Wednesday, September 23, 2009
မေသက်ပိုင်ညို၏ ကံအလှည့်အပြောင်း (၁)
“အညို နေမကောင်းဘူးလား” အညို မျက်နှာလေး နွမ်းနေသည်မို့ သက်မင်းမောင် ဂရုဏာ သက်စွာ မေးတော့ “ မဟုတ်ပါဘူးမောင်..အညို့ ရဲ့ လူနာ တစ်ယောက် ဆုံးသွားလို့ ပါ..” ပြောရင်းက မျက်နှာလေး ငြိုးသွားပြီး မျက်ရည်ပင် ရစ်ဝိုင်းလာသည်မို့ “ သြော်..အညိုရယ် ဆရာဝန်ဆိုတာ ဒီလိုမျိုးတွေ ခဏခဏ ကြုံရမှာလေ…၀မ်းနည်းမနေပါနဲ့ တော့ အညိုရယ်..အညိုကို ကြည့်ရတာ အခုရက်ပိုင်း သိပ်နွမ်းတာပဲ.. နေရော ကောင်းရဲ့ လား…မောင် ပရက်ရှာ တိုင်းကြည့်ပေးမယ်လေ..”.. “ နေပါစေ မောင်ရယ် … အညို ဘာမှ မဖြစ်ပါဘူး..နေကောင်းပါတယ်..” အညို တစ်ယောက် သူ့ လူနာမဆုံးခင်ကလည်း စိတ်ရော လူရော အနားမရ…ပင်ပန်းထားသည်…အခုလည်း လူနာဆုံးသွားသည့်အတွက် စိတ်ထိခိုက်နေလို့ သာ နွမ်းနေတာ နေမှာပါဟု သက်မင်းမောင် တွေးမိသည်… တကယ်တော့ အညိုနေမကောင်းပါ.. မသီတာနှင့် အညို နှစ်ယောက်သာ သိသည်…အညို နှလုံးက သိပ်မကောင်း..အညို အထက်တန်းကျောင်းသူ ဘ၀ကတည်းက အညို့ တွင်လေးဘက်နာရောဂါရှိသည်… ထိုမှ တဆင့်တက်၍ နှလုံးက သိပ်မကောင်းချင်..အရင်က ခဏခဏ အမောဖောက်သည်…အသက်ရှုကြပ်သည်…အညိုက ဘယ်အရာကို မဆို ထိခိုက်လွယ်သည်… ခံစားလွယ်သည်…တစ်ခါတစ်ရံ အလွမ်းအဆွေးကားများ ကြည့်၍ပင် ငိုဖူးသည်… ရင်နှင့် ခံစားပြီး ကြည့်သောအခါများတွင်ဆို ရင်ဘတ်ထဲက မကြာခဏဆိုသလို အောင့်တတ်သည်…သို့ သော် ဆေးကို ကြိတ်သောက်နေ၍သာ လူမသိခြင်း ဖြစ်သည်…အညိုကို လူတွေက ရောဂါသည်ကြီး တစ်ယောက်လို ဆက်ဆံမှာကို အညို မလိုလား… ထို့ ကြောင့်ပင် မည်သူကိုမျှ အသိမပေးခြင်းပါ…
ဒါပေမဲ့ အညိုကလည်း လူမမာ တစ်ယောက်ပုံလို ဘယ်တော့မှ မနေ…အမြဲတမ်း လန်းဆန်း တက်ကြွနေသည်…မိမိ နွမ်းနေလျှင် မိမိ လူမမာပုံပေါက်နေလျှင် မိမိ လူနာတွေကို ဘယ်လို အားပေးရမလဲ..ထို့ ကြောင့် အတတ်နိုင်ဆုံး အညို ကျန်းမာအောင်နေသည်… တစ်ပတ် အတွင်းပင် အညို ပြန်လည် လန်းဆန်းလာပြီး အရင်အတိုင်း ပုံမှန် ပြန်ဖြစ်လာသည်…
“ အညိုရေ…မောင် နောက် တစ်ပတ်ထဲမှာ အိမ်ခဏ ပြန်ဦးမယ်…အမေလည်း သိပ်နေမကောင်းဘူးတဲ့..” “ ဟုတ်လား..အညိုရော လိုက်ရမလားဟင်..” “ မလိုက်ပါနဲ့ ဦး အညိုရယ်..အညိုက နေလည်း သိပ်ကောင်းသေးတာ မဟုတ်ဘူး.. ပြီးတော့ မောင်တို့ နှစ်ယောက်လုံး ခွင့်ယူလို့ မဖြစ်ဘူးလေ..” အညိုရဲ့ မျက်နှာငယ်ငယ်လေးတွေ့ တော့ သက်မင်းမောင် ရင်ထဲ မကောင်းမိ…အညိုက သက်မင်းမောင် ဘာပြောပြော စောဒက မတက်… နားလည်ပေးသည်..ထို့ ကြောင့် အညို့ ကို တိုး၍ တိုး၍သာ သူချစ်မိသည်…အညိုရယ် တစ်နေ့ တော့ အညို့ ကို မောင့်မိဘတွေဆီ ခေါ်မှာပါ…မောင့်ရဲ့ အရိပ်မည်းတွေ ရှင်းလင်းပြီးတဲ့ တစ်နေ့ ပေါ့..အခုတော့ အညိုလေးကို မညစ်နွမ်းစေချင်တဲ့ ဆန္ဒနဲ့ ပါ…
“ အညိုရေ မောင် မနက်ဖြန် ဂျုတီပြီးတာနဲ့ ကားဂိတ်ဆင်းတော့မယ်နော်…အညိုက နေ့ လည် ဂျူတီဆိုတော့ မောင့်မိန်းမလေးကို သေသေချာချာ မနှုတ်ဆက်နိုင်မှာ စိုးလို့ ပါ..” မောင်က အညို့ ခါးလေးကို ဖက်ရင်း ဆိုတော့..အညို အလိုလို ၀မ်းနည်းလာသည်…“ မောင်ရယ် သိပ်အကြာကြီး မနေနဲ့ နော်…အညို မောင့်ကို သတိယနေမှာ..”..သြော်…အညိုရယ်…တစ်ခုခုဆို ထိခိုက် ခံစားလွယ်တဲ့ အညို အခုလည်း မျက်ရည်တွေ ကျနေပြန်ပြီ…ဒီလောက် ဖြူစင်ပြီး သနားစရာကောင်းတဲ့ အညို့ ကို မောင်လည်း အကြာကြီး မခွဲနိုင်ပါဘူး..သက်မင်းမောင် ရင်ထဲနင့်သွားသည်…“ စိတ်ချပါ အညိုရယ်..မောင်လည်း သိပ်မကြာပါဘူး..တစ်ပတ် ဆယ်ရက်လောက်ပါ..အညို့ ဆီကို အမြန်ဆုံးပြန်လာမယ်နော်..” တကယ်တော့ သက်မင်းမောင် ဟိုမှာ ဒီလောက် မနေချင်ပါ… အမေ့ ကျန်းမာရေး အကြောင်းပြကာ သူ့ ရဲ့ ရှင်းစရာ ဇာတ်လမ်းတွေကို ဒီတစ်ခေါက် အပြီး ရှင်းချင်တဲ့ စိတ်ကြောင့်သာ သူ ပြန်ရမှာ…
ညက အညို တော်တော်နှင့် အိပ်မပျော်၍ မိုးလင်းခါနီးမှသာ အိပ်ပျော်သွားသည်…မနက်ကျတော့ အညိုမနိုးသေး…သက်မင်းမောင်လည်း ဆေးရုံက ဂျုတီပြီးသည်နှင့် ကားဂိတ် တစ်ခါတည်း ဆင်းရမည်မို့  အ၀တ်အစားထုတ်တွေ ယူကာ ထွက်လာခဲ့သည်… စိတ်ထဲမှာတော့ လုပ်ရမည့် အစီစဉ်တွေကို အကွက်ချနေမိသည်…
အညို မောင့်ကို နှုတ်မဆက်လိုက်ရ၍ စိတ်ထဲမကောင်း…ကိုယ့်ကိုကိုယ်လည်း ဒေါသ ဖြစ်မိသည်…ညက အရင်ရက်တွေက ပင်ပန်းထားသည့် အရှိန်နှင့် တစ်ရေးမှ မနိုး… အညိုနိုးတော့ ၁၁နာရီပင် ခွဲတော့မည်…မျက်နှာသစ်ပြီး စားသောက်ဖို့ ပြင်ဆင်ကာ အစားကို စားသည်ဆိုရုံမျှ စားကာ ဆေးရုံ သွားတော့မည်ဟု ဆုံးဖြတ်လိုက်ကာ ရေမိုးချိုးသည်..ဟိုရောက်၍ အညိုကံကောင်းလျှင် မောင်နှင့် ဆုံနိုင်သေးသည်…ထို အတွေးနှင့် ခပ်သွက်သွက်ပင် ထွက်လာခဲ့သည်… ဒီနေ့ ဘယ်လိုဖြစ်သည် မသိ…အညို စိတ်တွေလေးနေသည်… ခေါင်းထဲတွင်လည်း မူးနောက်နောက်…
ဆေးရုံရောက်တော့ မောင်က သွားနှင့်ပြီတဲ့…အညိုလည်း စိတ်ပျက်လက်ပျက်နှင့် ၀ပ်ထဲ ၀င်ကာ အလုပ်စလိုက်တော့သည်…စောနေသေးသည် မှန်သော်လည်း လူက အားနေလျှင် မောင့်ကို ပို၍ သတိယလိမ့်မည်… ၀ပ်ထဲက အထွက် လူက ဘယ်လို ဖြစ်သွားသည် မသိ…မိုက်ခနဲ…အနားမှ မသီတာ အဖြတ်နှင့်တိုး၍ လှမ်းဆွဲလို့ သာ အညို ကြမ်းပေါ် မရောက်ချင်းပါ… “ အညို ဘယ်လိုဖြစ်တာလဲ…လာ လာ ” မသီတာက နားနေခန်းထဲ တွဲခေါ်လာသည်…ခဏနေတော့ အညို ပျို့ ပျို့ တက်လာသည်…ဘယ်လိုမှ မနေနိုင်… အရမ်းအန်ချင်လာ၍ မသီတာက လက်ဆေးကန်တွင်ပင် အညို့ ကို နောက်မှ နှိပ်ပေးသည်…
“ အညို …အစ်မတော့ သိပ်မသင်္ကာဘူး..လာ စစ်ကြည့်ရအောင်..” ဟုဆိုကာ စမ်းသပ်မှုတွေ ပြုလုပ်နေသည်…အညိုလည်း ကိုယ့်ကိုကိုယ် သိနေသည်… ဆရာဝန် တစ်ယောက်လုပ်နေတာပဲလေ… ဒီလောက်တော့ ရိပ်မိသည်..သို့ သော် ကြိုတင် ပြင်ဆင်ထားတာ မရှိ…မောင်ကလည်း ခရီး ထွက်သွားသည်နှင့် တိုက်ဆိုင်စွာပင်…အညို့ တွင် ကိုယ်ဝန် ရှိနေပြီဆိုတာ သိသည်… တွေးရင်း ဘာကို အားငယ်မှန်း မသိ အားငယ်လာသည်…လူတစ်ကိုယ်လုံး အင်အားတွေ ကုန်ခမ်းသွားသလို နုံးဖတ်လာသည်… “ အညို့ မှာ ကိုယ်ဝန် ရှိနေပြီ…ဒါပေမဲ့ အညို့ ကျန်းမာရေး အခြေနေက အစ်မတော့ သိပ်အားမရဘူး…ဘာလို့ ကြိုကြိုတင်တင် မကာကွယ် ထားတာလဲ အညိုရယ်…အညို့ အတွက် အစ်မ စိုးရိမ်တယ်..” မသီတာက ကိုယ့် အစ်မရင်းလို ဖြစ်နေလို့ စေတနာ စကား ဆိုသည်… “ အညိုလည်း ခါတိုင်းလိုပဲ…ပေါ့ပေါ့ဆဆ နေမိတယ် အစ်မရယ်.. အခုလို ဖြစ်လာမှတော့ ဘာတတ်နိုင်မှာလဲ…အညိုတို့ က ဆရာဝန်ဆိုတော့ လူ့ အသက်တစ်ချောင်းကို တန်ဖိုးထားရမှာပဲပေါ့ အစ်မရယ်…”… မသီတာက သက်ပြင်းမောကြီးချကာ အညို့ ကို သနားတဲ့ မျက်ဝန်းတွေနှင့်ကြည့်ကာ “ အေးလေ…ဖြစ်လာမှတော့ အညို့ ကိုသာ ကျန်းမာရေး ကောင်းအောင် လုပ်ပေးရုံပဲ ရှိတာပေါ့..ဒါပေမဲ့ ဘာမှ စိတ်အား မငယ်ပါနဲ့ အညိုရယ်..စိုးရိမ်စရာလည်း မရှိပါဘူး…သက်မင်းမောင် မရှိပေမဲ့ အစ်မတို့ တွေ ရှိနေတာပဲ..သူ့ ကိုရော ဘယ်တော့ အကြောင်းကြားမလဲ…” “ ညကျရင် မောင် ဖုန်းဆက်လိမ့်မယ်..အဲ့ဒီခါကျမှပဲ အသိပေးလိုက်တော့မယ်.. အခုတော့ အညို နားချင်တယ် အစ်မရယ်..” “ ဒါဆို အညို အိမ်ပြန်လိုက်လေ..ဒီကအတွက် ဘာမှ ပူမနေနဲ့ နော်..”…အညိုလည်း စိတ်တွေ လေးလံ နေတာမို့ အိမ်မှာပင် ပြန်နားလိုက်သည်…
အညို ခဏမှေးခနဲ အိပ်ပျော်သွားသည်…နိုးတာနှင့် အိမ်ရှေ့ မှာ ခဏ ထွက်ထိုင်နေတုန်း..စာပို့ သမားတစ်ယောက် အိမ်ရှေ့ လာရပ်သည်မို့ အညို့ အတွက် တော်တော် ထူးဆန်းနေသည်… “ ဒေါက်တာ သက်မင်းမောင်ရှိလား..” “ သြော်…သူ မရှိပါဘူး… ခရီး သွားပါတယ်..ကျွန်မ သူ့ အမျိုးသမီးပါ… ဘာကိစ္စရှိလို့ လဲ…” အညိုလည်း တစ်ခါမှ စာတွေဘာတွေ မလာဖူး၍ စိတ်ဝင်စားနေသည်…“ အော်..ဟုတ်ကဲ့…ဒေါက်တာ သက်မင်းမောင် အတွက် စာပါ…အစ်မလေး လက်မှတ်ထိုးယူထားလို့ ရပါတယ်…” ဆို၍ အညို လက်မှတ်ထိုးပေးလိုက်သည်…စာပို့ သမား ထွက်သွားသွားချင်း အညို စူးစမ်းလိုစိတ်ကို မအောင့်အီးနိုင်..မောင့်စာဆို၍ ပိုလို့ ပင် အံ့သြမိသည်…မောင့်ဆီကို ဘယ်တုန်းကမှ စာမပြောနှင့် ဖုန်းတောင် မလာဖူးပေ….မောင်လာမှ ပေးမည်ဟု စဉ်းစားမိသော်လည်း စာအိတ်ပေါ်မှ လက်ရေးက အမျိုးသမီး တစ်ယောက်ရဲ့ လက်ရေးဟု ထင်မိသည်…စာအိတ်လေးက နည်းနည်းမာသည်…အထဲတွင် တစ်ခုတော့ တစ်ခုပဲ… စိတ်လှုပ်ရှားလွန်း၍ ရင်ခုန်နှုန်းတွေ မြန်နေသည်… သိချင်ဇောတွေ ထိန်းမနိုင်တော့တာကြောင့် စာအိတ်လေးကို ဖွင့်လိုက်မိသည်….
(မှတ်ချက်။ စာဖတ်သူတွေ မျက်စိတွေ ညောင်းမှာ စိုးလို့ အပိုင်းထပ်ခွဲဖို့ ဆုံးဖြတ်လိုက်ပါတယ်...ဆက်ရန်လေးကို ထပ်မျှော်မယ်လို့ မျှော်လင့်ပါတယ်...:P)
Friday, September 18, 2009
အခါမှီ နောင်တ
မာယာဝတ်ရုံနက်ကို လွှမ်းခြုံလို့ 
အသံလုံတဲ့ ခြေသံတွေနဲ့ ဝင်လာပြီး
အသွားထက်ထက် ဓါးတစ်ချောင်းကို
မျှော်လင့်ချက်တွေ လိမ်းကျံလို့ 
မောင့်ရဲ့ ရက်စက်မှုသွေးတွေ စွန်းထင်နေတဲ့ လက်နဲ့ 
ကျွန်မ နှလုံးသားထဲ စိုက်ချခဲ့တယ်…
အချစ်တစ်ခုကို မြဲမြံစွာ ကိုင်တွယ်ထားမိလို့ 
ပြန်လည်ပြီးလဲ မနှုတ်ရက်ပါဘူး…
မျှော်လင့်ချက်တွေ ကျွန်မ နှလုံးသားထဲ
စိမ့်ဝင်သွားတဲ့ ထိပေါ့…
ငြိုးဆိပ်သင့် ၀ိုင်တစ်ခွက်က..
ခါးသီးပြင်းရှပေမဲ့…
ချိုသက်တဲ့ ပျားရည်စက်လို
ကျွန်မ မျိုချခဲ့ဖူးတယ် မောင်…
အရံသင့် ခင်းထားတဲ့ လမ်းမဟုတ်လို့ 
ကြမ်းမယ်ဆိုရင်လဲ
မောင့်လက်ကို မြဲမြဲတွဲလို့ 
ခပ်ရဲရဲ ကျွန်မ လျှောက်မှာပါပဲ…
နွေနေ့ ခင်းလို ပူပြင်းတဲ့
လောင်မြိုက်မှုတွေကြောင့်
မောင့်ရဲ့ လောင်းရိပ်အောက်ကို
ကျွန်မ ခိုဝင် နားနေခဲ့တာ
တံလျှပ်ကို ရေပဲ မြင်နေမိလို့ ပါ…
သို့ ပေမဲ့..
သစ္စာအခင်းကို
မောင့် ခြေအဆင်းမှာ ချနင်းပြီး
ခပ်ပြင်းပြင်းခြေသံတွေနဲ့ 
ပြန်ထွက်သွားတဲ့ အထိတော့
ကျွန်မ မမိုက်မဲချင်တော့ပါဘူး မောင်…
ပုံလေးကို google က ယူပါသည်...
Tuesday, September 15, 2009
သက်မင်းမောင်၏ အတိတ်
“ ဟယ် ကိုသက်ကြီး ပြန်ရောက်နေပြီတော့..” ဖြူဖြူခိုင်က ပြောလည်းပြော ကြည့်လည်း ကြည့်မို့ စံပယ်ထွေးလည်း သူကြည့်ရာ လိုက်ကြည့်မိတော့…သားလတ်လတ် မျက်ခုံး မျက်လုံးကောင်းကောင်း တည်ကြည်သည့် အသွင်ဆောင်သည့် ယောကျာ်းတစ်ယောက်…စံပယ်ထွေးတို့ အလုပ်လုပ်သော ဆိုင်နှင့် မျက်စောင်းထိုး ကွမ်းယာဆိုင်တွင် ဆိုင်ကယ်ကို ခွကာ ဖြူဖြူခိုင် အစ်ကို သူငယ်ချင်း တစ်သိုက်နှင့် လေပေးဖြောင့်နေသည်….“အဲ့ဒါ ဘယ်သူလဲ..” ဖြူဖြူခိုင်ရဲ့ အံ့သြ၀မ်းသာသံကြီးကြောင့် စံပယ်ထွေးလည်း စပ်စုလို၍ မေးလိုက်သည်…“ဈေးထိပ်က ယမင်းသူ ရွှေဆိုင်ပိုင်ရှင်ရဲ့ သားလေ..သူက အခု ရန်ကုန်မှာ ဆေးကျောင်းတက်နေတာ…နင်က ငါတို့ မြို့ က မဟုတ်တော့ သူ့ အကြောင်း ဘယ်သိမလဲ..သူ့ အစ်ကိုကလည်း ဆရာဝန်ပဲ..သူ့ အစ်မ ယောကျာ်းကလည်း ဆရာဝန်ပဲ..သူက အငယ်ဆုံး..ငါတို့ မြို့ မှာတော့ လူချမ်းသာ စာရင်းဝင်ပေါ့…ကိုသက်ကြီးက သဘောကောင်းတယ်…သူများဆိုလည်း အားနာပြီး အရမ်း ကူညီတတ်တယ်…ဒီမြို့ က အပျိုတွေက ကိုသက်မင်းမောင်ကို ချိန်နေကြတာလေ… သူက မဆွတ်ခင် ညွှတ်ချင်နေကြတာ..”..ဖြူဖြူခိုင် စိတ်ရှည် လက်ရှည်နှင့်ပြောသော စကားများသည် စံပယ်ထွေးအတွက် တွေးစရာ ငေးစရာပါ… ကိုယ့်ဘ၀ကိုယ် အားငယ်နေတာ ခုလို ကြားရတော့ စိတ်ထဲမှာ အတွေး တစ်ခု ၀င်းလက်လာတယ်…စံပယ်ထွေး အဓိပ္ပါယ် တစ်ခုနှင့် ပြုံးလိုက်တာကို ဖြူဖြူခိုင် တစ်ယောက် မြင်ပုံပင်မရ…
စံပယ်ထွေးက ကိုသက်မင်းမောင်တို့ မြို့ နှင့် နည်းနည်းလှမ်းသော ရွာက ရွာသူ..အသားက ညိုညို..ရုပ်က အချောကြီး မဟုတ်ပေမဲ့ ကြည့်ပျော် ရှုပျော်ရှိသည်..ကိုယ်လုံးကိုယ်ပေါက်ကလေးကလည်း ၁၇နှစ် အရွယ် အပျိုပေါက်.. စံပယ်ထွေးတို့ မှာ မောင်နှမ နှစ်ယောက်..အမေ နောက် အိမ်ထောင်ပြုလိုက်ကတည်းက အစ်ကိုကြီးက အိမ်မှာ မနေ..လမ်းပေါ်မှာ အချိန်ပြည့် မူးရူး သောက်စားရင်း ကြုံရာမှာနေတယ်…အမေ ပန်းနာရောဂါနဲ့ ဆုံးတော့မှ အိမ်ကို တစ်ခေါက်ပြန်လာတယ်..စံပယ်ထွေးကို ပထွေးနဲ့ နေလို့ မဖြစ်နိုင်လို့  အိမ်ကနေ ဒီမြို့ ပေါ်မှာ အဖေ့ဘက်က အမျိုးတော်စပ်တဲ့ အဒေါ်အိမ်မှာ ထားပြီးကတည်းက ပေါ်မလာတော့… အဒေါ်လို့ သာပြောတာ…စပ်မှ တော်တဲ့ အဒေါ်ပါ..စံပယ်ထွေးကိုလည်း အိမ်ဖော်လိုသာ ထားသည်…တစ်နေ့ တစ်နေ့ သူပြောသမျှ သူဆဲဆူသမျှခံနေရတဲ့ ဘ၀က ကျွတ်ချင်သည်.. ဒါကြောင့်လည်း ဒီ စတိုးဆိုင်မှာ ဖြူဖြူ အကူအညီနဲ့ အရောင်းစာရေး ၀င်လုပ်ဖြစ်သည်..ဒါတောင် ရတဲ့ လစာ အကုန်ပေးပါ့မယ် ပြောမှ သဘောတူညီမှုရခဲ့တာ..ဘာပဲဖြစ်ဖြစ် သူ့ အဆူအဆဲက နည်းနည်းတော့ သက်သာသွားသည်…အလုပ်ဝင်ပြီး တစ်ပတ်အကြာ ဖြူဖြူ အစ်ကို သူငယ်ချင်း ကျော်ကျော်နှင့် ချစ်သူတွေ ဖြစ်သွားကြသည်..ကျော်ကျော်က အမေတစ်ခု သားတစ်ခု.. ဈေးထဲမှာ ကုန်ခြောက်ဆိုင်လေး ဖွင့်ထားတယ်…အိုးပိုင် အိမ်ပိုင်နဲ့ ကိုယ်ပိုင် စီးပွားရေးလေးနဲ့ စိုစို ပြည်ပြည် နေရတဲ့ ကျော်ကျော်ကို အစကတော့ ရည်းစားဖြစ်ရတာ စိတ်ထဲမှာ ကျေနပ်သလိုလို…အခု ကိုသက်မင်းမောင်နှင့် ယှဉ်လိုက်တော့မှ ဘယ်လို မှ ယှဉ်လို့ မရ… စံပယ်ထွေး တွေးချင်ရာတွေးပြီး ညနက်ထိ တော်တော်နှင့် အိပ်မပျော်ခဲ့…
“ စံပယ် နေမကောင်းဘူးလား..မျက်နှာလည်း မကောင်းဘူး…”..ကျော်ကျော်က စိုးရိမ်မကင်း မေးတော့ “ မဟုတ်ပါဘူး.. စံပယ့်ဘ၀ကို တွေးပြီး စိတ်မကောင်းဖြစ်နေတာပါ..”..“ သြော်..စံပယ်ရယ် ဘာများ စိတ်မကောင်းဖြစ်စရာရှိလဲ..စံပယ်နားမှာ ကျော်ရှိတာပဲလေ..”..“ စံပယ် ဒီလို ဘ၀မျိုးက အရမ်း လွတ်မြောက်ချင်တာပဲ ကျော်ရယ်..”..“ ဟေ့ကောင် ကျော်ကျော်..” စံပယ်တို့ ထိုင်နေတဲ့ အအေးဆိုင်ထဲ ရုတ်တရက် ၀င်လာတဲ့သူကို သူ တို့ နှစ်ယောက်စလုံး စကားစ ပြတ်ကာ အလန့် တကြား မော့ကြည့်တော့ စံပယ်ရင်တွေ ဒိုင်းခနဲ အခုန်မြန်လာသည်…စံပယ်ရဲ့ ညစဉ်အတွေးထဲက စိတ်ကူးယဉ် မင်းသား ကိုသက်မင်းမောင်… “ ဟာ ကိုသက်ကြီး…ဘယ်တုန်းက ရောက်တာလဲ..ကျွန်တော်လည်း ဆိုင်ကိစ္စနဲ့ အလုပ်နည်းနည်း ရှုပ်နေလို့ အစ်ကို ရောက်တာ မသိလိုက်ဘူး.. အော်…ကိုသက်..ဒါ ကျွန်တော့်ချစ်သူ စံပယ်ထွေးတဲ့..စံပယ် ဒါ ကိုသက်မင်းမောင်တဲ့..ရန်ကုန်မှာ ဆေးကျောင်းသွားတက်နေတာ…”… ကျော်ကျော် မိတ်မဆက် ပေးပါစေနဲ့ လို့  ဆုတောင်းပေးမဲ့ မပြည့်တော့ပါ…စံပယ်ထွေးရဲ့ စိတ်ကူးတွေ အခိုးအငွေ့ တွေ ဖြစ်သွားလို့ “ ဟုတ်ကဲ့..” တစ်လုံးသာ ပြောနိုင်သည်..သူနဲ့ ကိုသက်ကတော့ စကားတွေ ဖောင်ဖွဲ့ လို့ …
“ ဟေး…ကျော်ကျော်..”.. “ ဟာ ကိုသက် အစောကြီးပါလား…ဈေးလာတာလား..” “ အေး မုန့် စားမယ်ဆိုပြီး ထွက်လာတာ…တစ်ယောက်တည်း ပျင်းတာနဲ့ မင်းဆီ လှည့်လာတာ..လာကွာ တို့ လက်ဖက်ရည်ဆိုင် သွားရအောင်…” အမေက ဘုရားရှိခိုးပြီး ခဏနေလာတော့မှာမို့ ဘေးဆိုင်မှ မအေးမာကို ဆိုင်ခဏကြည့်ဖို့ မှာရင်း နှစ်ယောက်သား ထွက်လာကြတယ်… “ ငါက မင်းဆိုင်မှ ဖွင့်ပါဦးမလားလို့ .. ဒီရောက်တော့ မင်းကအစောကြီး အလုပ်ကြိုးစား လှချည်လားကွ..”…“ ကြိုးစားရမယ် ကိုသက်ရ…နောက် နှစ်နှစ် သုံးနှစ်လောက်ဆို ကျွန်တော် မိန်းမ ယူမလို့ ..ကောင်မလေးက သိပ်အဆင်မပြေဘူးလေ…”.. ကျော်ကျော်ဆီက သူ့ ကောင်မလေး အကြောင်းကြားတော့ ဂရုဏာ သက်မိသည်..“ အေးကွာ… မင်းအရွယ် က အိမ်ထောင်ပြုဖို့ စောသေးပေမဲ့..ကိုယ့် အခြေအနေ ကိုယ် အသိဆုံးပေါ့…လိုတာရှိပြောကွာ ကူညီမယ်…သောက် သောက်..”…ကျော်ကျော်တစ်ယောက် စိတ်ညစ်သွားမည်စိုး၍ ဟိုဟိုဒီဒီ သူ စကား လမ်းလွှဲ ပြောပေမဲ့ ကျော်ကျော်ကတော့ ငေးငေးငိုင်ငိုင်နှင့် လက်ဖက်ရည်ခွက်ကို ငုံ့ သောက်နေတော့သည်…
နောက်ပိုင်းလည်း သက်မင်းမောင် တစ်ယောက် တခြားသူငယ်ချင်းတွေက အလုပ်ကိုယ်စီမို့ ပျင်းလျှင် ကျော်ကျော်ဆီသာ ရောက်ဖြစ်သည်..ကျော်ကျော်က ကိုယ်ပိုင် အလုပ်ဆိုတော့ သိပ် ပြဿနာ မရှိ..လက်ဖက်ရည်ဆိုင်လည်း လိုက်ထိုင်နိုင်သည်..တစ်ခါတစ်လေ သူတို့ သမီးရည်းစား နှစ်ယောက်ကြား ပါသွားတတ်သေးသည်… သူလိုက်သွားတာ တခြား အကြောင်းကြောင့်တော့ မဟုတ်… ကျော်ကျော်နှင့် စံပယ်ထွေးကလည်း လိုလိုလားလား ခေါ်သည်..ပြီးတော့ စားကျ သောက်ကျရင် သက်မင်းမောင်ပဲ ရှင်းပေးချင်သည်… သူတို့ လေးတွေကို စာနာ သနားလို့ ပါ….သူ့ မှာ ညီမ မရှိတော့ စံပယ်ထွေးကိုလည်း ကိုယ့်ညီမ တစ်ယောက်လို ခင်မင်သည်.. စံပယ်ထွေးကလည်း သူ့ ကို အရင်ကထက် ပို ရင်းနှီးလာသည်…သိပ်မကြာလိုက်ပါ…ခွင့်ရက်ကလည်း စေ့တော့ သက်မင်းမောင် တစ်ယောက် အားလုံးကို နှုတ်ဆက်ပြီး ရန်ကုန် ပြန်လာခဲ့သည်…စံပယ်ထွေးက မျက်ရည် အ၀ိုင်းသားနှင့်… အားလုံးကတော့ စံပယ်ထွေး အကြံကို မသိကြတော့ သံသယ မ၀င်ခဲ့ကြ… ထို အချိန်ထိ သက်မင်းမောင် သူ့ ကံကြမ္မာကိုရော စံပယ်ထွေး အကြံကိုရော လုံးလုံး မရိပ်မိခဲ့ချေ…
ဒီတစ်ခေါက် အိမ်ပြန်တော့ ကျော်ကျော် အတွက်ရော စံပယ်ထွေး အတွက်ပါ လက်ဆောင်တွေ ၀ယ်သွားဖြစ်သည်…ခါတိုင်းလိုပင် သူတို့ သုံးယောက် ဆုံဖြစ်ကျတယ်… “ ဒီတစ်ခေါက်တော့ ခါတိုင်းလို ကြာမှာ မဟုတ်တော့ဘူးကွ…စာတွေများလာပြီလေ…တစ်ပတ်လောက်ပဲ နေမှာ..” သက်မင်းမောင် ကျော်ကျော်တို့ နဲ့ ဆုံတုန်း ပြောလိုက်တာပါ…“ အော် ဘာလိုလိုနဲ့ ကိုသက်ကြီးတောင် ဆရာဝန် ဖြစ်ဖို့ နီးလာပြီနော်…ကြင်ယာတွေ ဘာတွေ မရှာတော့ဘူးလားဗျ…” ကျော်ကျော် စကားက စံပယ်ထွေးကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်…ကိုသက်မင်းမောင် ဖြေမဲ့ အဖြေကိုလည်း ရန်ခုန်စွာ စောင့်စားမိသည်… “ အာ ကျောင်းမှာတော့ အပျိုချောလေးတွေ ရှိတာပေါ့ကွ..ဒါပေမဲ့ ကိုယ့်ကျောင်းစာနဲ့ ကိုယ် ဆိုတော့ အဲ့ဒီဘက်လည်း မလှည့်အားပါဘူးကွာ…မင်းပြောမှ သတိယတယ်…ကျောင်းပြီးရင်တော့ မပြောတတ်ဘူး..ဟဲဟဲ”.. သက်မင်းမောင် စကားကို ဘာတွေ သဘောကျသည် မသိ သွားတဖြီးဖြီးနဲ့ လိုက်ရယ်နေသော ကျော်ကျော်ကို သာ ထုရိုက်လိုက်ချင်စိတ်ဖြစ်မိသည်…
စံပယ်ထွေး စိတ်ညစ်သည်… အဒေါ်ကလည်း တမှောင့် ဒီကြားထဲ ဘယ်မှာနေပြီး ဘယ်က ဘယ်လို ပေါ်လာမှန်း မသိတဲ့ အစ်ကိုကလည်း ပိုက်ဆံ လာလာတောင်းနဲ့  ….အစ်ကို ကြည့်ရတာ ဆေးတွေ ဘာတွေ စွဲနေသလိုပဲ….စိတ်တွေ ရှုပ်လိုက်တာလေ… ထွက်ပေါက်..ဟုတ်တယ်.. ထွက်ပေါက် တစ်ခုတော့ ရှာရတော့မယ်… မွန်းကြပ်လာပြီ..စံပယ်ထွေးဆုံးဖြတ်ချက် တစ်ခုကို ချအပြီး အိပ်ပစ်လိုက်တယ်….
သက်မင်းမောင် ဒီနေ့  မြို့ ပြင်က သူ့ ဦးလေးဆီ သွားမလို စောသေးတာမို့ဆိုင်ကယ်ကို ခပ်ဖြည်းဖြည်းမောင်းလာခဲ့တယ်… ဟိုင်းဝေးလမ်းလည်း ဖြစ်..မနက် ၆နာရီ ဆိုတော့ ကားလည်းရှင်း လူလည်း ရှင်းသည်… ဟင်..ဟိုမှာ စံပယ်ပါလား..သူ့ ဆိုင်ကယ်ကို လှမ်းတားနေတာ စံပယ်…“ ဟင် စံပယ် လက်ထဲမှာ လည်း အထုပ်နဲ့ စောစော စီးစီး ဘာဖြစ်လာတာလဲ..”..“ နောက်မှ မေးပါ ကိုသက်ရယ်..စံပယ်ကိုသာ လိုက်ပို့ ပေးပါ..” “ ဘယ်ကိုလဲ..ဘယ်သွားမလို့ လဲ..” “ ပြောမယ် ပြောမယ်..မောင်းတော့..” ပျာယီပျာယာ နဲ့ ဘာမှ မပြောသေးပဲ ဆိုင်ကယ်ပေါ် ရောက်တာနဲ့ အတင်းမောင်းခိုင်းတော့သည်… သက်မင်းမောင်လည်း ဘုမသိ ဘမသိ မောင်းလာလိုက်သည်… စံပယ်ထွေး ညွှန်ပြသော ခြံထဲသို့ ဆိုင်ကယ်ကို မောင်းဝင်လိုက်သည်… ခြံက နည်းနည်းတော့ အိုနေပြီ..လူသူ ရှိပုံလည်း မပေါ်… အထဲရောက်တော့ “ ကဲ စံပယ်..ကိုယ့်ကိုလည်း ပြောပါဦး…ဘာတွေ ဖြစ်လာတာလဲ…”..“ စံပယ်ကိုလေ..ဒေါ်လေးက သူ့ အသိ လယ်ရှင်တစ်ဦးနဲ့ ပေးစားတော့မလို့ တဲ့..အဲ့ဒီလူကြီးက မုဆိုးဖို..အသက်က လေးဆယ်..ကိုသက်ပဲ စဉ်းစားကြည့်ပါဦး..”…တုန်ရီ နေတဲ့ အသံနဲ့  ပြောလည်း ပြောငိုလည်းငို…ပြီးတော့ သူကပဲ “ အဲ့ဒါ ကျော်ကျော်နဲ့ ခိုးရာလိုက်လာတာ…အဒေါ်ရိပ်မိမှာ စိုးလို့  စံပယ်က အရင် ထွက်လာတာ… ကျော်ကျော်က နောက်ကနေ လိုက်လာမှာ…”.. ကျော်ကျော်သိသည်ဆို၍ နည်းနည်းတော့ စိတ်သက်သာရာ ရသွားသည်…သို့ သော် ဒီကိစ္စကို ကျော်ကျော် ဘာလို့ သူ့ ကို အသိ မပေးတာလဲ…တကယ်ဆို သူ့ ကို တိုင်ပင် အသိပေးသင့်သည်ပဲ… အေးလေ ဗြုန်းစားကြီးဆိုတော့ သူ့ ကို မပြောလိုက်တာနေမှာပါ..ပြီးတော့ မနေ့ က ကျော်ကျော်နဲ့ တွေ့ တော့ ဒီနေ့ သူ မအားတဲ့ အကြောင်း မြို့ ပြင်ကို သွားမယ်လို့ ပြောခဲ့တာ..ဒါကြောင့် အကူညီ မတောင်းတာနေမှာ..ကောင်မလေးကို ကြည့်တော့လည်း သနားစရာ…“ ကျော်ကျော် မလာခင် အထိတော့ စောင့်ပေးပါနော် ကိုသက်..”..သူလည်း အင်း တစ်လုံး ခံပြီး အိမ်ရှေ့ က ခုံတန်းလေးမှာ ထွက်ထိုင်နေလိုက်သည်… သူနဲ့ စံပယ် နှစ်ယောက်တည်း… အိမ်ထဲမှာ နေလို့ မသင့်တော်ဘူးလေ… သက်မင်းမောင်က ဘာမှ မသိရှာ…စံပယ်ကတော့ အိမ်ထဲမှာ ကိုယ့် အကြံနှင့်ကိုယ်…
“ ကိုသက်…ကော်ဖီသောက်ပါဦး…မနက်က ဘာမှ မစားရသေးဘူး မှတ်လား..”… စံပယ်က ကော်ဖီခွက် ချရင်း အိမ်ထဲ ပြန်ဝင်သွားလေသည်…ကောင်မလေးကြည့်ရတာ တစ်မျိုးပဲ…ခိုးရာလိုက်တာဆိုတော့ ရှက်နေတာ နေမှာပါလေ… သူလည်း ဗိုက်ဆာဆာနှင့် ကော်ဖီကို ကုန်အောင် သောက်လိုက်သည်… ဟိုကောင် ကျော်ကျော်ကလည်း တော်တော်နှင့်မလာသေး…ခဏနေတော့ သူ့ မျက်စိတွေ ဘယ်လို ဖြစ်သည် မသိ…လေးလံလာသည်…မနက်က အစောကြီးထလို့ အိပ်ချင်လာတာလား..မဟုတ်နိုင်…သူ ဘယ်လိုမှ တင်းမခံနိုင်တော့…အသိတွေ အမှောင် အတိဖုံးသွားပြီ…
ဘယ်အချိန်ထိ သူအိပ်ပျော်သွားသည် မသိ…သူ့ နားထဲ ဆူညံ ပေါက်ကွဲသံတွေ ၀င်လာတယ်…မျက်စိကို ဖွင့်လိုက်တော့ မီးဝင်းဝင်းတောက်နေတဲ့ မျက်လုံးနဲ့ သူ့ ကို ၀ါးစားတော့ မတတ်ကြည့်နေတဲ့ ကျော်ကျော်…သူ့ ဘေးကို ကြည့်တော့ တရှုံ့ ရှုံ့ ငိုနေတဲ့ စံပယ်…သူ ဘယ်ရောက်နေတာလဲ…ဟာ..သူ့ ကိုယ်သူ ပြန်ကြည့်တော့ အ၀တ် မရှိ အောက်ခံ ဘောင်းဘီတိုကို စောင်ဖုံးအုပ်ထားသည်…စံပယ်ကလည်း ထမိန်ရင်လျားကို တဘက် ပတ်ထားသည်… ဘာတွေ ဖြစ်ကုန်တာလဲ..သူက ဘယ်လိုလုပ် ဒီ အိပ်ခန်းထဲ ရောက်နေတာလဲ…သူ အပြင်မှာ ထိုင်နေတာပါ…နောက်မှ သူ အခြေနေကို နည်းနည်း သဘောပေါက်သလို ဖြစ်လာပြီး အလန့် တကြား “ ကျော်ကျော်…မဟုတ်ဘူး…မဟုတ်ဘူး..မင်း မင်း ထင်သလို မဟုတ်ဘူးနော်..ငါ ငါ အပြင်မှာ ထိုင်နေတာ… စံပယ်..ဟဲ့ စံပယ်..နင် ပြောလိုက်လေဟာ..”… သူ့ စကား ဆုံးအောင် မပြောလိုက်ရပါ..ခွပ်ဆိုသော အသံနှင့် သူ့ မေးရိုး တစ်ခုလုံး ပူထူသွားသည်…“ ဒီမှာ ကိုသက်…မိန်းမ ဒီလောက် ရှားသလား…ခင်ဗျားကြီးဗျာ… လုပ်ရက်တယ်.. တောက်..ဟာ…”.. ကျော်ကျော်နောက် လက်သီးတစ်ချက် ထပ်ထိုးဖို့ လက်ကို အမြှောက်..“ ဟဲ့ ဟဲ့ အို..မလုပ်ကြနဲ့ လေ…ဟဲ့ကျော်ကျော်..တော်ပြီ.. မလုပ်နဲ့ တော့..”..ဒီမိန်းမကြီးက ဘယ်သူလဲ ..သူ့ နောက်မှာလည်း အသက် အစိတ်အရွယ် ယောကျာ်း တစ်ယောက်..ပြီးတော့ ကျော်ကျော် အမေ…သူတို့ ကရော ဘာလို့ ရောက်လာကြတာလဲ…စံပယ်ကလည်း ငိုရှိုက်မြဲ… သက်မင်းမောင် ခေါင်းတစ်ခုလုံး ပေါက်ကွဲမတတ် သွေးတွေ ဆူဝေနေသည်… သူ့ သိက္ခာ သူ့ မိသားစု အရှက် အားလုံး လူပုံအလည် ရစရာ မရှိတော့…စံပယ် မင်း ယုတ်မာ လှချည်လားကွာ…
သူနှင့် စံပယ်ကို လက်ထပ်ပေးကြသည်…သူက လက်ထပ်တာကို ရပ်ကွက်ထဲတွင်ပင် အကျဉ်းရုန်းရန် ဆုံးဖြတ်လိုက်သည်…ရပ်ကွပ်ရုံးမှာပင် လက်မှတ်ထိုး…စံပယ်က အသက် ၁၇နှစ် ကျော်ရုံသာ ရှိသေးသည်…သို့ သော် စံပယ်ဘက်က သူ နှင့် အိမ်ထောင်ကျသွားခြင်းကိုသာ အဓိက ထားသည့် အတွက် သိပ်ပြီး အရေးတယူမရှိလှ… အိမ်နီးချင်းကို လက်ဖက်ရည်တိုက်.. ဒီလောက်ပါပဲ… သူမကျေနပ်ပါ… ဒါ သူ့ ကို သက်သက် အကွက်ဆင် ဖမ်းတာ..အဖေနဲ့ အမေဆို သူ့ ကြောင့် မြို့ မှာ မျက်နှာ ပျက်ရပြီ…သူ့ ကို စကားတောင် မပြော..အစ်မလည်း ထိုနည်း အတိုင်းပင်..သူ့ ကို နားလည်သူဆိုလို့ အစ်ကိုကြီး သက်ဝင်းအောင် နှင့် သူ့ ခဲအို ကိုမြင့်စိုး နှစ်ယောက်ပဲ ရှိသည်…သူ ပြောတာကို ဘယ်သူမှ လက်မခံ… အစ်ကိုကြီးကတော့ လက်ခံသည်…သို့ သော်…ဘယ်သူ မပြု မိမိမှုလို့ သာ ပြောသည်…. သက်မင်းမောင် တစ်ယောက် ရွဲ့ တော့သည်…အကြီးအကျယ် ပေါက်ကွဲဖြစ်သည်…သူ ၏ မင်္ဂလာဦးညတဲ့.. သက်မင်းမောင် တစ်ယောက် ထိန်းမနိုင် သိမ်းမရ မူးတော့သည်… မိစံပယ်ကို သူ မုန်းတီးမိသည်… သူ ဘာကြောင့် ဒီလို လုပ်သည်ဆိုတာကို သူ သဘောမပေါက်…
“ ကိုသက်..အရမ်းမူးနေပြီ..လာပါ အိပ်ခန်းထဲ သွားရအောင်နော်..”..“ ဖယ်စမ်း…နင် ငါ့အသားကို မထိနဲ့ .. နင့်အသားကို ငါမထိတာတောင် နင်က ငါ့ကို အပိုင်ကိုင်နိုင်တယ်..ဟင်းဟင်း..နင်နဲ့ ငါ ဘာမှ မဖြစ်ဘူးဆိုတာ ဘယ်သူမှ မယုံကြဘူးနော်… နင်က ငါ့ကို တော်တော် လိုချင်နေတာလား..ငါ့မယား သိပ်ဖြစ်ချင်တယ်ပေါ့…အဟပ်ဟပ်…” သက်မင်းမောင် ခြောက်ကပ်ကပ် ရယ်သည်…. သက်မင်းမောင် စကားများသည် သာမာန် မိန်းကလေးတစ်ယောက်အား အရှက်နှင့် သိက္ခာ မရှိအောင်ကို စော်ကားသလို ဖြစ်ပေမဲ့ စံပယ်အတွက်ကတော့ ကိုယ့်အပြစ်နဲ့ ကိုယ်မို့  သူပြုသမျှ လည်စင်းခံရုံသာ တတ်နိုင်သည်…မိမိဘ၀ကိုသာ အားမလို အားမရနှင့် မျက်ရည်သာ တွင်တွင် ကျမိတော့သည်… သူမအတွက် မင်္ဂလာဦးညသည် ကိုသက်၏ အငြိုးများနှင့် ဒေါသများ ပေါက်ကွဲထွက်သော ညတစ်ညသာ ဖြစ်တော့သည်..
သူခေါင်းတွေ တော်တော်ကို နောက်ကျိ ကိုက်ခဲနေသည်… ညက သူတော်တော် မူးပြီး စံပယ်ထွေးနှင့် ဘာတွေပြော ဘာတွေ ဖြစ်ခဲ့သည်ကို သူ မသိတော့… သေချာတာကတော့ သူ တော်တော်ကို ပေါက်ကွဲခဲ့လိမ့်မည်… ဒီနေ့ သူ ရန်ကုန် ပြန်ရမည်… ဒီနေရာနှင့် ဝေးရာကိုသာ သူ ထွက်သွားမည်… သူ စိတ်က တော်တော်နှင့် မပြေသေး..သူ ရေခဲသေတ္တာထဲက အရက်ပုလင်းထပ်ထုတ်ပြီး ထပ်သောက်သည်..ထပ်မူးလျှင် သူ့ အတွက် ပို သက်သာမည်… သူဘာမှ မစဉ်းစားတော့.. အရက်သောက်ပြီး ရန်ကုန် ပြန်ခဲ့သည်…
နောက်ပိုင်းတွင်လည်း အိမ်ကို လင်ယောကျာ်း တာဝန်အရ နောက်ပြီး မိဘတွေကို တွေ့ ချင်စိတ်နှင့်သာ ပြန်ပြန် လာခဲ့ရသည်…မိစံပယ်ကို သူ နည်းနည်း မှ မကျေနပ်… မိစံပယ်ကတော့ ဘာမှ ပြန် မပြောရှာ..သူ ပြောဆို ပြုသမျှ ခေါင်းငုံ့ သာ ခံသည်… သူအိမ်ရောက်တိုင်းလဲ အရက်ကိုသာ အဖော်ပြုသည်.. မည်သူနှင့်မျှလည်း မတွေ့ … ကျော်ကျော် တစ်ယောက်သာ သူ့ ကို လာတောင်းပန်သည်.. သူမှားသွားသည့်အကြောင်း..စံပယ်ထွေးနှင့် သူ့ အစ်ကိုက ဒီအစီအစဉ်ကို စီစဉ်တာကို သူ နောက်မှ သိရတဲ့ အကြောင်း… စံပယ်ထွေးက သူ့ ရဲ့ လက်ရှိဘ၀က လွတ်မြောက်ချင်လို့ ဒီလို ကြံစည်တာ ဖြစ်လို့ စံပယ်ထွေး အပေါ်ကို စိတ်မနာပါနဲ့ လို့ သူ့ ကို တောင်းပန်ရင်း ပြောသွားသေးသည်…ကျော်ကျော် ဘယ်လိုပင် ပြောပြော သူ့ ဘ၀ကို လှေကား တစ်ခုလို အသုံးချသွားတဲ့ စံပယ်ထွေးကို လုံးဝ မကျေနပ်… စံပယ်ကလည်း သူ့ ရည်ရွယ်ချက်အောင်မြင်သွား၍ သက်မင်းမောင် အရက်သောက်လျှင်လည်း ဘာမှ မစွတ်ဖက်..မဟန့် တားချေ… သူမ အတွက်က ဘ၀လုံခြုံရေးသာ အဓိက…သူများအိမ်မှာ ကပ်နေရတဲ့ ဘ၀က ကျွတ်ဖို့ သာ..စိတ်ရှိသည်လေ… ဘာပဲဖြစ်ဖြစ် အချိန်တန်လျှင် မြို့ မျက်နှာဖုံး လူကြီးများ၏ ချွေးမ..ဆရာဝန်ကတော် ဖြစ်လာမှာမို့ ကျန်တာတွေက သူမ အတွက် သိပ်အရေးမကြီးပါ…
မနက်မိုးလင်းတာနဲ့ အရက်ခွက်ကိုင်ကာ မော့တော့မည့်ဆဲဆဲ…“ သား ”..အမေ့ရဲ့ တုန်ယင်နေတဲ့ အသံကြောင့် သူ့ လက်တွေ လမ်းတ၀က်တွင်ပင် ရပ်တန့် သွားသည်… “ အမေ… သားဆီ လာတာလား..”… သက်မင်းမောင် အိမ်ထောင်ကျကတည်းက မိဘတွေက အရင်လို နွေးနွေးထွေးထွေး သိပ်မရှိလှ… သူ့ ဆီကိုလည်း မလာကြတော့..ဒီမနက်တော့ သူ့ အမေ သူ့ ဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတော့ သူအံ့သြ ၀မ်းသာစွာ မေးလိုက်မိခြင်းပါ ….သက်မင်းမောင်က သူတို့ အိမ်ထောင်ရေးကြောင့် သူ့ မိဘတွေက စိတ်အနှောင့်အယှက် ဖြစ်မည်စိုး၍ အိမ်ခွဲနေခဲ့သည်ဆိုပေမဲ့ သူ့ အိမ်နှင့် သူ့ မိဘတွေ အိမ်က သိပ်တော့ မဝေးလှ…လမ်းတစ်လမ်းသာ ခြားသည်…သူမရှိသော အချိန်များတွင် စံပယ်ထွေး တစ်ယောက်ထဲမို့ အိမ်ဖော် တစ်ယောက် ငှားပေးထားသည်… “ မင်းအဖေ မသိအောင် အမေ ဈေးသွားမယ်ဆိုပြီး ထွက်လာတာ..မင်းမိန်းမရော..”.. အမေက အိပ်ခန်းထဲ အကဲခတ် သလို လှမ်းမေးသည်..“ မရှိဘူး အမေ ဈေးသွားတယ်..”.. “ သားလေးရယ်…အမေ ငါ့သားကို သတိယလိုက်တာလေ…မင်းအဖေက မသွားနဲ့ လို့ တားထားလို့ …မင်းအဖေကိုတော့ စိတ်မနာပါနဲ့ သားရယ်..သူက သားကို အရမ်း အားထားတာလေ… သူ့ ရင်ထဲမှာလည်း တော်တော်ထိခိုက်ခံစားနေရတာ အမေသိတယ်…. အမေ့သား အကြောင်းကိုလည်း အမေသိပါတယ်..သားဒီလို ကိစ္စမျိုးကို သားစိတ်နဲ့ ဘယ်တော့မှ မကျူးလွန်ဘူးဆိုတာ.. ဒါပေမဲ့သားရယ် ကံတရားက ဒီလို ဖြစ်လာပြီပဲ… သားဘ၀ကို မနစ်မွန်းစေချင်ဘူး..သား ဒီလို ဖြစ်နေရင် အမေ ရင်ကွဲရပါလိမ့်မယ်…အဖေနဲ့ အမေဖြစ်စေချင်တဲ့ ဆရာဝန် ဖြစ်အောင်သာ သားကြိုးစားပေးပါ သားရယ်…အမေ တောင်းပန်ပါတယ်…” အမေ့ရဲ့ တိုးလျှိုးတောင်းပန်သံကြောင့် သူလည်း မျက်ရည် မထိန်းနိုင်တော့..“ အမေရယ်..” ..“ သား ဘယ်သူ့ အတွက်နဲ့ မှ အသက်မရှင်ရင်တောင် အမေ့အတွက် အမေ့သားလေး အသက်ရှင်ပေးပါ သားရယ်..”.. သက်မင်းမောင်က အငယ်ဆုံးသားမို့ အမေ့အချစ်တွေပုံကာ ချစ်သည်… အမေ့ရဲ့ ရည်မှန်းချက်တွေကို အမေချစ်တဲ့ သား ဖြည့်ဆည်းပေးရမည်ပေါ့…“ အမေ မငိုပါနဲ့ တော့..စိတ်ချပါ..အမေ ဖြစ်စေချင်သလို သား ဖြစ်အောင် လုပ်ပါ့မယ်…”..
“ အစ်မ ဆေးသောက်ရအောင်..” ကိုသက် ပြန်သွားတိုင်း အိပ်ခါနီး အိမ်ဖော် အေးမာက ဆေးလာတိုက်နေကျပါ… ကိုသက်ရှိလျှင်တော့ သူကိုယ်တိုင်တိုက်သည်…သူမကို မယုံလို့ ပါ… သူမ ဒီဆေးတွေကို မသောက်ချင်… မနက်က ဒေါ်လေး ပြောခဲ့သော စကားများကိုလည်း သူမ နားယောင်နေသည်… “ ညည်းတို့ လင်မယား အဆင်မပြေသေးဘူးလား…ကလေးယူလိုက်ပါလားအေ.. ကလေးရှိတော့ ညည်းယောကျာ်းလဲ တော်ရုံဆို ပစ်မသွားနိုင်ဘူးပေါ့…ညည်းယောကျာ်းက ညည်းကို သိပ်ကျေနပ်တာ မဟုတ်ဘူး…အခုလို ဆင်ထားတာကိုပဲ ညည်းက ကျေနပ်မနေနဲ့ …သူက တစ်နေ့ ညည်းကို ပစ်ချင် ပစ်သွားနိုင်တယ်နော်…”… ဒေါ်လေးက ယူစကသာ ဗြစ်တောက် ဗြစ်တောက် ပြောပေမဲ့ မြို့ မျက်နှာဖုံး ဆရာဝန်လောင်းကို မိစံပယ် အမိဖမ်းခဲ့လို့ စိတ်တွင်းကတော့ ကျေနပ်နေတာ သူမသိသည်…ခက်သည်က ကိုသက်…သူမကို အရင်ကတည်းက သတိပေးထားဖူးသည်…“ မိစံပယ် နင်ဟာ အများအမြင်မှာ ငါ့မိန်းမပဲ..အဲ့ဒီတော့ ငါကလည်း နင့်ကို ၀တ္တရားအရ မယားတစ်ယောက်လို ထားမှာပါ..အေး တစ်ခုတော့ရှိတယ်နော်…ငါ့ကို ကလေးတွေ ဘာတွေ ယူပြီး ချည်နှောင်ဖို့ တော့ နင်ဘယ်တော့မှ မကြိုးစားနဲ့ …”…ကိုသက်က ပြောသာ ပြောရသည်… သူ့ ကို လက်ဝတ်လက်စားက အစ ဆင်သည်… သူမ လူပုံအလယ်တွင်တော့ တင့်တင့်တယ်တယ်နေရသည်… ကိုသက် ဒီလိုပြောတာကလည်း တကယ်တမ်း ကလေး မရသေးလို့ ပြောတာနေမှာပါ… ကလေးရတယ်ဆိုရင် သူ ၀မ်းသာမှာပါ..ဒေါ်လေးပြောတာ ဟုတ်မှာ.. ကလေးသံယောဇဉ်နှင့်ဆိုလျှင် ကိုသက် စိတ်တွေ ပျော့ပျောင်းချင်ပျော့ပျောင်း လာနိုင်သည်…ပြီးတော့ သူမကိုလည်း ထားပစ်ခဲ့ဖို့  သိပ်မလွယ်ကူလှတော့ပေ… ထို မျှော်လင့်ချက်ကလေးနှင့် အေးမာ မသိအောင် သူမ ဆေးတွေကို ခိုးခိုး လွှင့်ပစ်ခဲ့သည်…
သူမတွင် ထင်သည့် အတိုင်း ကိုယ်ဝန်ရလာသောနေ့ တွင် သူမ အကြီးအကျယ် စိတ်လှုပ်ရှားမိသည်…ကိုသက် မသိအောင် ဖုံးထားရသည် မဟုတ်လား….ချက်ချင်းကြီးတော့ ကိုသက်ကို အသိမပေးချင်…. မဖုံးနိုင် မဖိနိုင်ဖြစ်မှသာ သူမ ဖွင့်ပြောတော့မည်… ကိုသက် မိဘတွေကလည်း အိမ်မတူတော့ မရိပ်မိသေး…
ကိုသက်ရဲ့ အပြုမူ အပြောဆိုတွေက စံပယ်အတွက် စိတ်အနှောင့် အယှက် ဖြစ်သည်ကတော့ မှန်သည်… တစ်ခါတစ်လေ..စံပယ် ကိုယ့်ကိုကိုယ် မေးကြည့်သည်…မိမိလုပ်လိုက်တာ မှားသွားပြီလားလို့ …ဒါပေမဲ့ ဒီလို ဘ၀မျိုး နေရစားရ သွားလာရတာကို စဉ်းစားကြည့်တော့ မိမိလုပ်ရပ်ကိုပင် ကျေနပ်မိသည်…ကိုသက်ကို ချစ်မချစ်တော့ မသိ…သူမဘ၀ အနေလှဖို့ က အဓိကကျသည်လေ..ဒီလိုဘ၀မျိုးကို ကိုသက်ကို စတွေ့ ကတည်းက ညစဉ်ညတိုင်း အိပ်မက်မက်ဖူးသည် မဟုတ်ပါလား….ဟုတ်သည် စံပယ် မမှား…စံပယ် ဒီလို ဘ၀မျိုးလိုချင်နေတာလေ…
တစ်ခါတစ်လေ တော့လည်း ရင်ထဲမှာ မွန်းကျပ်လာသည်…တစ်စုံတစ်ယောက်ကို တိုင်ပင် ဖွင့်ဟချင်သည်.. ကိုသက် သူမ အပေါ် ရက်စက် စိမ်းကားစွာ ပြုမူ ဆက်ဆံသောအခါများတွင် သူမ သိမ်ငယ်မိသည်… ရင်ဖွင့်ချင်သည်… ထို့ ကြောင့် ရံဖန် ရံခါများတွင် ကျော်ကျော်နှင့်ဆုံပါက မိမိ အိမ်ထောင်ရေးကို ပြောပြမိသည်… ကျော်ကျော်ကလည်း အစပိုင်းကသာ သူမအပေါ် စိတ်နာသည်…နောက်ပိုင်းတွင် သူမ ဘ၀ကို စာနာသည်…နားလည်ပေးသည်…
သက်မင်းမောင် ဒီနေ့ အိမ်ရောက်တာနှင့် စံပယ်ထွေးအား မတွေ့ …ထို့ ကြောင့် သူငယ်ချင်းများနှင့်ဆုံရန် လက်ဘက်ရည်ဆိုင် ထွက်လာခဲ့သည်… သူတွေ့ လိုက်သည်က လက်ဘက်ရည်ဆိုင်ထဲတွင် ကျော်ကျော်နှင့် စံပယ်ထွေး… သူ သ၀န်မတိုပါ..သို့ သော် သူဝင်သွားလျှင် အနှောင့်အယှက်ဖြစ်မည်စိုး၍ သူတမင် ရှောင်ထွက်ခဲ့သည်… သူ့ စိတ်ထဲတွင် သူတို့ နှစ်ယောက်ကို တွေ့ လိုက်ရ၍ ထူးထူးခြားခြား ဘာမှ မခံစားရပေ…
အိမ်ရောက်လို့ ခဏအကြာ စံပယ်ထွေး ပြန်ရောက်လာသည်…မျက်နှာက ဖြူဖတ်ဖြူရော်…သူ့ ကိုလည်း မရဲတရဲ ကြည့်သည်… သူက ဘာမှ မပြော…ပုံမှန် နေနေကျအတိုင်းပင်…စာကြည့်နေလိုက်သည်… “ အိမ်ရှေ့ မှာ ဘယ်သူမှ မရှိကြဘူးလား…” အိမ်ရှေ့ မှ အော်သံကြား၍ သူရော စံပယ်ထွေးရော လှမ်းကြည့်လိုက်သည်… သူ့ ယောက်ဖ စံပယ်ထွေး အစ်ကို…ဒီလူက ဒီအိမ်ကို မကြာခဏ ၀င်ထွက်စားသောက်နေကျအပြင်..တစ်ခါတစ်ရံ စံပယ်ထွေးဆီမှ ပိုက်ဆံတောင်းတတ်သည်… သက်မင်းမောင်လည်း စကားရှည်မည်စိုး၍ မသိချင်ဟန်ဆောင်နေတတ်သည်..ဖြစ်နိုင်လျှင် ဒီအသိုင်းအ၀ိုင်းနှင့် မပတ်သက်ချင်… “ အစ်ကို ဘာကိစ္စ ရှိလို့ လဲ..” စံပယ်ထွေး ကိုသက်ကို မသိမသာ စောင်းကြည့်ရင်း ပြာပြာသလဲ မေးလိုက်သည်…သက်မင်းမောင်က သူ့ အစ်ကိုကို မကြည်ဖြူတာ စံပယ်ထွေးသိသည်…“ ငါ ပိုက်ဆံပြတ်နေလို့ ..အဲ့ဒါ..” မျက်နှာက မထီတရီ… သက်မင်းမောင်ကိုလည်း လှမ်းအကဲခတ်လိုက်သေးသည်… “ အစ်ကိုကလည်း ဟိုတစ်ပတ်က ငါးသောင်းပေးထားတယ်လေ..” သူတို့ မောင်နှမ တိုးတိုးကျိတ်ကျိတ် ပြောနေပေမဲ့ ဧည့်ခန်းနှင့် သိပ်မဝေးလှ၍ သက်မင်းမောင် အကုန်ကြားနေသည်… “ ဟာ နင်ကလည်း ပိုက်ဆံ ငါးသောင်း ဒီခေတ်မှာ ဘာသုံးလို့ ရမှာလဲ..” ဟင်း…တော်တော်လာတဲ့လူ..ကိုယ်ကိုတိုင် ဒီပိုက်ဆံ ရအောင် ရှာကြည့်စမ်းပါ…သက်မင်းမောင် စိတ်ထဲမှသာ ပြောမိသည်…“ ဟာ..အစ်ကိုကလည်း စံပယ်မှာ မရှိဘူး..”..“ ဘာလဲ…နင်က ကျေးဇူးကန်းတာလား..နင်ဒီလို ဘ၀မျိုးရောက်အောင် ဘယ်သူလုပ်ပေးခဲ့တာလဲ.. ဟမ်… နင်မေ့သွား ပြီလား..” …သက်မင်းမောင် ဒီစကားကြားတိုင်း ရင်ဘတ်က စပ်ဖျဉ်းဖျဉ်းနာကျင်မိသည်… ညီမရင်းကာ လုပ်စားသော အစ်ကိုတစ်ယောက်ကိုလည်း သူတော်တော်လေး ရွံရှာမိသည်….သူ့ ကို ဒီလို လုပ်ခဲ့တာ ဒင်းတို့ မောင်နှမ နှစ်ယောက်…တောက်… သက်မင်းမောင် တောက်ပြင်းပြင်းခေါက်ပြီး လမ်းထိပ် ထွက်လာခဲ့သည်…ဒင်းတို့ ပြောတာ ဆက်နားထောင်နေလျှင် သူ လူသတ်မိလိမ့်မည်…
မနက်ဖြန် သက်မင်းမောင် ရန်ကုန် ပြန်မှာမို့ စံပယ်ထွေး ပစ္စည်းတွေ သိမ်းပေးနေရင်း သက်မင်းမောင် အရိပ်အကဲ ကြည့်နေသည်…ကိုယ်ဝန်ကိစ္စ သက်မင်းမောင်ကို အသိပေးချင်သည်…သူမ ကြာရှည်စွာ ဖုံးဖိမထားချင်တော့…ယခုပင် သုံးလ ရှိနေပြီ မဟုတ်လား…အပျိုဗိုက်မို့ သိပ်မသိသာလှ….ယခုနေ သူမတွင် ကိုယ်ဝန်ရှိနေသည်လို့ များပြောလိုက်လျှင် သက်မင်းမောင် ဘယ်လို နေမည်နည်း…သူမ သိချင်စိတ်တွေ ပြင်းပြနေသည်…သက်မင်းမောင်ကိုလည်း ကြောက်သည်… သက်မင်းမောင်ကလည်း သူ့ အား စံပယ်ထွေး တစ်ခုခုပြောချင်နေပုံရသည်ကို ရိပ်မိသည်… မိစံပယ် ဘာတွေ ပူဆာဦးမလဲဟု တွေးနေမိသည်…ဟိုတစ်ခါလည်း သက်မင်းမောင် အမေ ဆွဲသော ဆွဲကြိုးမျိုးလိုချင်သည်ဟု ပူဆာတုန်းက သူ ရှည်ရှည်ဝေးဝေး သိပ်မပြောချင် ပြီးတော့ မိစံပယ်က ကလေးစိတ်မကုန်သေး၍ သူများလုပ်တာ လိုက်လုပ်ချင်တာနေမှာပါလို့ တွေးရင်း အမေ့အား ပြောပြကာ ၀ယ်ပေးခဲ့သည်…ယခုလည်း ဘာလိုချင် နေသည်မသိ… သက်မင်းမောင် အကြည့်နှင့် စံပယ်ထွေး အကြည့်တို့ ဆုံတော့ စံပယ်ထွေး တုန်သွားသည်…
“ ဟဲ့..မိစံပယ်…ငါ့ကို ဘာပြောမလို့ လဲ..” သက်မင်းမောင်ကပင် စိတ်မရှည်စွာမေးလိုက်သည်…“ ဟိုလေ..ဟို..ဟို…”..တစ်ဟိုဟိုနဲ့ ထစ်ငေါ့နေသော စံပယ်ထွေးအား သူအားမလို အားမရ ဖြစ်နေတုန်း.. “ကျွန်မမှာ ကိုယ်ဝန်ရှိနေပြီ…”.. “ ဘာ……” သက်မင်းမောင် ထိတ်လန့် တကြားအော်ထည့်လိုက်သည်.. လက်ထဲက စာအုပ်ပင် လွတ်ကျသွားသည် အထိ….“ မိစံပယ် ငါ့ကို ပြန်ပြောစမ်း…” “ စံပယ်မှာ ကိုယ်ဝန်ရှိနေပြီလို့ ..အဲ့ဒါ”…“ ဟာ ဘယ်လိုလုပ် ရှိသွားတာလဲ..နင် နင် ငါ မသိအောင် ဆေးတွေ လွှင့်ပစ်လိုက်တာလား..အေးမာ မိအေးမာ..လာစမ်း” “အေးမာ ဘာမှ မသိပါဘူး..ကိုသက်… စံပယ်ဘာသာ စံပယ် သဘောနဲ့ ..” “ တိတ်စမ်း…နင့်သဘောနဲ့ နင်လုပ်ရအောင် နင်က ဒီအိမ်မှာ ဘာလဲ…နင့်ကိုငါ ဘာပြောခဲ့လဲ…နင့်မှာ ဦးနှောက် မရှိဘူးလား…ငါမချစ်တဲ့ နင့်ကို ယူရလို့ ငါ့မှာ ဘယ်လောက် စိတ်ဆင်းရဲ ရလဲ…အခုတစ်ခါ နင့်သွေးကို ငါမလိုချင်ဘူး..” “ အို စံပယ်လည်း ကလေးလိုချင်တာပေါ့..ပြီးတော့ ကိုသက်က ကလေးသံယောဇဉ်..” “ တော်စမ်းပါ…နင် ငါ့စကားကို နားမထောင်ပဲ နင်က ထင်ရာစိုင်းတာလား မိစံပယ်…” သက်မင်းမောင် အတ္တကြီးစွာ ပြောနေတာကို စံပယ်ထွေးကတော့ အောင်နိုင်သူ အပြုံးနှင့် ကြည့်နေသည်…“ ငါ့ဘ၀ကို နင် တစ်ခါပဲချည်လို့ ရမယ်..နင် နားလည်လား..အေး နင့်လုပ်ရပ်တွေအတွက် နောင်တ ကောင်းကောင်းရရစေမယ် ”..သက်မင်းမောင် ဒေါသတကြီး အခန်းတွင်းမှ ထွက်သွားသည်…အေးမာကတော့ နားမလည်ခြင်းများစွာနှင့် စံပယ်ထွေးကို တစ်လှည့် သက်မင်းမောင်ကို တစ်လှည့် ငေးကြည့်နေတော့သည်…စံပယ်ထွေး ရင်တွေ နာကျင်လိုက်တာ..သူ့ သွေးကိုတောင်သူက သံယောဇဉ် မထားတဲ့ အပြင် အငြိုးမီးတွေ တောက်လောင်နေလိုက်တာ… စံပယ် ကလေးယူမိတာ နောင်တပင် ရချင်ချင်…
မနက်စောစော သက်မင်းမောင် ကားဂိတ်ဆင်းခဲ့သည်…စံပယ်မျက်နှာကို သူမကြည့်ချင်…ကံဆိုးစွာ သူ့  စာအုပ်တစ်အုပ် စာကြည့်စားပွဲပေါ်တွင် ကျန်ခဲ့သည်..ကားထွက်ဖို့ စောသေး၍ သူ အိမ်ပြန်ယူလိုက်သည်…အိမ်ရှေ့ တွင် ရပ်ထားသော ဆိုင်ကယ်တစ်စီး..ဖိနပ်ချွတ်တွင်..ယောကျာ်း ဖိနပ်တစ်ရံ မိန်းမ ဖိနပ်တစ်ရံ…သူ စိတ်မ၀င်စား..စာကြည့်စားပွဲမှ သူ့ စာအုပ်ယူပြီး ပြန်ထွက်မည် အပြု.. “ညဉ်းနဲ့ အေ…နည်းနည်းပါးပါး အပျော့ဆွဲ ဆွဲပြီးပြောပါတော့လား..ဒီမှာ ယောကျာ်းဆိုတာ ပတ်ချွဲ နှပ်ချွဲလုပ်တာကို ခံချင်ကြတာအေ့..ဒီမယ် ညဉ်း ဒီကိုယ်ဝန်ကို တစ်ခုခု လုပ်မယ် မကြံနဲ့ နော်…ဒီကလေးနဲ့ မှ တို့ က သက်မင်းမောင်ကို အပိုင်ချည်ထားနိုင်မှာ…” စံပယ်ထွေး အဒေါ်အသံနှင့် အစ်ကို အသံက မရှေးမနှောင်း အကြံအစည်တွေ တူညီစွာ ထွက်လာသည်..“ ဟုတ်တယ်..မိစံပယ်…ငါတို့ ဒီလို အကွက်ထဲဝင်လာအောင် ဘယ်လို စီမံခဲ့ရတယ်ဆိုတာ နင်အသိဆုံး..အေး ကံကောင်းလွန်းလို့ ဟိုကောင်က ဘာမှ မပြောပဲ နင့်ကို အသာတကြည် ယူလိုက်တာ..ငါတို့ ဒါကို လက်လွှတ်လို့ မဖြစ်ဘူး..ဒီကောင့်စိတ်တွေ က အစိုးရတာမဟုတ်ဘူး…ဒီကလေးက ငါတို့ အတွက် အနာဂတ်ပဲ..” အခန်းတွင်းတွင် သူ မရှိတော့ဘူး အောင်းမေ့၍ သူတို့ ရဲ့ မဟာစီမံကိန်းကြီးကို အကွက်ကျကျ စီမံနေသော ထို တူဝရီး သုံးယောက်..စိတ်ဓါတ်တွေက အောက်တန်းကျလှသည်…
သူ ရုတ်တရက် ပေါက်ကွဲထွက်သွားသည်… ကန့် လန့် ကာကို မ၍ အိပ်ခန်းထဲ ၀င်သွားသည်… သူ့ ကို မြင်သည်နှင့် ..အားလုံး အထိတ်တလန့် နှင့် ကြက်သေသေသွားကြသည်… “ ကိုသက်..ကိုသက်..”.. စံပယ်ထွေး မျက်နှာသွေး မရှိတော့..သူ သုံးယောက်စလုံး မျက်နှာကို စေ့စေ့ကြည့်ပစ်လိုက်သည်… “ ငါမရှိတော့ဘူးထင်ပြီး နင်တို့ က ဒီမှာ စီမံကိန်းတွေ ရေးဆွဲနေတာပေါ့..ဟုတ်လား…နင်တို့ အားလုံးဟာလေ…ငွေသာရမယ်ဆို ဘာမဆို အကုန်လုပ်မဲ့ အတန်းအစားတွေပါလား.. နင်တို့ တော်တော် အရှက်နည်းလှချည်လား..တော်တော် အောက်တန်းကျလှချည်လား.. ဒီမှာ နင်တို့ အားလုံး မျှော်လင့်သလို မဖြစ်စေရဘူး…အေး နင်တို့ ဒီလောက် မက်နေတဲ့ ပိုက်ဆံ ငါပေးမယ်..နင်တို့ အားလုံး ထွက်သွားကျ..ဘယ်လောက်လိုချင်လဲ ပြော..”..
“ အို ဒီလို လက်လွတ်စံပါယ် မပြောနဲ့ လေ…စံပယ်မှာက မပေါ့မပါးကြီးနဲ့ ..” စံပယ်ထွေးက မခိုးမခန့်  ခြိမ်းခြောက်သလိုပြောတော့ “ နင့်ဘာသာ ဘာဖြစ်ဖြစ် ဂရုမစိုက်ဘူး…နင်တို့ လို အောက်တန်းကျတဲ့ မျိုးရိုးကိုလဲ ငါမလိုချင်ဘူး..”.. “ မောင်သက် မင်းက ဒီလို ပြောလာမှတော့ တို့ ကလဲ ပြတ်ပြတ် ပြောရတာပေါ့..တို့ ဘက်ကတော့ လုံးဝ ကွာမပေးနိုင်ဘူး…ဒီကလေးကို မင်းရဲ့ သွေးကို ငါတို့ ကလည်း ရအောင်မွေးမှာပဲ…ငါ့သဘောဟာ ငါ့တူမ သဘောနဲ့ တူတူပဲ…” စံပယ်ထွေး အဒေါ်ရဲ့ မျက်နှာက ရမက်လုံးတွေ ဝေနေသည်…မက်လည်း မက်လောက်စရာ..သက်မင်းမောင် အဘွားက သူ မဆုံးခင်က သူ့ အချစ်ဆုံး မြေးဖြစ်သူ သူ့ အား အမွေတွေ အားလုံးပေးခဲ့သည်…လက်ဝတ်လက်စား…နေစရာ တိုက်နှင့်ခြံအပြင်…မြို့ ပြင်က စိုက်ခင်းနှင့်ခြံပါ အားလုံးကို သူ့ နာမည်နှင့်လွှဲပေးထားသည်…
သူ တို့ က ဒါတွေကို သိထားတော့ သက်မင်းမောင်ကို လွယ်လွယ်နှင့် လက်မလျှော့… သက်မင်းမောင် သွေးတွေ ဆူဝေ သွားသည်.. “ တောက် ခင်ဗျားတို့ ခင်ဗျားတို့ တွေ…အေး ဒီလောက်တောင် ဖြစ်လှတဲ့ ဟာတွေ..နေကြ..နင်တို့ မက်လှပါ ချည်ရဲ့ ဆိုရင် နင်တို့ နေခဲ့ကြ..ငါသွားမယ်..ဘယ်တော့မှလည်း နင့်တို့ ဆီ ပြန်မလာဘူး..မှတ်ထား..”.. သူတို့ အားလုံး ဘာမှ ပြန်မပြောနိုင်ခင်..သူ ထွက်လာခဲ့သည်… တော်တော် လူပါးဝတဲ့ဟာတွေ…သက်မင်းမောင်ဒေါသတွေ ထွက်လွန်းလို့  မျက်နှာကြီး နီမြန်းနေသည်.. သူတော်တော်နှင့် စိတ်မပြေ…ကားချိန်လည်း မမှီတော့ ၍ သူ မိဘတွေဆီ ထွက်လာခဲ့သည်…
အမေ့ကို ဖြစ်ကြောင်း ကုန်စင်ပြောပြတော့ “ အေးလေ…ငါ့သားလေး ဘ၀က ကံဆိုးလိုက်တာ…အမေ့ သား ဘာမှ စိတ်ဓါတ်မကျနဲ့ …အမေတို့ အားလုံး ဒီကိစ္စကို ကြည့်စီစဉ်ပါ့မယ်…သားသာ သားဘ၀ ရှေ့ ရေးအတွက် လုပ်ပါသားရယ်… သားဘ၀ကို ဘယ်တော့မှ အနစ်မခံနဲ့ …ပြီးရင် ငါ့သား ဒီနေရာနဲ့ ဝေးဝေးကိုသာ လျှောက်ပြီး အဲ့မှာပဲနေတော့…အမေတို့ အတွက် ဘာမှ နောက်ဆံ မတင်းနဲ့ …နောက်လဆို မင်း အစ်မ လင်မယားလည်း ဒီကို တာဝန်ကျမှာပဲ…ငါ့သားအမေတို့ အတွက် စိတ်သာချနေပါ…အချိန်ကြာလာရင် သူတို့ လောဘတွေ သူတို့ ကို ပြန်ဒဏ်ခတ်မှာပါ…” အမေက သူ့ ကျောလေးကို ပွတ်ရင်း သူ့ ကို ဖျောင်းဖျသည်..အဖေကတော့ သူ့ ကို နှမြော တသစွာ ကြည့်နေသည်… မိဘတွေကို အရှက်ကွဲစေခဲ့တဲ့သား…ကိုယ့်ရဲ့ မိသားစု အသိုင်းအ၀ိုင်းမှာ ဘယ်လိုမှ ၀င်မဆန့် တဲ့ ထို စိတ်ဓါတ် အောက်တန်းကျသော စံပယ်ထွေးတို့ ဝန်းကျင်တွင် သူလည်း တစ်ရက်မျှပင် မနေချင်…
သို့ နှင့် သူလည်း ဒီမြို့ လေးကို ရောက်လာသည်… သူရောက်ပြီး သိပ်မကြာ..ကြားရသည့် စံပယ်ထွေးတို့ သတင်းကား မကောင်းလှ….စံပယ်ထွေး အဒေါ်က လေဖြတ်ပြီး ဆုံးသည်…အစ်ကိုလုပ်သူကတော့ ဆေးမှုနှင့် ထောင်ကျပြီး…ထောင်ထဲတွင်ပင် ခုခံအား ကျဆင်းတဲ့ ရောဂါနှင့် ဆုံးသည်… သူတို့ ရဲ့ အကုသိုလ်တွေက သူတို့ ကို ဒုက္ခပေးသွားသည်… စံပယ်ထွေးကတော့ သမီးလေးမွေးသည်ဟု ကြားသည်…
သူ အိမ်က ထွက်လာကတည်းက အမေတို့ က စံပယ်ထွေးတို့ သားအမိ အပေါ် ကြည့်ရှု စောင့်ရှောက်ထားသည်… စံပယ်ထွေးက သူ့ တွင် အားကိုးစရာမရှိ၍ အိမ်မှာပင် နေခွင့်ပြုရန် တောင်းဆိုလို့ အမေတို့ က မေတ္တာ ရှေ့ ထား ကာ ခွင့်ပြုထားသည်ဟုဆိုသည်…မည်သို့ ပင်ဆိုစေကာမူ စံပယ်ထွေးနှင့် သူ့ အသိုင်းအ၀ိုင်း လုပ်ရပ်များအပေါ် သက်မင်းမောင် ဒီတစ်သက် မကျေတော့ပါ…..မိမိရဲ့ ဂုဏ် အသိုင်းအ၀ိုင်း စည်းစိမ်ဥစ္စာတွေကြောင့် လှေကားတစ်ခုသဖွယ် နင်းချေခံခဲ့ရခြင်းကို ဘယ်တော့မှ မမေ့…အမြဲတမ်း နာနာကြည်းကြည်း မုန်းတီးနေမိတော့သည်….
ကလေးကို သူမတွေ့ ချင်ပါ…သူ့ သွေးဟုပင် သူ မခံယူချင်…သူ့ တွင် ဖခင်စိတ် မရှိလို့ တော့ မဟုတ်ပါ..သို့ သော် သူ့ အတွက် နာကြည်းချက်တွေ သိပ်များလွန်း အားကြီးနေတော့ သူ့ သမီးမျက်နှာပင် မကြည့်ချင် ဒါပေမဲ့ လစဉ်တော့ ပုံမှန် ငွေပို့ သည်… တစ်နေတော့ မဖြစ်မနေ့ သူပြန်သွားရသည်….အမေသွေးတိုးလို့ မူးလဲသည်ဟု အစ်မက အကြောင်းကြားလို ရောက်သွားခဲ့သည်...မရောက်တာလဲ ဘာလိုလိုနှင့် သုံးနှစ်ပြည့်တော့မည်ပဲ… အမေတို့ ကို သတိတော့ယသည်..ထို့ ကြောင့်လည်း တစ်ခေါက်လောက်တော့ သူ သွားမည်ဟု ဆုံးဖြတ်ကာ လာခဲ့သည်…အိမ်ရောက်တော့ အမေ တော်တော်လေး ထူထူထောင်ထောင် ဖြစ်နေပြီ… သားကို တွေ့ လိုက်ရတာလည်း ပါမည်ပေါ့… အမေသက်သာသွား၍ ချက်ချင်းပင် သူ ပြန်မည်လုပ်တော့ အမေနဲ့ အစ်မက သူ့ သမီးလေးကို ၀င်ကြည့်သွားပါဟု တောင်းပန်ရှာသည်..သို့ နှင့် အစ်မနဲ့ အတူ အိမ်ဘက် ထွက်လာခဲ့သည်..
စံပယ်ထွေး ကလေးကို ချော့သိပ်နေတုန်း သူ ရောက်လာတာ မြင်တော့ မအံ့သြပါ…စံပယ် အတွက် နေသားကျနေပြီ…အရာရာ ပြည့်ပြည့်စုံစုံနှင့် လိုလေသေးမရှိ သူ ထားထားသည်ပဲလေ… သူမအတွက် သူ ရှိခြင်း မရှိခြင်းက သိပ်မထူးဆန်း… အချိန်တန်ရင် သူ့ သမီးလေးက သူ့ အမွေတွေကို ဆက်ခံရမည်လေ… သမီးလေးကို သူ့ အစ်မလက်ထဲ ထည့်တော့ …ကိုသက့် သမီးမျက်နှာကို စေ့စေ့ကြည့်နေသည်…
သက်မင်းမောင်တို့ အိမ်တွင်းရေးနှင့်ပတ်သက်ပြီး ပတ်ဝန်းကျင်က စံပယ်ထွေးတို့ အပေါ် သူ အငြိုးနဲ့ မုန်းတီးနေသည့် အတွက် တစ်ချို့ က ပစ်တင်ကြသလို တစ်ချို့ ကဂရုဏာသက်ကြသည်… ဘယ်သူတွေ ဘာပဲ ပြောပြော သက်မင်းမောင် မမှု… ဒါကြောင့်လည်း သက်မင်းမောင် လောကကြီးနဲ့ အံမ၀င်ဂွင်မကျ နေလာခဲ့တာ သုံးနှစ်ကျော်လို့ လေးနှစ်ပင်ရောက်တော့မည်… ဒီမြို့ လေး ကို တာဝန်ကျပြီး အညို့ ကို မတွေ့ ရသေးတဲ့ အချိန်ထိတော့ သူဟာ မကျေနပ်ခြင်း များစွာနဲ့  ပေါက်ကွဲရာ လမ်းကြောင်းအတိုင်း စီးမျောနေတဲ့သူပေါ့… အညို့ ကို တွေ့ လိုက်တဲ့ အချိန်မှာတော့ အားလုံးဟာ ပြောင်းပြန် စီးဆင်းနေတဲ့ တေးသွား တစ်ပုဒ် ဖြစ်သွားခဲ့သည်…
မောင်မတရားဘူးဆိုတာ သိပါတယ်..မောင်ဟာ ဖြူစင်သန့်ရှင်းတဲ့ နှလုံးသား တစ်စုံကို အညို့ ကို မပေးနိုင်ခဲ့ဘူး… အညို့ ကို မောင် ဖုံးကွယ်ထားခဲ့တယ်… အညိုကို မောင် အရမ်း အားနာတယ်..သနားလည်း သနားတယ်… အညို စိတ်ချပါ..အညို့ အတွက် မောင်နဲ့ အညို တို့ ရဲ့ ရှေ့ ရေး အတွက် အားလုံးကို မောင် စဉ်းစားပြီးသားပါ…. မောင့်အတိတ်ရဲ့ အရိပ်မည်းတွေကြောင့် အညိုကို မထိခိုက်စေချင်ဘူး…မောင့်ရဲ့ အရိပ်မည်းတွေကို မောင်ကိုယ်တိုင် ဖယ်ရှားပေးပါ့မယ်…ဘယ်လိုနည်းနဲ့ ပဲ ဖြစ်ဖြစ်ပေါ့… မောင့်ကို ချစ်ခြင်းတစ်ခုကို သင်ကြားပေးခဲ့တာ အညိုပါ…အညိုသာ မောင့်အနားမှာ ထာဝရ ရှိနေပေးပါ….အညိုရယ်….မောင့်ဘ၀ အတွက် အညိုသာအလိုအပ်ဆုံးပါ…
Monday, September 14, 2009
အကြွေးဆပ်ခြင်း
ကာရံရဲ့ ဘလော့ကို လာရောက်ကြတဲ့ မောင်နှမများ အားလုံးကို ကာရံရဲ့ ပျက်ကွက်မှုများ အတွက် အရင်ဦးဆုံး တောင်းပန်ပါရစေ...ဘာလို့ လဲဆိုတော့ ကာရံ ဘလော့ကို ပစ်ထားတာ သုံးပတ် ပြည့်ပါတော့မယ်။ တကယ်တော့ ပစ်ထားချင်လို့ ပစ်ထားရတာ မဟုတ်ပါဘူး... ပြောရရင် ကော်နက်ရှင် ဖြတ်ခံထားရလို့ ပါ...ဘာကြောင့် ဖြတ်တယ်ဆိုတာကိုတော့ မပြောတော့ပါဘူး...
ဒီရက်ပိုင်းမှာ ကာရံလည်း အတော့်ကို စိတ်ညစ်စရာတွေနဲ့ ရင်ဆိုင်နေရလို့ ပါ...အဓိကကတော့ သူဌေးနဲ့ ရန်ဖြစ်နေရလို့ ပါပဲ...ဘာပဲဖြစ်ဖြစ် ကာရံ ဘလော့လေးမှာ အသစ်မတင်နိုင်တာရော ကာရံ မောင်နှမတွေရဲ့ အိမ်လေးတွေကို လိုက်မလည်နိုင်တာရော စိတ်ထဲမှာ မကောင်းပါ...မိမိရဲ့ ဆန္ဒတွေကို ချိုးနှိမ်ပြီး ဇာတ်ဆရာအလိုကျ အလိုက်သင့် နေနေရတဲ့ ဘ၀မို့  အားလုံးကို နားလည်စာနာပေးပါလို့ တောင်းပန်ပါရစေ...
အခုတော့ ကော်နက်ရှင် ပြန်ရရချင်း ဘလော့ကို အပြေးကလေးရောက် လာရပါပြီ...ဒါပေမဲ့ သူဌေးနဲ့ တိုက်ပွဲကတော့ အခုထိ စစ်ပြေမငြိမ်းသေးပါဘူး...ဆက်လက်တိုက်နေရဆဲပါ...ဘာပဲပြောပြော ဘလော့လေးကို ပြန်မြင်ရလို ရင်ထဲပီတိ ဂွမ်းဆီထိသလိုပါပဲ... ကာရံမောင်နှမများကို အမြန်ဆုံး အကြွေးဆပ်ပါ့မယ်...၀က်ဝံလေးရဲ့ တဂ်ကိုလည်း ပျက်ကွက်ခဲ့သလို ဖြစ်ခဲ့ရပါတယ်...ရင်ထဲမကောင်းပါ...စိတ်မဆိုးပါစေနဲ့ လို့ ဆုတောင်းနေပါတယ်...မမကိုး စီပုံးမှာ လာမေးထားတာကိုလည်း နေကောင်းပါတယ်လို့ ဖြေနိုင်ပေမဲ့ နောက်တစ်ခု အတွက်တော့ ပြန်ဖြေဖို့ အင်အား မရှိသေးပါ...ကိုသားကြီးကိုလည်း ကိုရီးယား ဇာတ်လမ်းတွဲလောက်တော့ မကြာတော့ပါဘူးလို့ ...ကိုရန်ကုန်ရဲ့ ဆုတောင်းလေးကြောင့်တော့ ကျန်းမာနေသေးကြောင်းပါ..အခြား အားလုံး အားလုံးသော မျှော်နေကြသော မောင်နှမများကို ကာရံအကြွေးတွေ ပြန်ဆပ်နိုင်တော့မှာ ဖြစ်ကြောင်း သတင်းကောင်းလေး ပါးပါရစေရှင်...အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ..