေ့ကို ပထမတော့ အားမလို အားမရဖြစ်လို့  ဆရာ ပြောတာတွေကို ပြန်ပြောဖို့ စကားစလိုက်တော့ အမေက ခုံအောက်က ခြေထောက်နဲ့ ကျွန်မကို လှမ်းတားတယ်…မပြောနဲ့ ဆိုတဲ့ သဘော… နောက်မှ အမေပြောလိုက်တဲ့ စကားတွေကြောင့် အမေ့ကို အရင်ကထက် အထင်ကြီး လေးစားမိသွားတယ်…

ဆရာ့မျက်နှာကိုစေ့စေ့ကြည့်ပြီး အမေက “ ဟုတ်ကဲ့ ဆရာပြောတာတွေကို ကျွန်မ နားလည်ပါတယ်… ကျွန်မကလဲ ကျွန်မကလေးတွေကို ကြပ်ကြပ်မတ်မတ် သေသေချာချာ အုပ်ထိန်း တတ်တဲ့ အမေပါ… ဒီကိစ္စမှာ ဆရာက သဘာဝကျကျ စဉ်းစားတတ်ရင် ကျွန်မ ဒီကို ရောက်လာစရာ အကြောင်းမရှိပါဘူး… ဆရာပဲ စဉ်းစားကြည့်လေ… ကိုယ်တိုင် စိတ်မပါတဲ့ အလုပ်တစ်ခုကို ဘယ်သူက ဘယ်လောက်ပင် တိုက်တွန်းဦးတော့ ကိုယ်လုပ်မှ ဖြစ်တာပါ ဆရာ…. ဘာပဲဖြစ်ဖြစ် ကျွန်မတော့ ဟိုကလေးမနေရာမှာ ကျွန်မ သမီး မဖြစ်တဲ့ အတွက် ကျွန်မ သမီးကို ကျွန်မ ချီးကျူးပါတယ်… ကိုယ့်ဘက်က အမှားလုံအောင် အုပ်ထိန်းတဲ့ ကျွန်မလို အမေမျိုးရဲ့  အောက်မှာ ကြီးပြင်းလာရတဲ့ အတွက် သူတို့ လေးတွေရဲ့ တွေးခေါ် စဉ်းစားတတ်ဥာဏ်ကြောင့် ဒီလို ဖြစ်လာစရာ အကြောင်းမရှိဘူးလို့  ကျွန်မယုံတယ်ဆရာ… ဒါပေမဲ့ စိတ်ချပါ ဆရာ…အိမ်ရောက်ရင် ကျွန်မ သမီးကို သေသေချာချာ ဆုံးမမှာပါ… နောက်ကို ဘယ်လို အပေါင်းအသင်းမျိုးကို ပေါင်းသင့်တယ် ဆိုတာကိုပါ… အခုတော့ ကျွန်မကို ခွင့်ပြုပါဦးဆရာ…” စကားလဲ ပြောအပြီး အမေထထွက်တဲ့နောက် ကျွန်မပါ လိုက်သွားခဲ့တယ်… အခန်းထဲမှာ ပါးစပ် အဟောင်းသားနဲ့  ကျန်ခဲ့တဲ့ ဆရာ့မျက်နှာကို ကျွန်မ အခုထိ မှတ်မိနေတုန်းပါ…

ဒီလိုနဲ့ အချိန်တွေကုန်လာခဲ့တာ…ကျွန်မလဲ လူတွေက ကိုယ့်ကို သနားသလိုလို လှောင်ချင်သလိုလို ကဲ့ရဲ့ချင်သလိုလို ကြည့်တဲ့ အကြည့်တွေလည်း ခံပြင်းရင်းဒီလိုမျိုးတွေ ကြုံတွေ့ ခဲ့ရလို့  ပြန်တွေးတိုင်း စိတ်မှာ တနုံ့ နုံ့ နဲ့ မို့  အဲ့ဒီကျောင်းမှာ နောက်တစ်နှစ် ဆက်တက်ပြီး ၁၀တန်းမှာ နောက် ကျောင်း အသစ်ကို ပြောင်းခဲ့တယ်… ကျွန်မအတွက် သူငယ်ချင်းဆိုတာကို အရမ်းကို လန့် သွားခဲ့တယ်… ဒါကြောင့်လဲ ၁၀တန်း တစ်နှစ်လုံး ဘယ်သူ့ ကိုမှ စိတ်နဲ့ မပေါင်းတော့ဘူး… ၁၀တန်းမှာ ကျွန်မ သူငယ်ချင်း တစ်ယောက်မှ မရှိခဲ့ဘူး….

ကျွန်မ ၁၀တန်းအောင်တော့ သင်တန်းတစ်ခု သွားတက်ဖြစ်တယ်…အစိုးရသင်တန်းဆိုတော့ ရန်ကုန်နဲ့  မဝေးတဲ့ နယ်မြို့ တစ်ခုမှာ အဆောင်သူ အနေနဲ့  တစ်နှစ် သွားတက်ခဲ့တယ်… မိန်းကလေးတွေချည်းပဲ ၂၂ ယောက် နေတဲ့ အဆောင်လေးမှာ လူအမျိုးမျိုး စိတ်အထွေထွေပါပဲ… ကျွန်မက အစကတည်းက ခဲမှန်ဖူးတဲ့ စာသူငယ်လေ…ဘယ်သူ့ ကိုမှ မယုံမရဲနဲ့  တစ်နှစ်ဆိုတဲ့ ကာလလေးကို ဖြတ်ကျော်ခဲ့တယ်…


သင်တန်းကနေ အိမ်ရောက်လို့  သုံးလေးလလောက် ကျွန်မ နားခဲ့တယ်… အိမ်မှာလည်း ဒီအတိုင်း မနေချင်လို့ မိဘကိုလဲ တစ်ဖက်က တတ်နိုင်သလောက်လေး လုပ်ပေးချင်လို့ … လုပ်ငန်းခွင်ဝင်ဖို့  ကျွန်မဆုံးဖြတ်ခဲ့တယ်…ဒီလိုနဲ့  ကျွန်မနဲ့  သင်တန်းမှာ ရင်းနှီးခဲ့တဲ့ မိတ်ဆွေ တစ်ယောက်ရဲ့ အကူအညီနဲ့  ကုမ္ပဏီ တစ်ခုမှာ အလုပ်သွားလျှောက်ခဲ့တယ်…

အင်တာဗျူး ဖြေရမယ့်နေ့ မို့  ကျွန်မ အရမ်းကို လန်းဆန်း တက်ကြွနေတယ်… ဟိုရောက်တော့ လာဖြေတဲ့ သူတွေက ခန်းလုံးပြည့်….ကျွန်မလဲ ကိုယ့်ကို ချပေးထားတဲ့ နေရာမှာ ထိုင်ရင်း စိတ်ထဲမှာ တစ်စုံတစ်ယောက် ကြည့်နေသလို ခံစားရလို့  ဘေးဘီကို ၀ဲကြည့်လိုက်မိတယ်… အမလေး ကျွန်မ အရမ်းကို လန့် သွားတယ်… ဟိုလူ…ကျွန်မ သူငယ်ချင်းကို ခိုးပြေးသွားတဲ့လူ…သူ့ ရုပ်က ထုံးစံအတိုင်းပါပဲ… အရင်က ကျွန်မ သူငယ်ချင်းကို ကြည့်တဲ့ အကြည့်မျိုးနဲ့  မချိုမချဉ် အော်ဂလီဆန်စရာ ကြည့်နေတာ…မေ့ထားပါတယ်ဆိုမှ ဒင်းနဲ့ မှ တည့်တည့် ဆုံရတဲ့ အဖြစ်… ကျွန်မလဲ ဘာလုပ်ရင် ကောင်းမလဲ စဉ်းစားနေတုန်း ကျွန်မ ဖြေရမဲ့ အလှည့်ကို ရောက်လို့  စိတ်ကို လျှော့ရင်း အင်တာဗျူး သွားဖြေခဲ့တယ်… ပြန်လာတဲ့ လမ်းတလျှောက်လည်း အတိတ်ကို တွေးနေခဲ့မိတယ်… သူငယ်ချင်းတစ်ယောက် ဘာတွေဖြစ်နေပြီလဲ ဆိုပြီး စဉ်းစားကြည့်မိသေးတယ်…နာတဲ့ စိတ်က တစ်ဝက် သံယောဇဉ် လက်ကျန်တစ်ဝက်နဲ့ ကျွန်မအတွေးတွေ ရှုပ်ယှက်ခတ်နေတယ်….

နောက်တစ်နေ့ သူငယ်ချင်း တစ်ယောက်နဲ့ လမ်းမှာ ဆုံတုန်း သူ့ အကြောင်းလေး စုံစမ်းမိတော့ ကြားရတာက ရင်နာစရာပါပဲ..ကျွန်မ မျှော်လင့်ထားတဲ့အတိုင်းမို့  သူငယ်ချင်းကိုလဲ စိတ်ထဲက တော်တော်လေး ဆဲမိတယ်… “ အဲ့ဒီကောင်က ဆေးသမားလေ…မိဘတွေက သမီးလေး တစ်ယောက်ထဲမို့ မပြတ်နိုင်လို့  လင်မယားနှစ်ယောက်စလုံးကို အိမ်ပေါ်ခေါ်တင်ထားတယ်…ဘာအလုပ်မှ မယ်မယ်ရရ မလုပ်ဘူး.. ဒီကြားထဲ မိန်းမ ရှုပ်ချင်သေးတယ်…ပေါင်းပြီး သိပ်မကြာ ဇာတိက ပြတယ်လေ…မိန်းမဆီက မိဘဆင်ထားတာတွေ တစ်ခုပြီးတစ်ခု မျက်လှည့်ပြသလိုပဲ…. ကြာတော့ သူလဲ သည်းမခံနိုင်ဘူး… သားသမီးစိတ်ဆင်းရဲတော့ မိဘကလဲ မနေနိုင်လို့  အခုလျော်ကြေးပေးပြီး ကွာလိုက်တယ်တဲ့…သူ့ မိဘတွေလဲ စီးပွားကျသွားပြီး တခြားကို ပြောင်းသွားတယ်” …. “ဟင်… ဒါဆို အခု တစ်ခုလတ်ပေါ့…”... သြော်…. သနားပါတယ်… အင်းလေ…သူလည်း ကျွန်မ မေတ္တာစူးတယ်လို့ ပဲ ပြောရမလားပဲ…..

ကျွန်မလေ… သူ့ သတင်းတွေ ကြားရတာ စိတ်မကောင်းဖြစ်ပေမဲ့ အခုထိကို ရင်နာမိပါတယ်…. ကိုယ်တိုင်လဲ ဆင်ခြင်ပြီးနေနေမိတယ်….ဒီစာကို ဖတ်မိတဲ့ ညီအစ်ကို မောင်နှမများ အားလုံးလဲ ကျွန်မလို အဖြစ်မျိုး ရှိချင်ရှိခဲ့ဖူးမှာပါ…ဒါမှ မဟုတ် အရမ်းကို စိတ်နှလုံးကောင်းတဲ့ သူငယ်ချင်းကို ပိုင်ဆိုင် ထားရင်တော့ ကံကောင်းခြင်းပါပဲ…ကျွန်မလဲ သူလို သူငယ်ချင်းမျိုးရမှာစိုးလို့  လူတွေနဲ့ ပေါင်းသင်းတာ သတိထားပြီးနေရင်း အချိန်တွေကို ဖြတ်ကျော်လာခဲ့ပေမဲ့ အခုချိန်ထိကို ကြောက်နေတုန်းပါပဲ…. လောကမှာ သူငယ်ချင်း အစစ်အမှန်ဆိုတာ ကျွန်မအတွက် ရှိလာနိုင်ပါဦးမလားလို့ ….


ပုံလေးကိုတော့ Google ကယူပါသည်။

11 comments:

ငှက်ကလေး said...

မမဆူးရေ ဖတ်ပြီး ရင်ထဲမကောင်းလိုက်တာနော် သိပ်မိုက်တာပဲနော် ပြီးတော့ မမကိုလဲ ချောက်ချသွားလိုက်သေးတယ် အင်းးးးးလေ ငယ်ငယ်ရွယ်ရွယ် နဲ့ခိုးရာ လိုက်ပြေး ထင်ပါတယ် သူ့ဇတ်သိမ်းလှမှာ မဟုတ်ဘူးလို့ အင်းးးးးးးးးးး သင်ခန်းစာ ယူရတာပေါ့ မမရယ် ဒါမျိုးတွေကို ဝတ္ထုတွေထဲမှာပဲ ဖတ်ဖူးတာ မမရ အင်းလေ ဝတ္ထုဆိုတာကလဲ အပြင်မှာ တကယ်ဖြစ်လို့ ရေးတာပေါ့နော်
သင်ခန်းစာ ယူသွားပါတယ် ရှင် ဘိုင်ဘိုင်

ကာရံဆူး said...

ငှက်ကလေးရေ...ဖတ်ရင်းနဲ့ သင်ခန်းစာရသွားလို့  အစ်မလဲ အတိုင်းမသိ ၀မ်းသာရပါတယ်...လူတိုင်းဟာ ကိုယ့်ကံနဲ့ ကိုယ်လာကျတာမို့ ..ဆရာကြီးမင်းသိင်္ခ စကားနဲ့ ဆို သဗ္ဗေသတ္တာ ကမ္မသကာပေါ့...

ငှက်အစ်ကို said...

ဖတ်လို့ကောင်းပါသည်။ လူငယ်လူရွယ်များအတွက် သင်ခန်းစာဖြစ်ပါသည်။ ပညာပေးလည်းဖြစ်ပါသည်။ ရသလည်းစုံသည်။ အရေးအသားလည်းကောင်းပါသည်။ ဆက်လက်ကြိုးစားပါ။

ကာရံဆူး said...

ငှက်ကလေးရဲ့ အစ်ကိုရေ...ငှက်မောင်နှမရဲ့ အားပေးမှုတွေကို ကျေးဇူးပါလို့ ...ဆက်ပြီး ကြိုးစားနေပါ့မယ်...

Yu Ya said...

မကာရံဆူးရေ... ကျွန်တော်လည်း ကိုယ်တွေ့ပါဗျာ။ အဲဒီလို သူငယ်ချင်းတွေ ရှိတယ်ဗျ။ မေတ္တာစူးတဲ့အချိန်ထိ သူတို့ကို မဖြစ်စေချင်တာတော့ ကျွန်တော်ရဲ့ စေတနာပါဗျာ။

yu ya

သားကြီး said...

နောက်ဆုံးကိုယ့်မိုက်ပစ်ကိုယ်ခံသွားရတာပါပဲ
ကိုယ့်အပြစ်ဖုံးဖို့ တစ်ဖက်သားကိုချောက်ချတတ်တဲ့ညာဉ်ဟာ သိပ်ရွံဖို့ကောင်းပါတယ်
နောက်နောင် ဒီလိုအပေါင်းအသင်းမျိုးနဲ့ဝေးပါစေလို့

ကာရံဆူး said...

ဟုတ်ကဲ့ပါ...ကိုယုယ နဲ့ ကိုသားကြီးရေ..လောကမှာ လူအမျိုးမျိုး စိတ်အထွေထွေပါ...လူဆိုးဆိုတာ ဂျိုမပါလေတော့ ကျွန်မ မောင်နှမတွေ အားလုံး သတိထားရအောင်ပါ..ကျွန်မလဲ သတိထားနေပါတယ်...

မယ့်ကိုး said...

ဖတ်ရတာ စိတ်မကောင်းဘူး ကာရံလေးရေ...
သင်ခန်းစာဆိုပေမယ့် လူ့အကြောင်း ပေါင်းမှသိတာ မဟုတ်လား။
အစ်မတို့လည်း ဒီလိုခံရတာပါပဲ။

ကာရံဆူး said...

ဟုတ်ကဲ့...မမကိုးရေ...ပေါင်းမှ သိလို့  ပေါင်းရမှာ ကြောက်နေတယ်...တခါတလေ ကိုယ့်ရဲ့ စေတနာတွေက ဝေဒနာဖြစ်ဖြစ်သွားတတ်တယ်နော်...

yangonthar said...

ကျွန်တော်တော့ တစ်ခါတစ်လေ လူတွေကို နားမလည်ဘူး ကာရံဆူးရဲ့ အမေကို အရမ်း လေးစားတယ် အပြောသင့်ဆုံးစကားကို ထိထိ မိမိ ပြောသွားလိုက်တာ ..... မိခင်တစ်ယောက် ရဲ့ ယုံကြည်မှုဟာ ဘာနဲ့ မှလဲလှယ်လို့ မရတဲ့  လက်ဆောင်မွန်ပဲ .... ချစ်စရာကောင်းတဲ့  ကိုယ့်အပေါ်လည်း ချစ်တဲ့ သူငယ်ချင်း လေးတစ် ယောက် ရပါစေ
:D

Unknown said...

မကာရံအမေရဲ့စိတ်ကိုလေးစားမိတယ်ဗျာ။ဟိုသူငယ်ချင်းအတွက်တော့ စိတ်မကောင်းယုံမှ တပါး......။:(