Thursday, June 3, 2010
HAPPY BIRTHDAY!!!!
ဒီကနေ့ က သက်ဆိုင်သူကြီးရဲ့ မွေးနေ့ မင်္ဂလာ အခါသမယပါ...ပိတ်ရက် မဟုတ်လို့ သူလဲ ကိုယ့်ဆီမလာနိုင်သလို ကိုယ်လဲ သူ့ ဆီ မသွားနိုင်လေတော့...မွေးနေ့ ပွဲကို ခမ်းခမ်းနားနား ကြီးကြီးကျယ်ကျယ် မလုပ်ပေးနိုင်တော့လေ...ဖြစ်ချင်တော့ မနက်ကတောင် ထူးဆန်းစွာ အိပ်ရာထ နောက်ကျလိုက်သေးတယ်...တကယ်က မနက်စောစောမှာ wish လုပ်မယ်လို့ မှန်းထားတာလေ...၈နာရီ ၂၀မှ နိုးလေတော့ ငါးမိနစ်အတွင်း ရေချိုး သွားတိုက် သနပ်ခါးလူးတာကို ဟိုက်စပိနဲ့ လုပ်ပြီး ကမန်းကတန်း ဖုန်းထဲကနေ birthday wish လှမ်းလုပ်ရသေးတာ...ဖုန်းကို ကြည့်လိုက်တော့ missed call က ၂ ကောတောင်...ကိုယ်လည်း အိပ်ပျော်သွားလို့ စိတ်ဆိုးလားမေးတော့ ဆိုးပါဘူးတဲ့...အိပ်ပျော်နေတယ်ထင်လို့ ထပ် မခေါ်တော့တာတဲ့...အဲ့ဂလို သဘောကောင်းတာ... ကဲ အကျွေးအမွေး စရအောင်...လာလည်တဲ့ မောင်နှမတွေကို ကျွေးချင် မွေးချင်တဲ့ စေတနာက တားမရ ဆီးမရ ဖြစ်နေလေတော့ မမောမပန်း ရှာဖွေ အဲ့...ချက်ပြုတ်ထားတာလေးနဲ့ တည်ခင်း ဧည့်ခံပါရစေနော်...
ကဲ ၀ိုင်သောက်ကြရအောင်
ဒါကတော့ ကြက်ဆင်
ဝက်သားစားတဲ့ သူတွေအတွက် သုံးထပ်သား ကျွတ်ကျွတ်လေးနော်..
ဟော..ဒါက ဘဲ
အော် အပေါ်က ဟာတွေ မကြိုက်ဘူးလား..ဒါလေး စားကြည့်နော်...ကျောက်ပုဇွန် ရဲရဲလေး...
မကြိုက်သေးဘူးလား...ဒီမှာ ငါး...
အသီးအရွက်သုပ်လေးလဲ ပါသေးတယ်..
ကိတ်မုန့် နဲ့ ရေခဲမုန့် ကတော့ နောက်ဆုံး အစီအစဉ်ပေါ့နော်...အ၀စား အားမနာနဲ့ နော်...
ဘာပဲစားစား သယ်ရင်းတို့ ရေငတ်မယ်ဆိုတာ သိနေတယ်လေ...အဆင်သင့်ပဲ...ရော့
အော်...အိမ်အပြန်လက်ဆောင် ဒါလေးလဲ ဆောင်သွားနော်...
ကဲ အားလုံး ဗိုက်မ၀သေးရင် ကာရံမွေးနေ့ ကြမှသာ လာစားကြတော့နော်...
ခုတော့ ရှာဖွေစုဆောင်းရတာ ညောင်းသွားပြီ...ဟီးဟီး
ချစ်ရပါသော သက်ဆိုင်သူကြီးလဲ ချစ်သောသူနဲ့ ပေါင်းဆုံရပြီး ပျော်ရွှင် အေးချမ်းသာယာပါစေ...ကျန်းကျန်းမာမာနဲ့ လိုအင်တွေ ပြည့်လို့ လိုရာပန်းတိုင် အရောက်လှမ်းနိုင်ပါစေလို့ ဒီလို အကျယ်ကြီး ဆုတောင်းပေးလိုက်ပါတယ်...
ယနေ့ ကြွလာမိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ...
ကာရံဆူး
images source : google
Tuesday, June 1, 2010
တို့ များငယ်ငယ်တုန်းက
မိုးဖြောက်ဖြောက်ရွာလို့ ပြတင်းကနေ အပြင်ကို လှမ်းကြည့်ရင်း ဇွန်လရဲ့ ပထမ မနက်ခင်းကို နှုတ်ဆက်ဖြစ်တယ်…ဇွန်ဆိုတာ မိုးရာသီရဲ့ အဦးအဖျားဖြစ်သလို ကျွန်မ အတွက် တစ်သက်တာ မေ့လို့ မရတဲ့ လ တစ်လလဲ ဖြစ်ပါတယ်…ဇွန်လမှာ မွေးဖွား ကြီးပြင်းခဲ့သလို ကကြီး ခခွေးဆိုတတ်စလဲ ဒီဇွန်ပါပဲလေ… အင်း ဘာလိုလိုနဲ့ မွေးနေ့ တောင် ရောက်တော့မယ်... အသက်တစ်နှစ် ကြီးပြန်ပြီပေါ့...(ကြော်ငြာဝင်သည်..)
ကျောင်းတက်စ အဖြူအစိမ်းလေးနဲ့ အရမ်းကို ချစ်စရာကောင်းတဲ့ ကလေးငယ်တွေရဲ့ သွင်ပြင်ကိုတွေ့ တိုင်း ငယ်ဘ၀ကို တမ်းတမ်းတတ လွမ်းမိပါတယ်… ဒီအချိန်ဆို ကျောင်းနားက စိန်ပန်းပင်ကြီးလဲ ရဲရဲတောက် လှနေရောပေါ့…. အဖြူအစိမ်း တူညီဝတ်စုံလေးတွေနဲ့ ပါးကွက်ကြားလေးတွေပါးမှာ ဆင်လို့ ကြက်တောင် စည်းလေး ခေါင်းပေါ်တင်ထားတဲ့ ပိဘိ ချစ်စရာ့ကလေးငယ်တွေရဲ့  တီတီတာတာ စာအံသံလေးတွေ မကြာခင် လွင့်ပျံတော့မယ်…. အော် “ ကျောင်း” တွေတောင် ပြန်ဖွင့်တော့မယ်နော်…
ငယ်ငယ်က ကျောင်းတက်ရတော့မယ်ဆိုရင် ပျော်မြူးနေတာပါပဲ…...အဖိုးအဖွားတွေ ဦးလေးတွေ အဒေါ်တွေအိမ်သွားရင် ကျောင်းတက်ခါနီးမို့ မုန့် ဖိုးတွေ ပေးကြတာကိုး…. ကျောင်း တစ်နှစ်တက်တိုင်း အရမ်းမက်မောဖြစ်ခဲ့တာက အမြဲ ပိုင်ဆိုင် ခွင့်ရခဲ့တဲ့ ကျောင်းအဖြူအစိမ်း အသစ်ရယ် လွယ်အိတ်အသစ်ကလေးရယ် ကော်ပါဘူး ထမင်းဘူး ရေဘူး ခဲတံ အားလုံး အသစ်ကလေးတွေပါပဲ…ကျောင်းအဖြူ အစိမ်းလို့ ပြောရတာက ခုချိန်မှာ ကျောင်းမဟုတ်တဲ့ အဖြူအစိမ်းတွေ များနေလို့ ပါ… :P (ဘေးမချော်နဲ့ ကာရံ စိတ်ထိန်း စိတ်ထိန်း..)
ကျောင်းစတက်ရမဲ့ အချိန်ကတည်းက ငိုရကောင်းမှန်း မသိခဲ့ပါဘူး..သူများတွေ ငိုတာကိုသာ မျက်လုံး ကလည်ကလည်နဲ့ ငေးကြည့်တတ်တဲ့ ကျွန်မပါ… ဆရာမတွေက ကျောင်းစတက်ကတည်းက နေရာချ ပေးတတ်တာကတော့ အရှေ့ ဆုံးက ခုံကိုပါပဲ….အရှေ့ ဆုံး ဖြစ်ရခြင်းကလဲ အကြောင်းရှိပါတယ်… ကျွန်မ စာရေးတဲ့အခါ မတ်တတ်ရပ်ရေးရင်တောင် မေးစေ့နဲ့ ခုံနဲ့ က တတိုင်းတည်း ဖြစ်နေလို့ ပါပဲ…:)
“ ၀ ” လုံးလေး ၀ိုင်းအောင် ရေးတတ်ဖို့ ကကြီးခခွေး ၊ အေဘီစီဒီ ပီပြင်စေဖို့ အသပြာ အဓိက မထားတဲ့ စေတနာ ဆရာမကြီးတွေကိုလဲ အောင်းမေ့မိသေးတယ်… ဆင်းရဲ ချမ်းသာ ဘာပဲ ဖြစ်ဖြစ် အားလုံးကို စေတနာ တူတူထား ကျောသား ရင်သား မခွဲခြားပဲ မြှောက်စားစရာရှိ မြှောက်စားခဲ့သလို ဒဏ်ပေးစရာရှိရင်လဲ ဘယ်သူ့ မျက်နှာမှ မထောက်အောင် ဒဏ်ပေး တတ်ကြသေးတယ်လေ… ကျွန်မ ငယ်ငယ်က သိပ်စွာတယ်လို့ မေမေက ပြောဖူးတယ်… မှတ်မိပါသေးသည်…ကျွန်မကို လာစတဲ့ သူတွေကို ခဲတံနဲ့ ထိုးလိုက်လို့ သူ့ လက်ဖ၀ါးထဲ ခဲဆံဝင်သွားခဲ့တယ်…ဒါကို သူ့ အမေက မကျေနပ်လို့ ဆရာမကို လာတိုင်တော့ ကျွန်မ ခုံတန်းပေါ် မတ်တတ်ရပ်ခဲ့ရဖူးပါတယ်… :( လာစတဲ့သူတွေကို တစ်ခုမဟုတ် တစ်ခု ပြန်ပြန်လုပ်ခဲ့မိလို့ ဒဏ်ပေးခံရပေါင်း မနည်းပါဘူး…ကျွန်မ ပေတံနဲ့ ခေါက်လိုက်လို့ နဖူးပေါက်သွားတာလဲ ခုထိ မြင်ယောင်ရင် ရယ်ချင်နေမိသေးတယ်…
မုန့် စားဆင်းချိန်ဆိုရင် ကျောင်းမှာ ကပ်စေးနဲ ရောင်းတဲ့ အဒေါ်ကြီးကိုလဲ ခုထိမှတ်မိနေတယ်… သူ့ ကပ်စေးနဲ ကို ကျွန်မအရမ်းကြိုက်တာ…နောက်ပိုင်းတော့ မေမေက ကျွန်မကို မတည့်တာတွေ စားမှာစိုးလို့ ဆိုပြီး မုန့် ဖိုး မပေးတော့ပါဘူး…လွန်ခဲ့တဲ့ သုံးနှစ်လောက်က မြန်မာပြည်ကို ခဏပြန်တုန်း ကျွန်မ စာသင်ခဲ့တဲ့ မူလတန်းကျောင်းနားလေးက ဖြတ်တော့ သူတို့ မိသားစုတွေ ခုချိန်ထိ ကျောင်းမှာ မုန့် ရောင်းနေဆဲပါ…အော် ခေတ် စနစ်တွေ ဘယ်လောက်ပင်ပြောင်းပြောင်း တချို့ တချို့ သော ဘ၀တွေက မပြောင်းလဲနိုင်သေးပါလားလို့ စိတ်မကောင်း ဖြစ်မိတယ်…
ကျွန်မ လေးတန်းအောင်တဲ့ နှစ်ကဆိုရင် ကျောင်းလုံးကျွတ်အောင်မြင်ခဲ့တယ်လေ… ဆရာမတွေ ဆရာတွေ ရဲ့ မျက်နှာဟာ တကယ့်ကို ထိန်ထိန်သာတဲ့ လပြည့်ဝန်းကြီးလိုပါပဲ…တပည့်တပန်းတွေ အောင်မြင်မှုတွေနဲ့ ဘ၀ကို အဆင့်ဆင့် ဆက်လှမ်းနေကြပေမဲ့ ဆရာ ဆရာမများကတော့ နောင်အနာဂတ်အတွက် ကျောက်ရိုင်းလေးတွေကို သွေးနေရင်း ထိုကျောင်းလေးမှာ ကျန်ရစ်ခဲ့ကြတယ်… ခုတော့ ဆရာ ဆရာမတွေလဲ ကွယ်လွန်သွားကြပြီ… သူတို့ ရဲ့ နောက်ဆုံး ခရီးမှာ သူတို့ သွေးခဲ့တဲ့ ကျောက်ပွင့်လေးတွေ အားလုံး စုံစုံ ညီညီ မပို့ ဆောင်နိုင်ခဲ့ပါဘူး… ဒါပေမဲ့ ကျွန်မရဲ့ ဆရာ ဆရာမတွေကတော့ တကယ့်ကို ပီတိစားခဲ့ကြသူတွေဆိုတာ မယုံနိုင်စရာ မရှိခဲ့ပါဘူး…
ကျောင်းတက်တုန်းက သူငယ်ချင်းတွေလဲ ခုဆို ကမ္ဘာမြေကြီးရဲ့ တစ်နေရာဆီမှာ ကိုယ်ပိုင် ဘ၀လေးတွေနဲ့ ဘ၀ခရီးကို ဆုံးခန်းတိုင်အောင် ရှေ့ ဆက်လျှောက်နေကြတဲ့သူတွေ ရှိသလို ဘ၀နိဂုံးချုပ်သွားတဲ့ သူတွေအကြောင်း ကိုလဲ ကြားမိပါသေးတယ်… ကျွန်မတို့ တွေ အသက်တွေသာ ကြီးပြင်းလာပေမဲ့ ကျွန်မတို့ စာသင်ခဲ့တဲ့ ကျောင်းလေးကတော့ အရင်အတိုင်းပဲ တည်ရှိနေဆဲပါ… စာအတူသင်ခဲ့တဲ့ ကျောင်းတုန်းက သူငယ်ချင်းတွေ အားလုံးလဲ ပျော်ရွှင်မှုတွေ အောင်မြင်မှုတွေနဲ့ ပန်းတိုင်ကို လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပါတယ်…
“ငယ်ငယ်တုန်းက သူငယ်ချင်း အရမ်းချစ်ဖို့ ကောင်းတယ်...အိမ်အပြန် ကျောင်းအဆင်းမှာ သီချင်းကလေးဆို...”
ဇွန်လမိုးစက်တွေနဲ့ အတူ ကျောင်းအဖြူအစိမ်း ၀တ်စုံလေးကို လွမ်းနေမိသေးတယ်…နောက်ထပ် ၀တ်ချင်လို့ လဲ မ၀တ်ရတော့ စိတ်ထဲမှာ နှမြောတသနေမိတာတော့ အမှန်ပါပဲ…
အားလုံးကျန်းမာချမ်းသာကြပါစေ..
ကာရံဆူး
မှတ်ချက် - ပုံတွေကို google က ယူပါသည်။
Monday, May 31, 2010
ဖေးကူ ထူမမည့် လက်များအတွက်...
တနေ့ က ပျင်းပျင်းရှိသည်နှင့် TV အစီအစဉ်ဖွင့်ကြည့်လိုက်သည်…Bersamamu ဆိုတဲ့ အစီအစဉ်လေး လာနေသည်… ဒီအစီအစဉ်လေးက နွမ်းပါးသူများကို ကူညီဖို့ ဖွဲ့ စည်းထားတဲ့ အဖွဲ့ အစည်းရဲ့ လုပ်ဆောင်ချက်တွေကို မှတ်တမ်းတင် ရိုက်ကူးထားတဲ့ အစီအစဉ်လေးကို ထုတ်လွှင့်ပြသခြင်း ဖြစ်ပါတယ်….အမှန်က ဘလော့လိုက်လည်မယ်ဆိုတဲ့ အကြံနဲ့ ကွန်ပျူတာရှေ့ ထိုင်နေတာ…TV ကိုလဲ ကြည့်ချင်တာနဲ့ ဖွင့်လိုက်တော့ မြင်လိုက်တဲ့ အကြောင်းအရာလေးကို စိတ်ဝင်စား သွားမိတယ်… ဒီအစီအစဉ်လေးကို မကြာခဏ ကြည့်မိပါတယ်…ဒါပေမဲ့ ခုတစ်ကြိမ်ကြည့်ပြီးတော့ စိတ်ထဲ စိတ်မကောင်း ဖြစ်မိတာရော အတွေးလေး ၀င်တာနဲ့ ဒီစာလေး ရေးဖြစ်ပါတယ်…
ဒီနိုင်ငံမှာ အဓိကအားဖြင့် မလေး ၊ တရုတ် ၊ အိန္ဒိယဆိုပြီး လူမျိုး သုံးမျိုး ရှိပါတယ်…ဒီနိုင်ငံမှာ အဓိကထားကိုးကွယ်တဲ့ ဘာသာကတော့ မူဆလင် ဘာသာပါ…အခု TV3မှာ ပြပြနေတဲ့ ဒီအစီအစဉ်လေးက သူတို့ ရဲ့ အဓိကထားတဲ့ ဘာသာဝင်နဲ့ လူမျိုးဖြစ်တဲ့ မလေးလူမျိုး တနည်းအားဖြင့် လောကမှာ ဘယ်လိုအခက်ခဲနဲ့ ရင်ဆိုင်ရပေမဲ့ စိတ်မလျှော့ပဲ ဇွဲနဲ့ ကြိုးစားတဲ့ တကယ့်ကို ဆင်းရဲနွမ်းပါးတဲ့ သူတွေ(မလေးလူမျိုး)ကို စေတနာရှင်အဖွဲ့ က ကူညီပေးတာလေးကို တင်ဆက်ထားတာပါ…
ဒီတစ်ခေါက် စေတနာရှင်အဖွဲ့ ရွေးချယ်ထားတာကတော့ အသက် ငါးဆယ်ကျော် အဖိုးအို တစ်ယောက်ပါ…သူရဲ့  ရုပ်ရည်ဟာ လောကဓံကြောင့်ပဲလားမဆိုသာ..ရှိရင်းစွဲ အသက်ထက်ကို ပိုလို့ အိုစာနေပါတယ်….သူဟာ တစ်ယောက်တည်းသမားဖြစ်တဲ့ အပြင် ဆွံ့ အ နားမကြားသူတစ်ယောက်ပါ… ပင်လယ်ကမ်းစပ်နားမှာ အမိုးအကာ မလုံ ရေချိုမရှိ ရေဘုံဘိုင်မရှိ လျှပ်စစ်မီးမရတဲ့ အိမ်ကလေးမှာ တစ်ယောက်တည်း နေထိုင်လာတာ ဆယ်စုနှစ် စွန်းစွန်း ရှိခဲ့ပါပြီတဲ့….စက်လှေအသေးစားလေးနဲ့  တံငါလုပ်ငန်း လုပ်ကိုင်ရင်း ၀မ်းစာကို ဖြေရှင်းနေရပါတယ်တဲ့…သူငါးရှာ ထွက်ချိန်မှာ ရိုက်ကူးရေးအဖွဲ့ တွေဟာ ဒီနေ့ ငါးဘယ်လောက်ရလဲလို့ လက်ဟန်ခြေဟန်နဲ့ မေးတော့ သူက တစ်ကောင်မှ မရတဲ့ အကြောင်း သူ့ ပိုက်ကလေး ထိုးပြပါတယ်…ဒီနေ့ အတွက် အဖိုးအိုရဲ့ ဝမ်းစာ ခက်ခဲလောက်ပြီပေါ့… သူက ဆက်ပြီး သူ့ မှာသာ ဆီအလုံအလောက်ရှိရင် ဒီထက်ဝေးတဲ့ နေရာတွေကို သွားပြီး ပုဇွန်တွေ အများကြီး သူဖမ်းချင်ပါတယ်လို့ သူ့ စိတ်ကူးလေးကို ပြောပြပါတယ်…သူရရှိလာတဲ့ ငါးများကို သူ့ အတွက် စားလောက်ရုံသာ ထားပြီး ပြန်လည် ရောင်းချပါသေးတယ်...
သူက ဘယ်သူ့ ကိုမှ အားမကိုးချင်ဘူး…တစ်ယောက်တည်း အမှီခိုကင်းကင်း နေထိုင်တတ်ကြောင်းကို သူ မကျန်းမမာဖြစ်တဲ့အခါ လာရောက် စောက်ရှောင့်ပေးတဲ့ ရွာထဲက မိတ်ဆွေတစ်ယောက်က ပြောပြပါတယ်… သူ ဟာရေချို ရရှိဖို့ အတွက် မိုးရွာလျှင် ရေတံလျှောက်မှ မိုးရေများကို ပလပ်စတစ်စည်ပိုင်း အသေးသုံးလုံးနဲ့ သိုလှောင်ထားတတ်ပါတယ်… (ဒီနိုင်ငံမှာ မိုးက အစိုးမရပါဘူး...ရွှေပြည်ကြီးက ဟိုလူကြီးတွေလိုပဲ...)…
သူ့ ရဲ့ အိမ်ကလေးကိုလည်း ထုတ်တန်းဘေးက အရံတန်းတွေ ကျိုးနေတာကိုတောင်မှ သူ့ မှာ ပီနန်ကြိုးနဲ့ ဆက်ထား ရပါ တယ်..အိုးခွက် ပန်းကန်တွေဟာလဲ ကျိုးပဲ့လို့ …မြင်မြင်သမျှ အရာရာဟာ အဖိုးအိုရဲ့ နေ့ စဉ်ဖြတ်သန်းနေရတဲ့ ဘ၀ကို ကွက်ကွက်ကွင်းကွင်း မြင်သာနိုင်ပါတယ်...သူ့ ဘ၀ ဆင်းရဲနုံချာပေမဲ့ သူဟာ ဘ၀ကို အားတင်း ရုန်းကန်တယ်ဆိုတာ သူ့ ကို ကြည့်တာနဲ့ သိသာပါတယ်…
စေတနာရှင်အဖွဲ့ မှာ ကျောင်းတစ်ကျောင်းက ဆရာနဲ့ ကျောင်းသား ကျောင်းသူများပါ လုပ်အားပေးဖို့ လိုက်ပါလာကြပါတယ်… အဖိုးအိုဆီ သွားတဲ့လမ်းက လမ်းကောင်း လမ်းချောမဟုတ်ပါဘူး…မြို့ နဲ့ လဲ အလှမ်းဝေးသလို အိမ်အနီးက မြောင်းလေးကို သစ်သားတန်း သေးသေးလေး ဖြတ်ကျော်ပြီးမှ အဖိုးအိုအိမ်ကို ရောက်တာပါ…
နောက်တစ်ခုက ကျွန်မတို့ ရွှေပြည်ကြီးမှာရော ဒီလိုမျိုး ဆင်းရဲနွမ်းပါးချို့ တဲ့သူတွေ ဘယ်နှယောက်များရှိမလဲ…. သေချာတာကတော့ မရေတွက်နိုင်အောင် ကျွန်မတို့ မသိနိုင်အောင် များပြားနေမှာပါ… ဒါပေမဲ့ ဒီမှာလိုမျိုး ကူညီမယ့်သူ စောင့်ရှောက်မယ့်သူ ဘယ်နှယောက်များ ရှိသလဲ… ဆင်းရဲ ချမ်းသာ ကွာဟမှုက ကြောက်စရာ ကောင်းလောက်အောင် မြင့်မားနေတဲ့ ကျွန်မတို့ တိုင်းပြည်မှာ ချမ်းသာလွန်းတဲ့သူတွေ စုပေါင်း ဖွဲ့ စည်းထားတဲ့ ဒီလိုမျိုး ဖောင်ဒေးရှင်းများ ရှိသလား…. သူတို့ ရဲ့ ချမ်းသာမှုတွေ ကြွယ်ဝမှုတွေကို နွမ်းပါးချို့ တဲ့သူ ဘယ်နှယောက်ကိုများ နည်းနည်းစီ ဝေငှဖူးသလဲ…ဆာလောင်နေတဲ့ ကလေးငယ်ရဲ့ ငိုသံတွေ ၊ တစ်နေ့ တာ ၀မ်းစာ လောက်ငှမှု မရှိတဲ့ မြည်တွန်တောက်တီးသံတွေ ခုဆိုရင် ဘေးဒုက္ခ အမျိုးမျိုး ဆိုက်လို့ ညည်းညူသံတွေ ဒါတွေကို မြင်နိုင်ကြရင် ကြားနိုင်ကြရင် ရင်ဘတ်နဲ့ နားထောင်နိုင်ကြရင် စာနာမှုတရား လက်ကိုင်ထားလို့ ဖေးကူထူမမည့် လက်များစွာ ရှိခဲ့ရင်... တွေးရင်း တွေးရင်း ကျွန်မရဲ့ အတွေးတွေ တဖြည်းဖြည်းနဲ့ ဝေးသွားသလိုပါပဲ….
အားလုံးကျန်းမာချမ်းသာကြပါစေ..
ကာရံဆူး
Wednesday, May 19, 2010
Cameron Highland သို့ အလည်တစ်ခေါက်....
ခုတလော စာမရေး ၊ ကဗျာမရေးဖြစ်တာ အတော်ကို ကြာနေပါပြီ...လာလည်တဲ့သူများကိုလဲ အားနာမဆုံးပါဘူး...
ဒါကြောင့် ခုတလော လျှောက်သွားဖြစ်တဲ့ နေရာလေးတွေနဲ့ ပဲ နှစ်သိမ့်ပါရစေ...
အသိတစ်ယောက် သူ့ မိသားစု လာလည်လို့ လိုက်ပို့ ရင်း ကိုယ်က ကပ်မြှောင်လိုက်သွားတာပါ... မနက် (၅)နာရီခွဲမှာ အိမ်က ကားစထွက်လို့ စတော်ဘယ်ရီ စိုက်ခင်း ၊ လက်ဖက်စိုက်ခင်း နဲ့ တခြား စိုက်ခင်းတွေရှိတဲ့ တောင်ပေါ် (Cameron Highland)ကို မနက် (၈)နာရီခွဲလောက်မှာ ရောက်ပါတယ်...တလမ်းလုံး အိပ်သွားလို့ လမ်းရှုခင်းတွေ တစ်ပုံမှ မရိုက်လိုက်ရပါ...ကားပေါ်ပါသူများက လမ်းမှာ “ဟာ နှင်းတွေ နှင်းတွေ”ဟု အော်မှသာ မျက်စိပွင့်တော့သည်...ဟုတ်သည် လမ်းကို မြူတွေ နှင်းတွေက ကာဆီးထားသည်...
တောင်ပေါ်တက်လာသည်နှင့်အမျှ လေက အေးသည်...
ဒီဆိုင်မှာ...လက်ဘက်ရည်သောက်ကြတယ်...နောက်က လက်ဖက်စိုက်ခင်းတွေပေါ့...
ချစ်စရာ့စတော်ဘယ်ရီ...
စတော်ဘယ်ရီတွေ ဒီလို ခူးခဲ့တယ်... တစ်ကီလို မလေးငွေ(၃၀)တဲ့...
ရေတံခွန်ကို ရောက်ပြီ...
ရေတံခွန်နားမှာ ပေါက်တဲ့ပန်း ဘာပန်းလဲ မသိပါ...
ရေတံခွန်ထိပ်မှာ ကျားကုတ်ကျားခဲ ခြေကုတ်ယူပြီး ရိုက်တာပါ...လှချင်လွန်းလို့ ... :)
အပြန်လမ်းမှာ နုဖတ်နေတဲ့ မျှစ်ဆို့ ကြီးတွေ ရောင်းတာတွေ့ လို့ ဝယ်ခဲ့သေးတယ်...ဓါတ်ပုံတော့ မရိုက်ဖြစ်ပါ....
လတ်လတ်ဆတ်ဆတ် ဟင်းသီးဟင်းရွက်တွေရယ် ၊ နှင်းဆီပန်းတွေရယ် ၊ သစ်ခွပန်းတွေရယ် ၊ နောက်ကျွန်မ မသိတဲ့ အပင်စုံတွေရောင်းတဲ့ဆိုင်ပါ....သစ်ခွမျိုးတွေ အများကြီးပဲ ကျွန်မ မမြင်ဖူးတာတွေလဲပါတယ်...
လမ်းက တောင်မှာ ကပ်ပေါက်တဲ့ သစ်ခွတွေကိုလဲ ခက်ခက်ခဲခဲ ရအောင် ခူးတဲ့သေးတယ်...
ပန်းတွေနဲ့ ဝေနေတဲ့ ကျွန်မ...
တောင်အောက်ရောက်တော့ အားလုံးက ဗိုက်ဆာနေပြီမို့ ထမင်းစားကြတယ်...တောင်တက် တောင်ဆင်း အကွေ့ အ၀ိုက်က များပြီး ကြာလို့ ခေါင်းမူးသွားတဲ့ ကျွန်မကတော့ မစားဖြစ်တော့...ပါလာသော အသိရဲ့ ကလေးနှစ်ယောက်လဲ တဝေါ့ဝေါ့နှင့် ဆန်ပြုတ်တွေ ထုတ်လာတာ ကားတစ်စီးလုံးလဲ ချဉ်ဖတ်စော်နံနေတော့သည်...:P ဘာမှ မစားချင်တာကြောင့် ၀ယ်လာသော စတော်ဘယ်ရီသီးတွေပဲ ထိုင်စားနေလိုက်တယ်...
ထိုမှ တစ်ခါတည်း ဆက်သွားဖြစ်တဲ့ ပီနန်ခရီးကိုတော့ နောက်တစ်ပိုင်း ရေးပါမည်...ခုတော့ နားပါဦးမယ်...
Monday, May 17, 2010
ဖြစ်သလိုပါပဲ...
ရာသီဥတု ပူပူနဲ့ မို့ ကျွန်မလဲ ခံတွင်းပျက်နေပါသည်...ထို့ ကြောင့် ဖြစ်သလိုလေးပဲ စားလိုက်ပါတယ်...
ဒါက မနိုင်းနိုင်းစနေဘလော့က နည်းနဲ့ လုပ်ထားတဲ့ ကျွန်မရဲ့ ကင်မ်ချီပါ...ဟိုတစ်နေ့ က cameron highland သွားရင်း တောင်ပေါ်မှာ ပိုးတီလေးတွေ တွေ့ လို့ ဝယ်လာတာ တစ်ခါတည်း ထည့်လုပ်လိုက်တာ..စား စား...စားနိုင်သလောက်စား...
ဒါကတော့ ကင်မ်ချီ ၊ မြန်မာပြည်မှ ပဲငပိ (ကြော်စားသော ပဲငပိအ၀ါလေး) ၊ ပဲပြား နဲ့  ကြက်သားရောချက်ထားတဲ့ ဟိုမရောက် ဒီမရောက် ဟင်းတစ်ခွက်ပါ...
ထမင်းစားပြီးရင် ဒါလေးစားချင်လို့ ကြော်ထားတာ..စားသွားပါဦးလား...ပြောင်းဖူးကြော်ကြွပ်ကြွပ်လေး...
ဒါကတော့ ဟိုတစ်နေ့ ပြောင်းဖူးကြော်ရင်း ဆီပေါက်ခံရတာပါ... (ဒါတောင် အမှတ်မရှိ ထပ်ကြော်သေးတယ်..အဲ့လို ငတ်တာ)
ဘယ်လောက် နာနာပါ..အစားသောက်အတွက်ကိုတော့ ဘလော့တကာလည် ချက်နည်းရှာပြီး တတ်သလောက် လုပ်စားနေတာပါ...အင်းးးးး ဒါတောင် ၀ိတ်ချချင်နေသေးတာ...ဖြစ်မယ်မထင်... :(
ကဲ လာလည်သူ မိတ်သဟာများလဲ စိတ်မှာ ဘာအတေးမှ မထားပဲ..လာလွေးကြပါနော်...
Friday, May 14, 2010
ဆက်လက်ဖြန့် ဝေပေးပါ...
ပဲခူးတိုင်း(အနောက်ပိုင်း) ပြည်ခရိုင်အတွင်းရှိ ကျေးရွာ ၂၆ ရွာတွင် သောက်သုံးရေ အခက်အခဲ ဖြစ်နေပါသဖြင့် ကူညီလှူဒါန်းလိုပါက 095370101 ကို ဆက်သွယ်ပေးပါ။ ကျေးဇူးပြုပြီး ဆက်လက်ဖြန့်ဝေပေးပါရန်...
(အသိ ဦးဇင်းတစ်ပါးမှ အကူညီတောင်း၍ တင်ပေးလိုက်ပါသည်...မြန်မာနိုင်ငံတွင် ပူပြင်းလွန်း၍ သောက်သုံးရေ အခက်ခဲ ဖြစ်နေကြပါသည်...အိမ်ကို ဖုန်းဆက်မေးတော့လဲ တချို့ နယ်တွေမှာ ဖြစ်နေကြပြီး နိုင်ငံပိုင် သတင်းစာတွင်လည်း ဖော်ပြထားသည်ဟု ပြောပါသည်... မြန်မာပြည်သူ ပြည်သားတွေလဲ မင်းမကောင်းလို့ သဘာဝဒဏ်တွေ ခံနေကြရတာ စိတ်မကောင်းဖြစ်မိပါတယ်...)
Thursday, April 22, 2010
လွဲမသွားသော “စိတ်“
ဒီပို့ စ်ကို ရေးသင့် မရေးသင့် စဉ်းစားရင်း တခြားသူတွေပါ စိတ်ထားတတ်အောင် ကျွန်မ ရေးရခြင်းဖြစ်ပါတယ်… ဒီပို့ စ်ကို ကျွန်မက ဒေါသ နှင့် ရေးခြင်းမဟုတ်ပါလို့ ကနဦးရှင်းပြထားပါရစေ…အမှန်တော့ ကျွန်မ စိတ်မကောင်းစွာဖြင့် ရေးရခြင်း ဖြစ်ပါတယ်…ဗုဒ္ဓဘာသာ မြန်မာ လူမျိုးများ အဖြစ် ကိုယ့်ကိုကိုယ် ဂုဏ်ယူစေချင်ပါသည်… ဗုဒ္ဓဘာသာကို ယုံကြည် သက်ဝင် လေးစားစေချင်သော စေတနာဖြင့် ရေးသားရခြင်းသာ ဖြစ်ပါသည်..
နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးပြောင်းခဲ့ပါပြီ… နှစ်စဉ် နှစ်တိုင်း ဒီသင်္ကြန် အခါကာလတွင် အမိမြေနှင့် ဝေးကွာနေသူများအဖို့ ရတောင့် ရခဲလှသော ကုသိုလ်ဒါန များကို သဒ္ဒါ တရား ထက်သန်စွာဖြင့် လှူကြ တန်းကြ ကုသိုလ်ပြုကြတာ မြန်မာလူမျိုးများရဲ့ ချစ်စရာ ဓလေ့တစ်ခုပါ….
ကျွန်မတို့ စက်ရုံတွင်လဲ ဘုန်းကြီးဆွမ်းကပ်မယ်လို့အလုပ်မှ စက်ရုံမန်နေဂျာက ကျွန်မရှိရာ ရုံးခန်းသို့ လာကာ တကူးတက လာရောက်ဆွေးနွေးတိုင်ပင်ပါတယ်… သူ ကဘုန်းကြီးကျောင်းတွင် အာရုဏ်ဆွမ်းကပ်မယ်…ကျောင်းထိုင်ဘုန်းကြီးကိုလဲ လျှောက်ထားပြီးသားမို့  ဦးဇင်း အပါး ၂၀စာ ကျွန်မက ဦးဆောင်ကာ ချက်ပြုတ်ပေးဖို့  အကူအညီ တောင်းလာပါတယ်…ကျွန်မတို့ အလုပ်တွင် မြန်မာမိန်းကလေးဟူ၍ ကျွန်မနှင့် နောက်တစ်ယောက်သာ ရှိပါသည်… ကျွန်မက ဒီအလုပ်မှာ လေးနှစ်ကျော်တဲ့ အပြင် အားလုံးက ညီအစ်ကို မောင်နှမလို ခင်ခင်မင်မင်ဆိုတော့ အတော်အတန် ရင်းနှီးသလို အလုပ်မှ လူများအကြောင်း ကောင်းကောင်းသိပြီးသားပါ…ထို့ ကြောင့် ငြင်းဆန်မိပါသေးတယ်…ဘာလို့ လဲဆိုတော့ သူတို့ မလုပ်လဲ ကိုယ်က ကိုယ့်အိမ်မှာ အလှူကတော့ လုပ်မှာလေ... ပြီးတော့ ကျွန်မက အိုးကြီး ခွက်ကြီး တစ်ခါမှ ဦးဆောင်၍ မချက်ဖူးပါ…ဒါကြောင့် ချက်တော့ ချက်ပေးမယ်..သို့ သော် ၀ိုင်းလုပ်မဲ့ လူ နှစ်ယောက် သုံးယောက်လောက်မှ ဖြစ်မယ်လို့ ပြောလိုက်ပါတယ်… ထိုအခါ မန်နေဂျာမှ သူရအောင် စီစဉ်ပေးမယ်လို့ ဆိုကာ..ညနေတွင် အလုပ်သမားများကို အစည်းအဝေးခေါ်ကာ အစီအစဉ်ကို တိုင်ပင်ကြပါသည်…ကျွန်မကတော့ ရုံးမှ သူတို့ အစီအစဉ် ဖြစ်မဖြစ်ကိုသာ သတင်းနားစွင့်နေမိပါသည်…
ညနေရုံးဆင်းချိန်အထိ ကျွန်မလဲ စောင့်နေမိသေးသည်…ရုံးဆင်းချိန်ကို နာရီဝက်ကျော်မှ အဖြေက ထွက်လာသည်…၀ိုင်းလုပ်မည့်သူမရှိလို့ ဆိုပါသည်…ထို့ ကြောင် မန်နေဂျာမှ ဘုန်းကြီးအား လှမ်း၍ ဆွမ်း မကပ်ဖြစ်တော့ကြောင်း ကျွန်မကိုလျှောက်ခိုင်းပါသည်… ကျွန်မအနေနှင့် ဒေါသ ထွက်သွားမိသည်…အစကတည်းက ကိုယ့်လူတွေက ဘယ်လို ဆိုတာ သိပြီးသားမို့ ဘာမှ မပြောပဲ ငြိမ်နေခဲ့သည်…တစ်နှစ်မှ တစ်ခါလုပ်သည့် ကုသိုလ်ရေးမို့ စိတ်အားများ ထက်သန်လေမလားလို့ တွေးမိကာ အစီအစဉ်ဆွဲသော မန်နေဂျာအား စိတ်တိုရမည်လော…ကိုယ့်မြန်မာများကိုပင် စိတ်တိုရမည်လော မဝေခွဲတတ်ပါ...
ကျွန်မတို့ စက်ရုံတွင် ယခင့် ယခင်နှစ်များတွင် တက်ညီလက်ညီ ချက်ကြပြုတ်ကြ လှူကြ တန်းကြရာတွင် ကျွန်မပင် ၀င်ပါစရာမလိုပါ…အားလုံး သူ့ အစီစဉ်နဲ့ သူ ဖြစ်သွားတာချည်းပါပဲ..ဒီနှစ်ကတော့ လူဟောင်းများကလဲ ပြန်သွားကြသလို သြဇာညောင်းသူကလဲ မရှိ ဦးဆောင်မည့်သူ မဲ့နေလေတော့… ထင်ရာစိုင်းနေကြသည်…နှစ်စဉ်နှစ်တိုင်း ကျွန်မတို့ သူဌေးမှ ဒီလိုနှစ်ကူးပွဲမျိုး…အခြားဘာသာကွဲများ (မြန်မာ မွတ်စလင်များ) ၏ အလှူပွဲများတွင် သူဌေးမှ ကုန်ကျစရိတ်ကို တာဝန်ခံပေးလေ့ရှိသည်…တစ်ခါတစ်ခါတွင်လဲ သူက အကုန်ကို တာဝန်ယူသော်လဲ တစ်ခါတစ်ရံတွင် မိမိတို့ စုပေါင်းအားဖြင့် လုပ်ရတာမျိုးလဲ ရှိသည်..များသော အားဖြင့် သူဌေးကသာ ကုန်ကျခံသည်…
ဒီနှစ်တွင်လည်း သူဌေးဆီမှ ကုန်ကျမည့်ငွေကို ရရှိပြီးသားမို့ အလှူတစ်ခု ချောချောမောမော ဖြစ်မြောက်စေချင်သည်… နှစ်တိုင်း သူဌေးဆီမှ ရသောငွေကို အလှူအတွက် အသုံးပြုသလို စက်ရုံမှ ကိုယ်တော်များ သောက်စား မူးယစ်ဖို့ ရန်လဲ အသုံးပြုပါသည်…ဒီနှစ်တော့ အလှူ မဖြစ်တော့ဟု ဆိုပါက ထို ယမကာသမားများအတွက် ပွဲတော်ပင် ဖြစ်ပေမည်…ထို့ အပြင် တစ်နှစ်တာ ပတ်လုံး ကုသိုလ်ဒါနဟူ၍ စိုးစဉ်းမျှ မရှိခဲ့ကြသော ထိုလူများသည် သေရည်အတွက်တော့ လစာကုန်ချင် ကုန်ပါစေ..ကုန်အောင် သောက်ကြမည့်သူမျိုးက များသည်…မသောက်သောသူဟူ၍ တစ်ယောက်စ နှစ်ယောက်စသာ ရှိသည်..
သို့ သော် မိုးလင်းလျှင် ဘုရားရှိခိုး ပုတီးစိပ်ကာ ညရောက်လျှင်ပုံမှန် အရက်သောက်သော ဦးလေးမှ အလှူ မဖြစ်လို့ က မဖြစ်..ဘုန်းကြီးကို ဘယ်လို ပြန်လျှောက်ထားကြမလဲဟု ပြန်ပြောလာသောကြောင့်..ကျွန်မတို့ သုံးယောက် ပြန်တိုင်ပင်ကာ မဖြစ်ဖြစ်အောင်တော့ လှူမည်ဟု ဆုံးဖြတ်လိုက်သည်… မနက်ပိုင်း အကျွေး အမွေးနှင့် ည (၇)နာရီတွင် ပရိတ်တရားနာရန်တို့ အတွက်ပါ စီစဉ်ထားလိုက်သည်… တရားပွဲ အတွက်ကို ကြိုတင် စီစဉ်ထားသည်မို့ ထိုနေ့ မတိုင်ခင်တွင် အားလုံးသိစေရန် ကျွန်မကိုယ်တိုင် စာရိုက်ကာ ကပ်ဖို့ အတွက် တစ်ရက်ကြိုကာ ပေးထားခဲ့သည်….ထို့ နောက် အိမ်သို့ မပြန်တော့ပဲ ကျွန်မတို့ ဈေးဝယ်ရန် ကောင်လေး နှစ်ယောက် ၀ိုင်းသယ်ဖို့ အတွက် ခေါ်လာခဲ့ပါသည်…
အားလုံးဝယ်ခြမ်းပြီးတော့ ၀ိုင်းလုပ်ရန်အတွက် ကောင်လေးတစ်ယောက်က သူ လုပ်မယ်ဟု ပြောသည်…သူကတော့ မသောက်စားတတ်တဲ့သူပါ…ထို့ ကြောင့်သူ့ ကို ကျွန်မ အိမ်ခဏပြန် ရေမိုးချိုး အ၀တ်လဲကာ ပြန်လာခဲ့မည်… စက်ရုံတွင် ပစ္စည်း မစုံလင်သောကြောင့် တချို့ ဟင်းလျာအတွက် လိုအပ်သည်များ စီမံပြီးမှ ပြန်လာမည်ဟု ပြောထားခဲ့လိုက်သည်…
ည ၁၀နာရီလောက် ကျွန်မရောက်တော့ ထိုကောင်လေးမှ တပါး အားလုံးလိုလို ရေချိန်တော်တော်ကိုက်ကာ ကာရာအိုကေနှင့် ထင်တိုင်းကြဲနေကြသည်… မန်နေဂျာလည်း အပါအ၀င်ပါ… ထို့ ကြောင့် ကျွန်မ စကား ဆက်မဆို စိတ်ထဲမထားတော့ပဲ ကိုယ်လုပ်စရာ ရှိသည်များကိုသာ ရှိတဲ့သူနှင့်သာ စချက်ဖို့ ပြင်ဆင်ပါတော့သည်…
မန်နေဂျာမှ ဟင်းအကျက်မြန်စေရန် ထင်းနှင့်ချက်ပါလားဟု ပြောလာသဖြင့် ကျွန်မ သဘောတူလိုက်သည်… ထိုအချိန်တွင် ကျွန်မ ကောင်လေး နှင့် ဧည့်သည်တစ်ယောက် အပြင် နောက်တစ်ယောက်တို့ ချက်ပြုတ်ဖို့ လုံးပန်းနေကြသည်…ထိုတစ်ယောက်က အရမ်းမူးနေသော်လဲ သူ့ တွင် ၀ိုင်းလုပ်ချင်စိတ်ကလေးက ရှိနေသည်ဆိုတော့ သူ့ ကို လွယ်ကူရာပဲ ခိုင်းနိုင်သည်…
မီးမွှေးပြီဆိုမှတော့ ဟင်းအိုးများ အဆင်သင့်ဖြစ်ရတော့မည်..ထို့ ကြောင့် တစ်အိုးပြီး တစ်အိုးတည်ရန် ပြင်ဆင်ရတော့သည်… ထိုတွင် ပြဿနာက စပါတော့သည်…၀က်သားချက်ရန် ပဲငံပြာရည်လိုသည့်အတွက် ကျွန်မက ဈေးထဲတွင် ၀ည်မည် အလုပ် ကောင်လေးက သူ့ ဆီမှာ ရှိတယ်…၀ယ်မနေနဲ့  အစ်မဟု ပြောသဖြင့် ၀ယ်မလာခဲ့…အခု ချက်တော့မည် ပဲငံပြာရည် ပုလင်း သွားယူဆိုတော့ ငါးငံပြာရည် ပုလင်း ယူလာလေသည်… ကျွန်မမှာ အချိန်ကြည့်တော့ ည (၁၁)နာရီထိုးနေပြီ…ထို့ ကြောင့် စက်ရုံနှင့်နီးသော ကျွန်မအိမ်သို့ သွားယူခိုင်းတော့ စက်ရုံက ကားက ဆီမရှိတော့ ဆိုသဖြင့် ကားသော့ပေးကာ မြန်မြန်လာခဲ့ဖို့ မှာရသည်… ဦးလေးမှ ဟိုကောင်တွေလဲ အရက်ဝယ်မလို့ လမ်းကြုံလိုက်ချင်တယ်ဟု ပြောလာသည်…ကျွန်မက အသံကို နည်းနည်းမြှင့်ကာ အရက်ဝယ်မယ်ဆို ကားသုံးခွင့်မပေးဟု အော်ပြောလိုက်သည်… ဒါကိုပင် ဘယ်အချိန်က ဘယ်လို ခေါ်တင်သွားသည် မသိ…အရက်သမား တသိုက် ကားပေါ်ပါသွားသည်ကို ကျွန်မ မသိလိုက်ပေ… တော်တော်နှင့် ပြန်မရောက်လာမှ ကျွန်မမှာ ဖုန်းတွေ တဂွမ်ဂွမ်ဆက်ကာ ဦးလေးကိုလဲ အော်မိသည် အထိ ဒေါသတွေ လှိုင်လှိုင်ထကာ သောင်းကျန်းမိတော့သည်…အဘယ်ကြောင့် ဆိုသော် မန်နေဂျာကိုယ်တိုင် အရက်လိုက်ဝယ်ကာ ရစ်နေသည်ဆိုသောကြောင့် ဖြစ်သည်….
ကျွန်မသောင်းကျန်းနေမှန်း သိတော့ နောက်တစ်ယောက် ထပ်ရောက်လာကာ သူလဲ မနေတတ်မထိုင်တတ်ဖြစ်ကာ ဖုန်းခေါ်၍ ကျွန်မသောင်းကျန်းနေပြီဆိုတဲ့ အကြောင်း လှမ်းပြောလိုက်သည်… နောက် ၅မိနစ်မှ မလာလျှင် ကျွန်မ အားလုံးကို ပစ်ထားခဲ့တော့မည်ဟု ဆုံးဖြတ်လိုက်သည်… ကားမရှိလျှင်လဲ ခြေလျင် ပြန်တော့မည်ဟု ပြောလိုက်သည်…ထို့ နောက် နောက်ထပ်ရောက်လာသော တစ်ယောက်မှ ကျွန်မကို ဖျောင်းဖျသည်…ကုသိုလ်ရေးမို့ ဒေါသစိတ်မ၀င်ဖို့ အရက်သောက်ထားသော ပါးစပ်နှင့် ဖျောင်းဖျနေသည်… ထိုအခိုက် ကားပြန်ရောက်လာကာ ဦးလေးလဲ ကျွန်မ ဒေါသကို သိသည်မို့ ဘယ်ရောက်သွားမှန်းပင် မသိ…ပစ္စည်းချကာ တစ်ချိုးတည်း လစ်တော့သည်… ထိုမှ မန်နေဂျာလဲ မီးဖိုနားမှ မခွာ လိုအပ်သည်များကို စောင့်ကြပ်မှာကြားပေးသည်… (သူကိုယ်တိုင် ဘာမှ မချက်တတ် မလုပ်တတ်သောကြောင့် ဖြစ်သည်။)
ည (၁)နာရီခွဲ လောက်တွင် အားလုံး ချက်ပြုတ်ပြီးစီးသွားပြီမို့ ကောင်လေးနှင့်လွှဲကာ ကျွန်မ အိမ်ပြန်လာခဲ့သည်… အိမ်ရောက်တော့ ဟိုလှုပ် ဒီလှုပ်နှင့် မနက် (၃)နာရီခွဲလောက်မှ အိပ်ပျော်သွားသည်… မနက်တွင်တော့ အားလုံး ချောချောမောမော ဖြင့် ဘုန်းကြီးကျောင်း သွားကပ်နိုင်သည်…ဒါတောင်မှ (၆) ယောက်ပဲ ပါသည်…ကျန်သူများ အားလုံးမှောက်နေကြသည်…ကျွန်မတို့ သွားကပ်သော ဟင်းများကတော့ ၀က်သားနီချက် ၊ ဆိတ်သားနဲ့ ဒိန်နှပ် ၊ သီးစုံ ပဲကုလားဟင်း ၊ မုန်လာဥ ပိုးတီသုပ်တို့ ပဲ ဖြစ်ပါတယ်…
ကျောင်းရောက်တော့ ကျောင်းထိုင်ဆရာတော်မှ မေတ္တာရေစဉ်များ သွန်းဖျန်းပေးကာ တရားအတိုချုပ် ဟောကြားပေးသည်…အဘယ်ကြောင့်ဆိုသော် ပါလာသော လူများမှာ တခြား အစီအစဉ်တွေ ရှိသေးသည် လို့ ဆိုပါသည်…ထို့ နောက် ဦးဇင်းများကိုပင် ကိုယ်တိုင်ကိုယ်ကျ လက်နဲ့ မလောင်းလှူခဲ့ရပဲ ပြန်လာခဲ့ရပါသည်…ထို့ နောက် လူများ ကျွေးရန် ဒံပေါက်မှာထားသဖြင့် သွားရွေးပေးရပါသေးသည်…ထို့ မှ တဖန် ရောက်လာပြန်တော့ ဒံပေါက်အား အသား အဆီအနှစ် အားလုံး သမစေရန် ဆောင်ရွက်ရပါသေးသည်…အချိန်ကြည့်တော့ နေ့ လည် (၁၂)နာရီ ပင် ကျော်နေပြီ…ကျွန်မလဲ မဟန်တော့ သဖြင့် ဒံပေါက်တောင် မစားနိုင်ပဲ ကောင်လေး ထည့်ပေးသော ပါဆယ်ဆွဲကာ အိမ်ပြန်လာခဲ့ပါသည်…
ကျွန်မ အိမ်ရောက်တော့ ဒံပေါက်ကို ချကာ အိပ်လိုက်ပါတော့သည်…နေ့ လည် (၂)နာရီတွင် ဦးလေးမှ ဖုန်းခေါ်လာပါသည်…ညနေ တရားပွဲအတွက် နေရာထိုင်ခင်း ပြင်ရန် ထတော့ဟု ဆိုသည်..ကျွန်မ စိတ်က အထွဋ်အထိပ်ရောက်သွားသည်…နေရာထိုင်ခင်းပြင်ရန် ယောကျာ်းလေးများ မခေါ်ပဲ အဘယ်ကြောင့် ကျွန်မကို နှိုးရသနည်း…ကျွန်မလဲ ဘုတောလိုက်ကာ ပြန်အိပ်မည် ပြင်ပြီးမှ မိမိ အိမ်အလုပ်များ ကို အရင် လုပ်မည် ဆုံးဖြတ်ကာ ဘုရားဆင်းတုများအား နံ့ သာရည်နှင့် ရေသပ္ပါယ်ကာ ဘုရားစင်သန့် ရှင်းရေးလုပ်…အ၀တ်များ အိပ်ယာခင်း မျက်နှာသုပ် အားလုံးကို တစ်ခါတည်းလျှော်လိုက်တော့သည်…ထို့ နောက် ရေမိုးချိုးကာ နာရီကြည့်တော့ ညနေ (၅)နာရီခွဲကျော်နေပြီ…နေ့ လည်စာကို ကမန်းကတန်းစားကာ စက်ရုံသို့ ပြန်လာခဲ့သည်…
ထိုမှအပြန် ကျွန်မတို့ စက်ရုံမှ အခြားဘာသာဝင် တစ်ယောက်နှင့်တွေ့ တော့ သူက တရားနာပြီးပြီလားဟု မေးသောအခါ မိမိမျက်နှာ ဘယ်နားထားရမည်ပင် မသိ…သူမေးသည်က ရိုးရိုးမေးသည်လော.. ဆန်းဆန်းမေးသည်လော မသိပါ…မျက်နှာပေးက ပြုံးစစမို့ ဒေါသက ကိုယ့်မြန်မာများဘက်သို့ သာ ဦးတည်လိုက်ချင်သည်… ဗုဒ္ဓဘာသာ မြန်မာလူမျိုးများပီပီ ပြုနိုင်ခဲသော ကုသိုလ်ကောင်းမှုကို အဘက်ဘက်က ပြည့်စုံအောင် စီစဉ်ပေးသူ ရှိပါလျက် ဂုတ်က ဆွဲကိုင်၍ပင် ခေါ်မရလောက်အောင် ရှက်ဖွယ်ကောင်းသော ဖြစ်ရပ်မျိုးကို စာလာဖတ်သူ မြန်မာများအား အသိတရား လက်ကိုင်ထားစေရန် ရေးသားလိုက်ရပါသည်.... (ဤနှစ် နှစ်ဆန်းတစ်ရက်နေကို ကုသိုလ်စိတ်မှ အကုသိုလ်စိတ် အဖြစ် လွဲမသွားစေရန် မိမိကိုယ်ကို ဆင်ခြင်ကာ အိမ်ပြန်လိုက်ပါတော့သည်။)
*မှားယွင်းမှုများ လက်မခံနိုင်သည်များရှိပါက သည်းခံတော်မူပေးကြပါကုန်*