“ ဟင်..ကိုသက်မင်းမောင်…မအိပ်သေးဘူးလား…” မျက်ရည်တွေနဲ့ ..မောင်ကို မြင်တော့ အညို ဘာလုပ်လို့ လုပ်ရမှန်းမသိဘူး… လန့် လည်း လန့် သွားတယ်…“ ဟို ဟို ဟိုလေ…သူငယ်ချင်းတွေနဲ့ …”.. “အို…”…မောင်က ဘာမှ ပြန်မပြောပဲ ကျွန်မ စကားမဆုံးခင် ကျွန်မကို တင်းတင်းကျပ်ကျပ် လှမ်းဖက်လိုက်တယ်… ကျွန်မလေ… ဘာကြောင့်မှန်းမသိ… ငြင်းဆန်သင့်မှန်း သိနေပေမယ့် အသိတရားတွေ လေနဲ့ အတူပါသွားတာလား.. …ကျွန်မ ရင်တစ်ခုလုံး နွေးထွေး လုံခြုံသွားသလို ခံစားရတယ်….မောင်ကလည်း စကားမဆို ကျွန်မကလည်း နှုတ်ဆိတ်နဲ့ …ဒီညက လမင်းကြီးနဲ့  ကြယ်ကလေးတွေ ပိုပြီး လင်းနေသလို အရင်ညတွေထက် ပိုလှလို့ နေပါပေါ့လား…

မနက်ကျတော့ မောင်မမေးပေမဲ့ လိုအပ်မယ်ထင်လို့ ပြီးတော့ အညိုကိုယ်တိုင်ကလဲ ရှင်းပြချင်လို့  မနေ့  က သူငယ်ချင်း လင်မယား အလည်ရောက်လာလို့ သွားတွေ့ တဲ့အကြောင်း..သူတို့ တွေနဲ ၁၀တန်းအထိတူတူနေလာကြတာ မတွေ့  တာလဲ ကြာ..ပြီးတော့ သူငယ်ချင်းဇင်မာက ခရီးပန်းပြီး နေမကောင်းဖြစ်ချင်နေတာနဲ့  သူတို့ တည်းတဲ့ နေရာထိ လိုက်သွားတယ်ဆိုတဲ့ အကြောင်း …. ဟိုရောက်တော့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောရင်း ညစာစားပြီးမှ ပြန်လာတဲ့ အကြောင်း မောင့်ကို စီကာ ပတ်ကုံး ပြောပြလိုက်တယ်….အညိုစိတ်ထဲရော မောင့်စိတ်မှာပါ ဘာမှ မရှိ နိုင်အောင်ပေါ့ပါးသွားတယ်…. ချစ်သူတွေ ကြားမှာ သံသယဆိုတာ မရှိနိုင်ရင် အကောင်းဆုံးပဲ မဟုတ်လား…
ချစ်ခွန်းတွေ ဖွဲ့ ဖွဲ့ နွဲ့ နွဲ့ မောင် မပြောပေမဲ့ မောင်နဲ့ အညို နားလည်မှုရတဲ့ ချစ်သူတွေ ဖြစ်သွားကြတယ်…တကယ်တော့ ချစ်သူဘာဝ တီတာနေရမဲ့ အရွယ်တွေလည်း မဟုတ်တော့ဘူးလေ.. သို့ ပေမဲ့ မချစ်ဖူးလို့ အချစ်ရူး ဖြစ်တတ်ကြတာ သဘာဝပါ… မောင့်ကိုလည်း အညိုက မျက်စိအောက်က အပျောက်မခံသလို မောင်ကလည်း အရိပ် တကြည့်ကြည့်နဲ့ ပါပဲ…မောင်နဲ့ အညိုတို့ ရဲ့ ချစ်သူကာလလေးက အရမ်းကို ပျော်ရွှင်စရာ ကြည်နူးစရာတွေ အပြည့်ပါပဲ…
ချစ်ကြပြီဆိုရင် အရာရာတိုင်းကို ကြည့်တဲ့ မျက်စိက အချစ်တွေ ဖုံးလွှမ်းလို့ လှပနေရဲ့ …နေ့ ရက်တိုင်းဟာ ရက်ရာဇာတွေချည်းပါပဲ…. နေထွက်ရင်လည်းလှ နေ၀င်ရင်လည်း လှတာပါပ…ဲ မောင်က သူ့ ကို မောင်လို့ စခေါ်ခိုင်းတဲ့ နေ့ ကတော်တော်တော့ ရယ်စရာ ကောင်းသည်…မောင်လို့ အညိုကလည်း ခေါ်ဖို့ ပါးစပ်ကမရဲ….မောင့်ပုံစံကလည်း ရှက်ကိုးရှက်ကန်း… အညို တိုးတိုးလေးခေါ်တော့ မောင့် မျက်နှာ ၀င်းပသွားလိုက်တာ…တကယ်ဆို မောင်က အညိုထက် နှစ်လပဲ ကြီးတာပါ…ဒါပေမဲ့ အညိုက ကလေးလို နေချင်တယ်..မောင်ကလည်း အစ်ကိုကြီးလို ဖြစ်ချင်တော့ အပေးအယူမျှသွားတာပေါ့…. မောင်က ညညဆို အညိုကို ပုံပြင်လေးတွေ ပြောပြတတ်တယ်… ဘယ်သူနဲ့ မှ စကား များများ မပြောတဲ့ မောင်က အညိုနဲ့ ဆိုရင် စကားတွေက ပြောမကုန်ဘူး….မောင် စကားပြောတိုင်း မောင့်မျက်ဝန်းတွေက ပြုံးနေတယ်… မောင့် ပါးပြင်က မွှေးညှင်းနုနုလေးတွေကို ငေးကြည့်ရင်း မောင် ပြောတာတွေ နားထောင်ရတာ…အညိုအတွက်တော့ တကယ့်ကို မမေ့နိုင်စရာပါ….
နားရက် တူတူ ကျတဲ့ အခါများဆို မောင်နဲ့ အညိုတို့ တစ်ယောက်ကို တစ်ယောက် ချစ်လို့ ကို မ၀ဘူး…အရင်က အညို စားချင်ခဲ့တဲ့ မောင့်လက်ရာလေးတွေကို မြည်းရုံတင်မက စိတ်ကြိုက် စားခွင့်ရခဲ့တယ်… မောင်က တကယ့်ကို စိတ်ရှည်ပါတယ်.. မောင် ကစားချင်တဲ့ Scrabble ကိုလည်း အညို စိတ်မပါပေမဲ့ မောင့်အတွက် ကစားပေးခဲ့တယ်….မောင်က အညိုစကားပြောတာလေးကို ကြည့်ပြီး အသည်းယားလာရင် အညို့ ပါးချိုင့် လေးတွေထဲကို လက်ညှိုးနဲ့ ထိုးထည့်တတ်သေးတယ်…မောင် ဒီလောက် ပျော်နေတာကို အညို အရင်က စိတ်ကူးထဲတောင် ထည့်ကြည့်လို့ မရဘူး…သြော်…အချစ်က အရာရာကို စေခိုင်းနိုင်တဲ့ မှော်ဆရာ တစ်ယောက်ပါပဲ…
မောင်နဲ့ အညိုတို့ ချစ်သူတွေ ဖြစ်သွားကြတာကို မနာလိုစိတ်နဲ့  စောင်းမြောင်းပြော တတ်တဲ့ ကိုဟန်သစ်ထူးကြောင့် တစ်ခါတစ်ခါ စိတ် အနှောင့်အယှက် ဖြစ်ရသေးတယ်… သူက အရင်က ကြုံးဝါးထားတာကိုး…အညိုကို သူအပိုင်ကြံမယ်လို့ ..ဒါပေမဲ့ အညိုက သူ့ ကို လုံးဝ စိတ်မ၀င်စားတော့ သူ့  မှာနာလိုခံခက်ကြီးပေါ့… မောင့်ကိုလည်း မကြာမကြာ ပုတ်ခတ်သေးတယ်… မောင်က ကြားဝင်လုတယ်ပေါ့.. အစကတည်းက အညိုက သူ့ ကို မိတ်ဆွေ တစ်ယောက်ထက် မပိုခဲ့တာ သူနားမလည်ခဲ့ဘူး…သူထင်တာ မောင်သာ မရှိရင် အညိုက သူ့ ဘက်ကို စိတ်ယိုင်လာမယ်ပေါ့…အချစ်ဆိုတာကို သူနားမလည်လို့ ပါ… နီးစပ်တိုင်း ရင်းနှီးတိုင်း အချစ်မှ မဟုတ်တာ… သူက ပတ်ဝန်းကျင်မှာ မဟုတ်မဟတ် လုပ်ဇာတ်တွေ ခင်းပြီး အညိုကပဲ သူ့ ကို ကျသလိုလို ပြောတတ်သေးတယ်…
မောင်နဲ့ အညိုတို့ ချစ်သူသက်တမ်းက ကြာလာတော့ ပတ်ဝန်းကျင်မှာလဲ လူသိများလာတယ်… သူနာပြုဆရာမလေးတွေကလည်း ဘယ်တော့ စားရမလဲပဲ ထပ်ထပ်မေးနေတော့တာပဲ..ဆရာမ မသီတာကလည်း အစ်မတစ်ယောက်လို ဖြစ်နေတော့ “ ညိုရေ…ချစ်သူရည်းစား ဘ၀ဆိုတာ ကြာကြာနေလို့ ကောင်းတာ မဟုတ်ဘူး…ညိုတို့ လည်း ငယ်တော့တာမှ မဟုတ်တာ… အိမ်ထောင်တစ်ခု တည်ဆောက်ဖို့  စဉ်းစားကျတော့..”လို့ တိုက်တွန်းလာတယ်… မောင်နဲ့ ကျွန်မတို့ ကိုယ်ပိုင် ဘ၀သစ် ထူထောင်ဖို့  ဆိုတာ အချိန်ရှိတိုင်း တွေးဖြစ်ကြတယ်… မောင့်မိဘတွေက နယ်က အညိုတို့ က ရန်ကုန်ကပါ… မောင့်မိဘတွေက ဝေးတော့ အသက်လည်း ကြီးပြီဆိုတော့ မောင်က သူတို့ ကို အသိပေးရုံပဲ အကြောင်းကြားလိုက်မယ်တဲ့… အညိုကတော့ မိဘတွေကို ခွင့်တောင်းဦးမယ်ဆိုပြီး.. ရန်ကုန်ပြန် လိုက်တယ်.. မောင်က သူ့ မိဘတွေကိုလဲ သွားတွေ့ ပေးပါလို့ မှာလိုက်တော့…မောင့်မိဘတွေ ရှိတဲ့ မြို့ ကို သွားပြီး လက်ဆောင်ပေးပြီး မောင့် အကြောင်းတွေ ပြောဖြစ်ကြတယ်… မောင့်မိဘတွေက မောင့်ကို စောင့်ရှောက်ပေးပါတဲ့…မောင်က ဒီမှာနေရင် အရက်ပဲ ဖိသောက်နေလို့ စိတ်ပြောင်းသွားအောင် သူတို့ ကပဲ နယ်မြေသစ်ကို သွားခိုင်းလိုက်တာတဲ့…မောင့်မှာ ဘာစိတ်ညစ်စရာတွေများ ရှိလို့ မောင်က ဒီလို ဖြစ်နေတာလဲ… ဘာပဲဖြစ်ဖြစ် မောင်ကတော့ အညို့ ကို ဖုံးကွယ်ထားမှာ မဟုတ်ပါဘူးလေ…မောင့်ကို ယုံတယ်…စိတ်ချပါ မောင်က လိမ်မာပြီးသားပါ.. အညိုကြောင့် မောင် အရက်နဲ့ ဆေးလိပ်တောင် မသောက်တော့ဘူးလို့  ပြောခဲ့ပြီး ပြန်လာလိုက်တယ်…ကိုယ့်ကိုကိုယ် အန်တီတို့ ရဲ့ ချွေးမ ဖြစ်တော့မှာလို့ တော့ မိတ်မဆက်ဖြစ်ခဲ့ပါဘူး… မောင်က ဖုန်းဆက်ထားပြီးသားပဲ သူတို့ သိပြီးသားနေမှာပါလေ… မောင့်မိဘတွေ မျက်နှာမှာ အရိပ်တစ်ခုခု ရှိနေသလိုပဲ…ဒါပေမဲ့ မောင့်အပေါ် ဘာသံသယမှ မထားချင်တဲ့ သူပါ…မောင့်ကိုလည်း ဘာမှ မမေးချင်ဘူး…အညိုက မောင့်အပေါ်ကို ယုံယုံကြည်ကြည်နဲ့ ပဲ ချစ်ချင်တာ… မောင့်ကို မယုံလို့  မောင့်သိက္ခာကို ထိခိုက်မှာ စိုးလို့ ဆိုတဲ့ အတွေးနဲ့  မမေးတော့ပါဘူးလေ…
အညို့ မိဘတွေကတော့ အညို့ ကို ဘာမှ မပြောဘူး…“ သမီးကို ဒီအရွယ်ထိရောက်အောင် အသိပညာတွေ အတတ်ပညာတွေ အဖေတို့ ပေးခဲ့ပြီးပြီ…သမီးဘ၀လမ်းကို သမီး စိတ်ကြိုက်ရွေးချယ်ပါ…သမီးရဲ့ အသိဥာဏ်နဲ့  လမ်းမှန်ကို ရွေးနိုင်လိမ့်မယ်လို့  အဖေယုံကြည်ပါတယ်… အဖေက သိပ်မကျန်းမာသေးတော့..သမီးတို့ မင်္ဂလာဆောင်ကို လာနိုင်မှာတော့ မဟုတ်ဘူး…”… အမေကတော့ ၀မ်းနည်းနေတာလား စိတ်ဆိုးနေတာလား မသိဘူး..နှုတ်ဆိတ်နေတယ်… စိတ်ထဲမှာ ၀မ်းနည်းနေပေမဲ့ ဟိုမှာ စီစဉ်စရာ ရှိတာတွေ စီစဉ်ရမှာမို့  ရက်ကြာကြာမနေပဲ မိဘတွေကို ကန်တော့ပြီး ပြန်လာလိုက်တယ်…
မောင်တစ်ယောက် အညို ခွင့်ယူနေတုန်း အညို့ ဂျူတီပါ အစားဝင်ပေးနေရလို့ တော်တော်ပင်ပန်းတယ် ထင်တယ်…မျက်နှာလေး ချောင်သွားတယ်…ဒါပေမဲ့ အညို့ ကို မြင်လိုက်လို့ ပြုံးလိုက်တဲ့ မောင့် အပြုံးက အရမ်းကို အပြစ်ကင်းတယ်…မောင့်ရဲ့ လွမ်းဆွတ်မှုတွေကို အညို ခံစားမိပါတယ်… အညိုလည်း လွမ်းတာပါပဲ မောင်ရယ်..မောင့် မျက်နှာ မြင်လိုက်ရတော့ အညို့ ရဲ့  ဘာမှန်းမသိတဲ့ သံသယတွေ လေနဲ့  အတူ လွင့်ပါသွားတယ်…ဒါကြောင့် အချစ်က တစ်ခါတစ်လေ မျက်ကန်းနဲ့ တူတယ်လို့ ဆိုကျတာပါလား…

မင်္ဂလာဆောင်အတွက် လုံးပန်းနေကြတာ ပင်ပန်းလို့ ပင်ပန်းမှန်းတောင် မသိပါဘူး…မောင်နဲ့ အညို နေဖို့  အတွက် သူနာပြုဆရာမလေးတွေကပဲ အိမ်တစ်လုံး စီစဉ်ပေးတယ်… ဆေးရုံအုပ်ကြီးကရော အားလုံးကရော မောင်နဲ့ အညိုကို ၀ိုင်းပြီး ပံ့ပိုးကြတယ်… မောင်နဲ့ အညိုကို လိုက်ဖက်ညီလို့ တဲ့… အင်း..ဖူးစာက ရွာလည်ပြီး တနယ်တကျေးမှာ အိမ်ထောင်ကျလိမ့်မယ်လို့ အညို ထင်မထားဘူး… အခုတော့ မောင်နဲ့ အညို ဘ၀လေးတစ်ခုကို ပိုင်ဆိုင်နိုင်ပြီလေ….ပျော်လိုက်တာလေ…
ကြင်စဦး ဇနီးမောင်နှံဆိုတော့ သည်းသည်းလှုပ်နေကြတာပေါ့…မိုးမမြင် လေမမြင် ချစ်ခဲ့ကြတာ…အာဒမ် ဧ၀ ချစ်တာ ရှင်မွှေးလွန်းနဲ့ မင်းနန္ဒာချစ်တာ ဒီလိုမျိုးပဲ ထင်ပါ့… မောင်ကလည်း လင့်ဝတ္တရား ကျေပြွန်သလို အညိုဘက်လည်း မယား ၀တ္တရား မပျက်ခဲ့ပါဘူး… “အညိုရေ…ရေချိုးတာ ကြာလှချည်လား… သြော်…မောင့်မိန်းမလေး နေမကောင်း ဖြစ်နေမှ… မောင်ရင်ကျိုးရပါမယ်… မြန်မြန်လုပ်ပါအညိုရယ်..”… မောင်က အဲ့လို ကြင်နာတတ်သလို..“ မောင်ရေ..ဒီနေ့ မောင်ကြိုက်တဲ့ ကြက်သား ကာလသားနဲ့  ငါးပိထောင်းထားတယ်…”…အညိုကလည်း မလျော့သော ချစ်ခြင်းနဲ့ ချစ်တာပါ…
“ မောင်ရေ…ဒီတပတ် မောင်နဲ့ အညို နားရက် တူတယ်နော်…ဈေးသွားဝယ်ချင်တယ်..ဘုရားလဲ မရောက်တာ ကြာပြီ…လိုက်ပို့ နော် မောင်” လို့ အညိုတောင်းဆိုတိုင်း မောင်က လိုက်လိုက်လျောလျော လိုက်ပို့ တတ်သလို “ အညိုရေ မောင်တို့ ဒီနေ့  အုန်းနို့ ခေါက်ဆွဲချက်စားရအောင်…”လို့ မောင် ပြောရင်လည်း ဘယ်လောက်ပင် ပင်ပန်းပါစေ…အညိုက မငြီးမငြူ ချက်ကျွေးတတ်ပါတယ်…. တစ်ခါတစ်ခါ မောင် ချော့တာ ခံချင်လို့ အညို စိတ်ဆိုးတိုင်း မောင် မျက်နှာညှိုးနေတတ်တာကလွဲလို့ … မောင်က ချော့လည်း မချော့တတ်ပါ… နောက်ဆုံးတော့ အညိုကပဲ စခေါ်ရတာပါပဲ…
အညိုက ပြန်ခေါ်ရင် မောင်က အတိုင်းမသိ ၀မ်းသာလို့ … “ အညိုရယ် မောင့်ကို စကား မပြောပဲ မနေပါနဲ့ နော်…အညို အဲ့လိုနေရင် မောင် မနေတတ်ဘူး..ဘာမှလည်း လုပ်လို့ မရဘူး.. အညို့ မှာ မောင့်ကို မကျေနပ်တာရှိရင် ပွင့်ပွင့်လင်းလင်းပြောပါကွာ..နော်”. ပြီးရင် မောင်က အညို့ ကို သနားတယ်လို့ လည်း ခဏခဏ ပြောတတ်သေးတယ်….ဘာကြောင့် သနားတာလဲလို့ မေးရင် သနားလို့ သနားတာလို့ ပဲ ဖြေတယ်…မောင်က အညို့ကိုသာ ပွင့်လင်းခိုင်းတာပါ..မောင်ကတော့ ဘာပဲဖြစ်ဖြစ် မျိုသိပ်ထားတတ်တာ များပါတယ်…သူ နေမကောင်းဖြစ်ရင်တောင် အညို စိတ်ပူမှာ စိုးလို့ ဘာမှ မပြောပဲ ကြိတ်ခံတတ်တဲ့သူပါ..
မောင်နဲ့ အညိုတို့ ရဲ့ အိမ်ထောင်သည် ဘ၀လေးက သာသာယာယာ အေးအေးချမ်းချမ်းလေးနဲ့  တစ်ယောက်ကို တစ်ယောက် နားလည်မှုတွေနဲ့ ဖြတ်သန်း လာကြတာ…ဒါပေမယ့် မောင်နဲ့ အညိုတို့ မှာ ချွတ်ယွင်းချက်မရှိပါပဲ သားသမီးရတနာမရခဲ့ကြဘူး… အညိုကလည်း ကလေးရလာရင် တာဝန်မကျေမှာစိုးတာပါ ….မောင်ကလည်း လိုလိုလားလား မတောင်းဆိုဘူး….ရခဲ့ရင်လည်း ယူမယ်လို့ ပြောခဲ့တယ်…တကယ်လို့ များ သားသမီးရလာရင် အညိုကတော့ အိမ်ထောင်ရှင်မ ဘ၀ကို ကျေကျေနပ်နပ်ကြီးခံယူချင်တာ… အလုပ်ကို နှမြောပေမဲ့ သားသမီးလေးတွေနဲ့ အမေတာဝန် ဇနီးမယား တာဝန်ကို အပြည့်အ၀ ယူချင်တာပါ…ပြီးတော့ ဒီလိုမျိုး ကလေးမရတာဟာ တချို့  အိမ်ထောင်သည်တွေမှာလဲ ဖြစ်တတ်တာမို့  ဘာမှ သိပ်ပြီး ဂရုတစိုက် မလုပ်ခဲ့ကြဘူး….…ဒီအတိုင်းပဲ တစ်ယောက်ကို တစ်ယောက် မလျော့သော ချစ်ခြင်းနဲ့ ချစ်နေကြရင်း အချိန်တွေ ကုန်လွန်ခဲ့တယ်…. ပတ်ဝန်းကျင်ကတောင် မောင်နဲ့ အညိုကို ချီးကျူးကြတယ်လေ… အရမ်းချစ်ကြလို့ … သူများတွေ အဲ့ဒီလို အားကျလောက်အောင် မောင်နဲ့ အညိုက ချစ်ကြတာပါ… နှစ်ယောက်စလုံးအတွက် အချစ်စစ်ဆိုတာ သံသယ မြူမှုန်တောင် မရှိခဲ့တာပါ… ဒါပေမဲ့… ဒါပေမဲ့လည်းပေါ့လေ…….
(သွားကိုက်နေတဲ့ကြားက ကြိုးစား ပန်းစား တင်ထားတာလေးပါ...အားမနာတမ်း ဖတ်သွားကြပါနော်..ဆက်ရန်ကိုလဲ ကြိုးစားပြီး မြန်မြန်တင်ပါ့မယ်...နောက် နှစ်ပိုင်းပဲ ကျန်တော့တယ်ဆိုတာ အသိပေးလိုက်ပါတယ်...မျှော်သူတွေ မောမှာ စိုးလို့ ...:D)